Monday, June 24, 2019

မြန်မာပြည်နှင့် လူဦးရေမူဝါဒ (Population Policy)

လူဦးရေမူဝါဒဟုဆိုတိုင်း စာဖတ်သူ၏ စိတ်ထဲပေါ်လာသည်အား ပြောပြပါဆိုလျှင် “ကလေးမွေးဖွားနှုန်းကိုလျှော့ချဖို့ ပြောတော့မယ်” လို့ အများစုက ထင်မြင်ယူဆချက် ရှိကြပါသည်။ ဒီနေရာမှာ လူဦးရေမူဝါဒအကြောင်း မဆွေးနွေးမီ လူဦးရေကို လေ့လာသော ဘာသာရပ်ဖြစ်သည့် ဒီ Demography ဟူသော အဓိပ္ပာယ်ဖွင့်ဆိုချက် အခြေခံသဘော တရားအား ရှင်းပြလိုပါသည်။
လူဦးရေဘာသာရပ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် လူဦးရေသည် အမြဲပြောင်းလဲခြင်း (Changes) ဖြစ်နေသည်။ အရေအတွက် (Size) အားဖြင့်လည်း ပြောင်းလဲနေသည်။ ကျား/မ ပါဝင်မှုအချိုးအစား (Sex Structure)၊ အသက်အရွယ်အုပ်စုအလိုက် (Age Structure) အားဖြင့်လည်း ပြောင်းလဲနေသည်။ လူတို့အခြေပြုနေထိုင်ရာပျံ့နှံ့မှု (Distribution) အားဖြင့်လည်း ပြောင်းလဲနေသည်။ ကျွန်ုပ်တို့နေထိုင်ရာက ကျွန်ုပ်တို့၏ အိမ်မှာ၊ ကျွန်ုပ်တို့၏ ရပ်ကွက်မှာ၊ ကျွန်ုပ်တို့၏ မြို့နယ်မှသည် တိုင်းပြည်တစ်ခုအထိ မြင်ယောင်ကြည့်လျှင် ဤအဓိပ္ပာယ်ဖွင့်ဆိုချက်၏ အဖြေတစ်ခု ကျွန်တော်တို့ တွေ့နိုင်ပါသည်။
ထို့ပြင် ထိုနေ့စဉ်ပြောင်းလဲနေသည့် Population Changes ဟူသော လူဦးရေပြောင်း လဲခြင်းကို အဓိကအချက်သုံးခုက အချိန်နှင့်အမျှ သက်ရောက်နေပါသည်။ ၎င်းတို့မှာ မွေးဖွားခြင်း (Fertility) ၊ သေဆုံးခြင်း (Mortality) နှင့် ရွှေ့ပြောင်းသွားလာခြင်း (Migration) တို့ ဖြစ်ပါသည်။
ဥပမာအားဖြင့်ဆိုသော် စာဖတ်သူ ဤစာစုဖတ်နေစဉ် ဟိုခပ်ဝေးဝေးဆေးရုံက အူဝဲ အူဝဲ ဟူသော ကလေးငိုသံတစ်ခု ကြားရနိုင်ပါသည်။ “ဪ မွေးတာကြောင့် လူတစ်ဦး တိုးလာပါလား”၊ တစ်ချိန်တည်းမှာပင် ရေဝေးသုသာန်ဆီက ငိုရှိုက်သံနှင့်အတူ “ဪ လူသေတော့လူလျော့လေ ပါလား”၊ တစ်ချိန်တည်းမှာပင် မြန်မာလူငယ်များ အလုပ်အကိုင် အခွင့်အလမ်း ရှာဖွေရန် ပြည်ပထွက်ကြလျှင် “မြန်မာပြည်လူဦးရေ လူလျော့သွားပါလား”၊ မြန်မာပြည်တွင်းသို့ ပြည်ပမှ ရွှေ့ပြောင်းလုပ်သားများ ဝင်ရောက် လာပါက “မြန်မာပြည်တွင် လူများလာပါလား” လို့ ကျွန်ုပ်တို့ တစ်ချက် စဉ်းစားမိရင် လူဦးရေဟူသော ဘာသာရပ်ကို အလွယ်တကူ နားလည်နိုင်ပါသည်။ သို့ဖြစ်၍ မွေးဖွားမှသည် လူလားမြောက်လို့ အိမ်ထောင်သားမွေး သက်ကြီးရောက်လို့သေဆုံးရသည်။ မသေမီစပ်ကြား အသက်ရှည်ကျန်းမာရေး၊ ရွှေ့ပြောင်းသွားလာ လှုပ်ရှား ဖြစ်စဉ်အကုန်လုံးသည် လူဦးရေဘာသာရပ်နှင့် သက်ဆိုင်ပါသည်။
လူဦးရေမူဝါဒ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်
ဒါဆို ကျွန်တော်တို့ လူဦးရေမူဝါဒကို ဆွေးနွေးလိုလျှင် မွေးဖွားနှုန်း (Fertility) တစ်ခုတည်း ဆိုလိုချင်သည်မဟုတ်မှန်း အခြေခံ သဘောပေါက်နိုင်ပါသည်။
လူဦးရေမူဝါဒဟူသည် လူဦးရေတိုးပွားလာသည်နှင့်အမျှ နိုင်ငံဖွံ့ဖြိုး တိုးတက်စေနိုင်ရန် ရည်ရွယ်၍ လူဦးရေပြောင်းလဲမှု ဖြစ်စဉ်များအား စနစ်တကျ ဖြစ်ပေါ်စေရန်အတွက် သက်ဆိုင်ရာအစိုးရက တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ လွှမ်းမိုးဆောင်ရွက်နိုင်သည့် မူဝါဒဆိုင်ရာ စီမံချက်များအား ရည်ရွယ်ချက်ရှိရှိ စီစဉ်ဆောင်ရွက်ထားခြင်းပင် ဖြစ်ပေ သည်။
လူဦးရေမူဝါဒများအား လေ့လာရာတွင် တိုက်ရိုက်ဖော်ပြသည့် မူဝါဒများ (ဥပမာ လူဝင်မှုကြီးကြပ်ရေး ဥပဒေများ၊ သားဆက်ခြားနှင့် သားကြောဖြတ်ခြင်းဥပဒေ) နှင့် သွယ်ဝိုက်ဆောင်ရွက်သည့် မူဝါဒများ (ဥပမာ အမျိုးသမီးများ၏ ပညာရေးနှင့် လူမှုစီးပွားရေးအား မြှင့်တင်ပေးခြင်း၊ ကျောင်းနေအရွယ်ကလေးတိုင်း အတန်းပညာပြီးဆုံးအောင် သင်ကြားရေး) ရှိကြောင်း တွေ့မြင်နိုင်ပါသည်။
လူဦးရေမူဝါဒရေးဆွဲရာတွင် ထည့်သွင်းစဉ်းစားသင့်သည့် အချက်များ
လက်ရှိကမ္ဘာကြီးရှိ နိုင်ငံပေါင်း ၁၉၀ ကျော်ကို လေ့လာကြည့်လျှင် ဆင်းရဲရဲ၊ ချမ်းသာသာ၊ မည်သည့် အသားရောင်ရှိရှိ၊ မည်သည့် ဘာသာတရား ကိုးကွယ်သည့် နိုင်ငံဖြစ်ပါစေ Fertility ဟူသော မွေးနှုန်းသည် တအိအိကျဆင်းနေလျက် ရှိပါသည်။ ပညာရေးနှစ်ကြာစွာ ဆက်သင်နေရလို့ အိမ်ထောင်သားမွေး နောက်ကျခြင်း၊ အမျိုးသမီးများ မိမိဘ၀ ပိုမိုလွတ်လပ်စွာ စီမံနိုင်လာခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများလာသဖြင့် အိမ်ထောင် သားမွေး နောက်ကျခြင်း၊ တိုင်းပြည်က ထွက်ခွာပြီး ရေခြား၊ မြေခြားတွင် အိမ်ထောင်ခွဲကာ အလုပ်လုပ်နေရခြင်း၊ အရွယ်ကောင်းလူငယ်များ တိုင်းပြည်ပြင်ပမှာ ရောက်နေလို့ အိမ်ထောင်ဖက်ရှာရန် ခက်ခဲခြင်း၊ အိမ်ထောင်ပြုရခြင်း၏ ဒုက္ခကြောက်လာခြင်း၊ လူပျိုကြီး/အပျိုကြီးဘ၀ဖြင့် တစ်ကိုယ်ရေ လွတ်လပ်စွာ ရပ်တည်နေထိုင်မှုမှာ ပိုမိုပျော်လာခြင်း၊ လိင်တူချစ်ခင် စိတ်ပိုများလာခြင်း၊ ယနေ့ခေတ်တွင် ကလေးယူခြင်း ဒုက္ခနှင့် ကလေးစရိတ်များအား ပူပန်လာခြင်း၊ ဘ၀လူနေထိုင်မှုစရိတ် အခွန်အခကြီးမြင့် လာခြင်း၊ သားဆက်ခြား ဆေးဝါးများ လွယ်လင့်တကူရနေခြင်း၊ သုံးနေခြင်း၊ ကိုယ်ဝန်ဖျက်ချခြင်း လွယ်လင့်တကူ လုပ်နိုင်ခြင်း၊ ခွင့်ပြုပေးထားခြင်း၊ မိခင်တစ်ယောက် ကိုးလလွယ်ဆယ်လဖွား မဖြစ်နိုင်လောက်အောင်၊ မွေးသောကလေး အဖတ်မတင်လောက်အောင် ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အတန်းမျိုး နိမ့်ကျခြင်း၊ ဥပဒေများဖြင့် လင်ယူသားမွေးတားမြစ်ခြင်း၊ မွေးဖွားသည့် ကလေးနှင့် မိသားစအတွက် မည်သည့်အကူအညီ အထောက်အပံ့မျိုးမှ မပံ့ပိုးခြင်း အစရှိသည့် အကြောင်းအရာများသည် တိုင်းပြည်တစ်ခု၏ မွေးနှုန်းကျဆင်းခြင်းဆိုင်ရာ အကြောင်း အချက်အလက်များ ဖြစ်ပါသည်။
အခြားတစ်ဖက်တွင်လည်း သေနှုန်းများကျဆင်းလာမှုသည် သက်ဆိုင်ရာ နိုင်ငံ၏ သေဆုံးမှု လျှော့ချရေးဆိုင်ရာ မူဝါဒများ၊ နိုင်ငံအလိုက် ပူးပေါင်းဆောင်ရွက်ချက်များတွင် ပါဝင်လာခြင်း၊ ကျန်းမာရေးဝန်ထမ်းများ၏ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ကာကွယ်ရေးနှင့် ကုသရေး၊ ရောဂါရှာဖွေ ဆန်းစစ်မှုများ ပြုလုပ်နိုင်စွမ်းများ ပိုမိုအားကောင်းလာခြင်း၊ သုတေသန နယ်ပယ်များ တိုးတက်ဖွံ့ဖြိုးလာခြင်း၊ ပြည်သူများကျန်းမာရေးအသိပညာ ပိုမိုအားကောင်းလာခြင်း၊ အမျိုးသား ကျန်းမာရေးစီမံကိန်း (National Health Plans) များဖြင့် ဆောင်ရွက်လာခြင်း၊ မျိုးဆက်ပွား ကျန်းမာရေးနှင့် မိခင်နှင့်ကလေးကျန်းမာရေး အတွက် မူဝါဒများ၊ မဟာဗျူဟာမြောက် စီမံကိန်းများ (ဥပမာ မြန်မာနိုင်ငံတွင် Myanmar Reproductive Health Policy -2002 ၊ National Strategic Plan For Newborn and Child Health Development (2015 - 2018) ၊ Five-Year Strategic Plan For Reproductive Health (2014-2018) များဖြင့်) စနစ်တကျ ဆောင်ရွက်လာခြင်း၊ အကျိုးဆက်များအနေဖြင့် မိခင်နှင့် မွေးကင်းစကလေး သေဆုံးမှု လျော့နည်းလာခြင်းများမှသည် နိုင်ငံတစ်နိုင်ငံ၏ မျှော်မှန်းသက်တမ်း ပိုမိုရှည်လာခြင်းများ ဖြစ်ပေါ်လာပါသည်။ ထို့ပြင် လူဦးရေများ ဒေသတစ်ခုမှ တစ်ခုသို့ ရွှေ့ပြောင်းသွားလာကြခြင်း၏ အခြေခံအကြောင်းအချက်များတွင် နိုင်ငံရေးအရ တည်ငြိမ်မှုမရှိခြင်း၊ စစ်ပွဲများ၊ အကြမ်းဖက်မှုများ၊ တရားဥပဒေစိုးမိုးမှုမရှိခြင်း၊ ဆင်းရဲခြင်း၊ နေထိုင်ရန်မလုံခြုံခြင်း၊ အမှုအခင်းများခြင်း၊ လူနေမှုစရိတ် မြင့်မားခြင်း၊ အခွန်အခကြီးမြင့်ခြင်း၊ ဘာသာရေးနှင့် လူမှုရေးလွတ်လပ်ခွင့်များ နည်းပါးခြင်း၊ ပညာရေးနိမ့်ကျခြင်း၊ ကျန်းမာရေး အဆင့်အတန်းနိမ့်ကျခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းနည်း ပါးခြင်း၊ လုပ်ခလစာနည်းပါးခြင်း၊ စိုက်ပျိုးမြေများ မဖြစ်ထွန်းခြင်း၊ ရာသီဥတုမမှန်ခြင်း၊ နှစ်စဉ် ရေကြီးရေမြုပ်ခြင်း အစရှိသည်တို့ ပါဝင်သည်။ သို့ဖြစ်၍ ဒေသတစ်ခုမှ တစ်ခုသို့ တရားဝင် နည်းလမ်းဖြင့်ဖြစ်စေ၊ တရားမဝင်သော နည်းလမ်းများဖြင့်ဖြစ်စေ ဝင်ရောက်ကြခြင်းဖြင့် မူရင်းနိုင်ငံနှင့် လက်ခံနိုင်ငံများတွင် အကောင်း၊ အဆိုး၊ အကျိုး၊ အပြစ်များမှာ ဒွန်တွဲဖြစ်ပေါ်လျက် ရှိပါသည်။
မြန်မာပြည်၏ လက်ရှိ လူဦးရေဆိုင်ရာ အခြေအနေ
မြန်မာပြည်၏ လက်ရှိအခြေအနေကို အတိုချုံး ပြောရလျှင် ယနေ့ ၂၀၁၉ ခုနှစ် မေလ ၃၁ ရက်နေ့တွင် မြန်မာပြည် လူဦးရေ (Total population) ၅၄ ဒသမ ၁ သန်း ရှိသည်။ မွေးနှုန်း (Fertility) ကျနေသည်။ စာရေးသူမိဘလက်ထက် ၁၉၇၃ ခုနှစ်မှာ မိခင်တစ်ယောက် ကလေးခြောက်ယောက်ယူစဉ်မှာ စာရေးသူလက်ထက် ၂၀၁၈ ခုနှစ်မှာ မိခင်တစ်ယောက် ကလေးနှစ်ယောက်သာ ယူပါတော့သည်။ သေနှုန်း (Mortality) ကျလာပါသည်။ ထို့ကြောင့် အသက်ပိုရှည်လာပါသည်။ မြန်မာပြည်မှာ ပျမ်းမျှမျှော်မှန်းအသက် (Life Expectancy) ၆၆ နှစ်ရှိစဉ် အခြား အိမ်နီ်းချင်းနိုင်ငံများက ကိုယ့်ထက် အသက်ပိုရှည်ပါသည်။ ထို့ပြင် မွေးကင်းစနှင့် အသက်ငါးနှစ်အောက် ကလေးငယ်သေဆုံးမှုမှာ လွန်ခဲ့သည့်နှစ်ပေါင်း ၅၀ မှစ၍ သေဆုံးမှုနှုန်း ကျဆင်း လာသော်လည်း အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်ပါက သေဆုံးနှုန်း မြင့်မားနေဆဲဖြစ်သည်။ တိုင်းပြည်မှာ လူဦးရေအဝင် (In-migration) နှင့် လူဦးရေအထွက် (out-migration) က ပိုများပါသည်။ မြန်မာပြည်က ထွက်ခွာပြီး အခြားနိုင်ငံများတွင် အလုပ်လုပ်သူ မြန်မာပြည်ဖွား ၄ ဒသမ ၂ သန်းကျော် ရှိသည်။ အချို့ဒေသများရှိ မြန်မာပြည်ဖွား စစ်ဘေးရှောင် ရွှေ့ပြောင်းသွားလာသူများ၊ အိမ်နီးချင်းနိုင်ငံများမှ မြန်မာပြည်တွင်းသို့ တရားမဝင်ဝင်ရောက်နေထိုင်မှုများ သည်လည်း စိန်ခေါ်မှုများအဖြစ် ရှိနေပါသည်။
လက်ရှိမြန်မာနိုင်ငံ၏ လူဦးရေ ပိရမစ်ပုံစံသည် pot-shaped population pyramid ပုံစံဖြစ်နေသဖြင့် လူဦးရေဆုလာဘ် အဖြစ် အလုပ်လုပ်နိုင်သည့် အသက်အုပ်စုမှာ အများဆုံး ရှိနေသည့် အနေအထား ဖြစ်နေသည်။ မွေးနှုန်းကျဆင်းခြင်း၊ သေနှုန်း ကျဆင်းခြင်း၏ နောက်ဆက်တွဲ အကျိုးဆက်အနေဖြင့် အသက် ၆၀ ကျော်သက်ကြီးများ တဖြည်းဖြည်း တိုးလာနေကာ လူဦးရေ၏ ၁၀ ရာခိုင်နှုန်း ကပ်နေပြီဖြစ်သည်။
မြန်မာပြည်နှင့် လူဦးရေမူဝါဒ
မြန်မာနိုင်ငံတွင် အမျိုးသားလူဦးရေမူဝါဒ (National Population policy) အား ၁၉၉၂ ခုနှစ်တွင် ရေးဆွဲခဲ့ပါသည်။ သို့သော် အကောင်အထည်ဖော်သည့် လုပ်ငန်းစဉ်များအဖြစ် အသွင်ကူးပြောင်းနိုင်ခြင်းမရှိဘဲ မူကြမ်း မူဝါဒအဖြစ်သာ ရှိနေသေးပါသည်။ ၎င်းမူကြမ်းတွင် မူဝါဒဆိုင်ရာ လုပ်ငန်းစဉ်ကိုးချက် ပါဝင်ပြီး မိခင်နှင့် ကလေးကျန်းမာရေး၊ မျိုးဆက်ပွား ကျန်းမာရေး၊ ကျား/မ တန်းတူညီမျှမှု၊ လူငယ်များ ဦးတည်ဆောင်ရွက်ရေး၊ ပဏာမ ကျန်းမာရေး ဆောင်ရွက်ချက်များ၊ လူဦးရေ ရွှေ့ပြောင်းခြင်း၊ မြို့ပြဖွံ့ဖြိုးခြင်း၊ ဖွားသေစနစ် ဆန်းစစ်ခြင်းများ ပါဝင်ကြောင်း လေ့လာတွေ့ရှိရပါသည်။
ယနေ့ခေတ်ကာလနှင့် လျော်ညီသည့် မြန်မာနိုင်ငံအတွက် လူဦးရေ မူဝါဒများရေးဆွဲရာတွင် ကျဆင်းနေသော မွေးဖွားနှုန်းတက်အောင် အိမ်ထောင်ပြုသူ၊ ကလေးများများယူ သူတို့အား အထောက်အပံ့များ၊ အခွင့်အရေးပိုပေးခြင်း (ဥပမာ၊ လက်ရှိနိုင်ငံတော်က ဆောင်ရွက်နေသော အိမ်ထောင်ရှိသူ၊ ကလေးရှိသူများအား အခွန်အတိုင်း အတာတစ်ခုအထိ လျှော့ပေးတာမျိုး၊ မိခင်မီးဖွားခွင့် ခြောက်လပေးခြင်း၊ အိမ်ထောင်ပြုခွင့် အသက်လျှော့ချခြင်း)၊ လက်ရှိ ဆောင်ရွက်ဆဲဖြစ်သည့် သားကြောဖြတ်ခြင်း၊ ကလေးဖျက်ချခြင်း များအား မိခင်ကျန်းမာရေး အရသာ ခွင့်ပြုပေးခြင်းအား ရေရှည်ဆောင်ရွက်ခြင်း၊ မွေးသည့် ကလေးတိုင်း အသက်ရှင်စေရေး၊ အသက်ရှင်သည့် ကလေးတိုင်းအား ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုများ၊ နေ့ကလေး ထိန်းကျောင်းများ ဖွင့်လှစ်ပေးကာ လုပ်ငန်းခွင် မိဘများ၏ ဝန်ထုပ်ပေါ့နိုင်စေရေး ဆောင်ရွက်ခြင်း၊ ထို့ပြင် အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့မှ ဆောင်ရွက်နေသည့် မွေးနှုန်းကျနေပါစေ၊ မွေးသော ကလေးအရေအတွက်ထက် အရည်အသွေး ကောင်းသော Quality Child ထွက်လာအောင် ပြုစုပျိုးထောင်ပေးခြင်း အစရှိသည်တို့မှာ စဉ်းစားထား ရမည့် အချက်များဖြစ်ပါသည်။
သေဆုံးမှုနှုန်း ပိုမိုကျစေရန်နှင့် အသက်တစ်နှစ်အောက် ကလေး သေနှုန်းအား မျှော်မှန်း ရည်မှန်းချက်များ ရရှိအောင် မိခင်နှင့်ကလေး စောင့်ရှောက်မှု လုပ်ငန်းများ ပိုမိုဆောင်ရွက်ခြင်း၊ ကျန်းမာရေး အသုံးစရိတ်များ၊ ပညာရေးအသုံးစရိတ် ပိုမိုအသုံးပြုခြင်း၊ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် မပြုန်းတီးစေရန် စနစ်တကျ စီမံခန့်ခွဲခြင်း၊ မွေးဖွားမှုနှင့် သေဆုံးမှုဆိုင်ရာ စာရင်းအချက်အလက်များ စနစ်တကျဖြစ်ပေါ်စေရေး မူဝါဒဖြင့် ယခုထက် ပိုမိုစနစ်ကျအောင် ဆောင်ရွက်ခြင်း၊ သေဆုံးမှုအဓိက ဖြစ်စေနိုင်သည့် ရောဂါများအား သုတေသနများဖြင့် စနစ်တကျ ရှာဖွေဖော်ထုတ်ခြင်း၊ အမျိုးသမီးများ၏ လူမှုဘ၀ဖွံ့ဖြိုးစေခြင်း၊ ပြည်သူများ၏ ကျန်းမာရေး အသိမြင့်မှုတိုးမြှင့်ခြင်း၊ တိုးပွားလာသည့် အသက်ကြီးလူဦးရေများ အတွက် သက်ကြီးရွယ်အို စောင့်ရှောက်မှု လုပ်ငန်းများ၊ လူမှုဖူလုံရေး စနစ်များ စနစ်တကျဆောင်ရွက်ခြင်း၊ သက်ကြီးပင်စင် လစာများအား လိုအပ်သလို ခေတ်နှင့် လျော်ညီအောင် ယခုဆောင်ရွက်ပေးထားသည့်အတိုင်း ဆက်လက်ဆောင်ရွက်ခြင်း၊ သက်ကြီးများအား ကျန်းမာပျော်ရွှင်သော လူနေမှုဘ၀ ရရှိစေသည့် အစီအမံများ ဆောင်ရွက်ပေးခြင်းများ စဉ်းစားထားသင့်ပါသည်။
ထို့ပြင် ရွှေ့ပြောင်းသွားလာခြင်း ဆိုင်ရာ မူဝါဒများအဖြစ် မြန်မာပြည်ရှိလူငယ်၊ အရွယ်ကောင်းများ အခြားတိုင်းပြည်ထွက် အလုပ်လုပ်စရာ မလိုအောင် အလုပ်အကိုင်များ၊ အခွင့်အလမ်းများ၊ နေပျော်စရာများ မြန်မာပြည်တွင် ဖြစ်အောင် ဖန်တီးခြင်း၊ ဆင်းရဲ၊ ချမ်းသာကွာဟမှု လျော့နည်းစေရေးအတွက် ပြည်နယ်၊ ပြည်မဒေသမရွေး မဖွံ့ဖြိုးသေးသည့် ဒေသများအား လူနေမှုဘ၀နှင့် ကျန်းမာရေး အဆင့်အတန်း မြင့်မားအောင် ပိုမိုဆောင်ရွက်ပေးခြင်း၊ တရားမဝင် ရွှေ့ပြောင်းသွားလာသူများ တိုင်းပြည်ထဲ ဝင်မလာစေရန် နှီးနွှယ်ဝန်ကြီးဌာနများ ပူးပေါင်းပြီး လူဝင်မှုကြီးကြပ်ရေးဥပဒေ၊ တည်ဆဲဥပဒေများအား ပိုမိုခိုင်မာအားကောင်းစေရန် ဆောင်ရွက်ခြင်း၊ အမျိုးသား ပြန်လည်စည်းလုံး ညီညွတ်ရေးနှင့် အတူ စစ်ဘေးရှောင်ပြည်တွင်း ရွှေ့ပြောင်းသွားလာသူများအတွက် လူနေမှုဘ၀နှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ပိုမိုကောင်းမွန်စွာ ဆောင်ရွက်ရေးတို့သည် မူဝါဒရေးဆွဲရာတွင် အခြေခံပါဝင်ရမည့် အချက်များပင်ဖြစ်သည်။
အနာဂတ်မြန်မာနိုင်ငံအား မည်ကဲ့သို မြင်ချင်၊ မည်ကဲ့သို့ ဖြစ်လိုသနည်း ဆိုသည်မှာ မြန်မာပြည်သူ ပြည်သားများ အားလုံးတွင်သာ တာဝန်ရှိသည်။ အထက်တွင် ဆွေးနွေးခဲ့သည့် လူဦးရေမူဝါဒဆိုင်ရာ အချက်အလက်များကသာ ကျွန်တော်တို့ တိုင်းပြည်၊ သင့်တိုင်းပြည်၏ မနက်ဖြန်အား ပုံဖော်သွားပါလိမ့်မည်။

ဒေါက်တာမင်းကိုကို

No comments:

Post a Comment