Tuesday, May 23, 2017

ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ဒုတိယနေ့ ကျင်းပ



နေပြည်တော် မေ ၂၃
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် နိုင်ငံတော် သမ္မတ၏ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ချစ်ကြည်ရေး ခရီးစဉ် မှတ်တမ်း သ၀ဏ်လွှာကို  လွှတ်တော်က မှတ်တမ်းတင်သည်။
ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးလှကျော်က လက်ရှိ ရေခွန်နှင့် တာတမံခွန် ဥပဒေမှာ ၁၉၈၂ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် ဥပဒေဖြစ်ပြီး ခေတ်ကာလနှင့် လျော်ညီမှု မရှိတော့သည့် အတွက် ဥပဒေတစ်ရပ် ပြဋ္ဌာန်းရန် လိုအပ်ကြောင်း၊ စိုက်ပျိုးရေး ကဏ္ဍ ရေရှည် ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်က တည်ဆောက် ပေးထားသည့် ဆည်တမံများ ထိန်းသိမ်းမှုစရိတ် တစ်ချို့တစ်ဝက် နိုင်ငံတော်မှ ပြန်လည် ရရှိစေရန်၊ ရေသုံးစွဲသူများ ဆည်တမံများ၏ အကျိုးကျေးဇူးနှင့် ရေကို တန်ဖိုးထား သုံးစွဲစေရန်နှင့် ပြည်ထောင်စု တစ်ဝန်းလုံးတွင် သုံးစွဲမှု အခွန်နှုန်းထားအား သတ်မှတ် ကောက်ခံနိုင်ရန် အတွက် ရေခွန်နှင့် တာတမံခွန် ဥပဒေကြမ်းကို  လွှတ်တော်သို့ တင်သွင်းသည်။
ယင်းနောက် နိုင်ငံတော် သမ္မတထံမှ ပေးပို့ထားသော နျူကလီးယား သိပ္ပံနှင့် နည်းပညာ သုတေသန၊ ဖွံ့ဖြိုးရေးနှင့် လေ့ကျင့် သင်ကြားရေး ဆိုင်ရာ ဒေသတွင်း ပူးပေါင်း ဆောင်ရွက်ရေး သဘောတူစာချုပ် (၁၉၇၈ RCA) အစားထိုး (၂၀၁၇ RCA)တွင် မြန်မာနိုင်ငံမှ အဖွဲ့ဝင်အဖြစ် ဆက်လက် ပါဝင်ရန်ကိစ္စနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်းက လွှတ်တော်သို့ ရှင်းလင်း တင်ပြသည်။
ယင်းနောက် အမျိုးသား ပညာရေးမူဝါဒ ကော်မရှင်၏ ၆ လတာ ကာလအတွင်း လုပ်ငန်း ဆောင်ရွက်ခဲ့မှု အစီရင်ခံစာ (၂၀၁၆ ခုနှစ် အောက်တိုဘာလမှ ၂၀၁၇ ခုနှစ် ဧပြီလအထိ) နှင့် စပ်လျဉ်း၍ ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်းက အမျိုးသားမူဝါဒ ကော်မရှင် အနေဖြင့် ပညာရေး ၀န်ကြီးဌာနနှင့် ပညာရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသော အခြား ၀န်ကြီးဌာနများ၊ အဖွဲ့အစည်းများကို အကြံပြုခြင်း၊ အမျိုးသား ပညာရေး အဆင့်အတန်းနှင့် တက္ကသိုလ်များတွင် အရည်အသွေး အာမခံစနစ် ထားရှိမှု အခြေအနေ များကို သိရှိနိုင်ရန် တက္ကသိုလ်အုပ်စုများ အလိုက် ဆွေးနွေးပွဲများ ကျင်းပခြင်း၊ ပညာရေး ၀န်ကြီးဌာနသို့ အကြံပြုခြင်း၊ ဖွံ့ဖြိုးမှု မိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း၊ ဥပဒေကြမ်းများ စိစစ်ခြင်း၊ အဆင့်မြင့်ပညာကဏ္ဍ၊ ဆရာအတတ်ပညာ ကဏ္ဍတို့ကို ပညာရေးဝန်ကြီးဌာနသို့ အကြံပြုလျက် ရှိပါကြောင်းဖြင့်  လွှတ်တော်သို့ ရှင်းလင်းတင်ပြသည်။
ရေခွန်နှင့် တာတမံခွန် ဥပဒေကြမ်း၊ (၁၉၇၈ RCA) အစားထိုး (၂၀၁၇ RCA) တွင် မြန်မာနိုင်ငံမှ အဖွဲ့ဝင်အဖြစ် ဆက်လက် ပါဝင်မည့်ကိစ္စနှင့် အမျိုးသားမူဝါဒ ကော်မရှင်၏ ၆ လတာ ကာလအတွင်း ဆောင်ရွက်ချက် အစီရင်ခံစာတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ထို့ပြင် နိုင်ငံတော် သမ္မတထံမှ သဘောထား မှတ်ချက်ဖြင့် ပြန်လည် ပေးပို့ထားသော ဥပဒေဆိုင်ရာ အထောက် အကူပေးရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်း ကော်မတီ၏ သဘောထား မှတ်ချက် အပေါ် အခြေခံ၍ တစ်ပိုဒ်ချင်းစီ အလိုက် လွှတ်တော်၏ အဆုံးအဖြတ် ရယူ အတည်ပြုသည်။
အလားတူ နိုင်ငံတော် သမ္မတထံမှ ပေးပို့ထားသော အိန္ဒိယ သမုဒ္ဒရာဒေသတွင်း ဆိပ်ကမ်း နိုင်ငံများ၏ စစ်ဆေးပိုင်ခွင့် ဆိုင်ရာ နားလည်မှု စာချွန်လွှာတွင် မြန်မာနိုင်ငံမှ အဖွဲ့ဝင်အဖြစ် အတည်ပြု ပါဝင်ရန် ကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
ဝါးခယ်မ မဲဆန္ဒနယ်မှ ဦးဇော်သိန်းက ဆိပ်ကမ်း နိုင်ငံများ၏ စစ်ဆေးပိုင်ခွင့် အနှစ်သာရမှာ ဆိုက်ရောက်လာသည့် သင်္ဘောများ အပေါ် ဆိပ်ကမ်း အာဏာပိုင်က နိုင်ငံတော် ဥပဒေများကို ကျင့်သုံးနိုင်ခွင့် ရှိပါကြောင်း၊ ပင်လယ်ပြင် ဆိုင်ရာ ဥပဒေတွင် နိုင်ငံခြား ဆိပ်ကမ်းနှင့် ပြည်တွင်း ရေကြောင်းသို့ ၀င်ရောက်သည့် သင်္ဘောများသည် ကမ်းရိုးတန်းနိုင်ငံ၏ အချုပ်အခြာ အာဏာအောက်တွင် ရှိပါကြောင်း၊ ဒေသဆိုင်ရာ ဆိပ်ကမ်း နိုင်ငံများ၏  စစ်ဆေးပိုင်ခွင့် နားလည်မှု စာချွန်လွှာ၏ ရည်ရွယ်ချက်များတွင် စစ်ဆေးခဲ့သည့် ဆိပ်ကမ်း အာဏာပိုင်သည် အားလုံး သဘော တူညီထားသည့် နိုင်ငံတကာ စာချုပ်ကို တစ်ပြေးညီ ကျင့်သုံးနိုင်ခြင်းပင် ဖြစ်ကြောင်း၊  ယခုကဲ့သို့ အချိန်မျိုးတွင် နိုင်ငံတကာ ဥပဒေများကို  မျက်ခြေမပြတ်ကြည့်ရန် လိုပါကြောင်း၊  သို့ဖြစ်ပါ၍ အိန္ဒိယ သမုဒ္ဒရာ ဒေသတွင်း ဆိပ်ကမ်းနိုင်ငံများ၏ စစ်ဆေးပိုင်ခွင့် ဆိုင်ရာ နားလည်မှု စာချွန်လွှာတွင် လက်မှတ် ရေးထိုးရေးကို အတည်ပြုရန် အရေးကြီးပါကြောင်း ထောက်ခံ ဆွေးနွေးသည်။
ထို့ပြင် ဒက္ခိဏသီရိ မဲဆန္ဒနယ်မှ ဦးသန့်ဇင်ထွန်းနှင့် တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူး အောင်ကျော်နှင်းတို့ကလည်း ဆွေးနွေးကြသည်။
ယင်းကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်၏ အတည်ပြုချက် ရယူရာ သဘောတူကြောင်း ဆုံးဖြတ်သည်။
ထို့နောက် နိုင်ငံတော် သမ္မတထံမှ ပေးပို့ထားသော အရှေ့တောင်အာရှ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ စီမံကိန်းကို အကောင်အထည်ဖော်ရန် အတွက် ကမ္ဘာ့ဘဏ်ထံမှ ချေးငွေ အမေရိကန် ဒေါ်လာ ၁၂၅ သန်း ချေးယူရန်ကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၈)မှ ဦးမျိုးဝင်းက ကမ္ဘာ့ဘဏ်က ချေးယူမည့် အမေရိကန် ဒေါ်လာ ၁၂၅ သန်းအနက် စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ရန်ပုံငွေ ထူထောင်ရန် သုံးစွဲမည့် အပိုင်းတွင် သုံးစွဲမည့် ဒေါ်လာ သန်း ၂၀ ကို ဆွေးနွေးလိုပါကြောင်း၊  ကမ္ဘာ့ဘဏ်၏ အကူအညီဖြင့် မြန်မာ- လာအို- ကမ္ဘောဒီးယား ၃ နိုင်ငံ ပါဝင်သည့်အဖွဲ့က ရန်ပုံငွေတစ်ရပ် ထူထောင်မည်ကို သိရှိရပါကြောင်း၊ မိမိတို့နိုင်ငံ၏ သဘာဝ ဘေးအန္တရာယ် ကျရောက်နိုင်မှု အဆင့်မှာ နိုင်ငံပေါင်း ၁၇၁ နိုင်ငံ၌ အနီရောင်အဆင့် ဖြစ်ပြီး နံပါတ် ၄၂ တွင် ရှိပါကြောင်း၊ ပြီးခဲ့သည့် ၂၅ နှစ်အတွင်း သဘာဝ ဘေးအန္တရာယ် ၂၄ ကြိမ် ကြုံတွေ့ခဲ့သည့် မြန်မာနိုင်ငံ အတွက် အာမခံငွေမှာ ထားသင့်ပါကြောင်း၊ ၀န်ကြီးဌာန အနေဖြင့် ဒေါ်လာသန်း ၂၀ အနက် မည်မျှ ရန်ပုံငွေ ထည့်ဝင်မည်ကို ကွဲကွဲပြားပြား သိလိုပါကြောင်း။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ က  ၆ မြို့နယ်အတွက် ဒေါ်လာ ၇၉ သန်း သုံးစွဲမည်ဟု လျာထားသည်ကို တွေ့ရပါကြောင်း၊ ယင်းငွေမှာ မြန်မာငွေဖြင့် တွက်ချက်လျှင် ဘီလီယံ ၁၀၀ ကျော်ပါကြောင်း၊ မွန်ပြည်နယ် အစိုးရအဖွဲ့၏ တစ်နှစ် အသုံးငွေထက် များပါကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အနေဖြင့် ၆ မြို့နယ်အတွက် ယင်းငွေသုံးစွဲခြင်းမှာ မသင့်လျော်သည့် အတွက် ဆွေးနွေးခြင်း ဖြစ်ပါကြောင်း၊ ရေကြီးရေလျှံမှု အတွက် ၂၀၁၅ ခုနှစ် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် ၁၅ ဘီလီယံ၊ ၂၀၁၆ ခုနှစ်တွင် တစ်ဘီလီယံ သုံးခဲ့ပြီး ဖြစ်ပါကြောင်း၊ ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ၏ စီမခန့်ခွဲမှု အလွဲများကြောင့် ခရီး မပေါက်ခဲ့ပါကြောင်း၊  မိမိတို့နိုင်ငံတွင် သဘာဝဘေး ဆိုသည်နှင့် အသက် လုပြေးရသည့် ဒေသများ ရှိပါကြောင်း၊ ယင်းဒေသများ အတွက် ရေရှည် စီမံချက် ရေးဆွဲပြီး ချေးယူပါက ထောက်ခံ ပါကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်မှ ချေးယူမည့်ငွေကို မထောက်ခံပါကြောင်း ဆွေးနွေးသည်။
အင်းစိန်မဲဆန္ဒနယ် ဦးမောင်မောင်ဦးက ကမ္ဘာ့ဘဏ်မှ ချေးယူမည့် အမေရိကန် ဒေါ်လာ ၁၂၅ သန်း ချေးယူပုံ၊ ပြန်လည် ပေးဆပ်ရမည့် ကာလ၊ ဆိုင်းငံ့ကာလ၊ အတိုးနှုန်း စသည်တို့မှာ သင့်လျော်ပါကြောင်း၊ ချေးငွေ၏ ဆောင်ရွက်မည့် လုပ်ငန်းများ ၅ ခုရှိပါကြောင်း၊  ကမ္ဘာ့ဘဏ်ချေးငွေဖြင့် မြို့ပြရေကြီး ရေလျှံမှု လျော့နည်း ပပျောက် စေရေး အတွက် ဆောင်ရွက်ရာတွင် ရန်ကုန်မြို့တွင်း ၆ မြို့နယ်ကိုသာ ဦးစားပေး သတ်မှတ် ဆောင်ရွက်မည်ဟု သိရှိရပါကြောင်း၊ ရေကြီးရေလျှံမှုမှာ ယင်း ၆ မြို့နယ်တွင်သာ ခံစားနေရခြင်း မဟုတ်ဘဲ ရန်ကုန် မြို့တော်တစ်ခွင်က  ကျန်မြို့နယ်များတွင်လည်း အလားတူ ရေကြီး ရေလျှံမှု၏ ဆိုးကျိုးများကို ခံစားနေရပါကြောင်း၊ ရန်ကုန်မြို့တွင် မြို့နယ် ၆ မြို့နယ်ဖြင့် ဖွဲ့စည်းထားခြင်း မဟုတ်ပါကြောင်း၊ ရေကြီးရေလျှံမှုကို ဖြေရှင်းရာတွင် နေရာကွက်ပြီး ဖြေရှင်း၍ မရပါကြောင်း၊ မြို့တော်တစ်ခုလုံး လွှမ်းခြုံ စဉ်းစားရမည် ဖြစ်ပါကြောင်း၊ ဤကဲ့သို့  ၆ မြို့နယ်သာ စဉ်းစားသည်ကို သိလိုပါကြောင်း၊ ရန်ကုန်မြို့တော် တစ်ခွင်ရှိ ကျန်မြို့နယ်များပါ ရေကြီးရေလျှံမှု ကင်းဝေးစေလိုသည့် ဆန္ဒဖြင့် ဆွေးနွေးခြင်း ဖြစ်ကြောင်း ဆွေးနွေးသည်။
ထို့ပြင် စမ်းချောင်း မဲဆန္ဒနယ် ဦးဘိုဘိုဦး၊  ရွှေပြည်သာ မဲဆန္ဒနယ် ဦးဉာဏ်လင်း၊ ရန်ကုန် တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၀) နော်လှလှစိုး၊ လှိုင်းဘွဲ့ မဲဆန္ဒနယ် ဦးခင်ချို၊ ကျောက်တန်း မဲဆန္ဒနယ်  ဒေါ်အေးမြမြမျိုး၊ စေတုတ္တရာ မဲဆန္ဒနယ် ဦးအောင်ကျော်လွင်၊ ဆိပ်ဖြူ မဲဆန္ဒနယ် ဦးအောင်သိုက်၊ ပဲခူး တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၅) ဒေါက်တာ တင်တင်ဝင်း၊ တပ်မတော်သား အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူး သက်မင်းဦး၊  ပုဏ္ဏားကျွန်း မဲဆန္ဒနယ် ဦးဦးထွန်းမောင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မဲဆန္ဒနယ် ဦးအေးနိုင်၊ လှိုင်မဲဆန္ဒနယ် ဦးအောင်ကျော်ကျော်ဦးတို့ကလည်း ဆွေးနွေးကြသည်။
ယင်းချေးငွေ ချေးယူခြင်းနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဝန်ကြီးဌာနက ပြန်လည် ရှင်းလင်းခြင်းနှင့် လွှတ်တော်၏ အတည်ပြုချက် ရယူခြင်းကို ပြည်ထောင်စု လွှတ်တော် တတိယနေ့တွင် ဆက်လက် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
ယင်းနောက် နိုင်ငံတော် သမ္မတထံမှ ပေးပို့ထားသော အာရှဒေသသစ်တော ပူးပေါင်း ဆောင်ရွက်မှု အဖွဲ့အစည်း တည်ထောင်ခြင်းဆိုင်ရာ သဘောတူစာချုပ်ကို မြန်မာနိုင်ငံမှ ပါဝင်လက်မှတ် ရေးထိုးရန်ကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ် များက ဆွေးနွေးကြသည်။
လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချိုက သစ်တောသစ်ပင် ထိန်းသိမ်းခြင်းသည် နိုင်ငံ တစ်နိုင်ငံသာမက တစ်ကမ္ဘာလုံး ဆောင်ရွက်သင့်သည့် လုပ်ငန်းဖြစ်ပါကြောင်း၊  ယခု ဆောင်ရွက်မည့် သဘောတူစာချုပ်မှာ ကိုရီးယား၊ ဘူတန်၊ ကာဂျစ်စတန်၊ တီမောလက်စတေ၊ မွန်ဂိုလီးယားနိုင်ငံနှင့် အရှေ့တောင်အာရှ ၁၀ နိုင်ငံတို့ ပါဝင်မည် ဖြစ်ကြောင်း၊ မြန်မာ့သစ်တော ပြုန်းတီးမှုကို လေ့လကြည့်ပါက မွန်ပြည်နယ် ၅၂ ရာခိုင်နှုန်း၊ ရန်ုကုန်တိုင်းဒေသကြီး ၄၄ ရာခိုင်နှုန်း၊  ရှမ်းပြည်နယ် ၂၆ ရာခိုင်နှုန်း ဖြစ်ပါကြောင်း၊ ၂၀၁၀ ခုနှစ်မှ ၂၀၁၅ ခုနှစ်ကာလတွင် မြန်မာနိုင်ငံ၏ သစ်တော ပြုန်းတီးမှုမှာ တတိယ အဆင့်ရှိနေပါကြောင်း၊ သစ်တော၊ သစ်ပင်များ ရေရှည် တည်တံ့စေရန် အဖွဲ့ဝင်နိုင်ငံ အဖြစ် လက်မှတ်ရေးထိုး သင့်ပါကြောင်း ပြောကြားသည်။
အလားတူ ညောင်ရွှေမဲဆန္ဒနယ် ဦးဝင်းမြင့်ဦး (ခေါ်) ဦးနေမျိုး၊ ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁) ဦးဂျေယောဝူ၊ ရွှေကျင်မဲဆန္ဒနယ် ဦးစောသလေးစော၊ သထုံမဲဆန္ဒနယ် ဒေါ်မာမာခိုင်၊ တွံတေးမဲဆန္ဒနယ် ဦးမြင့်လွင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မဲဆန္ဒနယ် ဦးအေးနိုင်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၈) ဒေါ်မမလေး၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၅) ဒေါ်ရှားမူ၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁) ဦးဝှေ့တင်း၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁) ဒေါက်တာ ခွန်ဝင်းသောင်း၊ လွိုင်ကော်မဲဆန္ဒနယ် ဒေါက်တာ ခင်စည်သူ၊ ဖာပွန်မဲဆန္ဒနယ် ဦးစောထွန်းမြအောင်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉) ဦးမောင်မောင်လတ်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆) ဦးဝင်းမောင်၊ ပုဏ္ဏားကျွန်း မဲဆန္ဒနယ် ဦးဦးထွန်းမောင်၊ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကျော်ဇင်လတ်၊ ထီးလင်းမဲဆန္ဒနယ် ဦးမြတ်လေးဦး၊ ပြင်ဦးလွင်မဲဆန္ဒနယ် ဒေါက်တာ အောင်ခင်တို့က ဆွေးနွေးခဲ့ကြသည်။
အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ၀န်ကြီးဌာနများက ပြန်လည် ရှင်းလင်းခြင်းနှင့် လွှတ်တော်၏ အတည်ပြုချက် ရယူခြင်းကို ကြိုတင် အသိပေးမည် ဖြစ်ကြောင်း သိရသည်။
မျိုးမြင့်၊ အေးအေးသန့် (သတင်းစဉ်)

No comments:

Post a Comment