Monday, November 21, 2016

ပဲ့ကိုင်ရှင်များ၏ အရည်အချင်းကို မြှင့်တင်ပေးကြပါစို့

မောင်သောင်းဝင်း(တမန်ဟောင်း)
နေပြည်တော်တွင် နိုဝင်ဘာလ ဒုတိယပတ်ကတည်း က ဆောင်းဝင်နေပြီဖြစ်သည်။ နံနက်စောစောတွင် မြူနှင်းများ တစ်ပြိုက်နှစ်ပြိုက်ကျလာသည့်အပြင် မြောက်လေ အေးပါတိုက်လာသဖြင့် အနွေးထည်ဝတ်ဆင်ထားမှ သာ နေရထိုင်ရအဆင်ပြေသည်။ ပန်းခြံနှင့်လမ်းမများ ပေါ်တွင်လည်း နံနက်စောစော လမ်းလျှောက် ထွက်ကြသူများကို မိုးတွင်းကာလကထက် ပိုမိုတွေ့မြင်လာရသည်။ 


ကျန်းမာရေးနှင့်ပတ်သက်၍ ဆရာဝန်များက အသက် (၄ဝ)ကျော်လာ သူများသည် နေ့စဉ်ကျန်းမာရေးလေ့ကျင့် ခန်းတစ်ခုခု လုပ်သင့်သည်ဟု ဆိုထားသည်။ စေတနာပါသော ထိုအကြံပြုချက်များကိုသတင်းစာ၊ ဂျာနယ်များတွင် ဖတ်မိပြီးနောက် အသက် (၄ဝ) ကျော်အရွယ်သို့ ချင်းနင်းဝင်ရောက်လာသည့် စာရေးသူလည်း နေ့စဉ် နံနက်စောစောထ ဘုရားရှိခိုးပြီး ကျန်းမာရေးအတွက် မိနစ်သုံးဆယ်ခန့်အပြေးလေ့ကျင့်ခန်း လုပ်နေရသည်။
ယနေ့လည်း ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း မိနစ် သုံးဆယ်ခန့်ပြေး၊ အကြောလျှော့၊ ရေအနည်းငယ် သောက်ပြီး အိမ်ရှေ့ရှိ ထန်းလျှော်ပက်လက်ကုလားထိုင် ပေါ်၌ခေတ္တနားနေလိုက်ပါသည်။ ထိုသို့နားနေစဉ် ဒုတိယတန်းတွင်ပညာသင်ကြားနေသော သမီးငယ်၏အင်္ဂလိပ်ဖတ်စာကျက်နေသည်ကို အသံထွက်နှင့် အဓိပ္ပာယ်များ မှန်ကန်မှုရှိ ၊မရှိ နားထောင်ကြည့်နေမိပါ၏။ တစ်နေရာအရောက်တွင် Doing ကို(ဘာလုပ်နေသလဲ)ဆိုပြီး ကျက်မှတ်နေသည် ကိုကြားမိလိုက် သဖြင့် သေချာအောင် သမီးငယ်စာအုပ်ကို တောင်းကြည့် လိုက်ရပါသည်။
သမီးငယ် ဖတ်သည့်အတိုင်းပင် Doingကို(ဘာလုပ်နေသလဲ)လို့ ရေးသား ထားသည်ကို အံ့သြဖွယ်ရာ တွေ့ရှိရပါသည်။ သင်ခန်းစာခေါင်းစဉ်ကိုကြည့်လိုက်သည့်အခါ What is he / she doing?၊ ဖြစ်နေသည်။ ဝါကျအပြည့်အစုံရေးမှသာလျှင် သူသည်ဘာလုပ်နေသလဲ၊ သူမသည်ဘာလုပ်နေသလဲဆိုသော အဓိပ္ပာယ် ရရှိနိုင်ပါသည်။ Oxford Dictionary တွင် Doing ကို အဓိပ္ပာယ်များစွာ ဖွင့်ဆိုထားပါသည်။ သို့သော် အမေးစကားလုံး What မပါရှိဘဲ Doing တစ်လုံးတည်းကို ဘာလုပ်နေသလဲဆိုသော အဓိပ္ပာယ်တစ်လုံးမျှ မတွေ့ပါ။ ထိုသို့လွဲမှားသောသင်ပြမှုမျိုးသည် မျိုးဆက်သစ်လူငယ်များအတွက် များစွာအန္တရာယ်ရှိပါသည်။
စာရေးသူက ''သမီးမှားနေတယ်။ ပြုလုပ်နေသည်လို့ ပြင်လိုက်ပါ'' ဆိုတော့ သမီးငယ်က ''မပြင်ရဲဘူး'' ဆိုပြီးခေါင်းခါလာပါတယ်။ ကျောင်းသင်ခန်းစာ များနှင့် ပတ်သက်၍ ကလေးငယ်များသည် ဆရာ ဆရာမများ သင်ပြထားသည်ကိုသာ မှန်ကန်သည်ဟုခိုင်မြဲစွာခံယူထားကြသည်။ တစ်ခါတစ်ရံ ကျောင်းတွင်သင်ကြားပေးလိုက် သည့်မှားနေသော သင်ခန်းစာများကို မိဘများက ထောက်ပြပြင်ဆင်ခိုင်း သည်ကိုပင် လက်မခံဘဲ ခါးခါးသီးသီး ငြင်းဆန်လေ့ရှိကြသည်။ မည်သည့်အတွက်ကြောင့်လဲ ရှင်းပါသည်။ ဦးနှောက်နုနယ်သော ကလေးများသည် သူတို့ ဆရာ ဆရာမများ၏ သင်ကြားပြသထားမှုများကို အမြဲတစေမှန်ကန်သည်ဟု ရိုးသားဖြူစင်စွာ ယူဆထားကြသောကြောင့်ဖြစ်သည်။ နောက်တစ်ပိုင်းက ဆရာ ဆရာမများကို ကြောက်နေသောကြောင့်ဖြစ်သည်။
ထိုသို့ဆိုလျှင် မည်သို့လုပ်သင့်ပါသလဲ၊ လွယ်ပါသည်။ ဆရာ ဆရာမများသည် မိမိသင်ပြရမည့် ဘာသာရပ်ကို ကျွမ်းကျင်ပိုင်နိုင်အောင် ကြိုတင်ပြင်ဆင် လေ့လာသွားရန်လိုအပ်မည်ဖြစ်သည်။ မိမိကို ထမင်းကျွေးသောအလုပ်အပေါ် သစ္စာရှိရန်လိုအပ်ပါ သည်။ ပြည်သူ့အခွန်အခများကို စားသောက်နေမည်ဆိုလျှင် ပြည်သူ များက မွေးဖွားထားသော သားသမီးများအပေါ် မှန်ကန်သော သင်ကြားပြသမှုပုံစံမျိုးဖြင့်သာ အလုပ်အကျွေးပြုသွားသင့်ပါသည်။ ဆရာ ဆရာမများသည် အနန္တောအနန္တဂိုဏ်းဝင်များဖြစ်ကြပါ သည်။ မြင့်မြတ်လှသော ထိုဂုဏ်သိက္ခာကိုထိန်းသိမ်းပြီး တပည့်များအပေါ် စေတနာထားကာ သင်ကြားပြသသွားစေချင်ပါသည်။ ဆရာလုပ်နေခြင်း မဟုတ်ပါ။ ကျောင်းသားမိဘတစ်ဦးအနေ ဖြင့် အပြုသဘောဆောင်စွာ အကြံပြုခြင်းသာဖြစ်ပါသည်။
တိုးတက်နေသောခေတ်ကြီးတွင် သင်ကြားရေး အထောက်အကူပြု ဘာသာစုံအထူးထုတ်များကို လွယ်ကူစွာဝယ်ယူရရှိနိုင်ပါသည်။ မိမိတာဝန်ယူသင်ကြားပြသပေးရ မည့်ဘာသာရပ်ကိုကြိုတင်လေ့လာ ထားသင့်ပါသည်။ ပွဲမဝင်ခင်အပြင်ကကျင်းပဆိုသောစကားအတိုင်း ကြိုတင်ပြင်ဆင်မှုများလုပ်ဆောင်သင့်ပေသည်။ ထိုသို့ကြိုတင် လေ့လာထားမှသာ ဦးနှောက်နုနယ်သည့်ကလေးများကို မှန်ကန်သော သင်ခန်းစာများပို့ချသင်ကြားပေးနိုင်မည် ဖြစ်သည်။ ထိုသို့မလုပ်ဘဲ ဝတ်ကျေတမ်းကျေသဘောမျိုးဖြင့်သာ လုပ်နေမည်ဆိုလျှင် ဆရာ ဆရာမများ၏ အရည်အသွေး တဖြည်းဖြည်းနိမ့်ကျလာမည်ဖြစ်သည်။ ထိုသို့အရည်အသွေး မပြည့်စုံသူများက သင်ကြားပြသလိုက်သော မျိုးဆက်သစ်များ၏ အရည်အချင်းသည် ဆိုဖွယ်ရာပင် မရှိတော့ချေ။
ထိုပြဿနာကို မည်သို့ဖြေရှင်းသွားကြမလဲ။ ရိုးရှင်း လွယ်ကူပါသည်။ အခြေခံကျောင်းများအဆင့်၌ သင်ကြားစီမံအပိုင်းတွင် တာဝန်ယူထားသည့် ကျောင်းအုပ်များက ကြီးကြပ်သွားမည်ဆိုလျှင် ရနိုင်ပါသည်။ ကျောင်းအုပ်များသည် မိမိလက်အောက်ရှိ ဆရာ ဆရာမ တစ်ဦးချင်းစီ၏ အားသာချက်နှင့် အားနည်းချက်များကို သိရှိထားအောင် အနီးကပ်လေ့လာထားသင့်ပါသည်။သို့မှသာလျှင် လူမှန်၊ နေရာမှန် တာဝန်ပေးအပ်နိုင်မည်ဖြစ်သည်။ သင်ကြားရေး အပိုင်းတွင် အားနည်းသော ဆရာ ဆရာမများကိုလေ့ကျင့် သင်တန်းပေးသင့်ပါသည်။ ဆုပေး၊ ဒဏ်ပေးစနစ်လည်း ကျင့်သုံးသင့်ပါသည်။ ထိုသို့ဆောင်ရွက်သွားမည်ဆိုလျှင် သင်ကြားရေးစွမ်းဆောင်ရည်များ တိုးတက်လာမည်မှာ အသေအချာပင်ဖြစ်သည်။
ထို့အပြင် အခြေခံကျောင်းအချို့၌ လပတ်စာမေးပွဲ ကျင်းပမှုနှင့် ပတ်သက်၍ ကျောင်းသားမိဘများထံမှ သဘောထားခံယူနေသည်ဟုလည်း ကြားသိနေရပါသည်။ စာရေးသူအမြင်ကိုတင်ပြရလျှင် အပိုအလုပ်ဟု ထင်မိပါသည်။ ကျောင်းသားများ၏ပညာရည်တိုးတက်ရေးအတွက် အစမ်းစာမေးပွဲများ ဖြေဆိုကျင်းပခြင်းသည် အခြေခံ ကျောင်းများ၏ တာဝန်ပင်ဖြစ်သည်။ မြန်မာနိုင်ငံရှိ ကျောင်းသားများ၏ ပညာရည် အဆင့်အတန်းသည် စာမေးပွဲစနစ်မရှိလျှင် ယခုထက်ပိုမို နိမ့်ကျသွားနိုင်ပါသည်။ နိုင်ငံတကာတွင်လည်း သင်ခန်းစာအခန်းအလိုက် သုံးသပ်ချက်ပြုစုတင်ပြကြရပါသည်။
စာရေးသူတို့ငယ်စဉ်က အစမ်းစာမေးပွဲနှစ်ကြိမ်နှင့် အတန်းတင်စာမေးပွဲဟူ၍ သုံးကြိမ်ဖြေဆိုခဲ့ရသည်။ အစမ်းစာမေးပွဲများတွင် သင်ကြားပြီး သင်ခန်းစာများကို အမှတ် ၁ဝဝ ဖိုးမေးပြီး အချိန်နှစ်နာရီကြာဖြေဆို ရလေ့ရှိသည်။ တစ်ကြိမ်ဆို တစ်ကြိမ်ဆိုသလောက် ထိထိမိမိ ကျက်မှတ်ဖြေဆိုခဲ့ရသည်။ ထို့ကြောင့် သင်ခန်းစာအားလုံး ကျေညက်မှသာ စာမေးပွဲတွင် အမှတ်ကောင်းကောင်း ရရှိနိုင်မည်ဖြစ်သည်။ မှတ်ဉာဏ်မကောင်းသူများနှင့် စာကျက်ပျင်းသူများသည် အောင်မှတ် ၄ဝ ရရှိဖို့ရန် များစွာခက်ခဲကြသည်။
သို့သော်မျက်မှောက်ခေတ် ကလေးငယ်များသည် ၂၅ မှတ်ဖိုးသာဖြေဆိုကြ ရသည်။ စာမေးပွဲတွင်မေးမည့် မေးခွန်းအားလုံးကိုလည်းကြိုပေးထားပြန်သည်။ ၂၅ မှတ်ကို ၄ နှင့်မြှောက်ပြီး အမှတ် ၁ဝဝ ပေးထားခြင်းဖြစ်သည်။ အမှတ်စာရင်းထုတ်ပြန်ခြင်းမရှိဘဲ Grade A ၊ B ၊ C ၊ D သာခွဲခြားထားသည်။ အစမ်းစာမေးပွဲများအတွက် ကျက်မှတ်ရသည့်သင်ခန်းစာမှာလည်း လွန်စွာနည်းနေသောကြောင့် Grade A ရရှိဖို့ရန်မခက်ခဲချေ။ ထိုအကျိုး ဆက်ကြောင့် အမှတ် ၁ဝဝ ဖိုး မေးခွန်းများဖြင့် အရည် အချင်း စမ်းသပ်ခွင့်မရရှိကြသော ကလေးများသည် စတုတ္ထတန်း၊ အဋ္ဌမတန်းနှင့် ဒသမတန်းတို့တွင် ကျရှုံးမှုများကြသည်။ ပဲ့ကိုင်ရှင်များဖြစ်ကြသည့် ဆရာ ဆရာမများ၊ မိဘများနှင့် ပညာရေးဘက်မှ တာဝန်ရှိသူများ အချိန်မီ သုံးသပ်သင့်သော ပြဿနာပင်ဖြစ်သည်။
တချို့သောမိဘများသည် ၁ဝဝ ဖိုးမေးသည့် မေးခွန်းမျိုးကို မကြိုက်ကြဟု ဆိုသည်။ အစမ်းစာမေးပွဲတွင် ၎င်းတို့၏ကလေးများကျရှုံးမည်ကို စိုးရိမ်ပြီး ဆရာ ဆရာမများကို စောဒကတက်ကြသည်ဟုလည်း ဆိုသည်။ မိဘများသည် စာမေးပွဲကျင်းပမှုနှင့်ပတ်သက် ၍စောဒကတက်ခြင်းသည် သားသမီးများ၏ ပညာရည် အဆင့်အတန်းနိမ့်ကျအောင် ဆောင်ရွက်နေခြင်းသာ ဖြစ်သည်။ ပညာရေးဝန်ထမ်းများ၊ ဆရာ ဆရာမများ အနေဖြင့်လည်း သမာသမတ်ရှိမည် ဆိုလျှင် မျိုးဆက်သစ်များပညာ ရည်မြင့်မားရေးအတွက် ပြတ်ပြတ်သားသား ကိုင်တွယ်သွားသင့်ပေသည်။
နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်လိုလျှင် အဓိကအားဖြင့် ပညာရေးတွင် ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်ကြရသည်။ ထိုသို့ရင်းနှီးမြှုပ်နှံရာတွင် နိုင်ငံသားများ၏ ပညာရည် အဆင့်အတန်းမြင့်မားရေးသည် များစွာအရေးပါလျက်ရှိ သည်။ အထူးသဖြင့် မျိုးဆက်သစ်များပညာရည်မြင့်မား နေမှသာလျှင် ထိုနိုင်ငံသည် အဆင်းရဲဆုံးနိုင်ငံများစာရင်းမှ လွတ်မြောက်နိုင်မည်ဖြစ်သည်။
ခြုံ၍တင်ပြရလျှင် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်သည် မျိုးဆက်သစ်လူငယ်များ၏ ပညာတတ်မြောက်မှုအဆင့် အတန်းပေါ်တွင်များစွာတည်မှီလျက်ရှိသည်။ ထိုမျိုးဆက် သစ်များပညာရည်အဆင့်အတန်းမြင့်မားရေးအတွက် သင်ကြားရေးတာဝန်ယူထားသည့် ပဲ့ကိုင်ရှင် ဆရာ ဆရာမများ၏ သင်ကြားမှု စွမ်းရည်ပေါ်တွင်များစွာ မူတည်နေသလို သင့်တော်သည့်သင်ရိုးညွှန်းတမ်းများ၊ သင်ကြားပို့ချမှုနှင့် စာမေးပွဲစနစ်များ ရှိနေရန်လည်း လိုအပ်မည်ဖြစ်သည်။ ကလေးငယ်များ၏ သင်ခန်းစာ ကျွမ်းကျင်တတ်မြောက်မှု အရည်အချင်းကို စမ်းသပ်စစ်ဆေး နိုင်ရန်အဆင့်မီသောမေးခွန်းများနှင့်ပုံမှန်စစ်ဆေးမှုများ မပျက်မကွက်ပြုလုပ်ပေးသွားရန် လိုအပ်ပေသည်။ ထို့ ကြောင့် ပဲ့ကိုင်ရှင်ဆရာ ဆရာမများသည် သင်ကြားစီမံ စွမ်းရည်များ မြင့်မားတိုးတက်နေစေရန်အတွက် ကိုယ်တိုင် လေ့လာဆည်းပူးလေ့ကျင့်မှုများ လိုအပ်မည်ဖြစ်သလို တာဝန်ရှိသူများအပိုင်းကလည်း ထိန်းကျောင်းကြပ်မတ် သွားရန်လိုအပ် မည်ဖြစ်သည်။ ထိုသဘောတရားကို အခြေခံလျက် အနာဂတ် မျိုးဆက်သစ်လူငယ်များ၏ပညာအရည် အသွေးတောက်ပြောင်မြင့်မား တိုးတက်လာကြပါစေ။ ။

No comments:

Post a Comment