Monday, May 1, 2017

ကျွန်တော်နဲ့ ဝန်ထမ်းဘဝ



ပါမောက္ခ၊ ဒေါက်တာအောင်ထွန်းသက်
ဧပြီလ ၁ ရက်ဟာ ကျွန်တော့်ဘဝအတွက် မမေ့နိုင်တဲ့ရက် ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၅၁နှစ် ၁၉၆၆ မှာ ကျွန်တော်ဟာ စီးပွားရေး တက္ကသိုလ်မှာ နည်းပြဆရာအဖြစ် တာဝန်ပေးအပ် ခြင်းခံရတယ်။ ကျွန်တော်က ၁၉၆၅ ခုနှစ်မှာ ဝါဏိဇ္ဇ ဝိဇ္ဇာဘွဲ့ ကို ရခဲ့တယ်။ ကျွန်တော်နဲ့အတူ ဘွဲ့ရတဲ့သူအများစုက ဝန်ကြီးဌာနတွေမှာ အလုပ်ဝင်ခဲ့ကြတယ်။ အရာရှိအဆင့်ရ တာမို့ လစာကလည်း တစ်လငွေကျပ် ၃၅ဝ။ ပြန်တမ်းဝင် အရာရှိတွေ။ နည်းပြဆရာအလုပ်ကို ရာထူးဝန်အဖွဲ့ စိစစ်တဲ့ နှုတ်ဖြေစာမေးပွဲကို ရန်ကုန်မြို့ ကမ်းနားလမ်းမှာရှိတဲ့ ခြောက်ထပ်ရုံးကြီးမှာ ဖြေဆိုခဲ့ရတယ်။ လစာက တစ်လ ငွေကျပ် ၂ဝဝ နဲ့ ရှားပါးစရိတ်ပေါင်းရင် ငွေကျပ် ၃ဝဝ မပြည့်ဘူး။

ကျွန်တော်နဲ့ အတူ ကျန်ငါးဦးလည်း နည်းပြဆရာတွေ ဖြစ်ခဲ့တယ်။ စုစုပေါင်း ခြောက်ဦး။ ဒီအထဲမှာ လေးဦးက နာမည်ကြီး အင်္ဂလိပ်မက်ဒရစ် အထက်တန်းကျောင်းက ကျောင်းနေဖက်တွေ၊ အခုတော့ တစ်ဦးက ကွယ်လွန်ခဲ့ပြီ။ နောက်နှစ်ဦးကတော့ နိုင်ငံခြားမှာ။ နည်းပြဆရာခန့်စာရတော့ နည်းနည်းအံ့သြသွားတယ်။ ကျွန်တော်လျှောက်တုန်းက ဝါဏိဇ္ဇဗေဒဌာန ဒါပေမယ့် ခန့်စာရတော့ သုတေသနဌာန။ သုတေသနဌာန ရှိမှန်းတောင် မသိခဲ့ဘူး။ ဒါပေမယ့် ဧပြီလ ၁ ရက်နေ့ ဌာနကို သတင်းပို့တော့ ပါမောက္ခဆရာကြီး စောဝီလျံပေါက ကိစ္စမရှိဘူး။ ဝါဏိဇ္ဇဗေဒဌာနမှာ နည်းပြရာထူး ငါးနေရာပဲရှိလို့ ကျွန်တော့်ကို သုတေသနဌာနမှာ ခန့်ခဲ့တာ။ ဒါပေမယ့် အလုပ်ကိုတော့ သူ့အောက်မှာပဲ လုပ်ရမယ်လို့ ပြောတော့ ကျေနပ်ခဲ့ရတယ်။ စုံစမ်းကြည့်မှ အဲဒီတုန်းက စီးပွားရေးတက္ကသိုလ်မှာ သုတေသနဌာနတစ်ခု ဖွဲ့စည်းခဲ့ပြီး ပါမောက္ခရာထူးကိုတော့ ပါမောက္ခ ဒေါက်တာရော်နယ်ဖင်လေး က တာဝန်ယူထားတယ်။
ကျွန်တော်က ဆရာကြီးကိုလည်း သတင်းပို့တဲ့အခါ ကိစ္စမရှိဘူး ဆရာပေါဆီမှာပဲလုပ်ပါလို့ ပြောခဲ့တယ်။ အမှန်တော့ ဆရာဖင်လေးက စီးပွားရေးပညာမှာ အလွန် ထူးချွန်သူ။ ဒါပေမယ့် သူ့ကို နေရာမပေးခဲ့ဘူး။ ဆရာရဲ့ ပညာကို အသုံးမပြုခဲ့ဘူး။ ဘာကြောင့်လဲလို့မေးရင် ကိုယ်ပိုင် အရည်အချင်းနဲ့ လုံးဝမသက်ဆိုင်တဲ့ လူမျိုးက ကပြားဖြစ်နေလို့ ဖြစ်တယ်။ လူမျိုးမတူ၊ ဘာသာမတူတာကို လက်မခံနိုင်ဘဲ ဖိနှိပ်ခဲ့တဲ့စနစ်ရဲ့ အကျည်းတန်လှပုံရုပ်ပဲ ဖြစ်တယ်။ ဆရာကြီး ဝီလျံပေါဆိုရင်လည်း ပါမောက္ခချုပ်ရာထူး မရခဲ့ဘူး။ သူက ကရင်-ရှမ်းလူမျိုးဖြစ်ပြီး ခရစ်ယာန်ဘာသာဝင်တစ်ဦး။ အမှန်တော့ ၁၉၆၆ ခုနှစ်မှာ နည်းပြဆရာတာဝန်ယူခဲ့ပေမယ့် ကျွန်တော်ဘွဲ့မရခင် တတိယနှစ်မှာ မိဘကို တစ်ဖက်တစ်လမ်း က ကူညီဖို့ အချိန်ပိုင်းအလုပ်လုပ်ခဲ့တယ်။ အဲဒီတုန်းက ဖေဖေနဲ့ မေမေတို့ဟာ တောင်ဥက္ကလာပမြို့မှာ ရှိတယ်။ ထီးစက်မှာ အလုပ်လုပ်နေကြတာ။ ထီးစက်အပြင် ထီးရိုးလုပ်တဲ့စက်လည်း ရှိတယ်။ ပိုင်ရှင်လုပ်သူက ဖေဖေရဲ့အစ်ကိုမိသားစု။ စုစုစည်းစည်း အလုပ်လုပ်ခွင့်ရတယ်။
ကျွန်တော်လေ့လာနေတဲ့ စာရင်းကိုင်ပညာကို အသုံးချ ခဲ့ရသလို ဝန်ထမ်းရေးရာကိစ္စတွေကိုလည်း တာဝန်ယူရတယ်။ ကျောင်းကိုတော့ လိုရင်လိုသလို တက်ခဲ့တာ။ တချို့အတန်း တွေကို မတက်ဖြစ်ခဲ့ဘူး။ ဒါပေမယ့် ကျွန်တော့်ရဲ့ ဆရာမအရင်းတွေဖြစ်တဲ့ ဒေါ်ညွန့်ညွန့်ရီနဲ့ ဒေါ်လှမြင့်တို့က နားလည်မှုပေးပြီး စောင့်ရှောက်ပေးပါတယ်။ ဒါကြောင့် နောင်နည်းပြဆရာဖြစ်လာတော့ ဌာနက ဆရာ ဆရာမတွေက သိပ်မသိကြဘူး။ ကျွန်တော်ဟာ ၁၉၆၆ ခုနှစ်ကစပြီး ၁၉၈၉ ခုနှစ်အထိ ဝါဏိဇ္ဇဗေဒဌာနမှာပဲ တာဝန်ယူခဲ့တယ်။ နည်းပြ ဆရာကတစ်ဆင့် လက်ထောက် ကထိက၊ နောက်ကထိကအထိ တာဝန်ယူခဲ့တယ်။ ၁၉၇၁ ခုနှစ်မှ ၁၉၇၇ ခုနှစ်အထိ အင်္ဂလန် နိုင်ငံမှာ နိုင်ငံခြားပညာတော်သင်အဖြစ် သွားရောက်ခဲ့ပြီး ၁၉၈၆ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ အနောက်ဂျာမနီနိုင်ငံမှာ ဘွဲ့လွန်ပါရဂူဘွဲ့အတွက် သုတေသနလုပ်ငန်းတွေကို သုံးနှစ် ကျော် လုပ်ခွင့်ရခဲ့တယ်။
၁၉၈၉ ခုနှစ်မှာတော့ ကျွန်တော်ဟာ ကျန်းမာရေးဝန်ကြီး ဌာနမှာအသစ်ဖွင့်လှစ်ထားတဲ့ စီမံကိန်းနဲ့ စာရင်းအင်းဦးစီး ဌာနရဲ့ ညွှန်ကြားရေးမှူးချုပ်တာဝန်ကို ပေးအပ်ခြင်းခံရပါ တယ်။ ကထိကရာထူးသာရှိတဲ့ ကျွန်တော်အဖို့ ညွှန်ကြားရေး မှူးချုပ် တာဝန်ပေးအပ်ခြင်းခံရတာက ရာထူးအဆင့် (၃)(၄)ဆင့်ကို ကျော်ဖြတ်ရတာမို့ ကျေနပ်ခဲ့ပါတယ်။ ကျေးဇူးရှင် ကတော့ ဆရာကြီးဒေါက်တာ ဦးဖေသိန်း၊ ဆရာကြီးဟာ နဝတအစိုးရအဖွဲ့မှာ ဝန်ကြီးတစ်ဦးဖြစ်တယ်။ သူက အရပ်သား။ ကျန်တဲ့သူတွေက ဗိုလ်ချုပ်ကြီးတွေ။ သူနဲ့ကျွန်တော်က သူကျန်းမာရေး ဦးစီးဌာနမှာ ညွှန်ကြားရေးမှူးချုပ်တာဝန်ယူစဉ် သိကျွမ်းခဲ့သူ။ ကျွန်တော်တို့နှစ်ယောက်က ဝါသနာတူတဲ့ သုတေသနကို စိတ်ဝင်စားသလို စာရင်းဇယားအချက်အလက် တွေကို ဝါသနာပါတယ်။ အမှန်တော့ ကျွန်တော့်ရဲ့ ပါရဂူဘွဲ့ကျမ်းကြီးဟာ ကျန်းမာရေးလုပ်ငန်းကို စီးပွားရေး ရှုထောင့်မှ ဆန်းစစ်ခဲ့တာ ဖြစ်တယ်။ ကျွန်တော့်အနေနဲ့ စီးပွားရေးတက္ကသိုလ်မှာ တာဝန်ယူခဲ့စဉ်က နှစ်စဉ်မြန်မာနိုင်ငံ ဆရာဝန်များအသင်းမှာ သုတေသနစာတမ်းတွေ ဖတ်ကြား တင်သွင်းခဲ့တယ်။ ဆရာကြီးက အခုလို အခွင့်အရေးပေးခဲ့တာကို ကျွန်တော်က ကြည်ကြည်ဖြူဖြူနဲ့ လက်ခံလိုက်ပါတယ်။ ဒါပေမယ့် ဆရာကြီးကို ခွင့်တောင်းခဲ့ပါတယ်။ တစ်ခုကတော့ ကျွန်တော်အလုပ်ခန့်စာရတဲ့နေ့မှာပဲ ကျွန်တော်ရဲ့နုတ်ထွက် စာကို လက်ခံပေးပါလို့ တောင်းဆိုခဲ့တယ်။ ဆရာကြီးက ဘာကြောင့်လဲလို့ပြောတော့ ကျွန်တော် ရှင်းပြခဲ့ပါတယ်။ ကျွန်တော့်ကို ယုံယုံကြည်ကြည်နဲ့ တာဝန်ပေးခဲ့တာမို့ ကျွန်တော့်အနေနဲ့ တင်ပြစရာတွေကို ရဲရဲတင်းတင်း တင်ပြပါ့မယ်။ ဆရာကြီးအနေနဲ့ သဘောမတွေ့ရင် ကျွန်တော့်ကို ရာထူးက ထုတ်စရာ မလိုတော့ဘဲ အလိုအလျောက် ကျွန်တော့်ရဲ့ထွက်စာကို လက်ခံလိုက်ရင် အစစအရာရာ အဆင်ပြေသွားမယ်လို့ တင်ပြခဲ့ပါတယ်။ ဆရာကြီးက ပြုံးပြီး ကျွန်တော့်နုတ်ထွက်စာကိုယူပြီး သူ့ရဲ့ စားပွဲထဲ ထည့်လိုက်ပါတယ်။ ဒီစာဘာဖြစ်သွားသလဲတော့ ကျွန်တော်မသိတော့ဘူး။ ဆရာကြီးကလည်း ကွယ်လွန် သွားခဲ့ပြီ။ ဒုတိယတောင်းဆိုချက်က ညွှန်ကြားရေးမှူးချုပ် တာဝန်က နှစ်နှစ်၊ သုံးနှစ်ယူပြီးတဲ့အခါ ကုလသမဂ္ဂမှာ အလုပ်လုပ်ခွင့်ပေးပါလို့ တင်ပြခဲ့တယ်။ ဆရာကြီးက ကျေကျေ နပ်နပ် လက်ခံခဲ့ပါတယ်။
ကျွန်တော်တောင်းဆိုခဲ့သလို ၁၉၉၁ ခုနှစ်မှာ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့က ဌာနချုပ်ရှိရာ နယူးယောက်မြို့မှာ စီးပွားရေးဌာနကိုဦးစီးဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ဆရာကြီးကို တင်ပြတဲ့အခါ သူ့အနေနဲ့ သူ့အနားမှာ အလုပ်ဆက်လုပ်စေ ချင်ပါတယ်။ နောက်ဆုံးတာဝန်ရှိသူတွေရဲ့ ခွင့်ပြုချက်နဲ့ ကျွန်တော် ၁၉၉၂ခုနှစ်မှာ နယူးယောက်ကို သွားခဲ့ပါတယ်။ ၁၉၉၂ခုနှစ်မှ ၂ဝဝဝပြည့်နှစ်အထိ နယူးယောက်၊ ဒါကာနဲ့ ဗန်ကောက်မြို့တို့မှာ တာဝန်ယူခဲ့ပါတယ်။ ၂ဝဝဝ ပြည့်နှစ် မှာတော့ အီတလီနိုင်ငံ တူရင်းမြို့မှာ အသစ်ဖွင့်လှစ်ထားတဲ့ ကုလသမဂ္ဂ ဝန်ထမ်းတက္ကသိုလ်မှာ တာဝန်ယူဖို့ ပြောင်းရွှေ့ခဲ့ပြီး ၂ဝဝ၈ခုနှစ်မှာ ကုလသမဂ္ဂ အဖွဲ့အစည်းမှာ အငြိမ်းစားယူပြီး မြန်မာပြည်ကို ပြန်လာခဲ့ပါတယ်။
အခုဆို မြန်မာပြည်ပြန်ရောက်တာ ၁ဝ နှစ်နီးပါး ရှိခဲ့ပြီ။ အငြိမ်းစားယူခဲ့တယ်ဆိုပေမယ့် အခုထိ ဝန်ထမ်းဘဝနဲ့ ရုန်းကန်နေရပါတယ်။ ရန်ကုန်မြို့ ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်ရုံးမှာ အကြီးတန်းအကြံပေးအဖြစ် လုပ်ခဲ့ပြီး ၂ဝ၁ဝ ရွေးကောက်ပွဲအပြီး ပြည်သူ့လွှတ်တော် ဥပဒေရေးရာ နဲ့ အထူးကိစ္စရပ်များ ကော်မရှင်မှာ အဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့ပြီးနောက်ပိုင်းမှာ စီးပွားရေးအကြံပေးအဖြစ် တာဝန်ယူခဲ့ပြန်တယ်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှာ အဖွဲ့ဝင်အဖြစ်လည်း တာဝန်ယူခဲ့တာ။၂ဝ၁၅ နောက်ပိုင်းမှာ တာဝန်ပေးအပ်တဲ့လုပ်ငန်းတွေ ဆက်လက်ပြီး ဆောင်ရွက် လျက်ရှိပါတယ်။ တစ်ဖက်ကလည်း ကိုယ်ဝါသနာပါတဲ့ ဟောပြောပွဲတွေ လုပ်နေသလို တက္ကသိုလ်တွေမှာလည်း စာသင်ဆဲပါ။ စီးပွားရေးလုပ်ငန်းတွေအတွက် အကြံပေး တာဝန်တွေယူသလို အရပ်ဘက်လူ့အဖွဲ့အစည်းတွေမှာလည်း အကြံပေးအဖြစ် တာဝန်ယူခဲ့တယ်။ အခွင့်အရေးရတိုင်းလည်း လူငယ်များရဲ့ စွမ်းရည်မြှင့်တင်မှုလုပ်ငန်းတွေ လုပ်လျက်ရှိ ပါတယ်။
အနှစ် ၅ဝ ကျော် ဝန်ထမ်းဘဝ ဖြတ်သန်းလာခဲ့တဲ့ အတွေ့အကြုံတွေကို ပြန်လည်သတိရပြီး ဆင်ခြင်သုံးသပ်မိ ပါတယ်။ အောင်မြင်မှုတွေရှိခဲ့သလို စိန်ခေါ်မှုတွေလည်း ရင်ဆိုင်ခဲ့ရပါတယ်။ အခြေခံပြဿနာက ဟန်မဆောင်တတ်ဘဲ ပြောစရာရှိတာတွေကို တည့်တည့်ပြောတဲ့ဝသီ။ အလိုက် ကန်းဆိုးမသိတတ်တဲ့အကျင့်။ မှန်တာကိုတွေး၊ မှန်တာကိုပြော၊ မှန်တာကိုလုပ်ရမယ်ဆိုတဲ့ စိတ်ဓာတ်။ ဒါတွေကို လူငယ်တွေက လက်ခံပေမယ့် လူကြီးလုပ်သူတွေအတွက် အခက်အခဲရှိနိုင်တယ်။ ကျွန်တော်က ပညာကို မြတ်နိုးတယ်။ ချစ်တယ်။ အားကိုးတယ်။ အရာရာမှာ ပညာနဲ့ ဖြေရှင်းနိုင်လိမ့်မယ်လို့ ယူဆခဲ့တာ။ ဝန်ထမ်းတစ်ယောက်အတွက် အရေးကြီးဆုံး ခံယူချက်က ဝန်တွေကို ထမ်းရမယ်ဆိုတဲ့ အသိစိတ်ဓာတ်။ ကျွန်တော် ကျောင်းဆရာဘဝတစ်လျှောက်လုံး တပည့်တွေကို စေတနာ အပြည့်နဲ့ ကိုယ်တတ်သလောက် မျှဝေပေးတယ်။ ကျွန်တော့်ရဲ့ စေတနာကို တပည့်တွေကလည်း တုံ့ပြန်ခဲ့တယ်။ ဒီအခြေအနေကို ကျွန်တော့် လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ကျွန်တော့်ကို သတိပေးခဲ့တာ အခုထိ မှတ်မိသေးပါတယ်။ ''သူငယ်ချင်း ကို ကျောင်းသား ကျောင်းသူ ၁ဝဝဝ ချီးကျူးတာ အရေးမကြီး ဘူး။ အရေးကြီးတာက ကိုယ်ရဲ့အကြီးအကဲ ဆရာတစ်ယောက် က ချီးကျူးအသိမှတ်ပြုဖို့ '' သူပြောတာကို ဦးနှောက်က လက်ခံပေမယ့် နှလုံးသားကတော့ လက်မခံခဲ့ဘူး။
ဝန်ထမ်းတစ်ယောက်အတွက်တာဝန်ခံရဲရမယ်။ တာဝန်ယူ ရဲရမယ်။ သတ္တိရှိဖို့လိုအပ်တယ်။ မိမိတာဝန်မကျေပွန်ဘူးလို့ ယူဆရင် အလုပ်ကထွက်ရဲရမယ်။ အလုပ်က ထွက်ရဲတဲ့သတ္တိရှိသူတွေများများရှိလာရင် ဝန်ထမ်းလောကဟာ ပြောင်းလဲလာ မှာပါ။ ကျွန်တော် ဝန်ထမ်းတွေကို မကြာခဏ သတိပေးခဲ့ တယ်။ ''ခိုင်းတာမလုပ်နဲ့၊ မခိုင်းဘဲလုပ်တတ်အောင်ကြိုးစား'' လို့ အခုတော့ ဝန်ထမ်းတိုင်းလိုလိုခိုင်းမှ လုပ်တတ်တော့တယ်။ မခိုင်းရင် ဒီအတိုင်း ထိုင်နေတယ်။ အမိန့်ကို စောင့်နေတယ်။ အထက်ကို တင်ပြနေကြတယ်။ အမှန်တော့ ကိုယ့်ကိုပေးထား တဲ့တာဝန်ကို ယူရမှာသာဖြစ်တယ်။ မှားတာကို ကြောက်လို့ မဖြစ်ဘူး။ အလုပ်လုပ်ရင် အမှားတော့ အနည်းနဲ့အများရှိမှာပဲ။ ဒါပေမယ့် လုပ်ရဲရမယ်။ ခံရဲရမယ်။ ဝန်ထမ်းတစ်ယောက်အဖို့ သိက္ခာသမာဓိဟာ ဘာနဲ့မှလဲလို့ရတဲ့ ကိစ္စမဟုတ်ဘူး။ ဝန်ထမ်း ဘဝမှာ ချမ်းသာစရာလမ်းမရှိဘူး။ ဒါပေမယ့် ဂုဏ်ရှိတယ်။ သိက္ခာရှိတယ်။ အဂတိလိုက်စားမှုဟာ ဝန်ထမ်းတစ်ဦးအတွက် အဓိက စိန်ခေါ်မှုပဲ ဖြစ်တယ်။ ရတာနဲ့ မလောက်လို့ လုပ်ရပါ ဆိုတဲ့ ဆင်ခြေဟာ မလုံလောက်ဘူး။ မပြည့်စုံဘူး။ မလောက်လို့ ပြောရင် ဘယ်တော့မှလောက်မလဲဆိုတဲ့ မေးခွန်းကို မေးရမှာ ဖြစ်တယ်။ တစ်ခါတလေ တာဝန်ယူခဲ့သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ကြည့်ရင် ၁ဝ သက်အလုပ်လုပ်ရင်တောင် စုဆောင်းနိုင်မှာ မဟုတ်ဘဲ ပမာဏတွေ၊ နမူနာကောင်းတွေ ပြနိုင်ခဲ့လို့လည်း ဒီယဉ်ကျေးမှုကြီးဟာ ကြီးထွားလာခဲ့တာ။ အခုတော့ အခြေ အနေတွေက ပြောင်းလဲခဲ့ပြီ။ အခုတော့ ဝန်ထမ်းတစ်ယောက် အတွက် ရယူခြင်းမဟုတ်ဘဲ ပေးဆပ်ခြင်းဖြစ်တယ်။ အလုပ် တာဝန်တစ်ခုရရင် ဘာရမလဲဆိုတာကို မမေးဘဲ ဘယ်လို ပေးဆပ်ရမလဲဆိုတာကို ရှေ့တန်းတင်သင့်တယ်။ အမှန်တော့ ဝန်ထမ်းတွေဟာ (Professional) တွေဖြစ်ကြတယ်။ မိမိပညာနဲ့ အလုပ်လုပ်စားသူတွေ ဖြစ်တယ်။ ပညာအပေါ် သစ္စာရှိရမယ်။ မှန်တာကို အထက်လူကြီးတွေသိအောင် တင်ပြရဲရမယ်။ ဝန်ထမ်းတစ်ဦးအတွက် ဦးထိပ်ထားရမယ့်သူကတော့ ပြည်သူ တွေသာ ဖြစ်တယ်။ ပြည်သူတွေရဲ့ အကျိုးစီးပွားကို အမြဲ ကာကွယ်စောင့်ရှောက်ရမှာ ဖြစ်တယ်။ ဒီလို ဆောင်ရွက်ရာမှာ တစ်ဖက်က ကျွမ်းကျင်မှု စွမ်းရည်ပြည့် ဖို့လိုသလို တစ်ဖက်မှာ လည်း အကျင့်စာရိတ္တကောင်းရမှာ ဖြစ်ပါတယ်။

No comments:

Post a Comment