Friday, December 9, 2016

အဆိုးမြင်ရင် အကောင်းမဖြစ်ပါ



အေးချမ်း
စစ်ဆေးရှင်းလင်းဖော်ထုတ်ဆဲ
အောက်တိုဘာလ ၉ ရက်နေ့ နံနက်ပိုင်းက စခဲ့တဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် နယ်မြေလုံခြုံရေး နဲ့ အကြမ်းဖက်မှုဆက်မဖြစ်ရေးအတွက် တပ်မတော်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေက နယ်မြေ ရှင်းလင်းပြီး ပြစ်မှုကျူးလွန်ခဲ့ကြသူများနဲ့ ပါသွားတဲ့ လက်နက်ခဲယမ်းတွေကို စစ်ဆေး ရှင်းလင်းဖော်ထုတ်ဆဲပါ။ ဖြစ်ခါစထက်စာရင် တော့ တည်ငြိမ်အေးဆေးတဲ့အဆင့်ကို ရောက် လာနေပါပြီ။ ဒါပေမယ့် ပုံမှန်အနေအထားတော့ မရောက်သေးပါဘူး။ အခြေချနေထိုင်မှုနဲ့ ဘာသာရေးဓလေ့ထုံးစံမတူညီတဲ့ လူမျိုးစုနှစ်စု ယှဉ်တွဲနေထိုင်တဲ့ဒေသမှာ ဒီပြဿနာမျိုးဟာ အကြိမ်ကြိမ်ဖြစ်ခဲ့ကြတာပါ။ အရင်ကလည်း လူမျိုးရေး၊ ဘာသာရေးနဲ့ယှဉ်ပြီး မကြာခဏ ဖြစ်ခဲ့ကြပါတယ်။ ဒါပေမယ့် ကြီးထွားမလာဘဲ နှစ်ဖက်အဖွဲ့အစည်းတွေ ထိန်းထိန်းသိမ်းသိမ်း လုပ်ကြလို့ ပြီးသွားတာရှိသလို ပြဿနာကြီး လာလို့ ခုလိုပဲ နိုင်ငံတော်အဆင့် ရှင်းလင်း ထိန်းသိမ်းဆောင်ရွက်ခဲ့ရတာတွေလည်း ရှိခဲ့ ပါတယ်။ ပြဿနာတစ်ခုပြီးဆုံးဖို့ ဖြေရှင်း ဆောင်ရွက်ဖို့ဆိုရင် အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုတွေလိုအပ်ပြီး ပြဿနာပိုမိုကြီးထွား လာစေနိုင်တဲ့မီးလောင်ရာ လေပင့်တဲ့လုပ်ရပ် တွေကို ရှောင်ရှားကြရမှာ ဖြစ်ပါတယ်။

အကြမ်းဖက်စီးနင်းတိုက်ခိုက်
ခုတစ်ခါ စခဲ့တဲ့ပြဿနာက အရင်လို လူမျိုးရေး ဘာသာရေးကိုအခြေခံပြီး စခဲ့တာ မဟုတ်ပါဘူး။ အားလုံးသိတဲ့ အတိုင်း နိုင်ငံ တကာအကြမ်းဖက် အဖွဲ့အစည်းတစ်ခုနဲ့ ဆက်နွှယ်တဲ့ မောင်တောဒေသမှာ ရောက် ရှိ နေထိုင်နေကြတဲ့ အစွန်းရောက်အဖွဲ့တွေက နိုင်ငံတော်လုံခြုံရေးတပ်ဖွဲ့နဲ့ ကင်းစခန်းများကို အကြမ်းဖက်စီးနင်းတိုက်ခိုက်လာတာပါ။ စဖြစ် တဲ့နေ့မှာပဲ အကြမ်းဖက်သမားတွေရဲ့ အလစ် အငိုက် စီးနင်းတိုက်ခိုက် မှုကြောင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင် ကိုးဦးကျဆုံးပြီး ခြောက်ဦး ဒဏ်ရာရခဲ့ပါတယ်။ လက်နက် ၄၈ လက်၊ ကျည်မျိုးစုံ ၆၆၂၄ တောင့်နဲ့ ဆက်စပ်ပစ္စည်းတွေ ဆုံးရှုံးခဲ့ပါတယ်။ အကြမ်းဖက်သမားတွေဟာ ယူဆောင်သွားတဲ့ လက်နက်ခဲယမ်းတွေနဲ့ မောင်တောခရိုင်အတွင်း အကြမ်းဖက်မှုတွေ ဆက်လုပ်လာလို့ နယ်မြေကာကွယ်ရေး နဲ့ အကြမ်းဖက်မှုထိန်းသိမ်းရေးတို့အတွက် တပ်မတော်က ပူးပေါင်းပါဝင်လာခဲ့ရပါတယ်။ နယ်မြေရှင်းလင်းမှုဆိုင်ရာစစ်ဆင်ရေးဆောင် ရွက်ခဲ့ရာ အကြမ်းဖက်သမား မကြာခဏထိတွေ့ တိုက်ပွဲဖြစ်ပွားလို့ တပ်မတော်သားအရာရှိ၊ စစ်သည်ခုနစ်ဦး အသက်ပေးလှူခဲ့ရပြီး ငါးဦး ဒဏ်ရာရခဲ့ပြန်ပါတယ်။ တကယ်တော့ ခုတစ်ကြိမ်ဖြစ်တဲ့ပြဿနာ ဟာ မောင်တော ဒေသမှာ အများစုရောက်ရှိ နေထိုင်နေတဲ့ အစ္စလာမ်ဘာသာဝင်တွေကို အချိန်ယူစည်းရုံး ပြီး ပြည်ပအဖွဲ့အစည်းများရဲ့ ပံ့ပိုးကူညီမှုနဲ့ စနစ်တကျစီမံခဲ့တဲ့ ဘူးသီးတောင်၊ မောင်တော ဒေသကို သိမ်းပိုက်ဖို့ ကြိုးပမ်းအားထုတ်ခဲ့ခြင်း သာဖြစ်ပါတယ်။ ကျွန်တော် တို့ နိုင်ငံပိုင်နက်နယ်မြေတစ်ခုကို ကျူးကျော် ဝင်ရောက်ဖို့ ကြံစည်အားထုတ်ခဲ့တာဖြစ်လို့ သိပ်ကို အန္တရာယ် ကြီးပါတယ်။
ဒီအကြမ်းဖက်တိုက်ခိုက်မှုကို ဦးဆောင်ခဲ့သူဟာ ပါကစ္စတန်ရှိ တာလီဘန် များထံမှာ အကြမ်းဖက်သင်တန်း ခြောက်လတက်ရောက်ခဲ့သူဖြစ်ကြောင်း၊ သူရဲ့ ဆွေမျိုးတွေ ဟာ ဆော်ဒီအာရေဗီးယားမှာ နေထိုင်ပြီး သူကိုယ်တိုင် ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနာ့ဖ်အနီးက ရွာတစ်ရွာမှာ သွားရောက် နေထိုင်လေ့ရှိပြီး ဒုက္ခသည်အမည်ခံကာ အရှေ့ အလယ်ပိုင်းနိုင်ငံများရှိ အဖွဲ့အစည်းများထံမှ ငွေကြေးထောက်ပံ့မှုများ ရယူနေကြောင်း၊ မောင်တောဒေသမှာပဲ အစ္စလာမ်ဘာသာဝင်လူငယ်များ ကိုစည်းရုံးပြီး အစွန်းရောက် အကြမ်း ဖက်သင်တန်းများပေးခဲ့ကြောင်း စစ်ဆေးဖော် ထုတ်လျက်ရှိတယ်လို့ နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။
စနစ်တကျအကွက်ချစီစဉ်ခဲ့သူတို့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှု အစီအစဉ်က အမှတ်(၁) နယ်ခြားစောင့် ရဲကွပ်ကဲမှု ဌာနချုပ် (ကျီးကန်းပြင်)၊ ငါးခူရနယ်မြေစခန်း၊ ကြိမ်ချောင်း နယ်မြေစခန်း၊ ကျောက်လှေခါး နယ်မြေစခန်း၊ ရွက်ညိုတောင်နယ်မြေစခန်း၊ ကိုးတန်ကောက် ရဲကင်းစခန်း စတဲ့ ခြောက်နေရာကို အကြမ်းဖက် သမား အင်အား ၄ဝဝ လောက်နဲ့ တစ်ချိန်တည်း၊ တစ်ပြိုင်တည်း အကြမ်းဖက်တိုက်ခိုက်ဖို့ စီစဉ်ခဲ့ တာပါ။ ဒါပေမယ့် အားလုံးသိတဲ့အတိုင်း သုံးနေရာသာ တိုက်ခိုက်နိုင်ခဲ့ပြီး ရခဲ့တဲ့လက်နက် များနဲ့ အနီးပတ်ဝန်းကျင်ရှိ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ စခန်းတွေကို ဆက်တိုက်ဖို့ စီမံညွှန်ကြားပြီးသားပါ။ စနစ်တကျ အကွက်ချစီစဉ်ခဲ့တာပါ။
ဝါဒဖြန့်ဆောင်ရွက်နေ
အစကတည်းက လူမျိုးရေးဘာသာရေး အဆင်မပြေမှုအခြေခံရှိတဲ့ ဘူးသီးတောင်၊ မောင်တောဒေသက အစွန်းရောက်လူငယ်တွေကို ဘာသာရေးအရစည်းရုံးပြီး ပြည်ပထောက်ခံမှု၊ ငွေကြေးပံ့ပိုးမှုတွေများများရဖို့ အဲဒီအကြမ်းဖက် တွေနည်းနာအတိုင်း အင်တာနက်နဲ့ လူမှုကွန်ရက် များကလည်းကောင်း၊ နိုင်ငံတကာအဖွဲ့အစည်း များနဲ့ မီဒီယာများက လည်းကောင်း ဝါဒဖြန့် ဆောင်ရွက်နေတာဖြစ်ပါတယ်။ ပါသွားတဲ့ လက်နက်ခဲယမ်းတွေ တချို့တစ်ဝက်ကိုသာ ပြန် လည်သိမ်းဆည်းရမိပြီး အားလုံးကို ပြန်မရသေး သလို ပြစ်မှုကျူးလွန်သူများကို ရှာဖွေရှင်းလင်းဆဲ၊ ဥပဒေအရ ဖမ်းဆီးစစ်ဆေးဖော်ထုတ် အရေးယူ ဆောင်ရွက်ဆဲ ဖြစ်ပါတယ်။
ဥပဒေနဲ့အညီဆောင်ရွက်
နိုင်ငံတော်အစိုးရအနေနဲ့ လည်း ဒီပြဿနာ စဖြစ်ကတည်းက နယ်မြေရှင်းလင်းရေးနဲ့ လုံခြုံရေးကိစ္စတွေဆောင်ရွက်ရာမှာ ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့နဲ့ လိုက်နာရမယ့် နိုင်ငံတကာ သဘောတူညီချက်တွေ၊ ကျင့်ဝတ်တွေကို အလေးထားဆောင်ရွက်ဖို့ တာဝန်ရှိသူအဆင့်ဆင့် က ကြပ်မတ်ဆောင်ရွက်ခဲ့တာပါ။ တပ်မတော်က စစ်ဆင်ရေးတစ်ရပ်အဖြစ် သတ်မှတ်ဆောင်ရွက်နေ တာမှန်ပေမယ့် တကယ့်လက်နက်ကိုင်သောင်း ကျန်းသူတွေကို ချေမှုန်းတဲ့အဆင့်ထိ မရောက် အောင် ထိန်းသိမ်းလုပ်နေတာတွေ တွေ့ရပါတယ်။ သာမန်အားဖြင့် ဒီလောက် အင်အား၊ ဒီလောက် လက်နက်နဲ့ တပ်ရင်းမှူး တာဝန်ထမ်းဆောင်နေသူ တစ်ယောက် ကျဆုံးလောက်အောင် ဖြစ်လာနိုင် စရာအကြောင်းမရှိပါဘူး။ အစစအရာရာ အလွန် အကျွံမဖြစ်အောင် ထိန်းသိမ်းဆောင်ရွက်နေတယ် ဆိုတာ ထင်ရှားပါတယ်။ မညှာမတာ မထိန်းမသိမ်း လုပ်မယ်ဆိုရင် တပ်စိတ်တစ်စိတ်၊ တပ်စုတစ်စုရဲ့ တစ်မိနစ်ပစ်အား ဘယ်လောက်ရှိလဲ ခန့်မှန်း ကြည့်ပါ။
အစိုးရရဲ့တရားဝင်သတင်းထုတ်ပြန်ချက်အရ နိုဝင်ဘာလကုန်အထိ ပြစ်မှုကျူးလွန်သူဟု သံသယရှိသူ ၅၂၈ ယောက် ဖမ်းဆီးရမိကြောင်းနဲ့ အသေရပြီး ၇ဝ ရှိကြောင်း သိရပါတယ်။ သူတို့စွပ်စွဲသလို လူမျိုးတုံးသတ်ဖြတ်တယ်ဆိုတဲ့အခြေအနေနဲ့ တခြားစီပါ။ တပ်မတော်က စစ်ဆင်ရေးမှာ အရှင်ဖမ်းဆီးရမိတယ်ဆိုတာ လူမျိုးတုံးသတ်ဖြတ်တာမဟုတ်လို့ပါ။ နိုင်ငံတကာ သဘောတူညီချက်တွေ၊ စည်းမျဉ်းစည်းကမ်းတွေ၊ ဥပဒေတွေလိုက်နာပြီး လုပ်နေလို့ပါ။ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းတချို့နဲ့ မီဒီယာတချို့က စွပ်စွဲသလို လူမျိုးတုံးသတ်ဖြတ်တယ်ဆိုရင် အားလုံးအသေဖမ်းဆီးရမိမှာပဲ ဖြစ်ပါလိမ့်မယ်။ အရှင်ဖမ်းဆီးရမိတယ်ဆိုတာ ရှိကိုရှိမှာ မဟုတ် ပါဘူး။
မဟုတ်မမှန်လုပ်ကြံဖန်တီး
မောင်တောဒေသမှာ ယခုအကြမ်းဖက်မှု စတင်ဖြစ်ပြီးတဲ့နောက်ပိုင်း အင်တာနက် စာမျက်နှာနဲ့ နိုင်ငံတကာ မီဒီယာတချို့ကလည်း ကောင်း၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်း တချို့အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းအချို့မှလည်းကောင်း၊ နောက်ဆုံးအာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်တဲ့ မလေးရှားနိုင်ငံမှာ ဝန်ကြီးချုပ်ဦးဆောင်ပြီး ဆန္ဒပြတဲ့အထိ စွပ်စွဲပုတ်ခတ်ပြောဆိုတာတွေ၊ မျှတမှုမရှိတဲ့ မီဒီယာတွေနဲ့ ကောလာဟလသတင်း များအပေါ်အခြေခံပြီး တစ်ဖက်သတ်ဝေဖန် တိုက်ခိုက်မှုတွေကြောင့် ပြဿနာဟာ အေးအေး ချမ်းချမ်းပြီးဆုံးဖို့ အခက်အခဲရှိနေပါတယ်။ အကြမ်းဖက်ကျူးလွန်သူတွေက သူတို့အားကိုး အားထားတဲ့ ပြည်ပအဖွဲ့အစည်းများနဲ့ မီဒီယာ များကတစ်ဆင့် မဟုတ်မမှန်လုပ်ကြံသတင်းတွေ ကို ဖြန့်ဝေပြီး ကျွန်တော်တို့နိုင်ငံတော်အစိုးရနဲ့ တပ်မတော်ကို ဖိအားပေးစေလျက် ရှိပါတယ်။ လုပ်ကြံဖန်တီးထားတဲ့သတင်းတွေ၊ မမှန်မကန် တဲ့အထောက်အထားတွေနဲ့ ပြည်ပရှိသူတို့ကို ထောက်ခံအားပေးမြှောက်ပင့်ပေးနေတဲ့ အဖွဲ့ အစည်းများနဲ့ ကျင့်ဝတ်နဲ့မညီတဲ့ မီဒီယာများက တစ်ဆင့် ပြဿနာကိုပိုကြီးလာအောင် သူတို့ကို ကူညီထောက်ပံ့မှုတွေ ပိုပေးလာကြအောင် ဆောင်ရွက်နေတာ တွေ့ရပါ တယ်။ နောက်ကွယ်က အားပေးကူညီပံ့ပိုးမှုတွေနဲ့ လမ်းညွှန်မှုတွေ သာမရှိခဲ့ရင် ဒီပြဿနာ စဖြစ်မှာမဟုတ်သလို ခုလိုဆက်ဖြစ်နေစရာအကြောင်းလည်း မရှိဘူးလို့ သုံးသပ်ရမှာပါ။
လုပ်ထုံးလုပ်နည်းနဲ့အညီ ဖြေရှင်း
ပြည်တွင်းရေးကို ဖိအားပေးတဲ့နေရာမှာ နိုင်ငံတကာအဖွဲ့အစည်းတချို့က ပုဂ္ဂိုလ်တွေဟာ လိုက်နာရမယ့် ကျင့်ဝတ်စည်းကမ်းတွေကို ဖောက်ဖျက်တဲ့ အထိ ဆိုးရွားလာနေပါပြီ။ ကုလ သမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)ရဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရုံးခွဲအကြီးအကဲJohn Mc Kissick က ရခိုင်ဒေသပဋိပက္ခတွေ နောက်ပိုင်း စစ်ဆင်ရေးလုပ်နေ တဲ့ မြန်မာစစ်တပ် ဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန် နေကြောင်း၊ နေအိမ်တွေကို မီးရှို့၊ လူသတ်၊ အမျိုးသမီးတွေကို အဓမ္မပြုလုပ်နေကြောင်း စွပ်စွဲတာကို နိုင်ငံခြားသတင်းဌာနတစ်ခု ကို ပြောခဲ့ပါတယ်။(UNHCR) ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် တစ်ယောက်ကလည်း ဘင်္ဂလားဒေ့ရှ်ကို ထပ်မံ ရောက်လာသူတွေရဲ့ ပြောဆိုချက်များအရ လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ သတင်း တွေဟာ စိုးရိမ်စရာ အခြေအနေမှာ ရှိကြောင်း ပြောခဲ့ပါတယ်။ ဒါဟာ ကုလသမဂ္ဂအဖွဲ့အစည်း တစ်ခုဖြစ်ပါလျက်၊ ကုလသမဂ္ဂဝန်ထမ်း ဖြစ်ပါ လျက် အဖွဲ့ဝင်နိုင်ငံ တစ်ခုရဲ့ ပြည်တွင်းရေးကို အတိအလင်း ချိုးဖောက်ဝင်ရောက်စွက်ဖက် တာဖြစ်သလို အမှန်တရားနဲ့ လက်တွေ့အဖြစ်မှန် ကို အခြေမခံဘဲ ပြဿနာကို ပိုမိုကြီးထွားအောင် မီးလောင်ရာ လေပင့်တာပဲ ဖြစ်ပါတယ်။ အမုန်း တရားပွားစေတာပဲ ဖြစ်ပါတယ်။ လက်ရှိအကြမ်း ဖက်မှုအခြေအနေကနေ လူမျိုးရေး၊ ဘာသာရေးကို အခြေခံတဲ့ဆူပူအုံကြွမှုဖြစ်အောင် အမှန်တရားနဲ့ လက်တွေ့ကို အခြေမခံဘဲ ပြဿနာကို ပိုမိုကြီးထွား အောင် မီးလောင်ရာလေပင့်တာပဲ ဖြစ်ပါတယ်။လုံးဝလက်မခံပါဘူး။ နိုင်ငံတကာ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်ပီသစွာဖြင့် မှန်သောစကား ကိုပြောပြီး ကျင့်ဝတ်နဲ့ညီအောင် ပြောဆိုဆောင် ရွက်စေချင်ပါတယ်။ ကျွန်တော်တို့နိုင်ငံ ကလည်း ဒီကိစ္စကို ကုလသမဂ္ဂအမြဲတမ်း ကိုယ်စားလှယ်နဲ့ သံတမန်နည်း အရ လုပ်ထုံးလုပ်နည်းနဲ့အညီ ဖြေရှင်းဆောင်ရွက်နေပါတယ်။
နောက်တစ်ခုကတော့ မလေးရှား ဝန်ကြီးချုပ် Najib Razak ဦးဆောင်ပြီး ယခုလ ၄ ရက်နေ့က ကွာလာလမ်ပူမှာလုပ်တဲ့ ဆန္ဒပြ ပွဲမှာမူဆလင် လူနည်းစုတွေကို မြန်မာစစ်တပ်က ရက်ရက်စက်စက် ဖြိုခွင်းခဲ့ကြောင်း၊ ပြည်တွင်း ရေးကို ဝင်ရောက်စွက်ဖက်တယ်ဆိုတာကို လည်း သူ ဂရုမစိုက်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုဘယ်လ်ဆုက ဘာအဓိပ္ပာယ်လဲဟု မေးခွန်း ထုတ်ခဲ့ပြီး ပြင်းထန်တဲ့စကားလုံးတွေနဲ့ ပုတ်ခတ် ဝေဖန်စွပ်စွဲခဲ့ကြောင်း သိရပါတယ်။ ဒါဟာ အာဆီယံ နိုင်ငံ တစ်ခုရဲ့ ခေါင်းဆောင်တစ်ယောက် အနေနဲ့ လိုက်နာစောင့်ထိန်းရမယ့် ကျင့်ဝတ် စည်းမျဉ်းတွေကိုချိုးဖောက်ပြီး မလုပ်သင့်တာကို လုပ်တယ်လို့ ဝေဖန်သံတွေကလည်း အပြည့်ပါ။ သူ့အနေနဲ့ သူ့နိုင်ငံမှာ နိုင်ငံရေးအရ ခေါင်းဆောင်မှု ကျရှုံးတော့မှာကို ဒီလုပ်ရပ်နဲ့ အဖတ်ဆယ်တာဖြစ် တယ်လို့လည်း နိုင်ငံရေးကျွမ်းကျင်သူတွေ က ဝေဖန်ကြပါတယ်။ သူ့အကျိုးစီးပွားအတွက် နိုင်ငံရေးအမြတ်ထုတ် ပြီး နောက်ဆုံးကောက်ရိုး တစ်မျှင်ကို ဆွဲတဲ့သဘောပါပဲ။ တကယ်တော့ သူရဲ့လုပ်ရပ်ဟာ ကျွန်တော်တို့နိုင်ငံအပါအဝင် ဒေသတစ်ခုလုံး အတွက် ကောင်းလာမယ့် လက္ခဏာမဟုတ်ပါဘူး။ အနုတ်လက္ခဏာ ပဲ ဖြစ်စေမှာပါ။
ဒါကြောင့်လည်း သူတို့နိုင်ငံရဲ့အကြီးအကဲ ဟောင်း ကိုယ်တိုင်က ဒီလုပ်ရပ်အပေါ်မှာ ပြစ်တင် ဝေဖန်မှု လုပ်ခဲ့ပါတယ်။ ပြည်တွင်းမှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လျက်ရှိကြတဲ့ မြန်မာနိုင်ငံရှိ မူဆလင်မဟာမိတ်အရပ်ဘက်အဖွဲ့အစည်းက လည်း မလေးရှားဝန်ကြီးချုပ် ရဲ့ လုပ်ဆောင်မှုကို သဘောမတူကြောင်း ကန့်ကွက်တဲ့သဘော ထားထုတ်ပြန်လာတာ တွေ့ရပါတယ်။
လူနည်းစုမဟုတ်ပါဘူး
နောက်တစ်ခု ကျွန်တော်နားလည်တာ ရှင်းပြချင်သေးတယ်။ ဒီပြဿနာအပေါ်မှာ ကျွန်တော်တို့နိုင်ငံအပေါ် မလိုလားသူတွေက ရခိုင်ကိစ္စမှာ လူနည်းစုအစ္စလာမ်ဘာသာဝင် တွေကို တစ်ဖက်သတ်ဖိနှိပ်နေတယ်၊ လူမျိုးတုံး သတ်ဖြတ်နေတယ်ဆိုတဲ့စကားပါ။ ကျွန်တော့ အမြင်ကတော့ အဲဒီဒေသမှာ အစ္စလာမ် ဘာသာဝင်တွေဟာ လူနည်းစုမဟုတ်ပါဘူး။ လူများစုပါ။ တကယ်တော့ အဲဒီဒေသမှာ လူနည်းစုက ရခိုင်တိုင်းရင်းသားတွေနဲ့ ကျွန်တော် တို့ရဲ့ အခြားတိုင်းရင်းသား အနည်းငယ်တွေပါ။ ပြဿနာဖြစ်တဲ့ ဒေသတစ်ခုအတွက်သာ စဉ်းစား ရမယ့်ကိစ္စကို တစ်နိုင်ငံလုံး လူဦးရေနဲ့ယှဉ်ပြီး အနည်းစုလို့သုံးတာ လက်မခံနိုင်ပါ။ ဘူးသီး တောင်နဲ့ မောင်တောမှာ ရခိုင်တိုင်းရင်းသား အရေအတွက်နဲ့ တရားဝင်ရော၊ တရားမဝင် ဝင်ရောက်နေထိုင်နေတဲ့ မူဆလင်လူမျိုးတွေ အရေအတွက်က အဆမတန်များပြားနေ ပါတယ်။ သူတို့ကို သူတို့အလိုအတိုင်း မလိုက် လျောရင် သန်းခေါင်စာရင်း အကောက်မခံဘူးလို့ ကန့်ကွက်ကြလို့ ၂ဝ၁၄ ခုနှစ် သန်းခေါင် စာရင်း ကောက်ရာမှာ အခုပြဿနာဖြစ်နေတဲ့ ရခိုင် ပြည်နယ်မြောက် ပိုင်းဒေသတွေမှာ လုံးဝစာရင်း မကောက်ယူနိုင်ခဲ့ပါဘူး။
နိုင်ငံတော်အဆင့် ဆောင်ရွက်တဲ့သန်းခေါင်စာရင်းလို ကိစ္စမျိုးမှာ တောင် ခုလို အင်နဲ့အားနဲ့ ကန့်ကွက်လို့ ဆောင် ရွက်ခြင်းမပြု နိုင်ခဲ့တာကို အနည်းစုလို့ပြောရင် ရမှာလား။ ဒါ့ကြောင့် ပြဿနာဖြစ်တဲ့ဒေသမှာ အနည်းစုက ရခိုင်တိုင်းရင်းသားပဲ၊ အများစုက သူတို့တွေပါပဲ ။ လေ့လာရသလောက်ဆိုရင် ဒေသခံများနဲ့ ထိုဒေသတွင်ရောက် ရှိနေသော နိုင်ငံ့ ဝန်ထမ်းများအပါအဝင်ဟာ လူဦးရေ၏ ၁ဝ ရာခိုင်နှုန်းအောက်သာရှိပြီး အစ္စလာမ် ဘာသာဝင်က ၉ဝ ရာခိုင်နှုန်းကျော်ရှိတယ်လို့ သိရပါတယ်။
လူနည်းစုဖြစ်နေတဲ့ ရခိုင် တိုင်းရင်းသားတွေ ဘက်လုံခြုံမှုမရှိဘူး၊ သက်ဆိုင်ရာက လုံခြုံရေး စီစဉ်မပေးရင် သူတို့ဒေသကို မပြန်ရဲဘူး၊ အကြမ်းဖက်သမားတွေရဲ့ ရန်မူသတ်ဖြတ်မှုကို ခံရမှာ ကြောက်တယ်ဆိုတဲ့ ကြောက်စိတ် ရှိနေတာကိုကျတော့ ခုလို စွပ်စွဲနေသူတွေဘက်က ဘယ်သူမှ အသံထွက်မပေးကြဘူး။ လူများစု ဖြစ်တဲ့ အကြမ်းဖက်သမားတွေရဲ့ အနိုင်ကျင့် ရက်စက်မှု ကို ဒေသခံတိုင်းရင်းသားတွေ ခံစား နေရတာ အမှန်ပါပဲ။ တကယ်တော့ လူနည်းစု ဖြစ်နေတဲ့ ရခိုင်တိုင်းရင်းသားတွေကသာ ကိုယ့်နိုင်ငံ၊ ကိုယ့်နယ်မြေမှာ နေထိုင်ကြရပေမယ့် ကြောက်ရွံ့ထိတ်လန့်စွာဖြင့် မလုံမခြုံနေနေရ တာပါ။ ဒါဟာ လက်တွေ့အမှန်တရားပါပဲ ။ နောက်ဆုံးတော့ အခုလို လုံခြုံရေးတပ်ဖွဲ့ဝင် တွေကို အကြမ်းဖက် တိုက်ခိုက်ပြီး လက်နက် ခဲယမ်းတွေကို သိမ်းယူသွားတဲ့အထိ အချုပ်အခြာ အာဏာကို ထိပါးလာတာပါ။
ဒါကြောင့်လည်း နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ကပြည်ပ မီဒီယာတစ်ခုကတစ်ဆင့် မိမိတို့ ဆောင်ရွက်နေတာတွေကို နိုင်ငံတကာက ကူညီ ဖို့လိုကြောင်း၊ အဲဒီလိုမဟုတ်ဘဲ အဆိုးမြင်ဘက် ကပဲ မြင်နေမယ် ဆိုရင်တော့ အကျိုးမရှိနိုင် ကြောင်း၊ ဖြစ်စဉ်အမှန်က ရဲလုံခြုံရေး တပ်ဖွဲ့တွေကို အကြမ်းဖက်သမားတွေက တိုက်ခိုက်ခဲ့ခြင်းသာဖြစ်ကြောင်း၊ ယခုကိစ္စမှာ စိုးရိမ်တုန်လှုပ်နေကြသူတွေဟာ သူတို့ချည်း မဟုတ်ဘဲ ရခိုင်တိုင်းရင်းသားတွေလည်း ပူပန်ချောက်ချားနေကြရကြောင်း၊ အဲဒီဒေသမှာ ရခိုင်လူဦးရေ တစ်နေ့တခြား နည်းပါးပျောက် ကွယ်သွားမှာကို ရခိုင်လူမျိုးတွေက ရတက် မအေးဖြစ်နေကြကြောင်း၊ ဒီပြဿနာကို ပုံကြီးချဲ့ ပြီး ပိုဆိုးလာအောင် လုပ်ကြမယ့်အစား အခက်အခဲတွေကို အသိအမှတ်ပြုပြီး အဖြေရှာ ဖို့လိုကြောင်း၊ အသိပေးရှင်းလင်းပြောကြားခဲ့တာ တွေ့ရပါတယ်။
ဒါ့အပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌ မစ္စတာ ကိုဖီအာနန် ဦးဆောင် တဲ့အဖွဲ့ နဲ့တွေ့ဆုံရာမှာ ဒေသတွင်းနေထိုင် သူများအနေဖြင့် နိုင်ငံတော်က ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် အညီ နေထိုင်လုပ်ကိုင်ရန် လိုအပ်ကြောင်း၊ အဲဒီလိုမဟုတ်ဘဲ မိမိဘာသာရပ်တည်နေထိုင်ပြီး နိုင်ငံတော်၏ ဥပဒေစည်းမျဉ်းများကို ဆန့်ကျင်ခြင်းမှာ မဖြစ်နိုင်ကြောင်း၊ ဖြစ်စဉ်မှာ ပါသွားတဲ့ လက်နက်ခဲယမ်းတွေနဲ့ မိမိလုံခြုံရေး တပ်ဖွဲ့ဝင်များကို ပြန်တိုက်နေတာ ဖြစ်တဲ့အတွက် အန္တရာယ်ကြီးမားသဖြင့် အားလုံးပြန်လည် သိမ်းဆည်းရရှိရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်နေကြောင်း၊ လူသားချင်းစာနာတဲ့အကူအညီများ ကူညီဆောင်ရွက်ပေး သွားမှာဖြစ်ကြောင်း၊ တပ်မတော်မှ လူသတ်မှု၊ မုဒိမ်းမှု၊ မီးရှို့မှုများ လုပ်ဆောင် နေသည်ဟု စွပ်စွဲပြောဆိုမှုများမှာ မဟုတ်ကြောင်း၊ အဲဒီလို ဖြစ်စဉ်မျိုးမရှိကြောင်း၊ သူတို့ ဘာသာသူတို့ မီးရှို့တာဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဥပဒေနှင့်အညီဖြစ်စေရန် ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့တာ တွေ့ကြရ ပါလိမ့်မယ်။
ဒါကြောင့် ဒီနေ့ကြုံတွေ့နေရတဲ့ ရခိုင်မြောက်ပိုင်း ပြဿနာဟာ အလွန်ထိလွယ်ရှ လွယ်ပြီး မတူညီတဲ့ လူ့အသိုက်အဝန်း နှစ်ခုအကြားမှာ ကြီးမားတဲ့ ပဋိပက္ခအသွင်ကို ရောက်ရှိသွားနိုင်တဲ့ အန္တရာယ် ရှိနေပါတယ်။ ဒါ့အပြင် နိုင်ငံတော် အစိုးရနဲ့ ကူညီ ဆောင်ရွက်ပေးနေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ ပြည်တွင်း ပြည်ပ လူမှုအဖွဲ့အစည်းတွေရဲ့ တည်ငြိမ်ရေးနဲ့ ဒေသဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက် နေတာတွေကို အနှောင့်အယှက် အဟန့်အတား အများကြီး ဖြစ်စေပါတယ်။ မိမိနိုင်ငံ အပါအဝင် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုနဲ့ စည်းလုံး ညီညွတ်မှု၊ ပြည်တွင်း ပြည်ပလူမှုအဖွဲ့အစည်းတွေရဲ့ တည်ငြိမ်ရေးနဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေတာတွေကို အဟန့်အတား ကြီးကြီးမားမား ဖြစ်စေပါတယ်။ ထိန်းထိန်းသိမ်းသိမ်းမလုပ်ကြရင် မိမိနိုင်ငံအပါအဝင် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုနဲ့ စည်းလုံးညီညွတ်မှုကို ထိခိုက်စေတဲ့အထိ ဖြစ်လာ နိုင်ပါတယ်။
ခုလို ကုလသမဂ္ဂလက်အောက်ခံအဖွဲ့ အစည်းတချို့နဲ့ ပုဂ္ဂိုလ်တွေ၊ စုစည်း ညီညွတ် တဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုနဲ့ အကြီးအကဲတွေ ၊ ပြည်တွင်းပြည်ပမီဒီယာတွေနဲ့ ပြည်သူလူထုတွေရဲ့ လုပ်ကိုင်ပြောဆိုမှုတွေဟာ ပကတိအခြေအနေမှန်ပေါ်မှာ အခြေခံဖို့ လိုပါတယ်။ ထုတ်ပြန်ချက်တွေ၊ စွပ်စွဲချက်တွေဟာ စိစစ်အတည်ပြုပြီး မှန်ကန်မှုရှိဖို့လိုပါတယ်။ အားလုံးက သက်ဆိုင်ရာလိုက်နာရမယ့် ကျင့်ဝတ်စည်းမျဉ်း များနဲ့အညီ မှန်မှန်ကန်ကန်လိုက်နာဆောင်ရွက်ဖို့ လိုပါတယ်။ ဒါမှသာ အဆိုးတွေ ပျောက်ပြီး အကောင်းတွေ ဖြစ်လာ မှာပါ။ အေးချမ်းသာယာပြီး ပုံမှန်အခြေအနေ ပြန်ရောက်နိုင်မှာပါ။ ငြိမ်းချမ်းတဲ့နယ်မြေအဖြစ် ပြန်လည်တည်ဆောက်နိုင်မည်ဖြစ် ပါကြောင်း သတိပြုဆင်ခြင်ကြဖို့ လိုပါတယ်။ နိုင်ငံတော်နဲ့ တပ်မတော်ကတော့ အချုပ်အခြာအာဏာကိုထိပါးတဲ့ ဒီလိုအကြမ်းဖက်မှုမျိုးကို လက်ခံမှာမဟုတ်သလို နိုင်ငံတော် ကာကွယ်ရေးနဲ့ တည်ငြိမ်အေးချမ်းရေး အတွက် စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ ဥပဒေများနဲ့အညီ ထိန်းသိမ်းကာကွယ်စောင့်ရှောက် သွားမှာပဲ ဖြစ်ပါတယ်။
အကောင်းမမြင် သရွေ့ အဆိုးတွေပဲဖြစ်နေမှာ ဖြစ်ကြောင်းပါခင်ဗျား။

No comments:

Post a Comment