Monday, June 24, 2019

ကလေးစာပေပွဲတော်ကို ကလေးတွေ ပညာဗဟုသုတနှင့် လူရည်လူသွေးပြည့်ဝပြီး တိုင်းပြည်အတွက် ဦးဆောင်နိုင်သူတွေ ဖြစ်လာဖို့ ရည်ရွယ်ပြုလုပ်ပါတယ်


 
 
 
 
 
 

 ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် တာချီလိတ်ခရိုင် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်း၍ ကလေးစာပေပွဲ တော်ကို ဇွန် ၂၅ မှ ၂၆ ရက်အထိ တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက် အခြေခံပညာ အထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်သည်။
ထိုသို့အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ပါဝင်ဆောင်ရွက်လျက်ရှိသူများ၏ စကားသံများ ကို ဖော်ပြအပ်သည် -
ဦးတင်ဝင်း(ကျောင်းသားဟောင်းအဖွဲ့ ဥက္ကဋ္ဌ)
ကလေးစာပေပွဲတော်မှာ တိုင်းရင်းသားစာပေတွေ ထည့်သွင်းကျင်းပတာ ကောင်းတဲ့အစီအစဉ်တွေ ဖြစ်ပါတယ်။ ကျွန်တော် တို့ ဒေသမှာက တိုင်းရင်းသားလူမျိုးပေါင်းစုံ နေကြတာဖြစ်ပါတယ်။ တိုင်းရင်းသားကလေးတွေအတွက် သူတို့ရဲ့ ရိုးရာစာပေ မတိမ်ကောသွားအောင် ထိန်းသိမ်းတဲ့ နည်းလမ်းတစ်ခုလို့ မြင်ပါတယ်။ စာပေပွဲတော်မှာ ကလေးတွေ ပျော်ပျော်ရွှင်ရွှင် ဖြစ်စေဖို့ ရည်ရွယ်တဲ့ အစီအစဉ်တွေလည်း ပါတယ်လို့ သိရတယ်။ ကလေးတွေစာပေနဲ့ ထိတွေ့ရတော့ အသိ ကြွယ်မယ်၊ ဗဟုသုတလည်းရမယ်။ အားကစား ပြိုင်ပွဲတွေလည်း ပါတာတွေ့ရပါတယ်။ ကလေးတွေ အတွက် တိုးတက်မှုတွေ အများကြီးရနိုင်တဲ့ ပွဲတစ်ခုပါ။ ဒါကြောင့် ကလေးတွေအားလုံး ပါဝင်ခွင့်ရအောင် မိဘတွေအနေနဲ့ လိုက်ပို့ပေးကြပါလို့ တိုက်တွန်းချင်ပါတယ်။
 

ဦးတင်လှိုင် (မြို့မိမြို့ဖ)
ကလေးစာပေပွဲတော်တွေကို တိုင်းဒေသကြီး နဲ့ပြည်နယ်အဆင့်၊ ခရိုင်မြို့နယ် အားလုံးကျင်းပကြတယ်။ ဒီလို ကျင်းပတဲ့ အခါ ကိုယ့်ကျရာ အခန်းကဏ္ဍကနေ ကလေးတွေအတွက် အကောင်းဆုံး ဖြစ်အောင် ကြိုးပမ်း လုပ်ဆောင်ပေးကြတယ်။ အခု ကျွန်တော်တို့မြို့မှာ ကျင်းပမယ်ဆိုတော့ မြို့မိမြို့ဖ တစ်ဦးအနေနဲ့ ကိုယ့်မြို့မှာလည်း အောင်အောင် မြင်မြင် စည်စည်ကားကား ဖြစ်စေချင်တယ်။ အောင်မြင်စေချင်တဲ့စိတ်နဲ့ အားလုံးကလည်း ပူးပေါင်းလုပ်ဆောင်ကြတယ်။ ဒီလိုအောင်မြင်အောင် လုပ်ဆောင်နိုင်ဖို့အတွက် ကျွန်တော်ကိုယ်တိုင်လည်း ပါဝင်လှူဒါန်းဖြစ်ပါတယ်။
ကျွန်တော်တို့ မြို့မှာ တိုင်းရင်းသားလူမျိုး အများကြီးရှိပါတယ်။ တိုင်းရင်းသားဘာသာတွေနဲ့ ကျပန်းစကားပြောပြိုင်တာ၊ ပုံပြောပြိုင်တာတွေ ပါတော့ ပိုပြီးတော့ စိတ်အား ထက်သန် လာကြတာကို တွေ့ရတယ်။ တိုင်းရင်းသားစာပေတွေ တိုးတက်ဖို့အတွက် ကျွန်တော့် အနေနဲ့ အဓိကတော့ ဒီလိုပွဲတော်တွေ များများလုပ်ဖို့၊ စာပေနဲ့ ယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ စာပေဈေးရောင်းပွဲတော်တွေ၊ စာပေနဲ့ ယဉ်ကျေးမှုကိစ္စအဝ၀တွေ များများလုပ်နိုင်ရင် တိုင်းရင်းသားကလေးတွေအတွက် ပိုကောင်းလာမှာ ဖြစ်ပါတယ်။
အခုပွဲတော်အတွက် လုပ်ထားတာလည်း အစီအစဉ်စုံပါတယ်။ ထပ်ထပ်ပြီး တိုးချဲ့လုပ်နိုင်ရင်တော့ ပိုကောင်းပါတယ်။
 ဦးမြင့်နိုင် (တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး)
ကျွန်တော်တို့ဒေသက နယ်စပ်ဒေသဖြစ်တဲ့ အတွက်ကြောင့် တစ်ဖက်နိုင်ငံရဲ့ ယဉ်ကျေးမှုတွေ ကူးစက်တာရှိပါတယ်။ ကျွန်တော်တို့ နိုင်ငံဘက်မှာ လူမျိုးရဲ့ယဉ်ကျေးမှုလက္ခဏာ ထွန်းကားအောင် လုပ်ဖို့တာဝန်ရှိပါတယ်။ ဒါကြောင့် ကလေးစာပေပွဲတော်မှာ ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ စာပေတွေနဲ့ ပတ်သက်တဲ့ အစီအစဉ်တွေ ပါတာ ကောင်းပါတယ်။ ကျွန်တော်တို့ နိုင်ငံ့အနာဂတ် ကလေးငယ်တွေ ပညာရေးမှာ၊ လူမှုရေးမှာ၊ အသိပညာပိုင်း၊ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ တိုးတက်လာဖို့အတွက် ဆောင်ရွက်ပေးဖို့ လိုပါတယ်။ ဒီလို ဆောင်ရွက်ပေးနိုင်ဖို့ အစိုးရအနေနဲ့ ကလေးစာပေပွဲတော်တွေ လုပ်ပေးတယ်လို့ ထင်ပါတယ်။ ကလေးစာပေပွဲတော်မှာ ကလေးတွေအတွက် အသိပညာပိုင်း၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ တိုးတက်ဖို့ အစီအစဉ်တွေ အများကြီးပါပါတယ်။
ကျွန်တော်တို့ တာချီလိတ်ခရိုင် စီမံခန့်ခွဲမှုအနေနဲ့ လိုအပ်တဲ့ပံ့ပိုးကူညီမှုတွေအားလုံး လုပ်ဆောင်ပေးနေပါတယ်။ ပွဲတော်အောင်အောင် မြင်မြင်ကျင်းပနိုင်ဖို့ လိုအပ်တာ အားလုံးကို ဌာနဆိုင်ရာတွေနဲ့ မြို့မိမြို့ဖတွေ ပေါင်းစပ်ပြီးတော့ ဆောင်ရွက်ပေးနေပါတယ်။
ကျွန်တော်တို့ ဒေသဟာ နယ်စပ်ဒေသဖြစ်တဲ့ အတွက် ကျွန်တော်တို့နိုင်ငံရဲ့ ရိုးရာ ယဉ်ကျေးမှု၊ ကျွန်တော်နိုင်ငံရဲ့ “ဓလေ့ထုံးစံတွေကို ထိန်းသိမ်း စောင့်ရှောက်ဖို့ အဓိက အရေးကြီးပါတယ်။ ဒါကြောင့် ဒီလိုပွဲမျိုးတွေကိုလည်း အနှစ်သာရ ပြည့်ဝစွာနဲ့ ထပ်ပြီးတော့ လုပ်ပေးနိုင်ရင်တော့ ပိုပြီးကောင်းပါတယ်လို့ အကြံပြုချင်ပါတယ်။
ဦးဇော်မြင့် (ကျောင်းအကျိုးတော်ဆောင် ဥက္ကဋ္ဌ)
ကလေးတွေအတွက် အင်မတန်ကောင်းတဲ့ ကလေးစာပေပွဲတော်ဖြစ်ပါတယ်။ ကျောင်းအကျိုးတော် ဆောင်တွေ ဘက်ကနေလည်း တတ်နိုင်သလောက် ကူညီပံ့ပိုးပေးပါတယ်။ လမ်းတွေကိုလည်း ပြုပြင်ပေးပါတယ်။ ကျောင်းအကျိုးတော် ဆောင်အနေနဲ့ လိုအပ်တာတွေ လည်း လှူဒါန်းပေး နေတာတွေလည်း ရှိပါတယ်။
ကျွန်တော်တို့ မြို့ဟာ တစ်ဖက်နိုင်ငံနဲ့ နီးတော့ ဓလေ့စရိုက်တွေ ကူးစက်ပါတယ်။ အခု ဒီပွဲတော်မှာ တိုင်းရင်းသား လူမျိုးတွေရဲ့ ယဉ်ကျေးမှုတွေ စာပေတွေ ထည့်သွင်းပြသ တယ်ဆိုတော့ တိုင်းရင်းသားတွေအတွက် အင်မတန်ကောင်း တယ်လို့ ထင်ပါတယ်။
ဦးကြည်မြင့် (ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ)
ကလေးစာပေပွဲတော်က ကလေးတွေအတွက် တိုးတက်အောင်မြင်မှုတွေ အများကြီးရနိုင်မယ်လို့ ထင်ပါတယ်။ ပညာရေးအပိုင်းမှာ တစ်ဖက်နိုင်ငံနဲ့ နှိုင်းယှဉ်ကြည့်ရင် သူတို့က ကလေးတွေကို စာတွေ့ထက် လက်တွေ့များများ သင်ပေးတာကို တွေ့ရတယ်။ ဥပမာဆိုရရင် လေ့လာရေးခရီးစဉ် မကြာခဏဆိုသလို ကျွန်တော်တို့ တွေ့ရတယ်။ ကျွန်တော်တို့ ကလေးတွေကိုလည်း ဒီလိုမျိုး ကလေးတွေ ကိုယ်တိုင်ပါဝင်ပြီး သင်ယူစေချင်တယ်။ အခုပွဲတော်ကတော့ ကလေးတွေအတွက် ရည်ရွယ်ပြီး လုပ်တဲ့ပွဲတော်ဖြစ်တဲ့အတွက် သူတို့ ကိုယ်တိုင် ပါဝင်ခွင့်ရတယ်။ လေ့လာခွင့်ရတဲ့ ပွဲတော်တစ်ခုဖြစ်တယ်။ တိုင်းရင်းသားကလေးတွေအတွက်လည်း တိုင်းရင်းသား စာပေပါတယ်။ ကျွန်တော်တို့ဒေသက နယ်စပ်ဒေသ ကလေးတွေရဲ့ တိုးတက်မှုအတွက် လိုအပ်နေတာတွေကို ဒီလို ပွဲတော်ကြီးကနေ ဆောင်ရွက်ပေးနေ တယ်ဆိုတာကို သိစေချင်တယ်။ ဒါကြောင့် အားလုံးကို ပါဝင် ဆင်နွှဲစေချင်တယ်။ အထူးသဖြင့် တိုင်းရင်းသား ကလေးငယ်တွေကို အများကြီး ပါဝင်စေချင်တယ်။
ဒေါက်တာ အောင်သန်းမောင် (ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး)
ကလေးစာပေပွဲတော် ကျင်းပပြုလုပ်ရတဲ့ ရည်ရွယ်ချက် သုံးခုရှိပါတယ်။ ကလေးတွေ စာပေမှာ မွေ့လျော်ပြီး ရာသက်ပန် ပညာရှာမှီးသူများ ဖြစ်လာစေဖို့၊ ပျော်ရွှင်စွာ ဆင်နွှဲရင်းနဲ့ စုပေါင်း အလုပ်တွေမှာ ဝိုင်းဝန်းပါဝင် ဆောင်ရွက်တတ်တဲ့ အလေ့အထကောင်းတွေ ရရှိလာစေဖို့၊ ပညာ ဗဟုသုတရော လူရည်လူသွေးပါ ပြည့်ဝပြီး အနာဂတ် တိုင်းပြည်တွက် ဦးဆောင်ဦးရွက်ပြုသူတွေ ဖြစ်လာစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်တာဖြစ်ပါတယ်။
ကျွန်တော်တို့အနေနဲ့ ကလေးစာပေပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ဖို့အတွက် ဦးစီးကော်မတီ နာယကနှစ်ဦး ထားရှိပါတယ်။ စည်ပင်ဝန်ကြီးနဲ့ ကျွန်တော်ဖြစ်ပါတယ်။ ဦးစီးကော်မတီ ရှိသလို လုပ်ငန်း ကော်မတီ ၂၄ ခုရှိပါတယ်။ ပထမဆုံးအကြိမ် အစည်း အဝေးကိုလည်း ပြီးခဲ့တဲ့လက ကျင်းပ ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။ အခုဆိုရင် ပွဲတော်မှာ တော်တော်ပြည့်စုံနေပါပြီ။ ငွေရေးကြေးရေးလည်း ပြည့်စုံပါပြီ။ စတုဒိသာကျွေးမွေးရေး လုပ်ငန်းများမှာလည်း ပြည့်စုံပါတယ်။ စာအုပ် အရောင်းဆိုင် တွေလည်း လာရောက်ရောင်း ချမှာ ဖြစ်ပါတယ်။ ပြကွင်းပြကွက် အားကစားပြိုင်ပွဲတွေ၊ စာပေ ဟောပြောပွဲတွေ၊ အသိပညာပေး ပြခန်းတွေ၊ ဒေသခံတိုင်းရင်းသားလေးတွေရဲ့ ပုံပြင်ပြောပြိုင်ပွဲ တွေလည်း ပါဝင်မှာဖြစ်ပါတယ်။ အမှန်တကယ် ရည်ရွယ်ချက်ကောင်းမွန်တဲ့ ပွဲလေး ဖြစ်တဲ့အတွက် ဒေသခံအားလုံးကို အတတ်နိုင်ဆုံး မည်သူမဆို အချိန်မရွေး ကျင်းပတဲ့ရက်မှာ လာရောက် စေချင်ပါတယ်။ အကျိုးကျေးဇူးလည်း ရှိမယ်လို့ ထင်ပါတယ်။ ရလဒ်ကောင်းတွေ ရလိမ့်မယ် လို့လည်း ထင်ပါတယ်။
ဒေါ်အေးအေး (တာချီလိတ်ခရိုင်ပညာရေးမှူး)
ကလေးစာပေဆိုတာ အခုချိန်မှာ အခြေခံပညာရေးအတွက် အရေးကြီးဆုံးစာပေ ဖြစ်ပါတယ်။ စာပေက အရေးအကြီး ဆုံးဖြစ်တဲ့အတွက် ကလေးတွေက စာပေသင်ကြားမှု သင်ကြားနေတဲ့ အခါမှာ စာဖတ်ဖို့လည်း အင်မတန်မှ လိုအပ်တယ်။ အဲဒီလို စာဖတ်တဲ့ အခါမှာ စာကောင်းပေကောင်း တွေထွက်ဖို့နဲ့ ရှိဖို့ကလည်း လိုအပ်ပါတယ်။ ဒါကြောင့်မို့ ဒီစာအုပ်တွေကို ရောင်းချပြီးတော့ ကလေးစာပေပွဲတော်မှာ စာအုပ်အများစု ရောင်းချနိုင်ရေး အတွက်ပါ အရေးကြီးပါတယ်။ ဒါကြောင့်မို့ ဒီလိုကလေးစာပေပွဲတော်တွေ ဖြစ်ပေါ်လာတာ များစွာဝမ်းလည်းဝမ်းသာတယ်၊ ဂုဏ်လည်းယူတယ်။ အခုပညာရေး စနစ်မှာကိုက စာကိုလည်းသင်မယ်၊ လူကိုလည်းပြင်မယ်။ နောက်တစ်ခါ ကလေးတွေအတွက် ပညာရေးစနစ် ပြုပြင် ပြောင်းလဲတဲ့အခါမှာ ကလေးတွေရဲ့ စာကျက်အားထက် ကလေးတွေရဲ့ တီထွင်မှု၊ ဖန်တီးမှု၊ ကြံဆမှုစတဲ့ သူတို့ရဲ့ စွမ်းရည်တွေကို ဖော်ထုတ်ပေးနိုင်လေ တိုင်းပြည်အတွက် အကျိုးရှိလေလေ ဖြစ်ပါတယ်။
ကလေးတွေ ကောင်းဖို့အတွက် ပညာသည်သာ ရတနာ၊ ဆရာသည်သာ အခရာ၊ ဆရာဆိုတဲ့ နေရာမှာ ပုပ္ပစရိယ မိနှင့်ဘလို့ ပြောတဲ့အတွက် ဦးဆုံးဆရာဟာ အမိနှင့် အဘ ဖြစ်တယ်။ ဒါကြောင့် မို့ ကလေးတွေရဲ့ ဘ၀ ဖွံ့ဖြိုးတိုးတက်ရှင်သန်ဖို့ရာ အရေးကြီးဆုံး မိဘဖြစ်ပါတယ်။ ဒါကြောင့်မို့ မိဘတွေကိုယ်တိုင်ကိုယ်က ကလေးစာပေပွဲတော် လာမယ်၊ သူတို့ရဲ့ ကလေးတွေနဲ့ သက်ဆိုင်တဲ့၊ သူတို့ ကလေးတွေနဲ့ ပတ်သက်တဲ့၊ ကလေးတွေ အကျိုးရှိမယ့် စာပေတွေကို သူတို့ကိုယ်တိုင် ရွေးချယ်ပြီးတော့ သူတို့ရဲ့ ငွေအားတွေနဲ့ စိုက်ထုတ်ပြီး ကလေးတွေကို ဝယ်ပြီးတော့ ဖတ်စေမယ်ဆိုရင် ကလေးတွေအတွက် ပိုမိုဖွံ့ဖြိုး တိုးတက်မယ်လို့ ယုံကြည်ပါတယ်။

အောင်မင်းဟန်

No comments:

Post a Comment