ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနသည် “ပြုပြင်ပြောင်းလဲမှုအစ ထွေအုပ်က” ဆိုသည့် အတိုင်း ပြည်သူလူထုအတွက် ဦးစားပေးပြောင်းလဲရန် မျှော်မှန်းထားသည်မှာ ရိုးရှင်းလွယ်ကူသည့် စီမံ ခန့်ခွဲမှုစနစ်နှင့် ဝန်ဆောင်မှုပုံစံဖြစ်ပြီး အချိန် ကုန်သက်သာရန်၊ ဝန်ထုပ်ဝန်ပိုးများ လျော့နည်း ရန်နှင့် ဥပဒေနှင့်အညီ အားလုံးတန်းတူညီမျှ ရရှိနိုင်မည့် စနစ်မျိုး၊ ပုံစံမျိုးကို ဖော်ထုတ်ပေးရန် ဖြစ်သည်။
အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသည် နိုင်ငံတော်၏ အဓိကကျသည့် အုပ်ချုပ်ရေးယန္တရား တည်ဆောက်ရေးတွင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို စံနမူနာပြ ဆောင်ရွက်ပေးရန်၊ ကိုယ်ကျိုးစီးပွားနှင့် အဂတိတရားကင်းစင်အောင် စာရိတ္တမဏ္ဍိုင်ကို ခိုင်ခိုင်မာမာ တည်ဆောက်ကြရန်၊ ပြည်သူနှင့် တစ်သားတည်းရပ်တည်ပြီး ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်ကြရန်ဖြစ်သည်။
▲ ဦးမြင့်သန်း၊ ညွှန်ကြားရေးမှူးချုပ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန▲
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အရင်က ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ ဦးစီးဌာန တစ်ခုဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပြည်သူ့ အကျိုးပြုဆောင်ရွက်ရေးစတဲ့ ရည်မှန်းချက်တာဝန်(၄)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါတယ်။ “အုပ်ချုပ်ရေးယန္တရားစနစ်တကျ လည်ပတ်နိုင်အောင် စီမံခန့်ခွဲခြင်းဖြင့် လူနေမှုဘ၀ဖွံ့ ဖြိုးတိုးတက်ရန်”ဟူသော မျှော်မှန်း ချက်နှင့်အညီ ဆောင်ရွက်လျက်ရှိပါတယ်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)ကို စီမံရေးရာဌာန၊ အထွေထွေဌာန၊ မြေယာဌာန၊ ယစ်မျိုးနှင့် အခွန်ဌာန၊ လေ့ကျင့်ရေးနှင့် သုတေသနဌာန၊ ဘဏ္ဍာရေးနှင့် ငွေစာရင်းဌာန၊ နိုင်ငံတကာရေးရာဌာနနဲ့ အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှု သင်တန်းကျောင်းတို့ဖြင့် ဖွဲ့စည်းထားရှိပါတယ်။
အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအနေနဲ့ ဌာနက ကိုင်တွယ်ကျင့်သုံးလျက်ရှိတဲ့ဥပဒေ ၁၉ ခု နဲ့ နည်း ဥပဒေ ၁၀ ခုရှိပါတယ်။ ဌာနရဲ့အဓိက လုပ်ငန်းတာဝန်များဖြစ်တဲ့ မြေယာစီမံခန့်ခွဲရေး၊ ယစ်မျိုး စီမံခန့်ခွဲရေး၊ အခွန်(၄)မျိုးကောက်ခံရေးနဲ့ ကျေးလက်ဒေသဖွံ့ ဖြိုးရေး လုပ်ငန်း၊ မြို့နဲ့ကျေးရွာ မြေတွေ စနစ်တကျဖွဲ့စည်းရေး၊ အသင်းအဖွဲ့တွေကို ဥပဒေနဲ့အညီ ဖွဲ့စည်းရေး၊ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ် တွေ ချီးမြှင့်ထိုက်သူ ချီးမြှင့်ရေးတွေကို ဆောင်ရွက် လျက်ရှိပါတယ်။
ဒါ့အပြင် နိုင်ငံတော်သမ္မတရုံးနဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာနက ပေးအပ်သော လုပ်ငန်း တာဝန်တွေနဲ့ အခြားဝန်ကြီးဌာန တွေက ပေးအပ်သော လုပ်ငန်းတာဝန်တွေကိုဌာနရဲ့ ရည်မှန်းချက် တွေနဲ့အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ နိုင်ငံတော်အစိုးရရဲ့ တတိယ (၁)နှစ်တာကာလအတွင်း လုပ်ငန်းတစ်ခု ချင်းအလိုက် အကောင်အထည်ဖော်ဆောင်ရွက် နိုင်မှုအခြေ အနေတွေကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူတွေက တင်ပြသွားမှာ ဖြစ်ပါတယ်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနလက်အောက်သို့ လွှဲပြောင်းဖွဲ့စည်း တာဝန်ထမ်းဆောင်စေခဲ့ပါတယ်။ လက်ရှိအချိန်မှာ အုပ်ချုပ်မှုအသွင်သဏ္ဌာန် ပြောင်းလဲရေးကာလအဖြစ် ၂၀၁၉ ခုနှစ် ပထမသုံးလတာ ကာလကို သတ်မှတ်ဆောင်ရွက်လျက် ရှိပါတယ်။
တစ်ချိန်တည်းမှာပဲ ပြုပြင်ပြောင်းလဲမှုတွေ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးအတွက် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်မှ ၂၈ ရက် အထိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြုပြင်ပြောင်းလဲ ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို နေပြည်တော်မှာ သုံးရက်တာ ကျင်းပခဲ့ပါတယ်။ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲကို နေပြည်တော်နဲ့ တိုင်းဒေသကြီး/ပြည်နယ် အုပ်ချုပ်ရေးမှူးများ၊ ခရိုင်အုပ်ချုပ် ရေးမှူးများ တက်ရောက်ခဲ့ပါတယ်။
အလုပ်ရုံဆွေးနွေးပွဲမှ “ပြုပြင်ပြောင်းလဲမှု အစ ထွေအုပ်က” ဆိုတဲ့ ဆောင်ပုဒ်ကို လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ အနာဂတ် မျှော်မှန်းချက်၊ ရည်မှန်းချက်၊ တန်ဖိုးထားမှုစတဲ့ မူတွေကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာနက ကျင့်သုံးဆောင်ရွက်လျက်ရှိတဲ့ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ကြော်ငြာစာ၊ ပြဋ္ဌာန်းချက် တွေနဲ့ စပ်လျဉ်းပြီး ပြုပြင်ပြောင်းလဲရမယ့် အချက်တွေ၊ အသွင်သဏ္ဌာန်ပြောင်းလဲခြင်း အတွက် လုပ်ဆောင်သင့်တဲ့ အချက်တွေ၊ ရပ်/ကျေးအဆင့်အထိ ပိုမိုထိရောက်သည့် ဝန်ဆောင်မှုတွေ ပေးနိုင် ရေးတို့အတွက်ဆက်လက် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်တွေကို ဆွေးနွေး ခဲ့ကြပါတယ်။ ဆွေးနွေး ချက် တွေအရ လက်ရှိ အခြေအနေနဲ့ကိုက်ညီတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တစ်ရပ်အဖြစ် “ပြည်သူကို ဗဟိုပြုသည့် ကောင်းမွန်သော အုပ်ချုပ်ရေးယန္တရား တည်ဆောက်ရေး” ဟူသော ဌာနရဲ့ အနာဂတ်မျှော်မှန်းချက်ကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။
အလားတူ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းတွေအနေနဲ့ အလေးအနက်ထားပြီး ဆောင်ရွက် ရမယ့် ရည်မှန်းချက်တာဝန်(၄)ရပ်ကို ချမှတ်နိုင်ခဲ့ပါတယ်။ ဒီရည်မှန်းချက်တွေက တရားဥပဒေစိုးမိုး ရေးနဲ့ ရပ်ရွာအေးချမ်းသာယာရေး၊ နိုင်ငံတော်အစိုးရ၏ မူဝါဒတွေ အကောင်အထည် ဖော်ရေး၊ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ဖော်ဆောင်ရေး၊ ပြည်သူဗဟိုပြု ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေ ဆောင်ရွက်ရေးတို့ ဖြစ်ပါတယ်။
ဆက်လက်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရဲ့ ဝန်ထမ်းတွေ အနေနဲ့ အလေးထားရမယ့် တန်ဖိုး (၆)ရပ်ကို သတ်မှတ်နိုင်ခဲ့ပါတယ်။ အဲဒီ တန်ဖိုး(၆)ရပ်က ထိရောက်မှုနှင့် စွမ်းရည်ပြည့်ဝမှု၊ ပွင့်လင်း မြင်သာမှု၊ တာဝန်ယူတာဝန်ခံမှု၊ ပြည်သူ လူထု ယုံကြည်အားထားမှု၊ တန်းတူညီမျှအားလုံး ပါဝင်မှု၊ လုပ်ထုံးလုပ်နည်းနဲ့အညီ ဖြစ်စေမှုတို့ ဖြစ်ပါတယ်။
ဒါ့အပြင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ကဏ္ဍ အလိုက်၊ ဦးစားပေးအလိုက်ဆောင်ရွက်ရမယ့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်(၃)ရပ်ကို ချမှတ်နိုင်ခဲ့ ပါတယ်။ ဒီလုပ်ငန်းစဉ်(၃)ရပ်က မူဝါဒပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေး၊ လုပ်ထုံး လုပ်နည်းနဲ့ စီမံခန့်ခွဲမှု ဆိုင်ရာ ပြုပြင်ပြောင်းလဲရေး၊ ဒေသဖွံ့ဖြိုးရေးနဲ့ လုပ်နည်းစနစ်ကောင်းတွေ တည်ဆောက်ရေးတို့ ဖြစ်ပါတယ်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေနဲ့ တတိယ (၁)နှစ်တာကာလအတွင်း ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်တွေနဲ့အညီ မြေယာစီမံခန့်ခွဲရေး၊ ယစ်မျိုးစီမံခန့်ခွဲရေး၊မြို့ /ကျေးရွာ များ စနစ်တကျဖွဲ့စည်းနိုင်ရေး၊ ပြည်သူဗဟိုပြု ပြည်သူ့အကျိုးပြု လုပ်ငန်းတွေ ပိုမိုတိုးမြှင့်ဆောင်ရွက် နိုင်ရေးနဲ့ အသင်းအဖွဲ့တွေကို ဥပဒေနဲ့အညီ စနစ်တကျဖွဲ့စည်းရေးတို့ကို ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေနဲ့အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် အုပ်ချုပ်ရေး လုပ်ငန်းစဉ်မှာပါဝင်တဲ့ တိုင်ကြားလာတဲ့တိုင်ကြားစာတွေအပေါ် ဘက်လိုက်မှုကင်းစွာ၊ အဂတိကင်းစွာ စိစစ်သုံးသပ် တင်ပြနိုင်ရေး၊ ပြည်သူလူထုကို ဝန်ဆောင်မှုပေးရာတွင် စိတ်ရင်းစေတနာမှန်မှန်နဲ့ အချိန်ကြန့်ကြာမှု မရှိအောင် ဆောင်ရွက်ပေးရေးတို့ကို အလေးအနက်ထား ဆောင်ရွက်လျက်ရှိပါ တယ်။
▲ ဒေါ်ဆွေဆွေနိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ▲
လူ့စွမ်းအားအရင်းအမြစ်ဖြစ်တဲ့ ဝန်ထမ်းတွေ စုဆောင်းမှုနဲ့ လေ့ကျင့်ပညာပေးမှုတွေကို ဆွေးနွေး တင်ပြသွားမှာ ဖြစ်ပါတယ်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ဝန်ထမ်းတွေ စတင်ခန့်ထားချိန်မှာ ဝန်ထမ်းတွေရဲ့စွမ်းဆောင်ရည် မြင့်မားရေးနဲ့ အဂတိကင်းရှင်းဖို့ အတွက် စဉ်ဆက်မပြတ် လေ့ကျင့်ကြပ်မတ် ဆောင်ရွက်လျက် ရှိပါတယ်။ ရုံးဌာနအဖွဲ့အစည်းတစ်ခုအတွင်း လူ့စွမ်းအားအရင်းအမြစ် စုဆောင်းရာမှာ ဌာနတွင်းက ဝန်ထမ်းတွေရဲ့ အခွင့်အရေးကို ဦးတည်ရုံ သာမက ဌာနမှာ ပြင်ပကဝင်ရောက်လာတဲ့ ဝန်ထမ်းသစ် တွေကို ဖိတ်ခေါ်ပြီးစုဆောင်း နိုင်မှသာလျှင် အဖွဲ့အစည်းတစ်ခုဟာ ပေးအပ်တဲ့ တာဝန်၊ ဝတ္တရားနဲ့ ညီမျှတဲ့ တာဝန်တွေကို ထမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။
အဲဒါကြောင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အတွင်းမှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အနေနဲ့ ဝန်ထမ်း ဦးစီးအရာရှိ၊ အရာထမ်း/စီမံ- ၂၂၅ ဦးကို ပြည်ထောင်စုရာထူးဝန်က တစ်ဆင့်ရွေးချယ် စုဆောင်းပြီး ခေါ်ယူခဲ့ပါတယ်။အလားတူ ဌာနတွင်းမှာရှိတဲ့ စီမံ - ၁ က (ဦးစီးအရာရှိ/စီမံ-၂ ရာထူး)ကို ၃၉၄ ဦးအား စနစ်တကျရာထူး တိုးမြှင့်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပြီး ရာထူးတိုးမြှင့်ပေးခဲ့ပြီး လစ်လပ်သွားတဲ့ ဒုတိယဦးစီးမှူးစီမံ - ၁ ရာထူးနေရာတွေကို ပြင်ပနဲ့ဝန်ထမ်းတွေထဲက အခွင့်အရေးမျှတစွာ အချိုးနဲ့ ခေါ်ယူလိုက်တဲ့ အတွက် မကြာမီမှာပဲ ဝန်ထမ်းပေါင်း ၁၉၀ ကျော် ခန့်ထားနိုင်ရေး ဆောင်ရွက်လျက် ရှိပါတယ်။
နိုင်ငံတော်အစိုးရရဲ့ တတိယ(၁)နှစ်တာကာလအတွင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်း တွေကို လေ့ကျင့်မှုအနေနဲ့ အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှု သင်တန်းကျောင်းဆိုတဲ့ သင်တန်းကျောင်း တစ်ကျောင်းရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ဌာနဆိုင်ရာ သင်တန်းကျောင်းဖြစ်ပါတယ်။ အဲဒီ အုပ်ချုပ်ရေးပညာဖွံ့ ဖြိုးမှုသင်တန်းကျောင်းမှာ ၂၀၁၈ ခုနှစ် အတွင်း သင်တန်းပေါင်း ရှစ်ကြိမ်နဲ့ အရာရှိပေါင်း ၇၆၂ ဦးကို လေ့ကျင့်ပေးနိုင်ခဲ့ပါတယ်။ ဖွင့်လှစ်တဲ့ သင်တန်းအမျိုးအစားတွေက စီမံ(၁)နှင့် စီမံ(၂) လုပ်ငန်းခွင်ဝင်သင်တန်း၊ နည်းပြအရာရှိ (TOT) သင်တန်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး/ဦးစီးအရာရှိများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင် တန်း၊ ခရိုင်အုပ်ချုပ်ရေးမှူး/ညွှန်ကြားရေးမှူး လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း၊ ယခုဆိုရင် ပြည်သူ့ဝန်ဆောင်မှုရုံးတွေမှာ Monitor တွေ၊ ကြီးကြပ်ရေးအရာရှိတွေအဖြစ် ဒုတိယမြို့နယ်အုပ်ချုပ် ရေးမှူးတွေက ထမ်းဆောင်နေတာ ဖြစ်တဲ့အတွက် သူတို့တွေအတွက် စွမ်းရည်မြှင့်သင်တန်းတွေကို ဖွင့်လှစ်နိုင်ခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ ပြည်ထောင်စုရာထူးဝန်က ဖွင့်လှစ်တဲ့ သင်တန်းတွေဖြစ်တဲ့ ဝန်ထမ်းအဖွဲ့ အစည်း အကြီးအမှူး စီမံခန့်ခွဲမှုသင်တန်း၊ အဆင့်မြင့် အရာထမ်းစီမံခန့်ခွဲမှု သင်တန်း၊ အလယ်အလတ်ဆင့် အရာထမ်းစီမံခန့်ခွဲမှုသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု အဆင့်မြင့်ဒီပလိုမာ သင်တန်း၊ အရာထမ်း အခြေခံသင်တန်း၊ အရာထမ်းငယ် အခြေခံသင်တန်း၊ စာရေးဝန်ထမ်းကြီးကြပ်မှု တန်းမြင့်သင်တန်း၊ စာရေးဝန်ထမ်းအခြေခံ သင်တန်းတွေကို တက်ရောက်ခဲ့ရာ ၇၇ ကြိမ်မှာ ၇၁၄ဦး တက်ရောက်နိုင်ခဲ့ပါ တယ်။
တစ်နိုင်ငံလုံးမှာ အမှုထမ်းဦးရေဟာ ၃၄၀၀၀ ကျော် တာဝန်ထမ်းဆောင်နေပါတယ်။ အုပ်ချုပ်ရေး ပညာဖွံ့ဖြိုးမှုသင်တန်းကျောင်းမှာ အရာထမ်းတွေကိုပဲ သင်တန်းပို့ချနိုင်ပါတယ်။ အဲဒီအတွက် ပြည်ထောင်စုရာထူးဝန်က သင်တန်းတွေမှာ ဒီထက်ပိုပြီး ခွဲတမ်းဦးရေရရှိ တက်ရောက်နိုင်ဖို့ကို ညှိနှိုင်း ဆောင်ရွက်နေပါတယ်။
ဒါ့အပြင် အထူးသင်တန်းတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ မြို့နယ်ပေါင်း ၃၃၀ မှာ နယ်စပ်ဒေသ မှာရှိတဲ့ မြို့တွေလည်းရှိပါတယ်။ အဲဒီအခါမှာ မြို့နယ်အုပ်ချုပ်ရေးမှူးးတွေအဖြစ် ကျွန်မတို့ဌာနရဲ့ လက်ထောက် ညွှန်ကြားရေးမှူးတွေက တာဝန်ထမ်းဆောင်လျက်ရှိပါတယ်။ နယ်စပ်ဒေသတွေမှာ တာဝန်ထမ်း ဆောင်နေတဲ့ အုပ်ချုပ်ရေးအရာရှိတွေက မြန်မာနိုင်ငံရဲ့ ပိုင်နက်နယ်မြေ မဆုံးရှုံးရေး၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ နယ်နိမိတ်ပြဿနာတွေ အငြင်းပွားတဲ့အခါ နှစ်နိုင်ငံချစ်ကြည်ရေးကို ရှေးရှုပြီး အိမ်နီးချင်း ကောင်းပီသစွာ ဖြေရှင်းနိုင်ရေး၊ နယ်စပ်နယ်နိမိတ် စာချုပ်စာတမ်းတွေနဲ့အညီ သိရှိနားလည်ပြီး အဲဒီဒေသခံပြည်သူတွေကို အသိပညာပေးနိုင်ရေးကို ရည်ရွယ်ပြီး နယ်နိမိတ်ရေးရာနဲ့ နယ်စပ်ရေးရာ ပူးပေါင်းဆောင်ရွက်မှုစွမ်းရည် မြှင့်တင်ရေးသင်တန်းတွေကို ဖွင့်လှစ်လျက်ရှိရာ ၂၀၁၉ ခုနှစ်အတွင်း မှာ တတိယအကြိမ် ဖွင့်လှစ်ဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။
ဒါ့အပြင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးဟာ အုပ်ချုပ်ရေးအဆင့်မှာ အခြေခံဖြစ်ပါတယ်။ တစ်နိုင်ငံလုံးမှာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးပေါင်း ၁၆၁၈၆ ဦးခန့် တာဝန် ထမ်းဆောင် နေပါတယ်။ အရင်တုန်းက အမျိုးသားတွေပဲ ထမ်းဆောင်နေတာပါ။ ယခုအခါ အမျိုးသမီးတွေ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတွေအဖြစ် ရွေးချယ်ခံပြီး ပါဝင်ထမ်းဆောင်လျက် ရှိပါတယ်။ ကျွန်မတို့ဌာနနဲ့ UNDP တို့ ပူးပေါင်းပြီး အမျိုးသမီးအုပ်ချုပ်ရေးမှူးတွေ လုပ်ငန်းစွမ်းဆောင် ရည် တိုးတက်မြင့်မားလာရေး အတွက် အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလက နေပြည်တော်မှာ ပြုလုပ်ခဲ့ပါတယ်။
အဲဒီအလုပ်ရုံဆွေးနွေးပွဲမှာ ဒေသန္တရအုပ်ချုပ် ရေးနဲ့ ပြည်သူ့ရေးရာအုပ်ချုပ်ရေးတွင် အမျိုးသမီး တွေ၏ အခန်းကဏ္ဍ၊ ပြည်သူဗဟိုပြုဖွံ့ ဖြိုးရေးနဲ့ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေ အခန်းကဏ္ဍ၊ လွှတ်တော်တွင်အမျိုးသမီးများပါဝင်မှုနှင့် အခန်းကဏ္ဍ၊ ကျား/မရေးရာ သဘာဝတရားနှင့် ကျား/ မ ရေးရာကို ထည့်သွင်းစဉ်းစားခြင်း၊ အမျိုးသမီးငြိမ်းချမ်းရေးနဲ့ လုံခြုံရေး၊ ပြည်သူပူးပေါင်းပါဝင်သော ဖွံ့ ဖြိုးမှုဆိုင်ရာ စီမံကိန်းရေးဆွဲခြင်း၊ အမျိုးသမီးနဲ့ ခေါင်းဆောင်မှုစတဲ့ ဘာသာရပ်တွေကို တာဝန်ရှိသူ တွေက လာရောက်ဆွေးနွေး ပို့ချခဲ့ပြီး အမျိုးသမီးရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ၁၀၄ ဦး တက်ရောက်ခဲ့တဲ့အတွက် လက်တွေ့နယ်ပယ်မှာ တာဝန်ထမ်းဆောင်ရာမှာ များစွာအထောက်အကူ ဖြစ်စေခဲ့ပါတယ်။
▲ ဦးအောင်သိုက်ဝင်း၊ညွှန်ကြားရေးမှူး၊ စီမံရေးရာဌာန ▲
နိုင်ငံတော်အစိုးရရဲ့ တတိယ(၁)နှစ်တာ ကာလအတွင်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၅၄ နဲ့အညီမြို့၊ ရပ်ကွက်/ကျေးရွာတွေတိုးချဲ့ ပြင်ဆင်ဖွဲ့စည်းခြင်းလုပ်ငန်းတွေကို ဆောင်ရွက်ပေးခဲ့ရာမှာ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်တွေမှာရှိတဲ့ စုစုပေါင်း ခရိုင်တစ်ခရိုင်၊ မြို့ ၁၁မြို့၊ ရပ်ကွက် ၆၃ ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၀ နဲ့ ကျေးရွာ ၅၅ ရွာ တိုးချဲ့ဖွဲ့စည်းပေးနိုင်ခဲ့ပြီး ကျေးရွာအုပ်စု ခြောက်အုပ်စုနဲ့ ကျေးရွာ ၂၁၄ ရွာ ပယ်ဖျက်ပေးခဲ့ပါတယ်။
၂၀၁၄ ခုနှစ် အသင်းအဖွဲ့တွေ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေအရ တစ်နှစ်တာ ကာလအတွင်း ပြည်တွင်းအသင်းအဖွဲ့ ၂၁၁ သင်း၊ အစိုးရမဟုတ်သော နိုင်ငံတကာအသင်း အဖွဲ့ ၂၈ သင်း၊ စုစုပေါင်း၂၃၉ သင်းကို မှတ်ပုံတင်ခွင့်ပြုပေးနိုင်ခဲ့ပါတယ်။ အသင်းအဖွဲ့တွေ မှတ်ပုံတင်ထားခြင်း ဖြင့် နိုင်ငံတော်ဖွံ့ ဖြိုးတိုးတက်မှုနဲ့ နိုင်ငံသားများအကျိုးကို အထောက်အကူပြုနိုင်ခြင်း၊ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ သက်ဆိုင်ရာဝန်ကြီးဌာနတွေထံမှ ဥပဒေနှင့်အညီအကူအညီ တွေရယူနိုင်ခြင်း၊ လူမှုအဖွဲ့အစည်းတွေ ခိုင်မာအားကောင်းနိုင်ခြင်းစတဲ့ အကျိုးတွေရရှိနိုင်မှာ ဖြစ်ပါ တယ်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ပင်မလုပ်ငန်းတာဝန်ထဲမှာ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ် တွေကို ချီးမြှင့်ထိုက်သူ ချီးမြှင့်ခြင်းလုပ်ငန်းလည်း ပါဝင်တဲ့အတွက် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုး တက်တဲ့ နိုင်ငံတော်တည်ဆောက်ရာမှာ ထူးကဲစွာဆောင်ရွက်ခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဒို့တာဝန်အရေး (၃)ပါးကို ကာကွယ်စောင့်ရှောက်ရာမှာ သက်စွန့်ကြိုးပမ်းထမ်းဆောင်ခဲ့သော ပုဂ္ဂိုလ်တွေ၊ နယ်ဘက် နဲ့ စစ်ဘက်ဆိုင်ရာတို့မှာ တိုင်းကျိုးပြည်ကျိုးကို အများနဲ့မတူအောင် ထူးခြားစွာ စွမ်းဆောင်နိုင်ခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေ၊ နိုင်ငံနဲ့လူမျိုးအတွက် သိပ္ပံပညာ၊ ဝိဇ္ဇာပညာနဲ့ အခြားသော ပညာရပ်တစ်ခုခုမှာ ကမ္ဘာ့ အဆင့်မီ အောင်မြင်စွာ တီထွင်ဖန်တီး စွမ်းဆောင်နိုင်တဲ့ ပုဂ္ဂိုလ်တွေ၊ စာပေနဲ့ အနုသုခုမပညာရပ် တွေမှာ ထူးခြားကောင်းမွန်စွာ တတ်မြောက်သူပုဂ္ဂိုလ်တွေနဲ့ နိုင်ငံတော်နဲ့ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ကြတဲ့ နိုင်ငံခြားခေါင်းဆောင်တွေ၊ နိုင်ငံခြားသံတမန်တွေနဲ့ ပုဂ္ဂိုလ်တွေကို ချီးမြှင့် အပ်နှင်းနိုင်ရန် ရည်ရွယ်ပြီး နိုင်ငံတော်အစိုးရ သက်တမ်းတတိယ (၁)နှစ်တာ ကာလအတွင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဂုဏ်ထူးဆောင်ဘွဲ့/တံဆိပ်တွေကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးဘွဲ့တစ်ခုဖြစ်တဲ့ သိပ္ပကျော်စွာဘွဲ့တစ်ဦး အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင်တံဆိပ်တစ်ဦး၊ မြန်မာနိုင်ငံစစ်မှုထမ်း သင်္ဂဟတံဆိပ် ၁၄၈၉ ဦး၊ စစ်မှုထမ်း ကောင်းတံဆိပ်၂၅၉၉ ဦး၊ ရဲသူရိန်တံဆိပ် နှစ်ဦး၊ ရဲကျော်စွာတံဆိပ်ငါးဦး၊ ရဲမှုထမ်းကောင်း တံဆိပ်၂၁၄ ဦး၊နိုင်ငံတော်ရဲမှုထမ်း တံဆိပ် ၇၇၉ ဦး၊ ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ် ၁၁၁၆၉ ဦး၊ ပြည်သူ့ဝန် ထမ်းတံဆိပ် ၂၅၂၆၃ ဦး၊ ငြိမ်ဝပ်ပိပြား ရေးနဲ့ တရားဥပဒေစိုးမိုးရေး ၆၀၆၄၆ ဦး စုစုပေါင်း ၁၀၂၁၆၈ ဦးကို ချီးမြှင့်ပေးနိုင်ခဲ့ ပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရရဲ့ တတိယ (၁)နှစ်တာကာလအတွင်း ကျေးလက် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၂၀၁၉ ခုနစ်ဖေဖော်ဝါရီလ ကုန်အထိ ရန်ပုံငွေကျပ်ကျပ်သန်း ၂၈၄ ဒသမ ၅၀ ကို ခွင့်ပြုပေးခဲ့တဲ့အတွက် စိုက်ပျိုးရေးလုပ်ငန်းလေးခု၊ လမ်းတံတားလုပ်ငန်း ၇၈ ခု၊ ရေရရှိရေးလုပ်ငန်း ၁၃ ခု၊ ဒေသဖွံ့ ဖြိုးရေးလုပ်ငန်းသုံးခု စုစုပေါင်း ၉၈ ခုကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ ပါတယ်။
ပြည်သူလူထုရဲ့ အခြေခံလိုအပ် ချက်တွေကို ဖြည့်ဆည်းဆောင်ရွက်ရာမှာ အဆင်ပြေချောမွေ့ စေတဲ့ ဝန်ဆောင်မှုတွေ ဆောင်ရွက်ပေးနိုင်ရန်၊ လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှုတွေကို တားမြစ်ပြီး ထိရောက်တဲ့ ဝန်ဆောင်မှု အလေ့အကျင့်တွေကို ပြုစုပျိုးထောင်ပေးနိုင်ဖို့၊ ပြည်သူ တွေက အစိုးရနဲ့ ဌာနဆိုင်ရာတွေအပေါ် အားကိုး ယုံကြည်မှု တိုးပွားစေဖို့နဲ့ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းတွေ၊ ဦးစီးဌာနတွေအလိုက် အပြန်အလှန်ထိန်းကျောင်းမှုပြုနိုင်ရေး အထောက်အကူပြုနိုင်ဖို့ ရည်ရွယ်ပြီး “ပြည်သူ့အတွက်OSS”ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ပြည်သူ့ဝန်ဆောင်မှုရုံးတွေကို နယ်မြေအခြေ အနေနှင့်ဒေသ အခြေအနေပေါ် မူတည်ပြီး မြို့နယ်ရုံး ၃၁၆ ရုံးတွင် ပြည်သူ့ဝန်ဆောင်မှုOSS ရုံးတွေ ဖွင့်လှစ်၍ ပြည်သူတို့အတွက် ဝန်ဆောင်မှုလုပ်ငန်းတွေကို ဦးတည်ဆောင်ရွက်ပေးလျက် ရှိပါတယ်။
တိုင်းဒေသကြီး/ပြည်နယ်တွေနဲ့ နေပြည်တော်မှာ ဖွင့်လှစ်ထားရှိတဲ့ပြည်သူ့ဝန်ဆောင်မှု (OSS) ရုံးတွေ မှာ သက်ဆိုင်ရာဌာနတွေအလိုက် ဆောင်ရွက်ပေးနေတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ စနစ်တကျ ဝန်ဆောင်မှုပေးနိုင်ရေးနဲ့ ဝန်ဆောင်မှုရယူတဲ့ ပြည်သူတွေ စိတ်ကျေနပ်မှုရရှိရေးတို့ အတွက် ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)တွေ ထူထောင်ဖွင့်လှစ် အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီနဲ့ ဆပ်ကော်မတီတွေ ဖွဲ့စည်း ဆောင်ရွက်ထားရှိပြီးဖြစ်ပါတယ်။
ပြည်သူ့ဝန်ဆောင်မှုရုံးဥပဒေ (မူကြမ်း)ရေးဆွဲရေး ကော်မတီကို ဖွဲ့စည်းထားရှိပြီး ယခုအခါမှာ လက်တွေ့အကောင်အထည်ဖော်နိုင်မယ့်စံလုပ်ထုံး လုပ်နည်း (SOP) တစ်ရပ် ပေါ်ပေါက်ရေးအတွက် ရည်မှန်းဆောင်ရွက်လျက် ရှိပါတယ်။ လက်ရှိအချိန်မှာ ပြည်သူ့ဝန်ဆောင်မှုရုံး(OSS)တွေက ဝန် ဆောင်မှု ပေးနေမှုတွေကို ပြည်သူတွေက ပိုမိုသိရှိလာရေးအတွက် အသိပညာဖြန့်ဝေပေးတဲ့အစီအစဉ် တွေပြုလုပ်ခြင်း၊ လက်ကမ်းကြော်ငြာတွေ ဖြန့်ဝေခြင်း၊ ဒေသန္တရအစိုးရအဖွဲ့တွေက အနီးကပ် ကြီးကြပ်အားပေးခြင်းစတဲ့ လုပ်ငန်းတွေ စီမံထားရှိပြီးဖြစ်ပါတယ်။
▲ ဦးစိုးသိန်း၊ ညွှန်ကြားရေးမှူး၊ မြေယာဌာန ▲
နေပြည်တော်နဲ့ တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်တွေမှာ လူမှုစီးပွားဘ၀ ဖွံ့ ဖြိုးတိုးတက်ရေး အတွက် မြေယာအရှုပ်အရှင်းကင်းတဲ့ ကျေးရွာတွေမှာ မြေငှားဂရန် (မြေငှားစာချုပ်) ထုတ်ပေး ရေးလုပ်ငန်းကို ရက်(၁၀၀)စီမံချက်မှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ နေပြည်တော်နဲ့ တိုင်းဒေသ ကြီး/ပြည်နယ်တွေမှာ မြို့နယ်ပေါင်း ၂၇၅ မြို့နယ်မှာရှိတဲ့ ကျေးရွာ ၂၇၅ ရွာမှာ ကျေးရွာမြေငှားဂရန် စုစုပေါင်း ၂၃၀၁၇ ခု ဆောင် ရွက်ပေးနိုင်ခဲ့ပါတယ်။
တတိယ( ၁)နှစ်တာကာလမှာ မြေယာအရှုပ် အရှင်းကင်းတဲ့ ကျေးရွာတွေမှာ မြေငှားဂရန် (မြေငှား စာချုပ်) ထုတ်ပေးရေးလုပ်ငန်းကို ဆက်လက်ဆောင်ရွက်ခဲ့ရာ ကျေးရွာမြေငှားဂရန် ၅၀၀ ဆောင်ရွက် ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် တိုင်းဒေသကြီး/ပြည်နယ်တွေမှာ မြေသိမ်း ခြောက်ခု၊ မြေလွှဲ ၁၆၀၊ စား ကျက်မြေ ၄၂ ခု၊ သာသနာ့ဂရန် ၁၂၇ ခု၊ ဗုဒ္ဓသိမ် ၅၃ ခု၊ ငါးဧကနဲ့အထက် မြေငှားဂရန် ၁၂၃ ခု၊ ငါး ဧကနဲ့အောက် မြေငှားဂရန် ၁၅၂၉၉ ခု၊ စုစုပေါင်း ၁၅၈၁၀ ထုတ်ပေးနိုင်ခဲ့ပါတယ်။
အဲဒီလို မြေငှားဂရန်တွေ ထုတ်ပေးနိုင်ခြင်းဖြင့် ပိုင်ဆိုင်မှုအထောက်အထားမရှိဘဲ နေထိုင်ရမယ့် အစား ခိုင်မာတဲ့ တရားဝင်အထောက်အထား မြေငှားဂရန်ရရှိခြင်း၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုတွေ ပိုမိုရရှိခြင်း၊ နိုင်ငံတော်အနေနဲ့ ရသင့်ရထိုက်တဲ့ အခွန်ငွေတွေရရှိလာခြင်း၊ စိတ်အေး ချမ်းသာစွာနေထိုင်နိုင်ပြီး စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နိုင်တဲ့ အခွင့်အရေးတွေ ရရှိနိုင်ခြင်းစတဲ့ အကျိုးကျေးဇူးတွေရရှိမှာဖြစ်ပါတယ်။ နိုင်ငံတော်အတွက် တစ်ဖက်တစ်လမ်းက အခွန်ငွေတိုးမြှင့် ကောက်ခံရရှိသလို တစ်ဖက်မှာလည်း နိုင်ငံသားတွေအနေနဲ့ ပိုင်ဆိုင်မှုအထောက်အထားတွေ ခိုင်မာစွာနဲ့ စိတ်အေးချမ်း သာနေထိုင်နိုင်ပြီး စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နိုင်တဲ့ အခွင့်အရေး တွေရရှိနိုင်မှာ ဖြစ်ပါတယ်။
လယ်ယာမြေနဲ့ အခြားမြေသိမ်းဆည်းခြင်းခံရမှုတွေ ပြန်လည်စိစစ်ရေးဗဟိုကော်မတီက အသုံးပြုဖို့မရှိ သော မြေ ၁၉၇၈၇၃ ဒသမ ၇၁၄၁ ဧကကို စွန့်လွှတ်ပေးနိုင်ခဲ့ပြီး မူလပိုင်ရှင် ၆၁၁၈ ဦးထံကို ၁၈၆၇၁၀ ဒသမ ၁၁၇ ဧက ပြန်လည်ပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။
▲ ဦးခင်မောင်လွင်၊ ညွှန်ကြားရေးမှူး၊ ယစ်မျိုးနှင့်အခွန်ဌာန ▲
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေနဲ့ ယစ်မျိုးခွန်၊ မြေခွန်၊ တာတမံခွန်နဲ့ ဓာတ်သတ္တုခွန် ဆိုပြီး အခွန်လေးမျိုး ကောက်ခံလျက်ရှိပါတယ်။
ယစ်မျိုးခွန်ကောက်ခံခြင်းကို အရင်က ပြည်ထောင်စုဝန်ကြီး ဌာနရဲ့ အမိန့်ကြော်ငြာစာနဲ့ လိုင်စင်နှုန်း ထားတွေကို နိုင်ငံတစ်ဝန်းလုံး တစ်ပြေးညီ သတ်မှတ် ကောက်ခံခဲ့ပေမယ့် အခုအခါ ၂၀၀၈ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့အညီ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်တွေက ဒေသနဲ့ကိုက်ညီဆီလျော်တဲ့ နှုန်းထားတွေနဲ့ ယစ်မျိုးခွန်ဥပဒေပြဋ္ဌာန်းပြီး ယစ်မျိုး ခွန်တွေကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကောက်ခံပြီး တိုင်းဒေသကြီး/ပြည်နယ် ဘဏ္ဍာ ရန်ပုံငွေသို့ ပေးသွင်းလျက်ရှိပါတယ်။
ပြည်ထောင်စုနယ်မြေဖြစ်တဲ့ နေပြည်တော်မှာ ပြည်ထောင်စု ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာနဲ့ အခွန်နှုန်းထားသတ်မှတ်ပြီး ကောက်ခံရရှိတဲ့အခွန် ငွေတွေကို ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေစာရင်းကို ပေးသွင်းလျက်ရှိပါတယ်။
မြေခွန်နဲ့ တာတမံခွန် ကောက်ခံရာမှာ လယ်ယာမြေစီမံခန့်ခွဲရေးနဲ့ စာရင်းအင်းဦးစီး ဌာနက အခွန်နှုန်း ထားတွေသတ်မှတ်ပြီးနှစ်စဉ် မြေခွန်စည်းကြပ်ခြင်းကို ဆောင်ရွက်ပြီး ထွက်ရှိလာတဲ့ ပြေစာအတိုင်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကကောက်ခံပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ဘဏ္ဍာရန်ပုံ ငွေစာရင်းကို ပေးသွင်းလျက်ရှိပါတယ်။
ဓာတ်သတ္တုခွန် ကောက်ခံရာမှာ တွင်းထွက် စက်မှုကုန်ကြမ်းအဆင့်နဲ့ အလှဆင်ကျောက် အဆင့်မှာ ပါဝင်ခြင်းမရှိတဲ့ လမ်းခင်းကျောက်၊ တည်ဆောက်ရေးလုပ်ငန်းသုံး ကျောက်စရစ်၊ သဲကျောက်၊ ထုံးကျောက်၊ သဲနဲ့ မြေစေးစတဲ့ ဓာတ်သတ္တုပစ္စည်းတွေအပေါ် ကောက်ခံခြင်းဖြစ်ပြီး ပြည်ထောင်စု ဝန်ကြီးဌာနရဲ့ အမိန့်ကြော်ငြာစာနဲ့ နိုင်ငံတစ်ဝန်းလုံး တစ်ပြေးညီ သတ်မှတ်ကောက်ခံပြီး တိုင်းဒေသ ကြီး/ပြည်နယ် ဘဏ္ဍာရန်ပုံငွေ စာရင်းကို ပေးသွင်းလျက်ရှိပါတယ်။
၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လ ဘဏ္ဍာရေးနှစ်အတွင်း အခွန်လေးမျိုး ကောက်ခံဖို့ ငွေကျပ် ၁၈၁၀၁ ဒသမ ၆၄၆ သန်း လျာထားခဲ့ပြီး ငွေကျပ်ကျပ် ၂၀၃၉၆ ဒသမ ၇၄၁ သန်း၊ အခွန်ကောက်ခံနိုင်မှု ၁၁၂ ဒသမ ၆၈ရာခိုင်နှုန်းအထိ ကောက်ခံနိုင်ခဲ့ပါတယ်။
ယစ်မျိုးဆိုင်ရာ စီမံခန့်ခွဲမှုမှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေနဲ့ အရက်၊ ဘီယာ၊ ဝိုင် ထုတ်လုပ် ခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း၊ ရသင့်ရထိုက်တဲ့ယစ်မျိုးခွန် အပြည့် အဝရရှိခြင်းစသည်တို့ကို တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စီမံခန့်ခွဲလျက် ရှိပါတယ်။
ယစ်မျိုးလုပ်ငန်းတွေ ဥပဒေနဲ့အညီ စနစ် တကျရှိရေး၊ တရားမဝင် ယစ်မျိုးလုပ်ကိုင်မှုတွေကို တားဆီး အရေးယူနိုင်ရေး၊ ယစ်မျိုးခွန်တွေ တိုးမြှင့်ကောက်ခံနိုင်ရေးအတွက် ယစ်မျိုးဆိုင်ရာ စိစစ်ကြပ်မတ် ရေးလုပ်ငန်းအဖွဲ့ (Task Force) တွေကို မြို့နယ်/ခရိုင်၊ တိုင်းဒေသကြီး/ပြည်နယ်၊ ဗဟိုအဆင့်အထိ အဖွဲ့တွေဖွဲ့စည်းပြီး ပညာပေးခြင်း၊ ဆွေးနွေးခြင်း၊ စီမံခန့်ခွဲရေးနဲ့အုပ်ချုပ်ရေး နည်းလမ်းတွေ အဆင့် ဆင့် ကြပ်မတ်စစ်ဆေး တားဆီးအရေးယူမှုတွေ ဆောင်ရွက်ခဲ့ပါတယ်။
၂၀၁၈ ခုနှစ်အတွင်း တရားမဝင်ယစ်မျိုး လုပ်ငန်းလုပ်ကိုင်သူ ၅၂၀၂ ဦးကို ဖမ်းဆီးပြီး အမှု ၅၁၈၄ မှု၊ ယစ်မျိုးလိုင်စင်စည်းကမ်းဖောက်ဖျက်သူ ၅၇၅ ဦးကို အမှု ၇၅၄ မှု အမှုဖွင့် တရားစွဲဆို အရေးယူ နိုင်ခဲ့ပါတယ်။
အရက်ချက်စက်ရုံတွေက ထွက်ရှိတဲ့ စွန့်ပစ် ရေဆိုးတွေကြောင့် ပတ်ဝန်းကျင်ထိခိုက်မှုမရှိရေး အတွက် အရက်ချက်စက်ရုံတွေမှာ Environmental Management Plan (EMP) ရေးဆွဲလိုက်နာပြီး ရေဆိုးသန့်စင်စွန့်ပစ်စနစ် (Waste Water Treatment System)နဲ့ စွန့်ပစ်ရည် အရည်အသွေးကို အချိန်နဲ့တစ်ပြေးညီ တိုင်းတာစောင့်ကြပ်ကြည့်ရှုတဲ့စနစ် (Real Time Waste Water Online Monitoring System) တပ်ဆင် အကောင်အထည်ဖော်တဲ့ Action Plan တွေကို ရေးဆွဲတင်ပြခဲ့ပါ တယ်။
စနစ်တကျပြည့်စုံတဲ့ Action Plan က တင်ပြလာတဲ့ အရက်ချက်စက်ရုံတွေကို ထုတ်လုပ်မှု စွမ်းအားရဲ့ ၅၀ ရာခိုင်နှုန်းကို စမ်းသပ်ထုတ်လုပ် ခွင့်ပြုသွားဖို့၊ Action Plan အပေါ် ဆောင်ရွက်မှု အခြေအနေကို ကွင်းဆင်းစစ်ဆေးရေးကော်မတီက လစဉ်စစ်ဆေးရန်၊ ရေဆိုးစွန့်ပစ်စနစ်ကို အချိန်နဲ့ တစ်ပြေးညီ ကြပ်မတ်ထိန်းသိမ်းနိုင်ရေး Flow Meter တပ်ဆင်ဖို့နဲ့ ထုတ်လုပ်မှုစွမ်းအားကို အပြည့်အဝအခွန် ကောက်ခံ နိုင်ရေးထုတ်လုပ်မှု တိုင်းတာနိုင်တဲ့ Flow Meter တပ်ဆင်ဖို့ အချိန်ကာလ တစ်နှစ်သတ် မှတ်ပြီး ယခုနှစ် ဇန်နဝါရီလကုန်မှာ ပြီးစီးအောင်ဆောင်ရွက်ခဲ့ရာ ၂၀၁၈ ခုနှစ်အတွင်း အရက်ချက် စက်ရုံ ၂၁ ရုံမှာ ရေဆိုးသန့်စင်စွန့်ပစ်စနစ် တပ်ဆင်နိုင်ခဲ့ပြီး ပတ်ဝန်းကျင်ထိခိုက်မှုမရှိရေး ကြပ်မတ် ဆောင်ရွက် နိုင်ခဲ့ပါတယ်။။
တွေ့ဆုံမေးမြန်း-နန္ဒာဝင်း
ဓာတ်ပုံ-ကိုကိုလေး
No comments:
Post a Comment