Friday, December 9, 2016

ပညာရေး- အဆင့်မြင့်ပညာ မိုးသောက်ယံနီးပြီလား



ဘိုးလှိုင်
မြန်မာ့အဆင့်မြင့်ပညာနိမ့်ကျလာခဲ့သည်မှာ နှစ် ၅ဝ ကျော်လေပြီ။ အာဏာရှင်ခေတ်အဆက်ဆက် တက္ကသိုလ်ဆရာများကို နံနှိမ်နင်းခြေပြီး သူတို့၏ပညာကို တန်ဖိုးမရှိအောင် ပြုခဲ့သည့်အကြောင်း အများသိပြီးဖြစ်၏။ ဝမ်းနည်းဖွယ်၊ အားငယ်ဖွယ်ကောင်းသော ပညာရေးအခြေအနေကို ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်သော အစိုးရလက်ထက် ခုနစ်လကြာသည်အထိ မပြောင်းလဲနိုင်သေးပါ။ စာရေးသူသည် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော ပြီးခဲ့သည့် လွှတ်တော်၏ ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေး ကော်မတီတွင်အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ ပါသည်။

ကော်မတီသည် ရန်ကုန်တက္ကသိုလ်၏ အဆင့်မြှင့်တင်ရေး မစွမ်းဆောင်နိုင်ခဲ့ပါ။ ဤမအောင်မြင်မှုမှာ ယခင်အစိုးရက လွှတ်တော်ကော်မတီနှင့် စိတ်ပါလက်ပါ ပူးပေါင်းဆောင်ရွက်မှုမရှိသောကြောင့်ဟု ကျွန်တော်ပြောနိုင်ပါသည်။ ယခု အစိုးရသစ်လက်ထက်တွင်လည်း ယေဘုယျအားဖြင့် ပညာရေး ပြုပြင်ပြောင်းလဲရန် စီမံကိန်းရေးနေဆဲ၊ ဥပဒေများပြဋ္ဌာန်းရန် လုပ်ဆောင်နေဆဲဖြစ်သဖြင့် အရာ မထင်လာသေးပါ။
လမဲ့ကောင်းကင်မှ ကြည်လဲ့လဲ့ကြယ်
မြန်မာ့ပညာရေးကို လကွယ်ညဥ့်ကောင်းကင်နှင့် နှိုင်းယှဉ်လိုက်မည်။ သို့သော် တိုးတက်မှု သင်္ကေတဆောင်သော လင်းလက်ကြယ်ကလေးများ တွေ့မြင်ရသည်။ မိုးသောက်ကြယ်အဖြစ် တင်စားနိုင်သော အမေရိကန် နိုင်ငံမှ ပါမောက္ခ ခင်မောင်မောင်သည် နိုဝင်ဘာ ၂၈ ရက်တွင် ရန်ကုန်သို့ လေယာဉ်ဖြင့် ဆိုက်ရောက်လာပါပြီ။ ပါမောက္ခ ခင်မောင်မောင်သည် တောင်ပိုင်းမစ်ဆူရီတက္က သိုလ်တွင် ရူပဗေဒဌာနမှူးတာဝန်ထမ်း ဆောင်နေရာမှ ဖူးဘရိုက်ပညာသဟာယ (Fullbright Fellow)အဖြစ် မန္တလေး တက္ကသိုလ်တွင် သင်ကြားပို့ချရန် ရောက်လာခြင်းဖြစ်၏။ ဖူးဘရိုက်ဖဲလိုးသည် အမေရိကန်မှ ပေးသော ဂုဏ်ဒြပ်မြင့်ဆုလာဘ်ကြီး ဖြစ်၏။ ချီးမြှင့်ခံရသူ ပညာရှင်အတွက် ဂုဏ်ကြီးမြင့်သလို လက်ခံသော အိမ်ရှင်တက္ကသိုလ်အတွက်လည်း ဂုဏ်ရှိသည်။ ပါမောက္ခ ခင်မောင်မောင်သည် ရန်ကုန်တက္ကသိုလ်ဘွဲ့ရဖြစ်သည့် အားလျော်စွာ သူ၏ တက္ကသိုလ်တွင်လည်း အချိန်ပိုင်းပို့ချဦးမည်ဟု သိရ၏။ [ပါမောက္ခ ခင်မောင်မောင်သည် ဒေါက်တာဘွဲ့ရသူဖြစ် သော်လည်း ပါမောက္ခဘွဲ့ကို ဦးစားပေးသဖြင့် ဒေါက်တာဘွဲ့ကို ချန်လှပ်သည်ကို သတိပြု စေလိုပါသည်။ အမည်ရှေ့တပ်ဂုဏ်ပုဒ်ပြဘွဲ့ (title) တစ်ခုဆို လုံလောက်ပြီဟု ကမ္ဘာ့တက္ကသိုလ်လောကတွင် စံပြုထားပါသည်။ ပါမောက္ခဒေါက်တာဟု ဂုဏ်ပုဒ်နှစ်မျိုးတပ်ရိုး ကမ္ဘာ့တက္ကသိုလ်ကြီးများတွင် အစဉ်အလာ မရှိပါ။]
မြန်မာ့ပညာရေးကို လကွယ်ညဥ့်နှင့် နှိုင်းသဖြင့် ပါမောက္ခ ခင်မောင်မောင်ကို ရူပဗေဒ မိုးသောက်ကြယ်အဖြစ် တင်စားရပေမည်။ သူရောက်လာသဖြင့် မြန်မာ့ရူပဗေဒမိုးသောက် ချိန်ရောက်ပြီဟု ပြောနိုင်လေပြီ။ သို့သော် သူသည် (အနောက်တိုင်း) အမေရိကန်နိုင်ငံတွင် နေထိုင်လုပ်ကိုင်နေသူ ဖြစ်သောကြောင့် အနောက်ကောင်းကင်က ညဥ့်ဦးကြယ် (သို့) သောကြာကြယ်ဟုလည်း တင်စား၍ရပါသည်။ မိုးသောက်ကြယ်နှင့် သောကြာကြယ်မှာ တစ်ခုတည်းဖြစ်သည်ကို သတိပြုကြပါကုန်။
တစ်ရံရောအခါက မန္တလေးတက္ကသိုလ်၏ ရူပဗေဒရွှေခေတ်
ဖူးဘရိုက်ဖောင်ဒေးရှင်း အထောက်အပံ့ ဖြင့် မန္တလေးတက္ကသိုလ်တွင် ရူပဗေဒသင်ကြားသူအဖြစ် ပါမောက္ခ ခင်မောင်မောင်သည် ရှေးဦးပထမ မဟုတ်ပါ။ နှစ်ပေါင်း ၅ဝကျော်က အတိတ်ကို ပြန်ကြည့်ပါစို့။ ၁၉၅၉ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ သုံးနှစ်ကြာအောင် ဖလော်ရီဒါတက္ကသိုလ်မှ ပါမောက္ခ ရောဘတ် ခရိုဇီယာဝီလီယံဆန် (Prof. Robert Crozier Williamson) သည် ဖူးဘရိုက်ဖဲလိုးအဖြစ် မန္တလေးတက္ကသိုလ်တွင် ရူပဗေဒပို့ချ ခဲ့ပါသည်။ ဝီလီယံဆန်သင်ပေးခဲ့သော ရူပဗေဒ ဂုဏ်ထူးတန်းလေးသုတ်ရှိသည်။ ပထမသုတ် ဦးအုန်းမောင် (မိုး/ဇလ ညွှန်ချုပ်)နှင့် ဒေါက်တာ မျိုးတင့်(ပါမောက္ခ)၊ ဒုတိယသုတ်တွင် ဒေါက်တာလှမြင့်(ပါချုပ်)နှင့် ဦးကြီးမြင့် (ပါချုပ်)၊ တတိယသုတ်တွင် ဦးဌေးအောင် (တွဲ-ပါမောက္ခ)၊ ဒေါ်ရီရီမြ (ကထိက)၊ ဦးရာမ (ဆေးရူပပညာရှင်အမေရိကန်)နှင့် M.Sc(Q) အဆင့်ဆရာကြီး ဦးသောင်း၊ ဦးဆန်နီနှင့် ဦးစိန်ဝင်း၊ စတုတ္ထသုတ်တွင် ဦးဖုန်းမြင့် (ပါချုပ်)နှင့် ကျွန်တော် ဘိုးလှိုင်အပြင် M.Sc(Q) မှ ဦးခင်မောင်သိန်း(ကထိက)၊ ဦးကျော် (စစ်တက္ကသိုလ်နှင့် ပခုက္ကူကျောင်း အုပ်ကြီး)၊ ဒေါက်တာထွန်းရွှေ (စစ်တက္ကသိုလ်၊ ပါမောက္ခနှင့် အေဘက်တက္ကသိုလ်)တို့ ပါဝင်သည်။ အတန်းတစ်တန်းစီတွင် အတန်းသားဦးရေ အတော်နည်း၏။ အများဆုံး ငါးယောက်၊ ခြောက်ယောက်သာ ရှိသည်။
၁၉၅၈-၁၉၆၃ ခုနှစ်အတွင်း မန္တလေး တက္ကသိုလ် ရူပဗေဒဆရာအင်အားမှာ အရေ အတွက်မများသော်လည်း ပညာအားအလွန် ကောင်းသည်။ ပါမောက္ခ ဝီလီယံဆန်အပြင် ဆရာ အာလီအာမက် ပါမောက္ခအဖြစ် ရှိသေးသည်။ ၎င်းပါမောက္ခနှစ်ဦးအပြင် ကထိက ဆရာကြီး သုံးယောက် ဂုဏ်ထူးတန်းပို့ချသည်။ ပါမောက္ခ အာလီအာမက်ကို ရှေးရိုး ရူပဗေဒအထူးနိုင်နင်းသူအဖြစ် ကျွန်တော် ဂုဏ်ပြုမှတ်တမ်းတင်လိုသည်။ ဆရာ အာလီ သည် ကျွန်တော်တို့နှင့်အတူ အတန်းထဲတွင် လာထိုင်ပြီး ဝီလီယံဆန်ပို့ချသော ကွမ်တမ် မက္ကင်းနစ်အတန်းတက်သည်။ ပညာရှာလိုသူအတွက် အသက်ကြီးသည် မရှိ ဆောင်ပုဒ်ကို ဆရာအာလီက လက်တွေ့လိုက်နာပြသည်ဟု မှတ်ယူရ၏။
ပါမောက္ခနှစ်ဦးအပြင် မန္တလေးတက္ကသိုလ်တွင် ကထိကသုံးဦးရှိပါသေးသည်။ အားလုံး တကယ့် ရူပဗေဒ ဆရာကြီးများပါပေ။ ဆရာဦးကျော်မြင့်သည် အလွန်အသင်အပြ ကောင်း၏။ အားတက်သရောသင်၏။ လန်ဒန်တက္ကသိုလ်မှ M.Sc ဘွဲ့ရပြီး မြန်မာတစ်လုံး တစ်ပါဒမပါဘဲ အင်္ဂလိပ်လို အလွန်ဌာန် ကရိုဏ်းကျသားနားစွာ ပြောသူဖြစ်၏။ ဦးကျော်မြင့်သည် ရုပ်ရည်ချော၏။ လစာကောင်း၏။ သို့သော်ငြား တစ်ကိုယ်တည်း လူပျိုကြီးအဖြစ် ကျောင်းသား ကျောင်းသူများအပေါ် သားသမီးပမာ တွယ်တာသည်။ ယခုအထိ တပည့်များက တမ်းတမ်းတတဆရာ ကြီးပါပေ။ အငြိမ်းစားပြီး ၁၉၉ဝ ခုနှစ်တွင် ကွယ်လွန်ရှာသည်။ ဦးတင်ဦးလှိုင်သည် မစ်ရှီဂန်တက္ကသိုလ်မှ M.Sc ဘွဲ့ရသည်။ အင်္ဂလိပ်လို ချောမွတ်စွာသင်ကြားသည်။ စာသင်ကောင်းသည်။ ဖော်ရွေရင်းနှီးသည်။ သူလည်း ဦးကျော်မြင့်အတိုင်း တစ်ကိုယ်တည်း၊ ယခု အသက် (၈၃)နှစ် ကျန်းမာသေးသည်။ ဦးသာလှိုင်သည် ဖလော်ရီဒါတက္ကသိုလ်မှ M.Sc ရ၏။ နည်းနည်းတင်းကျပ်သော ဆရာဖြစ်သည်။ စာသင်ကောင်း၏။ ကျွန်တော် တွေ့ဖူးသမျှ ရူပဗေဒဆရာများတွင် အီလက်ထရွန်နစ် လက်တွေ့သင်ကြားမှုတွင် အပေါက်မြောက်ဆုံး ဆရာအဖြစ် သတ်မှတ်ပါ သည်။ ဆရာ့တွင် အိမ်ထောင်ရှိ၊ ယခုလအထိ ကျန်းမာဆဲ။
ဆရာအားလုံးက ဂုဏ်ထူးတန်းအတွက် စမ်းသပ်ခန်းတွင် လက်တွေ့ဆည်းပူးမှုကို ကိုယ်တိုင်ကြီးကြပ်ပေးသည်။ ဌာနတွင် ရှိသမျှပစ္စည်းကို စိတ်ကြိုက် သုံးခွင့်ပေး ထားသည်။ ပါမောက္ခနှစ်ယောက်နှင့် ကထိက သုံးယောက်ပေါင်းပြီး အတန်းသားလေးငါး ယောက်သာရှိသော အတန်းကို ပို့ချပေးသဖြင့် ဆရာ၊ကျောင်းသား မည်မျှရင်းနှီးသည်၊ ဆရာ က ကျောင်းသားအပေါ် မည်မျှဂရုစိုက်သည်ကို ချင့်ချိန်ကြည့်နိုင်ပါသည်။ ကျောင်းသားဦးရေ နည်း၏။ သို့သော် အရည်အသွေးအလွန်မြင့်၏။ မန္တလေးတက္ကသိုလ်၏ ဤရူပဗေဒဂုဏ်ထူး တန်းပထမလေးသုတ်မှ ဘွဲ့ရများကို ကြိုက်ရာထိပ်တန်းတက္ကသိုလ်၏ ဘွဲ့ရနှင့် နှိုင်းယှဉ်နိုင်သည်။ သူတို့ကြောင့် အမိတက္က သိုလ် ဂုဏ်မငယ်မှာ သေချာပါ၏။
ပြည်ပြေးက တိုင်းပြည်ကို ကျေးဇူးဆပ်လေပြီ
ပါမောက္ခ ခင်မောင်မောင်သည် ပြည်ပြေးဘဝရောက်ခဲ့ဖူး၏။ သူဘွဲ့ရသည်။ M.Sc ဘွဲ့လည်းရ၏။ သို့သော် သင့်တော်ရာ အလုပ်မရ။ ပြည်ပပညာသင်ထွက်ဖို့လည်း ဆူဆူပူပူ။ ထိုခေတ် (၁၉၆၇-၆၈) ခုနှစ်တွင် လွယ်လွယ်နှင့် ပတ်စ်ပို့ လျှောက်လို့မရ။ အာဏာရှင်ဦးနေဝင်း၏ခေတ် စီးပွားရေးက ချွတ်ခြုံကျ။ နိုင်ငံကို အလုံပိတ်ထားသည်။ နိုင်ငံသားများ ပြည်ပထွက်ခွင့်မရ။ ထို့ကြောင့် ခင်မောင်မောင်သည် သူငယ်ချင်း ရိုင်ဖူး အာမက်နှင့်အတူ နယ်စပ်ဖြတ်ပြီး ထိုင်းနိုင်ငံထဲသို့ပြေးသည်။ သို့သော် နယ်စပ်တောထဲ သူပုန်နယ် မှောင်ခိုကုန်သည်များ ကျက်စားရာ မြေတွင် သောင်တင်နေ၏။ သူ့ကို ပြင်သစ် လူမျိုးသာသနာပြု ဘုန်းကြီးတစ်ပါးက စောင့်မကြည့်ရှု၏။ ''ဒီပတ်စ်ပို့ဘယ်လိုရလာသလဲ၊ မင်းငါ့ကို မမေးနဲ့လို့ ပြောပြီး ကျွန်တော်ကို ပတ်စ်ပို့ပေးတယ်'' ဆရာဟု ခင်မောင်မောင် က ကျွန်တော့်ကို ပြောပြသည်။ ဘုန်းကြီးက သူ့ကို ကူညီသည်။ ပုံပြင်ရှည်ကို တိုတိုပြောသော် ခင်မောင်မောင် အမေရိကန်ရောက်၊ ဘွဲ့လွန် ကျောင်းသားဖြစ်၊ Ph.D ဘွဲ့ရ။ နောက်တက္ကသိုလ်ဆရာငယ်မှစပြီး ပါမောက္ခအထိ တက်လှမ်းခဲ့ပြီ။
ထူးဆန်းရူပဗေဒ သို့မဟုတ် ဟိုက်ပါရူပဗေဒ
'မြန်မာ့အဆင့်မြင့်ပညာ နိမ့်ကျလာခဲ့သည်မှာ နှစ် ၅ဝ ကျော်လေပြီ' ဟု ကျွန်တော် ဤဆောင်းပါးအစကို ဖော်ပြခဲ့သည်။ သို့သော်လည်း မန္တလေးတက္ကသိုလ် ရူပဗေဒဌာနက တော့ အလွန်ကြီး ဆိုးဆိုးရွားရွား မဖြစ်သေးပါ။ ဌာနတွင် ပြစရာကောင်းကွက်ကလေးမှိတ်တုတ် မှိတ်တုတ်လင်းနေသေးသည်။ လကွယ်ညဥ့် မိုးကောင်းကင်က ကြယ်ကလေးတွေနှင့် နှိုင်းပါ က မဆိုးသော ဥပမာဖြစ်၏။ သိသူတွေအတွက်တော့ ချီးမွမ်းစရာအကွက်ပါပေ။ အလွန်လူ သိနည်းသော အထူးတကာ အထူးနယ်ဖြစ်သည့် ''ဟိုက်ပါ နျူကလီးယား ရူပဗေဒ'' (hypernuclear physics) တွင် မန္တလေးမှ ရူပဗေဒအဖွဲ့ကလေးသည် ထူးချွန်၏။ စွမ်းစွမ်းတမံ သုတေသနစာတမ်းတွေပြုစုနေသည်။
မှန်ပါ၏။ ဟိုက်ပါနျူကလီးယား ရူပဗေဒဟုခေါ်သည်။ ဆန်းပြားသော ရူပဗေဒဖြစ်၏။ လူသိနည်းသော၊ နားလည်ရခက်သော ပညာနယ်ဖြစ်၏။ သို့သော် ဤနယ်ကိုမှ စိတ်ဝင်စားသော ရူပဗေဒပညာရှင်များ အထင်ကရတက္ကသိုလ်များတွင် ရှိနေပါသည်။ အထူးသဖြင့် ဂျပန်တက္ကသိုလ်များတွင် စိတ်ဝင်စားသူတွေ ရှိသည်။ ဤနယ်ကို အာရုံစိုက်ပြီး သုတေသန လုပ်နေကြသည်။ ဟိုက်ပါနျူကလီးယပ်တဲ့။ အဲဒါဘာပါလိမ့်။ အက်တမ်တွင် နျူကလီးယပ်ဟု ခေါ်သော အရွယ်အလွန်သေးသည့် ဗဟိုဝတ်ဆံကလေး ရှိသည်။ နျူကလီးယပ်ထဲတွင် ထူးဆန်းအမှုန် သို့မဟုတ် ဟိုက်ပါအမှုန် (Strange Particle or hyper particle) ပါဝင်လျှင် ၎င်းကို ဟိုက်ပါနျူကလီးယပ်ဟုခေါ်သည်။ အဲတော့ ''ထူးဆန်း'' (strange) ဆိုတာ ဘာလဲဟု ထပ်မေးဖို့လိုဦးမည်။ ရုပ်ပစ္စည်းကို အသေးတကာအသေးဆုံး၊ သူ့ထက်သေးတာမရှိပြီဟု ဆိုနိုင်သော အဆင့်တွင် အမှုန်ခြောက်မျိုးနှင့် ယင်းတို့၏ မိတ်ဖက်ဆန့်ကျင်အမှုန်ခြောက်မျိုး ရှိကြောင်း သဘောတရား ရူပဗေဒဆရာတို့က ဖော်ထုတ်ထားသည်။ ထိုအမှုန် ခြောက်မျိုးကို ''ကွပ်'' (quark) ဟု ခေါ်သည်။ ဆန့်ကျင်ဘက်များက ''ဆန့်ကျင်ကွပ်'' (antiquark) များ ဖြစ်သည်။ ထိုခြောက်မျိုးသော ကွပ်တွေထဲမှ တစ်ခုကို ''ထူးဆန်း'' (strange) ဟု ကင်ပွန်း တပ်ထားသည်။ မှန်ပါသည်။ အမှုန်၏ ဂုဏ်သတ္တိထူး တစ်မျိုးကို ''ထူးဆန်းခြင်း'' (strangeness) ဟုရူပဗေဒဆရာတို့က အမည်တပ်ထားသည်။ ထူးဆန်းခြင်း ဂုဏ်ဆောင်သော အမှုန်ကို ထူးဆန်းအမှုန် (strange particle) ခေါ်ပြီး ထူးဆန်းအမှုန်အနည်းဆုံး တစ်ခုပါဝင်သော နျူကလီးယပ်ကို ဟိုက်ပါ နျူကလီးယပ်ဟု ခေါ်ပါသည်။
ဟိုက်ပါနျူကလီးယား ရူပဗေဒကို အသိခက်သော၊ လူသိနည်းသော ပညာနယ်ဟုရှေ့တွင် ကျွန်တော် ရေးခဲ့သည်။ ထူးဆန်းခြင်း (strangeness)သည် ရှေးဦးမူလတွင် သဘောတရား သက်သက် လိုအပ်ချက်အဖြစ် သီအိုရီရူပဗေဒဆရာများက ထွင်ထားသော ''စိတ်ကူးထဲမှ ရုပ်ဂုဏ်သတ္တိ'' (imaginary entity) ဖြစ်၏။ ယခုခေတ်တွင် ထူးဆန်းအမှုန် များ၊ ဟိုက်ပါနျူကလီးယပ်များကို လက်တွေ့ တကယ် ထုတ်လုပ်ပေးနိုင်စွမ်းသော ''အမှုန် တွန်းအားပေးစက်'' (accelerator) ဟု ခေါ် သော ဧရာမ ကိရိယာကြီးများ ဂျပန်၊ ဥရောပ နှင့် အမေရိကန်လက်တွေ့သုတေသနဌာန ကြီးများတွင် ရှိနေလေပြီ။ ဟိုက်ပါနျူ ကလီးယပ်ကို လူလုပ်လို့ရပြီ။ ဤနယ်ပယ်အတွက် ရူပဗေဒသည် အလွန်နက်ရှိုင်း၏။ ဉာဏ်ကြီးသော၊ အတွေးကောင်းသော ပညာရှင်များနှင့်သာ အပ်စပ်သော နယ်ဖြစ်၏။ ဟိုက်ပါ နျူကလီးယား သုတေသနလုပ်နိုင် သော လက်တွေ့ဌာန ဂျပန်၊ ဥရောပနှင့် အမေရိကန်တွင် ရှိသည်ဟု ဆိုသော်လည်း အရေအတွက် မများပါ။ ရှားပါးသုတေသန နယ်ဖြစ်သည်။ ပညာကခက်ခဲသောကြောင့်၊ သိမ်မွေ့သောကြောင့် ရူပဗေဒဆရာများ ခွဲတမ်းချပြီး နယ်ခွဲ၍ သုတေသနလုပ်ကြရသည်။ လက်တွေ့ပညာရှင် (experimentalist) ဟုခေါ်သော သုတေသီများက လက်တွေ့သုံးကိရိယာတွေ တီထွင်၊ ဆောက်လုပ်၊ စမ်းသပ်ချက်တွေလုပ်ပြီး အချက်အလက် (data) များ ဖော်ထုတ်သည်။ သဘောတရားဆရာ (theorist) ဟုခေါ်သော ဆရာများက လက်တွေ့အချက်အလက်များကို ကြည့်ရှု သရုပ်ခွဲပြီး သဘောတရားရေး တွေးသည်။ တွက်ကိန်းတွေထုတ်သည်။ ဘယ်လိုဘယ်လို စမ်းသပ် ကြည့်ကြပါဦးဟု နယ်သစ် ဖော်ဖို့အကြံဉာဏ်တွေပေးသည်။
မန္တလေးက ဟိုက်ပါနျူကလီးယားအဖွဲ့
မန္တလေးတွင် ဟိုက်ပါနျူကလီးယား သုတေသနအဖွဲ့ကို ဦးစီးရှေ့ဆောင်သူသည် ဆရာမကြီး ဒေါ်ခင်ဆွေမြင့် ဖြစ်၏။ သူသည် ဟုတ်ကိုင်ဒိုတက္ကသိုလ်မှ Ph.D ဘွဲ့ရ၏။ စူးစူးစိုက်စိုက် ဟိုက်ပါ နျူကလီးယားရူပဗေဒ သုတေသနလုပ်သဖြင့် ပညာရှင်အသိုက်အဝန်းတွင် လူသိများ၏။ မန္တလေးတွင် ရူပဗေဒ ပါမောက္ခဖြစ်လာ၏။ သို့သော် ကျွန်တော်တို့၏ နိုင်ငံတော်တွင် ထူးချွန်သော ပါမောက္ခကို ဂုဏ်ပြုသောနည်းလမ်းမရှိပါ။ ဘာဆုမှ ပေးလေ့မရှိပါ။ ထို့ကြောင့် ပါမောက္ခ ဒေါ်ခင်ဆွေမြင့် ထူးချွန်လို့ပါမောက္ခချုပ်အဖြစ် ''ရာထူးတိုး''ပေးလေသည်။ အံ့ဖွယ်ပါတကား။ ဒေါ်ခင်ဆွေမြင့်၏ သုတေသန ၄-၅ နှစ်လောက် ဆုတ်ယုတ်သွားသည်။ ''ပါမောက္ခကို ရာထူး တိုးပေးသတဲ့''။ ''ပါမောက္ခဆိုသော ဝေါဟာရ ၏ မူလအဓိပ္ပာယ်ကွယ်ပျောက်နေလေပြီ။''
သို့သော် မန္တလေးတက္ကသိုလ်ကံကောင်း လာပုံရ၏။ဒေါ်ခင်ဆွေမြင့် ပါ/ချုပ်မှ အငြိမ်းစား ယူပြီးပါပြီ။ ဂုဏ်ထူးဆောင် ပါမောက္ခအဖြစ် ဟိုက်ပါနျူကလီးယားအဖွဲ့ကို ပြန်လည် ဦးဆောင်ပြီး Ph.D သင်တန်းသားများကို သုတေသနကြီးကြပ်ပေးနေပါပြီ။
(စကားမစပ်-ထူးချွန်သော ဂုဏ်ထူး ဆောင် ပါမောက္ခကို လစာငွေကြေး ဘယ်လောက်၊ရုပ်ဝတ္ထုအထောက်အပံ့ ဘယ်ပုံနှင့် ချီးမြှင့်ထားပါလိမ့်။ ကိုယ်ပိုင်ကား ကိုယ်တိုင် မောင်းပြီး ဒေါ်ခင်ဆွေမြင့် ကျောင်းတက်နေရ မည်ထင်ပါ၏။ ဆရာဆိုတာ ဂုဏ်ထူးဆောင်ပါမောက္ခကို လူရာသွင်းလေ့မရှိတာ တက္ကသိုလ်ဆရာ ဆရာမ အားလုံးအသိ မဟုတ်ပါလား။)
ဒါတွေထားပါတော့။ နိုင်ငံအောက်တန်းကျနေသော အခြေအနေထဲမှ သုတေသီအဖွဲ့တစ်ဖွဲ့သည် ကမ္ဘာ့တက္ကသိုလ်များနှင့် ရင်ပေါင်တန်းသုတေသနလုပ်နေပါသည်ဟု သိရသဖြင့် စာဖတ်သူအတွက် စိတ်လှုပ်ရှားဖွယ် ကောင်းပါလိမ့်မည်။ ဒေါ်ခင်ဆွေမြင့်၏ သုတေသနစာတမ်းများ၊ သူ့စာတမ်းကို ကိုးကားမှီငြမ်းသော သုတေသီများ စာရင်းကို အင်တာနက်တွင် လွယ်လွယ်ရှာလို့ရပါသည်။ ရှာကြည့်စေလိုသည်။ နားလည်ဖို့ မလိုပါ။ စာရင်းမြင်ဖူးရုံ ကြည့်စေလိုသည်။ khin swe myint, hypernuclear physics ဟု Google search တွင် ရိုက်သွင်းပြီး'ကလစ်'လုပ်ကြည့်ပါ။
အခြေခံသဘောတရားရူပဗေဒ၊ ကွမ်တမ်မက္ကင်းနစ်
အက်တမ်နှင့် ယင်းထက်သေးငယ်သော ပစ္စည်းများအတွက် ရှေးရိုးရူပဗေဒဟု ခေါ်သော နယူတန်၏ရူပဗေဒ (Classical Physics or Newtonian physics)ကို သုံး၍ မရပါ။ အသုံးဝင်သော သဘောတရားရေး ရူပဗေဒအသစ်ကို ကွမ်တမ်မက္ကင်းနစ် (Quantum Mechanics-QM)ဟု ခေါ်ပါသည်။ ဟိုက်ပါနျူကလီးယား ရူပဗေဒအဖွဲ့လက်သုံးပြုစရာမှာ အခြေခံ QM မဟုတ်ပါ။အဆင့်မြင့် QM ကိုင်စွဲရပါမည်။ နာမည်ကျော် နိုဘယ်ဆုရ ရူပဗေဒဆရာ လူရွှင်ပေါ် လွင်သူ ရစ်ချက်ဖိုင်မန်၏ အဆိုအရ တကယ်တမ်း ကွမ်တမ်မက္ကင်းနစ်ကို သိနားလည်သူ ဤကမ္ဘာတွင် တစ်ဦးတစ်ယောက်မျှမရှိပါ။ အိုင်စတိုင်းလို၊ နီး(လ်)ဘိုးလို ရူပဗေဒအကျော် အမော်ပဂေးကြီးတွေလည်း QM ကို တကယ် နားမလည်ပါ။ သို့သော်လည်း QM သည် အဏု မြူအဆင့်နှင့် ဒီထက်သေးသည့်လောကကို ဆင်းပြီး လေ့လာသော ရူပဗေဒဆရာများအတွက် လက်တွေ့အသုံးတည့်လှသော မရှိမဖြစ်လက်နက်ကိရိယာတစ်ခုဖြစ်ပါသည်။ ရူပဗေဒပညာရှင်စစ်မှန်လျှင် QM ၏အခြေခံ လေးလောက်တော့ မသိမဖြစ် သိထားမှ ဖြစ်သည်။
ပါမောက္ခခင်မောင်မောင်၏ ကဏ္ဍ
ပါမောက္ခခင်မောင်မောင်၏ လက်ရှိအလုပ်အကိုင်သည် တောင်ပိုင်းမစ်ဆိုရီ တက္ကသိုလ်တွင် ရူပဗေဒဌာနမှူးဖြစ်၏။ သူသည် သဘောတရား ရူပဗေဒအထူးပြုသူဖြစ်သော်လည်း သူ၏ဌာနတွင် လက်တွေ့ရူပ ဗေဒရော သဘောတရားရူပဗေဒကိုပါ လေ့လာသုတေသန လုပ်နေပါသည်။ ဆရာ ခင်မောင်မောင် ကျက်စားသော အထူးပညာ နယ်သည် အဆင့်မြင့်ကွမ်တမ်မက္ကင်းနစ်နှင့် နျူကလီးယားတည်ဆောက်ပုံ သီအိုရီဖြစ်၏။ ထို့ကြောင့် ဆရာခင်မောင်မောင်အနေဖြင့် မန္တလေးမှ ဟိုက်ပါနျူကလီးယားအုပ်စုနှင့် လက်တွဲမိရန် အခက်အခဲမရှိနိုင်ပါ။ မန္တလေးတွင် ဆရာခင်မောင်မောင် အဆင့်မြင့် ကွမ်တမ် မက္ကင်းနစ်နှင့် နျူကလီးယား သီအိုရီ ပို့ချ လိမ့်မည်။ အခွင့်သင့်ပါက ဘွဲ့ကြိုအဆင့်အခြေခံ ကွမ်တမ်မက္ကင်းနစ်လည်း သင်ဦးမည်ဟု မျှော်လင့်ရသည်။ သင်ဖြစ်ပါစေ ဆုတောင်းပါ၏။ ဒါမျှမက အခါအားလျော်စွာ ရန်ကုန်လာပြီး သင်ဦးမည်။ ကျောင်းသားအပေါင်းတို့ ကွမ်တမ်မက္ကင်းနစ်ခက်လှချည်ရဲ့ မညည်းကြနှင့်။ အဲဒါတကယ့်ကမ္ဘာ့အဆင့်ရူပဗေဒဖြစ်သည်။
[စာဖတ်သူအပေါင်းတို့ ဆရာ ခင်မောင်မောင်နှင့်ဒေါ်ခင်ဆွေမြင့်တို့ ပညာနယ်တွင် ကမ္ဘာ့တန်းဝင်ပုံကိုသိနိုင်ရန် အင်တာနက်တွင် ရှာကြည့်စေလိုသည်။ google search တွင် "khin swe myint, hypernuclear physics, mandalay university'' နှင့် ''khin maung maung , physics, university of southern missouri'' ရိုက်ထည့်ပြီး ရှာဖွေ၍ ကလစ်လုပ်လျှင် ပေါ်ထွက်လာပါမည်။]
ဖြည့်စွက်။ ကျွန်တော်ဘိုးလှိုင် အမည်ရင်း ဒေါက်တာတင်လှိုင်က ခင်မောင်မောင်နှင့် ခင်ဆွေမြင့်တို့အတွက် ဂုဏ်ယူပါသည်။ လွန်ခဲ့သော နှစ်လေးဆယ်ကျော်တုန်းက သူတို့ သည် ရန်ကုန်တက္ကသိုလ်တွင် ကျွန်တော်သင်ကြားသော ရူပဗေဒအတန်းများ တက်ခဲ့သူ ပညာချွန်ကျောင်းသား/သူ ဖြစ်ခဲ့သောကြောင့်ပါတည်း။
[ဘိုးလှိုင်သည် မန္တလေး၊ မကွေး၊ ရန်ကုန်တက္က သိုလ်များတွင် ရူပဗေဒဆရာလုပ်ခဲ့ပြီး ရန်ကုန်နည်းပညာတက္ကသိုလ်တွင် အချိန်ပိုင်းပါမောက္ခလည်း လုပ်ခဲ့သည်။ လက်ရှိတွင် ဘိုးလှိုင်သည် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင်နှင့် မြန်မာနိုင်ငံနည်းပညာရှင်အဖွဲ့တွင် အမှုဆောင် အဖွဲ့ဝင် ဖြစ်သည်။]

No comments:

Post a Comment