မောင်သောင်းဝင်း
(တမန်ဟောင်း)
ကာယ၊ ဉာဏလုပ်သားကြီးများသည် နိုင်ငံတစ်နိုင်ငံ၏ကုန်ထုတ်လုပ်ငန်းများ
တိုးတက်အောင် ဖော်ဆောင်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြသည်။ ထိုအလုပ်သမားကြီးများကို
အတန်းအစားနှစ်မျိုး ခွဲခြားနိုင်ပေသည်။ အတတ်ပညာ တစ်ခုခုဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသော
(White Collar Worker) ဉာဏလုပ်သားနှင့် ခန္ဓာကိုယ်ကို အရင်းအနှီးပြု၍ ရုန်းကန်နေကြရသော
(Blue Collar Worker) ကာယလုပ်သားတို့ ဖြစ်ကြသည်။ လူတိုင်းသည် ဉာဏလုပ်သား အဖြစ်သာ အသက်မွေးလိုကြသည်။
သို့သော် ဘဝပေး အခြေအနေအရ လှေထိုး၊ လွှတိုက်၊ ကုန်ထမ်း၊ လယ်ထွန်နေရသော ဉာဏလုပ်သားများစွာလည်း
ရှိနေသည်။ မည်သို့ပင်ဆိုစေကာမူ လူသားတို့သည် မိမိတို့၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းအပေါ်
ထားရှိသည့် စေတနာအင်အားအပေါ် မူတည်၍ ဆင်းရဲ၊ ချမ်းသာ ကွာဟသွားကြသည်။
ဘဝခက်ခဲပင်ပန်း
ငယ်စဉ်က ဧရာဝတီမြစ်ဆိပ်တွင် ကုန်တင် သင်္ဘောကြီးများပေါ်မှ
ကုန်တင်၊ ကုန်ချလုပ်နေသော အပြာရောင် ဝတ်ဆင်ထားသည့် အလုပ်သမားကြီးများကို မြင်ရသည့်အခါ
များစွာ စိတ်မကောင်း ဖြစ်ခဲ့ရသည်။ အချို့သော အလုပ်သမားကြီးများသည် အသက်အရွယ်အိုမင်းပြီး
အင်အား ချည့်နဲ့နေသော်လည်း ၂၄ ပြည်ဝင် ဆန်အိတ်ကြီးများကို ထမ်းကာ အတင်အချလုပ်နေကြရသည်။
မည်မျှပင်ပင်ပန်းနေစေကာမူ တာလီများများ ရရှိရေးအတွက် ကုန်တင်၊ ကုန်ချလုပ်ငန်းများကို
မနား၊မနေလုပ်ကြရသည်။ သို့မှသာလျှင် မိသားစုစားဝတ်နေရေး အဆင်ပြေကြမည် ဖြစ်သည်။ လက်လုပ်လက်စားတို့၏
ဘဝသည် ခက်ခဲပင်ပန်းလွန်းလှသည်။ လယ်ယာ လုပ်ငန်းခွင်တွင် နှစ်ပေါက်ငှားထားသော လယ်သူရင်းငှားတို့၏ဘဝကိုလည်း
ကိုယ်ချင်းစာမိခဲ့သည်။ သူရင်းငှားများသည် ကျွဲ၊ နွားများနှင့်အတူ နေပူ၊မိုးရွာမရှောင်
လယ်ထဲဆင်းကြရသည်။ တစ်နှစ်လုံး ရုန်းကန် လှုပ်ရှားမှသာလျှင် မိသားစု၏နေ့စဉ် စားဝတ်နေရေး
လုပ်ငန်း အဆင်ပြေနိုင်သည်။ အချို့သောသူရင်းငှားများသည် မိမိ၏ရင်သွေးငယ်များအား သာသနာ့ဘောင်သို့
သွတ်သွင်းနိုင်ရန်အတွက် လယ်ပိုင်ရှင်များအိမ်တွင် နှစ်ပေါက် အလုပ်လုပ်ကြရသည်။
ထို့အတူ ဧရာဝတီမြစ်ရိုးတစ်လျှောက်တွင်
နွေ၊ မိုး၊ ဆောင်း သုံးရာသီစလုံး စားဝတ်နေရေးအတွက် ငါးရှာနေရသော တံငါသည်များ ဘဝသည်လည်း
များစွာပင်ပန်းလှသည်။ ယခင်က မြစ်တွင်း၌ ငါး၊ ပုစွန်များ ပေါများသော်လည်း လက်ရှိအချိန်တွင်
တဖြည်းဖြည်း ရှားပါးလာပြီဖြစ်သည်။ ကိုတံငါတို့၏ ဘဝသည်လည်း များစွာ ခက်ခဲကြမ်းတမ်း လှပေသည်။
စားဝတ်နေရေးအတွက် ခက်ခဲကြမ်းတမ်းစွာ လုပ်ကိုင်နေကြရသည့် အခြားသော ကာယ လုပ်သားကြီးများလည်း
ရှိနေဦးမည် ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ သမာအာဇီဝ လုပ်ငန်းများနှင့် အသက်မွေးနေကြသည့်
ထိုအလုပ်သမားကြီးများသည် လေးစားထိုက်သူများပင် ဖြစ်သည်။
အလုပ်သမားကြီးများ
ဂုဏ်ပြု
ထိုအလုပ်သမားကြီးများကို ဂုဏ်ပြုသောအားဖြင့်
နှစ်စဉ် မေလ ၁ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အဖြစ် သတ်မှတ်ထားရှိသည်။ လွန်ခဲ့သော
၁၈ ရာစုက ဝိသမာလောဘသမား အလုပ်ရှင်များသည် အလုပ်သမားများကို တစ်နေ့လျှင် ၁၆ နာရီမှ နာရီ
၂ဝ ခန့် ခိုင်းစေခဲ့ကြသည်။ အလုပ်သမားများသည် နေ့စဉ် နာရီပေါင်းများစွာ လုပ်ကိုင်ကြရသော်လည်း
ထိုက်တန်သောလုပ်ခလစာ မရရှိခဲ့ချေ။ ထို့ကြောင့် အလုပ်သမားများ၏ လူနေမှု အဆင့်အတန်းသည်
နိမ့်ကျခဲ့ရသည်။ ထို့ကြောင့် အလုပ်သမား ခေါင်းဆောင်များသည် အလုပ်သမားများ သက်သာ ချောင်ချိရေးအတွက်
တောင်းဆိုခဲ့ကြသည်။၁၈၂ဝ ခုနှစ်မှ ၁၈၄ဝ ခုနှစ် ကာလများအတွင်း အလုပ်သမား ခေါင်းဆောင်များသည်
အလုပ်ချိန် လျှော့ချရေးအတွက် စဉ်ဆက်မပြတ် တောင်းဆိုခဲ့ကြသည်။သို့သော် အလုပ်ရှင်များသည်
အလွယ်တကူ လိုက်လျောပေးခဲ့ခြင်း မရှိချေ။ အလုပ်ချိန်လျှော့ပေါ့ရေးအတွက် တောင်းဆိုသူများကို
ဖမ်းဆီးမှုများရှိခဲ့သည်။ အလုပ်သမားတို့၏ တိုက်ပွဲသည် အင်္ဂလန်၊ ဂျာမနီ၊ ပြင်သစ်နှင့်
သြစတြေးလျတိုက်သို့ပင် ပျံ့နှံ့လာခဲ့သည်။ ၁၈၈၄ ခုနှစ်တွင် ချီကာဂိုမြို့၌ပြုလုပ်သည့်
အမေရိကန် အလုပ်သမားများ အဖွဲ့က တစ်နေ့လျှင် အလုပ်ချိန် ၈ နာရီသာ သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။
စည်ကားသိုက်မြိုက်စွာ
ကျင်းပ
ထိုတောင်းဆိုချက်သည် ၁၈၈၆ ခုနှစ် မေလ
၁ ရက်နေ့တွင် စတင်သက်ရောက်ခဲ့သည်။ ထိုအချိန်မှစ၍ နှစ်စဉ် မေလ ၁ ရက်နေ့တွင် ကမ္ဘာတစ်ဝန်း၌အလုပ်သမားနေ့အခမ်းအနားများကို
စည်ကားသိုက်မြိုက်စွာကျင်းပလာခဲ့သည်။ မြန်မာနိုင်ငံတွင်လည်း အလုပ်သမားနေ့အခမ်းအနားကို
နှစ်စဉ်ကျင်းပလျက်ရှိသည်။ ကမ္ဘာ့အလုပ်သမားနေ့တွင် တရားဝင် ရုံးပိတ်ပေးထားသည်။
ထိုနေ့တွင် ကာယ၊ ဉာဏလုပ်သားကြီးများသည်
လုပ်ငန်းခွင်ဝင်ရန်မလိုဘဲ အနားရသော်လည်း လုပ်ခလစာ အပြည့်အဝ ရရှိကြသည်။ လက်ရှိအချိန်တွင်
အလုပ်သမားများသည် ရသင့်ရထိုက်သောအခွင့်အရေးများ အပြည့်အဝရရှိနေကြပြီဖြစ်သည်။
၂ဝ၁၁ ခုနှစ် အလုပ်သမားအဖွဲ့အစည်းဥပဒေအရ
အသင်းအဖွဲ့များကို လွတ်လပ်စွာဖွဲ့စည်းခွင့်ပေးခဲ့သည်။ ၂ဝ၁၆ ခုနှစ် မေလ ၁ ရက်နေ့အထိ
အခြေခံအဆင့် အလုပ်သမား အဖွဲ့အစည်းပေါင်း ၁၉၁၇ ဖွဲ့၊ မြို့နယ်အဆင့် ၁ဝ၅ ဖွဲ့၊ တိုင်းဒေသကြီးနှင့်
ပြည်နယ်အဆင့် ၁၄ ဖွဲ့၊ အဖွဲ့ချုပ် ၇ ဖွဲ့နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာ
အဖွဲ့တစ်ဖွဲ့တို့ကို ဖွဲ့စည်းခွင့်ပြုခဲ့ပြီးဖြစ်သည်။ ထို့အပြင် အလုပ်ရှင်အဖွဲ့အစည်းများကိုလည်း
လွတ်လပ်စွာ ဖွဲ့စည်း ခွင့်ပြုထားခဲ့ရာ အခြေခံအဆင့် အလုပ်ရှင်အဖွဲ့ ၂၈ ဖွဲ့၊ မြို့နယ်အဆင့်တစ်ဖွဲ့နှင့်
အဖွဲ့ချုပ်တစ်ဖွဲ့တို့ကို ဖွဲ့စည်းထားနိုင်ခဲ့ပြီ ဖြစ်သည်။
နိုင်ငံ၏စွမ်းအား
လက်ရှိအချိန်တွင် အလုပ်သမားများအတွက်
အနည်းဆုံးလုပ်ခလစာ သတ်မှတ်နိုင်ခဲ့ပြီ ဖြစ်သည်။ အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမားများအကြား
သုံးပွင့်ဆိုင် ဆွေးနွေးနိုင်မှု၏ ရလဒ်ပင်ဖြစ်သည်။ ထို့အပြင် အလုပ်သမားများကို အကာအကွယ်ပေးမည့်
ဥပဒေနှင့် နည်းဥပဒေများကိုလည်း ရေးဆွဲပြဋ္ဌာန်းလျက် ရှိသည်။ မည်သို့ပင် ဆိုစေကာမူ အလုပ်သမားများသည်
နိုင်ငံ၏စွမ်းအားများ ဖြစ်သောကြောင့် အလုပ်သမားများအတွက် သက်သာချောင်ချိရေး လုပ်ငန်းများကို
တတ်နိုင်သမျှ ဖော်ဆောင်ပေးရန် လိုအပ်မည်ဖြစ်သည်။
အထူးသဖြင့် နိုင်ငံတော် အစိုးရအနေဖြင့်
ဘွဲ့ရပညာတတ် လူငယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရန် လိုအပ်ပါသည်။
အချို့သော လူငယ်များသည် ပြည်တွင်း၌ ထိုက်သင့်သော လုပ်ခလစာ မရရှိသောကြောင့်သာ ရေကြည်ရာမြက်နုရာသို့
ရွှေ့ပြောင်း လုပ်ကိုင်နေကြရခြင်း ဖြစ်သည်။ အချို့သော အလုပ်သမားများသည် နည်းလမ်းပေါင်းစုံဖြင့်
ပြည်ပနိုင်ငံများသို့ ထွက်ခွာပြီး အလုပ်အကိုင် ရှာဖွေကြရသည်။ တရားဝင် လမ်းကြောင်းမှ
သွားသော လူငယ်များသည် ထိုက်သင့်သော လုပ်ခလစာ ရရှိကြသည်။ သို့သော် တရားမဝင် သွားရောက်ကြသည့်
အချို့သော အလုပ်သမားများသည် အလုပ်ရှင်များ၏ ခေါင်းပုံဖြတ်မှုကို ခံကြ ရသည်။ အချို့သော
အမျိုးသမီးငယ်များသည် ဘဝပင် ပျက်ကြရသည်။
ပေါင်းစပ်ကြိုးပမ်း
အနာဂတ်တွင် ပြည်ပသို့ ရောက်ရှိနေသော မြန်မာအလုပ်သမားများ
တိုင်းပြည်သို့ ပြန်လာနိုင်ရန် အတွက်ကြံဆ ဖန်တီးပေးသွားရန် လိုအပ်ပါသည်။ ထိုသို့ဖန်တီးနိုင်ရန်အတွက်
အစိုးရနှင့် ပြည်တွင်းရှိ လုပ်ငန်းရှင်များ၏ ပေါင်းစပ် ကြိုးပမ်းမှုများ များစွာ လိုအပ်မည်
ထင်ပါသည်။ မြန်မာ အလုပ်သမားများသည် မတတ်၍သာ ပြည်ပသို့ ထွက်ခွာနေကြရခြင်း ဖြစ်သည်။ မည်သူမျှ
ရေခြားမြေခြားတွင် မိဝေး၊ ဖဝေးဘဝဖြင့် မနေလိုကြပေ။ တတ်နိုင်ပါက မိမိ တိုင်းပြည်သို့သာ
ပြန်လာချင်ကြသည်။
စာရေးသူ ထိုင်းနိုင်ငံတွင် သံတမန် တာဝန်
ထမ်းဆောင်စဉ်က နှစ်ချီ၍ ကြာလာသည့်အခါ မြန်မာနိုင်ငံသို့ အလည် ပြန်လာချင်သည်။ အထူးသဖြင့်
ရွှေတိဂုံဘုရားကို ဖူးမြော်လိုစိတ် ပြင်းပြခဲ့သည်။ ထိုစဉ်က လစာ ကောင်းကောင်းဖြင့် ပြည့်ပြည့်စုံစုံ
နေရသော်လည်း မိခင်နိုင်ငံနှင့် ဆွေမျိုးများကို တမ်းတမိပါသည်။ ထိုင်းနိုင်ငံတွင် မြန်မာ
အလုပ်သမားများနှင့် မကြာခဏ ကြုံတွေ့ခဲ့ရသည်။ ထိုကလေးများသည် စီးပွားရေး အခြေအနေ အရသာ
လာရောက် အလုပ် လုပ်နေကြရသော်လည်း အားလုံး၏ တူညီသော ဆန္ဒသည် မြန်မာနိုင်ငံကို ပြန်ချင်သည်
ဆိုသော အဖြေပင်ဖြစ်သည်။
အလေးတယူ
ဆောင်ရွက်ဖြည့်ဆည်း
မည်သို့ပင်ဆိုစေကာမူ ဒီမိုကရေစီ အစိုးရလက်ထက်တွင်
အလုပ်သမားများ၏ တောင်းဆိုမှုများကို အလေးတယူ ဆောင်ရွက် ဖြည့်ဆည်းပေးလာခဲ့သည်။ ပြည်ပတွင်
ရောက်ရှိနေသော အလုပ်သမားများ အတွက် သက်ဆိုင်ရာ မြန်မာသံရုံးများတွင် အလုပ်သမားများဆိုင်ရာ
သံအရာရှိများထားကာ အခက်အခဲများကို ဖြေရှင်းပေးလျက် ရှိသည်။ မြန်မာနိုင်ငံသည် ၂ဝ၁၅ ခုနှစ်မှစ၍
အာဆီယံ အသိုက်အဝန်းတွင် ပူးပေါင်းပါဝင်ခဲ့ပြီ ဖြစ်သည်။ ထိုအချိန်မှစ၍ မြန်မာ အလုပ်သမားများ
အတွက် အလုပ်အကိုင် အခွင့်အလမ်းနှင့် လုပ်ခလစာခံစားခွင့်တို့ ပိုမိုရရှိလာပြီ ဖြစ်သည်။
ခြုံ၍တင်ပြရလျှင် နှစ်စဉ် မေလ ၁ ရက်နေ့သည်
ကမ္ဘာ့အလုပ်သမားနေ့ကြီးဖြစ်သည်။ ထိုနေ့သည် နိုင်ငံတိုင်းအတွက် နေ့ထူးနေ့မြတ်ပင် ဖြစ်သည်။
မည်သည့် အတွက်ကြောင့်နည်း။ ရှင်းပါသည်။ အလုပ်သမား များသည် နိုင်ငံတစ်နိုင်ငံ၏ စွမ်းအားများပင်
ဖြစ်သည်။ ကာယ၊ ဥာဏလုပ်သားကြီးများသည် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင်
အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြသည်။ ထို့ကြောင့် ကျေးဇူးရှင် အလုပ်သမားကြီးများ၏
လူမှုဘဝဖူလုံရေး အာမခံချက် ရှိနေအောင် အခွင့်အလမ်းများ ဖန်တီးပေးရန် လိုပေသည်။ ထိုအခွင့်အလမ်းများအနက်
အခြေခံအကျဆုံး အချက်သည် ထိုက်သင့်သော လုပ်ခလစာရရှိအောင် ဖန်တီးပေးရန်ပင် ဖြစ်သည်။ သို့မှသာလျှင်
ကုန်ထုတ် လုပ်ငန်းများတွင် အင်ပြည့်အားပြည့် ပါဝင် ထမ်းဆောင်နိုင်ကြမည် ဖြစ်သည်။ မည်သို့ပင်
ဆိုစေကာမူ အနာဂတ်တွင် ပြည်ပရောက် မြန်မာ အလုပ်သမားများ တိုင်းပြည်သို့ ပြန်လာနိုင်သည်
အထိ မြန်မာနိုင်ငံတွင် လုပ်ခလစာ မြင့်မားသော အလုပ်အကိုင် အခွင့်အလမ်းများ ပိုမို ပေါ်ထွက်လာနိုင်ပါစေ။
No comments:
Post a Comment