Friday, December 9, 2016

မုံးကိုးဒေသ တိုက်ပွဲဖြစ်စဉ် ကြုံတွေ့ရသူ ရဲတပ်ဖွဲ့မိသားစုများ၏ ရင်ဖွင့် စကားများ



နေပြည်တော် ဒီဇင်ဘာ ၈
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်၊ မုံးကိုး၊ ဖောင်းဆိုင်၊ ကြူကုတ် (ပန်ဆိုင်း)၊ ဟေမုံးလုံ နယ်မြေများသို့ နိုဝင်ဘာ တတိယပတ်အတွင်း KIA /TNLA/ MNDAA/ AA လက်နက်ကိုင်အဖွဲ့များ ပူးပေါင်းပြီး တပ်မတော်စခန်းများ၊ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ စခန်းများ၊ ရဲကင်းများအား သာလွန်အင်အားဖြင့် ဝင်ရောက်တိုက်ခိုက် ခြင်း၊ လားရှိုးနှင့် မူဆယ်အကြား ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ တံတားများအား ဖောက်ခွဲဖျက်ဆီးခြင်းများအပြင် ၁ဝ၅ မိုင် ကုန်သွယ်ရေးစခန်းအား ပစ်ခတ်တိုက်ခိုက် ခြင်းတို့ ပြုလုပ်ခဲ့သည်။


အဆိုပါ လက်နက်ကိုင်အဖွဲ့များ ပူးပေါင်း၍ အင်အားသုံးတိုက်ခိုက်ခဲ့ခြင်း ကြောင့် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ပြီး တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင်များနှင့် ဒေသခံပြည်သူအချို့ ကျဆုံး သေဆုံး၊ ထိခိုက်ဒဏ်ရာရမှုများရှိခဲ့ပြီး နိုင်ငံ့ဝန်ထမ်းများအပါအဝင် ဒေသခံပြည်သူများမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ ကြရသည်။
ထိုသို့ တိုက်ပွဲရှောင်မိသားစုများအနက်မှ မုံးကိုးဒေသတိုက်ပွဲများကြောင့် မူဆယ် ရဲစခန်းအတွင်း ရောက်ရှိနေသည့် မိသားစုများအား တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။
ဒေါ်တင်မျိုးလတ် (ရဲတပ်ကြပ်ကြီး အောင်ဆင့်၏ ဇနီး)
''ကျွန်မကတော့ ပညာရေးဌာနက ဝန်ထမ်းတစ်ဦးပါ။ အမျိုးသားက ရဲတပ်ကြပ်ကြီး အောင်ဆင့်ပါ။ သူကတော့ အခုလက်ရှိ လားရှိုးရဲစခန်းမှာ ရှိနေပါတယ်။ တိုက်ပွဲမှာမသေဘဲ ကျန်ခဲ့တဲ့သူပေါ့။ ကျွန်မတို့ မုံးကိုးမြို့ကို နိုဝင်ဘာ ၂ဝ ရက် နံနက် ၂ နာရီမှာ လက်နက်ကိုင် အဖွဲ့တွေက လာရောက် ပစ်ခတ်ပါတယ်။ ရဲစခန်းနဲ့ တပ်စခန်းကို အဓိကထား ပစ်ခတ်ကြတယ်။ ရဲစခန်းကို အမှောင်ချထားပါတယ်။ နံနက် ၁ဝ နာရီလောက်မှာ စခန်းမှူးက အထက်ကိုတင်ပြပြီး ရဲမိသားစုဝင်တွေ လုံခြုံ ဘေးကင်းရာ ဖြစ်တဲ့ တစ်ဖက်နိုင်ငံ မန့်ဟိုင်းမြို့ကို ပို့ဆောင် ပေးခဲ့ပါတယ်။ အဲ့ဒီကနေမှ ၃ဝ ရက်မှာ မူဆယ် ခရိုင်ရဲမှူးက ပြည်ပ ရေးရာအဖွဲ့တွေနဲ့ ဆက်သွယ်ပြီး အားလုံးကို ခေါ်ယူခဲ့ပါတယ်။ ဒီရောက်တော့ စားဝတ်နေရေး၊ နေထိုင်ရေး အစစအရာရာ အဆင်ပြေအောင် စီစဉ်ပေးထားပါတယ်။
''အခုလို တိုက်ပွဲဖြစ်တာတော့ ဘဝမှာ တစ်ခါမှမကြုံဖူးဘူး။ အလွန်ပြင်းထန် ပါတယ်။ ဟိုအရင်ရက်တွေကတော့ ပစ်ခတ်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဖြစ်နေတဲ့ အချိန် ပုန်းနေလိုက်ကြ၊ အခြေအနေ ကောင်းရင် နံနက် ကျောင်းတက်ကြနဲ့ အဲ့လိုပဲ နေခဲ့တာ။ အခုအခါလိုတော့ ပြင်းထန်မယ် မထင်ဘူး၊ ဘဝမှာ မကြံဖူးတာတွေ ကြုံတွေ့ ရတော့ ခံစားရတာ ရင်နဲ့မဆံ့ပါဘူး။''
ဒေါ်သန္တာစိုး (စခန်းမှူး စစ်ကိုကိုအေး (ကျဆုံး)၏ ဇနီး)
''ရဲတပ်ဖွဲ့ဆိုတာ ဥပဒေအရ ပြည်သူလူထုကို ကာကွယ် စောင့်ရှောက်သူတွေပါ။ တကယ်ဆိုရင် လက်နက်ကိုင် အဖွဲ့တွေနဲ့ တိုက်ရိုက် ပတ်သက်မှု မရှိပါဘူး။ အခုလိုလုပ်တာ တရားလွန်လွန်းတယ်လို့ ထင်ပါတယ်။ ကျဆုံးသွားတဲ့ ရဲတပ်ဖွဲ့ဝင်တွေ အတွက် ရဲတပ်ဖွဲ့မှ တစ်ဦးကို ငွေကျပ်တစ်သိန်းနှုန်းနဲ့ မိသားစု ၁၃ စုကို ထောက်ပံ့ ပေးထားပါတယ်။ ကျဆုံးသူတွေ အတွက် ကောင်းမှုကုသိုလ်ကိုလည်း ဘုန်းကြီးကျောင်းမှာ ၇ ရက်နေ့က သက်ပျောက် ဆွမ်းကပ်ပေးပြီး ဒီကနေ့ ရက်လည်ကို မိသားစုဝင် တွေနဲ့အတူ ရက်လည် ဆွမ်းသွတ် တရားနာ ပြုလုပ်ပေးကြပါတယ်။ အခုဆို ကျွန်မတို့ သားအမိ သုံးယောက် ထောက်ပံ့ကြေးရတဲ့ငွေနဲ့ပဲ ချွေတာပြီး စားဝတ်နေရေးကို ဖြေရှင်းရတော့မယ်။ မိဘတွေရှိတဲ့ ပွင့်ဖြူကိုပဲ ပြန်ပြီး အခြေချတော့မယ်ရှင်၊ ဒီလို အဖြစ်ဆိုးမျိုးကိုလည်း ကြုံလည်းမကြုံချင်ဘူး။ ဖြစ်လည်း မဖြစ်စေချင်တော့ပါဘူး''။
ဒေါ်ခင်နှင်းအေး
''ကျွန်မ အမျိုးသား တာဝန် ကျကတည်းက ဒီဒေသကို ရောက်တာအခုဆို ခုနစ်နှစ် ကျော်ပါပြီ၊ အမျိုးသား ကျန်နေပေမယ့် ကျဆုံးသွားတဲ့ မိသားစုဝင်တွေ အတွက် အလွန်ပဲ စိတ်မကောင်း ဖြစ်ရပါတယ်။ ကျွန်မတို့ရဲ့ မုံးကိုးမြို့ကို သွားမယ်ဆိုရင် တရုတ်ဘက် အခြမ်းကနေ သွားလာရပါတယ်။ မြန်မာလမ်းက လုံခြုံရေး မကောင်းတော့ သွားလာရတာ စိုးရိမ်ရတယ်။ အခုလိုမျိုး ကိုယ့်မျက်စိရှေ့မှာ ဖြစ်ပျက်နေတာတွေကို မြင်ရတော့ ရင်ထဲမှာ ပြောမပြတတ်အောင် ခံစားရပါတယ်။''
မအေးစန္ဒာ (တပ်ကြပ်ကြီး သောင်းတင် (ကျဆုံး)၏ သမီး)
''ကျွန်မအဖေ ရဲတပ်ကြပ်ကြီး သောင်းတင်နဲ့ အစ်ကို ရဲတပ်သား စိုင်းသီဟအောင်တို့ကတော့ ကျဆုံးသွားပြီ ဖြစ်ပါတယ်။ ကျွန်မတို့ အတွက်တော့ ရွှေတောင်ကြီး ပြိုကျသွားသလို ခံစားရပါတယ်။ တစ်ခုတော့ ရှိတယ် တိုင်းပြည်အတွက် အသက်စွန့်ပြီး ပေးဆပ်ခဲ့တဲ့ အတွက် ဂုဏ်ယူမိတယ်ရှင်။ ကျွန်မတို့ မုံးကိုးဒေသက နယ်စွန် နယ်ဖျားကျတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ သွားရောက်တဲ့ တပ်ကူတွေကိုလည်း လက်နက်ကိုင်တွေက သွားလို့မရအောင် လမ်းတွေဖျက်၊ တံတားတွေ ချိုးထားတော့ မြန်မြန် မရောက်နိုင်ဘူး။ တပ်ကူတွေသာ အမြန်ရောက်ခဲ့ရင် အခုလိုအဖြစ်ဆိုးနဲ့ ကြုံတွေ့ရမယ် မထင်ဘူး။ သမီးတို့ လွတ်ရာကို သွားနေကြပါ။ အဖေတို့အတွက် မစိုးရိမ်ပါနဲ့လို့ ပြောခဲ့တဲ့ အဖေ့ကို ကျွန်မတို့ မြင်တောင် မမြင်လိုက်ရပါဘူးရှင်။
(ခရိုင် ပြန်/ဆက်)

No comments:

Post a Comment