Monday, May 1, 2017

ကမ္ဘာ၊ နေနှင့် ခရမ်းလွန်ရောင်ခြည်



လူသားတို့နေထိုင်ရာကမ္ဘာကြီးသည် စကြဝဠာ အဖွဲ့အစည်းအတွင်းရှိ ဂြိုဟ်ကြီးတစ်လုံး ဖြစ်သည်။ ကမ္ဘာမြေကြီးက လိုအပ်သော အလင်းရောင်၊ အပူရှိန်တို့ကို နေမှရသည်။ လူသားတို့ တည်မှီနေသော ကမ္ဘာသည် သူရိယနေနှင့် ကီလိုမီတာ ၁၄၄ သန်း ကွာဝေးသည်။ သူရိယနေမှ ရောင်ခြည်အလင်းက လေဟာနယ်အတွင်း တစ်စက္ကန့် ကီလိုမီတာ သုံးသိန်းနှုန်း ရွေ့လျားသည်။ သူရိယနေ၏ အလင်းရောင်က ကမ္ဘာမြေသားထုအပေါ် ရောက်ရန် အချိန် ၈ မိနစ်ကျော် ကြာသည်။

သူရိယနေလုံးကြီး၏ ပြင်းသောအပူရှိန်က ကမ္ဘာပေါ်သို့ ကျရောက်ရာ နေ၏ မျက်နှာပြင်ပေါ်တွင် အင်္ဂလိပ်အက္ခရာ S ပုံသဏ္ဌာန်ရှိ ဆစ်(ဂ)မှိုက် ဓာတ်ငွေ့တိမ်တိုက်များက တစ်နေ့တာအတွင်း အကြိမ်များစွာ ပေါက်ကွဲသည်။ သူရိယနေ၏ သဘာဝဖြစ်စဉ် ပေါက်ကွဲမှုက လူသားကမ္ဘာအတွက် အလင်းရောင်ကို ဖန်တီးပေးသည်။
ကမ္ဘာကြီး၏ ဂေဟစနစ် ပျက်စီးယိုယွင်းမှု၊ သဘာဝ သစ်တောများ ပြုန်းတီးမှု၊ စက်ရုံ၊ အလုပ်ရုံမှ ဘေးထွက် ဆိုးကျိုးများကြောင့် အိုဇုန်းလွှာ ပျက်စီးလာရသည်။ အိုဇုန်းလွှာ ပျက်စီးမှုနှင့်အတူ အရိပ်ပါလာသော ခရမ်းလွန် ရောင်ခြည် မြင့်မားမှုက လူသားကို ဖိနှိပ်လာသည်။ မြန်မာပြည် တစ်နံတစ်လျားတွင် လွန်ကဲသော အပူဒဏ်ကို မျှဝေ ခံစားနေကြရသည်။
ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း ၈ ၏ အထက်ကို ကျော်လွန်လာလျှင် လူသားများအတွက် ကျန်းမာရေး အန္တရာယ်က ပိုမိုဖိစီးလာသည်။ အသားနေလောင်သည်။ အရေပြားကင်ဆာ ဖြစ်သည်။ မျက်စိအမြင်အာရုံ ထိခိုက်သည်။ DNA များ ထိခိုက်မှုကြောင့် သားသမီးမရနိုင် ဖြစ်လာသည်။
သဘာဝ အလင်းရောင် နေရောင်ခြည်တွင် ခရမ်း၊ မဲနယ်၊ အပြာ၊ အစိမ်း၊ အဝါ၊ လိမ္မော်၊ အနီ ရောင်စဉ် ခုနစ်မျိုး၏ လှိုင်းအလျားကို နာနိုမီတာဖြင့် သတ်မှတ်ကြသည်။ ခရမ်းရောင် လှိုင်းအလျားက နာနိုမီတာ ၄ဝဝရှိ ပြီး အနီရောင်လှိုင်း အလျားက နာနိုမီတာ ၇၆ဝ ဖြစ်သည်။
သိပ္ပံသုတေသီပညာရှင်တို့က နာနိုမီတာ ၄ဝဝ အောက်ရှိသောရောင်ခြည်ကို ခရမ်းလွန်ရောင်ခြည် သတ်မှတ်ပြီး လှိုင်းအလျား နာနိုမီတာ ၇၆ဝ ထက်ပိုသော ရောင်ခြည်ကို အနီအောက်ရောင်ခြည်အဖြစ် သတ်မှတ်ကြသည်။
သူရိယနေမင်းက တစ်နှစ်လျှင် မဟာပေါက်ကွဲမှုကြီး ၂၅ ကြိမ်ခန့်ဖြစ်ပေါ်ပြီး ပေါက်ကွဲမှုတိုင်းတွင် လျှပ်စစ်ဓာတ် သယ်ဆောင်ထားသော ဓာတ်ငွေ့တန်ချိန် သန်း ၁ဝဝဝဝ ခန့်ကိုထုတ်လွှတ်ရာ သံလိုက်ဓာတ်အား မုန်တိုင်းတစ်ခုကို ဖြစ်စေသည်။
သူရိယနေလုံး ပေါက်ကွဲတိုင်း ခရမ်းလွန်ရောင်ခြည် (Ultra Violet Rays)၊ ကော့စမစ်ရောင်ခြည် (Comic Rays)များဖြာထွက်သည်။ အဆိုပါ ခရမ်းလွန်ရောင်ခြည်က လူ့ခန္ဓာကိုယ်အတွင်းသို့ လွန်ကဲစွာရောက်ရှိပါက ပြင်းထန်သော အရေပြားရောဂါ၊ မျက်စိတိမ်စွဲဝေဒနာများပေါ်ပြီး ကိုယ်လက်အင်္ဂါမစုံလင်သော ကလေးများကို မွေးဖွားရသည်။
အာကာသထဲရှိ သံလိုက်အမြှုပ် (Magnetic Bubble)က ကော့စမစ်ရောင်ခြည်များ ကမ္ဘာမြေပေါ်သို့ ကျရောက် မလာစေရန် ကာရံပေးသည်။ ကမ္ဘာမြေမျက်နှာပြင်အထက် ၁၆ ကီလိုမီတာမှ ၄၈ ကီလိုမီတာအတွင်းရှိ အိုဇုန်းလွှာကြီးက ကမ္ဘာမြေထုပေါ် ခရမ်းလွန်ရောင်ခြည် မကျရောက်စေရန် ကာရံပေးသည်။
၁၉၉၈ ခုနှစ်က အိုဇုန်းလွှာအပေါက်ကြီးက စတုရန်းမိုင် ၁ဝ ဒသမ ၅ သန်းခန့်အထိ အရွယ်ပမာဏဖြစ်သည်။ ၂ဝဝဝ ပြည့်နှစ်တွင် အန္တာတိကတိုက်အပေါ်ရှိ အိုဇုန်းလွှာအပေါက်ကြီးကို ထပ်မံကြုံတွေ့ရသည်။ အဆိုပါအိုဇုန်းလွှာ အပေါက်ကြီးက စတုရန်းမိုင် ၁၁ သန်းအထိ ကြီးမားပြီး အန္တာတိကဒေသတစ်ခုလုံးသာမက တောင်အမေရိကတိုက် တောင်ဘက်အထိ တိုးချဲ့လာသည်။
နေလုံးပေါက်ကွဲမှုက လျှပ်စစ်သံလိုက်လှိုင်း နာနိုမီတာ ၁ဝဝ မှ ၄ဝဝ အကြားရှိ ခရမ်းလွန်ရောင်ခြည်ကို ထွက်စေသည်။ နာနိုမီတာ ၂၅ဝ အောက်ရှိ ခရမ်းလွန် ရောင်ခြည်က ကမ္ဘာမြေပေါ်သို့ မကျရောက်နိုင်ပါ။
ကမ္ဘာ့လူသားတစ်ဦးအနေဖြင့် ခရမ်းလွန်ရောင်ခြည်ကို မြင်နိုင်စွမ်းမရှိပါ။ မျက်စိအတွင်းရှိ အာရုံခံလွှာတွင် အလွန် သေးငယ်သော ကလာပ်စည်းများဖြင့် ဖွဲ့စည်းထားသော အလင်းရောင်အာရုံခံအမြှေးပါး (Visual Pigment)သည် လှိုင်းအလျား နာနိုမီတာ ၄ဝဝ မှ ၇၆ဝ အတွင်းရှိသော အရောင်ကို ခံစားသိနိုင်သည်။ လူသားက နာနိုမီတာ ၄ဝဝ ထက်နည်းသော နာနိုမီတာ ၇၆ဝ ထက်များသော ရောင်ခြည်ကို မမြင်နိုင်ပါ။
သိပ္ပံပညာရှင်များက ခရမ်းလွန်ရောင်ခြည်ကို အုပ်စုသုံးစုခွဲခြားထားသည်။ နာနိုမီတာ ၂၅ဝ အောက်က C အုပ်စု၊ နာနိုမီတာ ၂၅ဝ နှင့် ၃၁၅ ကြားက B အုပ်စု၊ နာနိုမီတာ ၃၁၅ နှင့် ၄ဝဝ ကြားက A အုပ်စုတို့ဖြစ်ကြသည်။
B အုပ်စုခရမ်းလွန် ရောင်ခြည်က လူ့ခန္ဓာကိုယ် အရေပြား၏ အပေါ်ယံအထိသာရောက်ရှိနိုင်သည်။ A အုပ်စုခရမ်းလွန် ရောင်ခြည်က လူ့ခန္ဓာကိုယ်အရေပြား၏ အတွင်းအထိ ထိုးဖောက်နိုင်သည်။
ခရမ်းလွန်ရောင်ခြည် သက်ရောက်မှု အညွှန်းကိန်း (UV Index) များကို သတ်မှတ်ရာ ဆိုးကျိုးသက်ရောက်မှု အရ UV Index 3 က နေပူထဲတွင် အကာအကွယ်မဲ့သွား လာသော်လည်း ကျန်းမာရေး ပြဿနာ မရှိပါ။ UV Index 3-6 က ထီး၊ ဦးထုပ် အကာအကွယ်များ လိုအပ်သည်။ UV Index 6-9 က အရေပြား၊ မျက်စိတို့ကို နေရောင်နှင့် တိုက်ရိုက်မထိတွေ့စေသင့်ပါ။ ထီး၊ ဦးထုပ်၊ နေကာ မျက်မှန်တပ်ဆင်ရမည်။ နေရောင်ဒဏ်ခံလိမ်းဆေးလိမ်းရသည်။ UV Index 10-11 က နေရောင်ထိတွေ့ချိန် ကြာမြင့်ပါက အရေပြား၊ မျက်စိ၊ ကျန်းမာရေး ပြဿနာ ဖြစ်သည်။ အရိပ်၌သာနေ၍ မလွှဲမရှောင်သာ၍ နေပူထဲသို့ သွားပါက ထီး၊ ဦးထုပ်၊ နေကာမျက်မှန်၊ အင်္ကျီလက်ရှည်များ ဝတ်ဆင်သင့်သည်။
အမိမြန်မာပြည်ထွက် သနပ်ခါးက ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ရန် အကောင်းဆုံးသဘာဝ လက်ဆောင် ဖြစ်သည်။ ခရမ်းလွန်ရောင်ခြည်ခံဆေးထက် ပိုမိုကောင်းသည်။ လူသားတို့အတွက် ဗီတာမင်ဒီဓာတ်ကို ရသည်။ မျက်လုံးကိုထိခိုက်လျှင် အမြင်အာရုံပျက်စီးစေသည်။ အရေပြားကို ရောင်ခြည်နှင့်ထိတွေ့ပါက အတွင်းဆဲလ်များကို ထိခိုက်ပြီး သက်ကြီးရွယ်အိုပမာ ရင့်ရော်စေသည်။ ခွန်အားဆုတ်ယုတ်သည်။
သဘာဝကိုထိန်းသိမ်းသောအားဖြင့် အသိစိတ်၊ အသိတရားပြည့်ဝသော ကမ္ဘာ့လူသားများက အိုဇုန်းလွှာ ထိခိုက်မှုမဖြစ်စေရေးအတွက် ကာကွယ်စောင့်ရှောက်ရပေမည်။ ကမ္ဘာ့အပူရှိန်မြင့်တက်မှုကို ဥပေက္ခာပြုထားပါက ရာသီဥတုကစဥ့်ကလျားဖြစ်မည်။ မိုးခေါင်မည်။ အပူလွန်ကဲမည်။ အချိန်အခါမဟုတ်မိုးရွာမည်။
တစ်ကမ္ဘာလုံး ကာဗွန်ဓာတ်ငွေ့ မက်ထရစ်တန်ပေါင်း များစွာစုပြုံရောက်ရှိပါက ဖန်လုံအိမ်အာနိသင် (Green House Effect) အဆမတန်တိုးနိုင်သည်။ ၂ဝ ရာစုအပူချိန် ၅၈ ဒသမ ၅ ဒီဂရီဖာရင်ဟိုက်ရှိခဲ့ပြီး ၂၁ ရာစုမကုန်မီ ၆ ဒီဂရီအထိမြင့်မားလာနိုင်သည်။
ခရမ်းလွန်ရောင်ခြည်ကျရောက်မှုနှုန်းအရ သုညမှ ၂ ဒသမ ၉ UV Range နှုန်းရှိလျှင် အန္တရာယ်ရှိမှုနည်းသည်။ ၃ မှ ၅ ဒသမ ၉ UV Range ရှိလျှင် အသင့် အတင့်ဖြစ်သည်။ ၆ မှ ၇ ဒသမ ၉ UV Range ရှိလျှင် မြင့်သည်ဟူ၍သတ်မှတ်သည်။ ၈ မှ ၁ဝ ဒသမ ၉ UV Range ရှိလျှင် အလွန်မြင့်မားပြီး UV Range ၁၁ အထက်ရှိလျှင် အလွန့်အလွန်အန္တရာယ်မြင့်မားသည်။
ခရမ်းလွန်ရောင်ခြည်ကျရောက်မှုကို ကာကွယ်ရန် အပြင်ဘက်သို့ရောင်ပြန်ဟပ်နိုင်သောထီးကို ဆောင်းပါ။ ထီးမရှိပါက ဦးထုပ်ကြီးကြီးကိုဆောင်းပါ။ ပခုံး၊ လည်ပင်း၊ မျက်နှာကို အကာအကွယ်ပြုပါ။ နေကာမျက်မှန်တပ်ပါ။ ပိတ်သားကျစ်လျစ်သော၊ အလင်းရောင် ပြန်နိုင်သောအဝတ်အစားကို ဝတ်ဆင်ပါ။ အရိပ်အောက်မှာ အလုပ်လုပ်ပါ။ နို့စို့အရွယ်ကလေးများကို နေရောင်အောက်သို့ မခေါ်သင့်ပါ။ အရိပ်ကောင်းတွင်ခိုလှုံပါ။
ခရမ်းလွန်ရောင်ခြည်က လူသားကို ဆိုးကျိုးသာပေးသည် မဟုတ်ပါ။ ကောင်းကျိုးကိုလည်း ပေးနိုင်ပါသည်။ ခရမ်းလွန်ရောင်ခြည် သင့်တင့်မျှတစွာ ကျရောက်ပါက ခန္ဓာကိုယ်မှလိုအပ်သော ဗီတာမင်ဒီကို ရရှိ၍ သွေးထဲမှ ကယ်လ်ဆီယမ်ဓာတ်ကို ပံ့ပိုးပေးသည်။ အာရုံကြော ကြွက်သားကလာပ်စည်းကို ရရှိသည်။ ရင်သွေးကလေးများအတွက် အရိုးပျော့ရောဂါကို ကာကွယ်နိုင်သည်။ အသားဝါဖြစ်သော မွေးကင်းစ ကလေးများကို နေရောင်ခြည်တွင် ပြသရသည်။ နေရောင်ခြည်မှ ခန္ဓာကိုယ်အတွက်လိုအပ်သော ဗီတာမင်အီးကို ရရှိသည်။
ခရမ်းလွန်ရောင်ခြည်အန္တရာယ်ကြောင့် နေလောင်ခြင်း၊ အသားအရောင်ညိုမည်းခြင်းတို့ဖြစ်နိုင်ပြီး ထိတွေ့မှု ကာလကြာသောအခါ မျက်စိတိမ်စွဲခြင်း၊ အရေပြားများ အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်း၊ ခုခံအားကျဆင်းခြင်း၊ အရေပြားကင်ဆာဖြစ်ခြင်း ဘေးထွက်ဆိုးကျိုးများကိုဖြစ်စေသည်။
ထို့ကြောင့် ခရမ်းလွန်ရောင်ခြည်မြင့်မားစွာကျရောက် နိုင်သော နံနက် ၁ဝ နာရီမှ ညနေ ၄ နာရီကြား အချိန်ပိုင်းကို သတိထားသင့်သည်။ အလွန်ပူပြင်းသော နေရောင်အောက်တွင် အလုပ်လုပ်ခြင်း၊ ခရီးသွားခြင်းကို ရှောင်ကြဉ်ပါ။ နေကာမျက်မှန်တပ်ဆင်ပါ။ ချည်သားထူထူပွပွအဝတ်ကို ဝတ်ဆင်ပါ။ ကလေးငယ်များကို အရိပ်တွင်သာထားပါ။ နေရောင်ခံလိမ်းဆေး၊ သနပ်ခါးတို့ကို ထူထူလိမ်းပါ။
သဘာဝတည်ဆောက် ဖြစ်တည်နေပုံအရ စကြဝဠာတွင် ဂြိုဟ်ပေါင်းကုဋေကုဋာများလှသည်။ အင်္ဂါဂြိုဟ်တွင် ရေရှိခဲ့သော အထောက်အထားများ တွေ့ရသည်။ လူသားသက်ရှိများ တည်ရှိရာသည် ကမ္ဘာမြေထုတွင်သာ ဖြစ်သည်။ စကြဝဠာတွင် သက်ရှိများ အသက်ရှင်ရပ်တည်ခဲ့ပုံကို လူသားများကသာ ကမ္ဘာဦးကပင် စိတ်ဝင်စား ခဲ့ကြသည်။
အသက်ရှင်ရပ်တည်မှုဖြစ်စဉ်တွင် သက်ရှိတို့ကအပင်မှ အစာအာဟာရကို ရယူမှီခို၍ အသက်ရှင်ကြသည်။ သစ်ပင်တို့ကလည်း နေရောင်ခြည်မှစွမ်းအင်ကို ရယူ၍ အစာချက်လုပ်ပြီး အသက်ရှင်စေသည်။
နေရောင်ခြည်က သက်ရှိတို့အား အသက်ရှင်မှုကိုပေးသည်။ အခြားတစ်ဖက်တွင် နေရောင်ခြည်က အန္တရာယ်ကို ပေးပြန်သည်။
သက်ရှိလူသား၊ အသိဉာဏ်ရှိသောလူသားတို့အား ပတ်ဝန်းကျင်မှ ရောဂါပိုးမွှား၊ တိရစ္ဆာန်တို့က ဒုက္ခပေးကြသည်။ အဆိပ်အတောက်ဖြင့် အန္တရာယ်ပြုသည်။ ထို့ကြောင့် ကမ္ဘာထဲမှ လူသားတစ်ဦးချင်းက နေနှင့် ခရမ်းလွန်ရောင်ခြည်ကို မှန်ကန်သောနေရာတွင် အသုံးချခြင်းဖြင့် အသိဉာဏ်ရှိသောလူသားကသာ ခရမ်းလွန်ရောင်ခြည်ကို အနိုင်ယူပြီး ကမ္ဘာကို အကောင်းဆုံး ပိုင်စိုးနိုင်အောင် ကြိုးစားကြပါစို့ .....။ ။

No comments:

Post a Comment