Monday, November 21, 2016

နေရာမှန်စွာရသည့် စေတနာသမ္ဘာရ ဂေါပကအဖွဲ့များ တည်ဆောက်ကြပါစို့



တင်အောင်ထွန်း (သုတေသန၊ သာသနာရေး)
သာသနာရေးဝန်ကြီးဌာနသည် ယခင်က သာသနာရေးဦးစီးဌာနအနေဖြင့် ၁၉၆၃-ခုနှစ်ကစတင်၍ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနအောက်၌ တည်ရှိခဲ့၏။ ၁၉၉၂-ခုနှစ်တွင် သာသနာရေးဝန်ကြီးဌာန သီးသန့်ပေါ်ပေါက် ခဲ့ရာ ဝန်ကြီးဌာနအောက်၌ ဦးစီးဌာန ၂-ခု၊ တက္ကသိုလ် ၁-ခုတို့နှင့်အတူရှိခဲ့၏။ ယခုအခါ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနဟူ၍ ဝန်ကြီးဌာန ၂-ခုပူးတွဲအောက်တွင် တည်ရှိနေပေသည်။

မိမိအထက် ဝန်ကြီးဌာနဖွဲ့စည်းမှု မည်သို့ပြောင်းလဲစေ ကာမူ ခေတ်ကာလ အလိုက် မူဝါဒ၊ ရည်ရွယ်ချက်၊ ရည်မှန်းချက် အခေါ်အဝေါ် ရေးသားချက်တို့ အဘယ်သို့ပြုပြင် တိုးချဲ့စေကာမူ သာသနာရေးဌာနသည် ဘာသာအသီးသီး တို့၏ အရေးအရာ ကိစ္စများနှင့် သက်ဆိုင်ဆောင်ရွက်ပေးလျက်ရှိသည်မှာ မပြောင်းလဲသော ဝန်ဆောင်မှုတာဝန်များပင် ဖြစ်ပေသည်။
သာသနာရေး ဦးစီးဌာနရုံးချုပ်၊ တိုင်းဒေသကြီးနှင့် ပြည် နယ်ရုံးများ၊ ခရိုင်ရုံးများနှင့် မြို့နယ်ရုံးများသို့ ဗုဒ္ဓဘာသာရဟန်း သံဃာတော်များ၊ ဗုဒ္ဓဘာသာအသင်းအဖွဲ့များ၊ ဂေါပကအဖွဲ့ များနှင့် အခြားဘာသာရေးအသင်းအဖွဲ့ခေါင်းဆောင်များ သည် ကိစ္စအလျောက် နေ့စဉ်ဝင်ထွက်မြဲဝင်ထွက်လျက်ရှိကြ ပါသည်။
ထိုသို့သွားလာဝင်ထွက်ရင်း ဝန်ကြီးဌာနအမည်အခေါ် ပြောင်းလဲတိုင်း လိုက်၍အပြောင်းအလဲဖြစ်လေ့ရှိသော ရုံးတွင်း ဆိုင်းဘုတ်များနှင့်အတူ ချိတ်ဆွဲထားတတ်သည့် မပြောင်းလဲ သောဆိုင်းဘုတ်တစ်ခုကို သတိပြုမိကြလေ၏။
ယင်းဆိုင်းဘုတ်မှာ သာမန်လမ်းòန်ဆိုင်းဘုတ်မဟုတ်။ ဘာသာရေးဆိုင်ရာ ဆုံးမစာအလင်္ကာဆောင်ပုဒ်ဖြစ်ပြီး ဗီနိုင်း စပေါ်တွင် ကွန်ပျူတာစာစီကာ သစ်သားဘောင်ကြက်၍ ချိတ်ဆွဲထားပါသည်။
ငရဲမီးနှင့်အဆိပ်သီး
၁။ ဘုရားပစ္စည်း ငရဲမီး သုံးနည်းအလွန်ခက်။
၂။ သံဃာ့ပစ္စည်း အဆိပ်သီး စားနည်းအလွန်ခက်။
၃။ စားသုံးမိလျှင် တနင်နင် သေလျှင်အလွန်ခက်။
၎။ ငရဲသို့ကျ ဝဋ်ဒုက္ခ လွတ်ပြန်ရဖို့ခက်။
၅။ ငရဲဘဝ လွတ်ပြန်က ပြိတ္တာဘုံသို့ဆက်။
၆။ ပြိတ္တာဘဝ လွတ်ပြန်က လူ့ဘုံရောက်ဖို့ခက်။
၇။ လူ့ဘုံရောက်လာ သာသနာ ကြုံရပြန်ဖို့ခက်။
၈။ သာသနာတွင်း ကြုံကြိုက်လျှင်း ကျင့်ခြင်းသာလို့ခက်။
၉။ ဘုရားသခင် ဥာဏ်တော်ရှင် ဖူးမြင်ရဖို့ခက်။
၁ဝ။ အရိယာသံဃာ ပေါ်သောခါ လှူဒါန်းရဖို့ခက်။
(ပေတဝတ္ထု၊ တိရောကုဋ္ဋသုတ်)
ဘာသာရေး သာသနာရေးဆောင်ရွက်သူအားလုံးနှင့် သက်ဆိုင်သော ဆုံးမစာဖြစ်ပါသည် ။ ဆရာတော်တစ်ပါးပါး၊ ပညာရှင်တစ်ဦးဦး စီကုံးရေးသားထားသော လင်္ကာဖြစ်ပြီး ယခုဘဝမှသေလွန်ပြီး နံရံတစ်ဖက်ခြားသို့ ရောက်ရှိ သွားကြ သည့် ပြိတ္တာတို့ အကြောင်းဖော်ပြ ထားသော ပေတဝတ္ထုပိဋက ကျမ်းစာ၊ တိရောကုဋ္ဋသုတ်အဖွင့်မှ အဓိပ္ပာယ်ကိုယူ၍ ရေးသား ထားကြောင်း ဖော်ပြပါရှိပါသည်။
ဌာနတွင်းသို့အဝင် နံရံ၌ မြင်သာအောင်ချိတ်ဆွဲထား သော ဆောင်ပုဒ်ဖြစ်၍ ဝင်လာသူအပေါင်းဖတ်ဖြစ်ကြသည် ကများ၏။ ဖတ်ပြီးပြုံးစိစိသဘောကျသွားသူများလည်းရှိ၏။ အချို့ဆိုလျှင် ပါလာသောဖုန်းဖြင့် ဓာတ်ပုံရိုက်ယူသွားကြ သေး၏။ ထိုအထဲတွင် ဘုရားစေတီဂေါပကအဖွဲ့ဝင်များ အများ ဆုံးဖြစ်၍ ကျေနပ်ရပါသည်။
မည်သည့်ဘာသာမဆို၊ ဘာသာရေး၊ သာသနာရေး ဆောင်ရွက်ကြသူ များသည် အများနှင့်သက်ဆိုင်သော ငွေ ကြေးနှင့် ပစ္စည်းဝတ္ထုကိုသုံးစွဲ၍ စီမံခန့်ခွဲကြရသူများဖြစ်ကြ၏။ ထိုငွေကြေးနှင့် ပစ္စည်းဝတ္ထုတို့မှာ သာမန် မဟုတ်ကြသည် ကို သတိပြုသင့်ကြပါသည်။ လူတစ်ဦးချင်းစီ၏ ကိုး ကွယ် ယုံကြည်မှုအရ စေတနာသဒ္ဓါအားဖြင့် ဖြစ်ထွန်းလာသော ရည်ညွှန်းချက်ရှိ ဘဏ္ဍာပစ္စည်းများဖြစ်ကြပါသည်။
လောကီစည်းစိမ်အတွက် လိုအင်လောဘအရင်းခံဖြင့် သိမ်းပိုက်ရယူ ထားသောအရာနှင့် သံသရာနောင်ရေးပါ၍ စွန့် လွှတ်မှုအလောဘ ဓာတ် စေတနာ အင်အားဖြင့် ပေးလှူထား သောအရာဟူ၍ နှစ်မျိုးနှစ်စား ကွာခြားပါသည်။ ရုပ်ဝတ္ထု မဟုတ်သဖြင့် မမြင်ရလင့်ကစား စိတ်စွမ်းအင်ချင်း ခြားနား ပါသည်။ နောက်ခံတန်ခိုးပါဝါရှိသော ဝတ္ထုပစ္စည်းကို မိမိကိုယ် ကျိုး အတွက် လိုအင်လောဘပစ္စည်းအဖြစ် ယူငင်ပြောင်းလဲ သုံးစွဲပစ်သူအဖို့ စိတ်၌ အလိုလိုလိပ်ပြာမသန့်နိုင်တော့ပါ။ ဤသို့သော အချက်သည်ပင် စီမံခန့်ခွဲမှု မှားယွင်းပါက''ဘုရား ပစ္စည်း၊ ငရဲမီး၊ သံဃာ့ပစ္စည်း အဆိပ်သီး'' ဖြစ်ရတော့သည်။ ဆင်ခြင်စရာအလွန်ကောင်း ပါသည်။
ဘုရားစေတီဂေါပကအဖွဲ့၊ သာသနာ့ဗိမာန်ဂေါပကအဖွဲ့၊ ဗုဒ္ဓဘာသာအသင်း၊ ဝတ်အဖွဲ့၊ ဆွမ်းလောင်းအဖွဲ့စသည့် အဖွဲ့ အစည်းများသည် ဘာသာရေး သာသနာရေးသက်သက် ဆောင်ရွက်သော အဖွဲ့များဖြစ်သဖြင့် ပြည်ထဲရေး ဝန်ကြီး ဌာနအသင်းအဖွဲ့ မှတ်ပုံတင်ခြင်းမှ ကင်းလွတ်ကြ၏။ ဘာသာ ရေး၊ သာသနာရေးကိစ္စများကို မှတ်ပုံတင်မှသာ ဆောင်ရွက် ခွင့်ရသည့် အဓိပ္ပာယ်မျိုး မသက်ရောက်စေရန် ဖြေလျှော့ ထားခြင်းဖြစ်ပါသည်။
သို့သော်လည်း ဂေါပကအဖွဲ့အတွင်း ဘာသာရေးအသင်းအဖွဲ့အတွင်း အငြင်းပွားမှုတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက သာသနာရေးဦးစီးဌာနသို့ တိုင်ကြားလာမှု အရ ဖြေရှင်းပေးနေရ၏။ သာသနာရေးဦးစီးဌာနအနေနှင့် လည်း ဥပဒေပြဋ္ဌာန်းချက်အရ ဝင်ပါ၍ရှင်းပေးရခြင်းမ ဟုတ်ပါ။ တာဝန်အရ လူမှုရေးသဘောဖြင့် ဆောင်ရွက်ပေးရ ခြင်းဖြစ်သည်။
ခက်သည်မှာ ဂေါပကအဖွဲ့များ၊ ဘာသာရေးအသင်းအဖွဲ့ များသည် ပုဂ္ဂိုလ်ယုံကြည်မှုဖြင့် ဖွဲ့စည်းဆောင်ရွက်ကြသည် က များ၏။ အသင်းအဖွဲ့ စည်းမျဉ်းစည်းကမ်း ရေးဆွဲထား ရှိမှုလည်း အားနည်းကြပါသည်။ ဗုဒ္ဓဘာသာဝင်တို့ ဆည်းကပ် ကိုးကွယ်သော ဘုရားစေတီများမှာ မြို့ရွာရပ်ကွက်တိုင်း၌ ရှိကြ၏။ သို့သော် ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်၊ မ္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၊ ကျိုက်ထိုမြို့ ကျိုက်ထီးရိုး စေတီတော်၊ ပဲခူးမြို့ ရွှေမော်ဓောစေတီတော် စသဖြင့် တန်ခိုး ကြီးဘုရားစေတီတို့တွင်သာ ဂေါပကအဖွဲ့စည်းမျဉ်း စည်းကမ်း စာအုပ် သတ်မှတ်ပြဋ္ဌာန်း၍ ဥပဒေအရ တရားဝင်စေရန် တရားမကျင့်ထုံးဖြင့် ဆောင်ရွက်ထားသည်ကို တွေ့ရနိုင်၏။ ဥပဒေဘောင်ဝင်အောင် ဆောင်ရွက်မထားသော်မှ အများ လက်ခံအောင် ညှိနှိုင်းရေးဆွဲထားသော စည်းမျဉ်းရှိလျှင်ပင် အသင်းအဖွဲ့အား များစွာအထောက်အကူပြုပါသည်။
ဗုဒ္ဓဘာသာ ဘုရားစေတီများကို နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့က ညွှန်ကြားလွှာ အမှတ်(၃၆) ကို ထုတ်ပြန်၍ ဂေါပကအဖွဲ့များ စနစ်တကျဖွဲ့စည်းထား ရှိစေရေး သက်ဆိုင် ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်၊ မြို့နယ်သံဃနာယက အဆင့် ဆင့်သို့ လမ်းညွှန်ထားသည်။ ညွှန်ကြားလွှာ၌ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများအား ကြီးကြပ်၍ ဂေါပကအဖွဲ့ များ ဖွဲ့စည်းထားရှိပြီး ဘုရားစေတီများကို ထိုဂေါပက အဖွဲ့ဖြင့် ဆက်လက်ဆောင်ရွက်စေခြင်း၊ အစဉ်အလာအရ ဖွဲ့စည်းမှုရှိပြီးဖြစ်သော်လည်း စနစ်တကျရှိစေရေး ပြင်ဆင် ဆောင်ရွက်ခြင်းနှင့် ပုဂ္ဂိုလ်တစ်စုက ကိုယ်ကျိုးစီးပွားနှင့် ဆက်စပ်ဆောင်ရွက်နေသော ဘုရားစေတီများရှိပါက ထို အဖွဲ့များကိုဖယ်ရှား၍ အများဆိုင်ဂေါပကအဖွဲ့များ စနစ်တကျ အစားထိုး ဖွဲ့စည်းထားရှိစေခြင်းဟူ၍ နည်းလမ်းသုံးသွယ် ညွှန်ကြားထားပါသည်။
မြန်မာနိုင်ငံတစ်နံတစ်လျားရှိ ဘုရားစေတီအားလုံး ထိုနည်း လမ်းသုံးသွယ်ဖြင့် ဖွဲ့စည်းထားသော ဂေါပကအဖွဲ့များ မရှိ မဟုတ်ပါ။ ကျေးရွာတစ်ရွာ၏ ရွာဦးထိပ်ရှိ ကိုးထောင်ပြည့် စေတီကအစ ဂေါပကအဖွဲ့ရှိကြပါသည်။ ဂေါပကအဖွဲ့ဝင် စာရင်းနှင့် ဂေါပကအဖွဲ့စည်းမျဉ်း စာရွက်စာတမ်းသာမပြ နိုင်သော်လည်း ရပ်ရွာထဲက သမာသမတ်ရှိသည့် လူကြီး နှစ်ဦး၊ သုံးဦး အမည်နာမများကို ရွတ်ပြ၍ ဂေါပကအဖွဲ့ ဘုရားလူကြီးများ အသင့်ရှိနေကြပါသည်။ ဤရပ် ဤရွာမှာ ကြီးပြင်း၍ အကျင့်သိက္ခာအရ ရပ်ရွာက လေးစားသည့် ထိုလူကြီးများသည်သာ ရာသက်ပန်ဂေါပကအဖွဲ့အဖြစ် ဆောင် ရွက်သွားကြ၏။ ထိုကဲ့သို့သော ရွာဦးစေတီဘုရား ဂေါပက အဖွဲ့ဝင်မှာလည်း မိမိတို့ရပ်ရေး၊ ရွာရေးကိစ္စဖြစ်၍ စေတနာသဒ္ဓါဖြင့် ဆောင်ရွက်ကြသူများ သက်သက်ဖြစ်ကြ သဖြင့် အငြင်းပွားမှုရှိနိုင်ခဲပါသည်။ နှစ်စဉ်ဘုရားပွဲ ကျင်းပပြီး သည်နှင့် ဘဏ္ဍာငွေလက်ကျန် ရှင်းစရာမလိုဘဲ ကြွေးကျန် အနည်းအကျဉ်းကိုပင် ထိုဂေါပကအဖွဲ့ဝင် လူကြီးများက စု၍ ကြွေးဆပ်ကြ ရသည်က များလေ၏။ ရွာဦးစေတီ ထီးတင်ပွဲ၊ ရွှေဆေးသင်္ကန်းကပ်လှူပွဲ များ ဖြစ်ပေါ်ပါကလည်း ထိုနည်းဖြင့် ငွေလက်ကျန်မထား၊ ဘဏ္ဍာငွေ ထိန်းသိမ်းစရာမလိုသော ဂေါပကအဖွဲ့များ ဖြစ်ကြလေ၏။
ထေရဝါဒဗုဒ္ဓဘာသာထွန်းကားသော မြန်မာနိုင်ငံတွင် တန်ခိုးကြီးဘုရားစေတီများစွာတို့ ဒေသအလိုက် တည်ရှိနေ ပါသည်။ ဗုဒ္ဓဘာသာဝင်တို့အဖို့ ဘုရားဂုဏ်တော်ရည်မှန်း ကြသဖြင့် ဘုရားစေတီတိုင်း တန်ခိုးကြီးဖြစ်ကြပါသည်။ သို့သော်လည်း လာရောက်ဘုရားဖူးသူများပြားပြီး အလှူရှင် တို့၏စေတနာကြောင့် သာသနိကအဆောက်အအုံ အခြံအရံ ခမ်းနားများပြားမှုအပေါ် အာရုံရောက်၍ အများနားလည် အောင် တန်ခိုးကြီးဘုရားစေတီဟူ၍ ခေါ်ဝေါ်သုံးစွဲကြခြင်း ဖြစ်ပါသည်။ ထိုသို့ တန်ခိုးကြီးဘုရားစေတီများ၌ ဝတ္တကမြေ များနှင့် ဗုဒ္ဓသန္တကစေတိယသန္တကပစ္စည်းများ၊ ဘဏ္ဍာ တော်များသည် တစ်နေ့တခြား တစ်နှစ်ထက်တစ်နှစ် များပြား နေရာ ထိုပစ္စည်းများကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ အကျိုး ရှိစွာ အသုံးပြုခြင်း၊ စီမံခန့်ခွဲခြင်းတို့နှင့် စပ်လျဉ်း၍ ဂေါပက အဖွဲ့ဖြင့် စနစ်တကျဆောင်ရွက်ရန် မလွဲမသွေလိုအပ်ပါသည်။
တန်ခိုးကြီးဘုရားစေတီများ၌ ဂေါပကအဖွဲ့စည်းမျဉ်း များရှိပြီးဖြစ်သည်က များပါသည်။ စည်းမျဉ်းပါအတိုင်း လက် ရှိဆောင်ရွက်မှုရှိ မရှိမှာမူ တချို့ထင်သာမြင်သာရှိချင်မှ ရှိကြ ပါမည်။ လက်ရှိဆောင်ရွက်နေသော ဂေါပကအဖွဲ့သည် ကိုယ် ကျိုးရှာမှုမရှိ၊ ပကတိစေတနာသဒ္ဓါဖြင့် ဆောင်ရွက်နေကြ သူများဖြစ်၍ တစ်စုံတစ်ရာ အငြင်းပွားစရာမရှိ၍ အများက လက်ခံနေသော ဂေါပကအဖွဲ့များလည်း ရှိကြပါသည်။ ဂေါပကအဖွဲ့စည်းမျဉ်းအရ အဖွဲ့သစ်လဲလှယ်ရန် ကာလကျော် လွန်နေသော်လည်း ပြဿနာတစ်စုံတစ်ရာ မပေါ်ပေါက် သဖြင့် စည်းမျဉ်းကို မသိကျိုးကျွံပြုထားပြီး ဆက်လက်ဆောင် ရွက်၍နေသော အဖွဲ့လည်းရှိ၏။ ဂေါပကနေရာတွင် အစားဝင် လိုသူတစ်ဦးဦးက ကန့်ကွက်ချက်ပေါ်ပေါက်တော့မှ ဂေါပက စည်းမျဉ်းကိုင်၍ ငြင်းဆိုလျက် အပြောင်းအလဲကို အချိန်ဆွဲ နေသော ဂေါပကအဖွဲ့မျိုးလည်း တွေ့ရသေး၏။ အချို့ကမူ ဂေါပကအဖွဲ့ စည်းမျဉ်းကို မိမိတို့နှင့်ကိုက်ညီအောင် ပြုပြင် ရေးဆွဲ၍ ဆက်လက်ဆောင်ရွက်နေမှုမျိုးလည်း ဂေါပကအဖွဲ့ များ၌ တွေ့ရှိနိုင်ပါသည်။ ဂေါပကအဖွဲ့အခြေအနေများ မည်သို့ ရှိစေ ဂေါပကအဖွဲ့စည်းမျဉ်း တစ်ခုရှိနေပြီဖြစ်ခြင်းက ဂေါပက အဖွဲ့အတွင်းပေါ်ပေါက်သမျှ အငြင်းပွားမှု တစ်စုံတစ်ရာကို ဖြေရှင်းရန် ခြေရာခံရရှိနိုင်ပြီဖြစ်ပေ၏။
ထိုစေတနာသဒ္ဓါပစ္စည်း များကို စောင့်ရှောက်ထိန်းသိမ်း သူမှာလည်း ရတနာမြတ်သုံးပါးအပေါ် စေတနာသဒ္ဓါထက်သန် သူများ ဖြစ်သင့်ပါသည်။ ဂေါပကအဖွဲ့ဝင်ဖြစ်ရန် ဂုဏ်အင်္ဂါ အရည်အချင်းတွင် ပြည့်စုံရမည့် အခြားအခြေခံအရည် အချင်းများထက် ရတနာ မြတ်သုံးပါး၌ စေတနာသဒ္ဓါထက်သန်သူဖြစ်ခြင်းဂုဏ်ကို ပိုမိုထင်ရှား ပေါ်လွင်စေသင့်သည်ဟု ထင်မြင်ပါသည်။ ဂေါပကအဖွဲ့ဝင်တိုင်း၌ ထိုဂုဏ်အင်္ဂါအရည် အချင်း ထင်ရှားပေါ်လွင်နေလျှင် ကျန်ရှိသော ခေတ်အလျှောက် တတ်ကျွမ်းမှုပိုင်း၌ ရိုးသားမှု ကြိုးစားမှု ပုံရိပ်ကောင်းကို ရိုက်ခတ်စေနိုင်မည် ဖြစ်ပါသည်။
ဂေါပကအဖွဲ့ဝင်များသာမက ဘုရားဘဏ္ဍာငွေများကို စီမံခန့်ခွဲ၍ ခန့်ထားဆောင်ရွက်စေသော ရုံးအဖွဲ့ဝန်ထမ်းများ၊ အင်ဂျင်နီယာများမှစ၍ လုံခြုံရေး၊ သန့်ရှင်းရေးနှင့် ဂိတ်စောင့် အထိ စေတနာသဒ္ဓါဓာတ်ခံရှိသူများကို ဦးစားပေးရွေးချယ် ခန့်ထားဆောင်ရွက်သင့်ပါသည်။ ဘုရားဖူး အများပြည်သူတို့၏ စေတနာသဒ္ဓါ လှူဒါန်းငွေများ အကြောင်းခံနေသဖြင့် ဗုဒ္ဓ ဝေယျာဝစ္စကုသိုလ်အကျိုးကိုပါ ပွားစည်းစေမှုပါမှ တာဝန်ကျေ နိုင်ပါမည်။ တန်ခိုးကြီးဘုရားစေတီများတွင် အများအား ဖြင့်တွေ့မြင်ရမည်မှာ ကားပါကင် ဂိတ်စောင့်၊ အိမ်သာစောင့်၊ ဖိနပ်သိမ်း၊ ခိုစာရောင်းစသည့် အသေးအမွှားကိစ္စများကို ခြောက်လ၊ တစ်နှစ်ကန်ထရိုက်ပေးစနစ်ဖြင့် ခပ်ပေါ့ပေါ့ ဆောင် ရွက်ထားကြသည်ကို တွေ့ရှိရ၏။ အမှန်စင်စစ် ထိုနေရာများ သည် ဘုရားဖူးလာအများပြည်သူတို့နှင့် တိုက်ရိုက် ထိတွေ့ သောနေရာများဖြစ်သဖြင့် ဂေါပကအဖွဲ့၏ တာဝန်ပိုင်းကို အလွယ်တကူရိုက်ခတ်စေမည့် နေရာများဖြစ်ပါသည်။ အလုပ် အားရက်တွင် မိသားစုနှင့်အတူ ဘုရားလာဖူးသူတို့မှာ ဘုရား မုခ်ဦးမှာပင် ဖိနပ်သိမ်းဌာနကန်ထရိုက်တာဝန်ချသူများ၏ အော်ဟစ်ပြောဆိုမှုကို ဦးဦးဖျားဖျား ရင်ဆိုင်ရ၏။ ဘုရားဖူး ကုသိုလ်သဒ္ဓါ မညှိုးနွမ်းစေချင်၍သာ သည်းခံလိုက်ရသော်လည်း စိတ်စနိုးစနောင့် ဖြစ်ကြရပါသည်။ ထိုနည်းတူ အိမ်သာစောင့်၊ ဓာတ်လှေကားအဝင်အထွက် ကြီးကြပ်သူများ၏ မချေမငံ ပြောဆိုမှုများမှာလည်း စေတနာသဒ္ဓါနည်းကြသည်ဟု ခံစား ကြရပါသည်။
ဝန်ဆောင်မှုနေရာများ၌ စေတနာသဒ္ဓါမနည်းသည့် ဝန်ထမ်းများကို ခန့်ထားစေ၍ ဘုရားဖူးလာသူတို့အား အခမဲ့ဝန်ဆောင်မှုဖြင့် စေတနာသဒ္ဓါစိတ်ကို ရှေ့တန်းတင် ဆောင်ရွက်စေကြပါလျှင် ဘုရားဖူးပြည်သူ ရဟန်းရှင်လူများ သည်ထက်မက ကြည်နူးချမ်းမြေ့ကြလေမလားဟု တွေးဆ ကြည့်မိပါသည်။
ရွှေတိဂုံစေတီတော်မြတ်ကြီး ရင်ပြင်တော် အရပ် ရှစ်မျက်နှာတွင် အရှေ့အနောက် တောင်မြောက်မုခ်များ၌ အာရုံခံတန်ဆောင်းရှိနေရာ ဝဲယာညီအောင် ဂြိုဟ်တိုင်တစ်ခုစီ တိုးထားသဖြင့် ဂြိုဟ်တိုင် ၁၂-တိုင် နေရာရှိသည်။ ရှေးယခင်က ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ဂြိုဟ်တိုင် ၁၂-ခုတွင် ကန်ထရိုက်စနစ်ဖြင့် ရေသပ္ပာယ်ခြင်း လုပ်ငန်းခန့်ထားခဲ့ဖူး၏။ မိမိမွေးနံဂြိုဟ်တိုင်၌ ဘုရားရေသပ္ပာယ်လိုသူက သတ်မှတ် ငွေကြေးပေးလိုက်မှ ရေတစ်ပုံးခပ်ပေးပြီး ရေသပ္ပာယ်ခွင့်ရ၏။
မိမိမွေးနံပြော၍ ဂြိုဟ်တိုင်စောင့်သူအား တတ်သမျှ မှတ်သမျှ ရွတ်ဆိုပေးစေလိုက ငွေကြေးထပ်ဆောင်းပေးကာ ဆောင်ရွက်ခဲ့ကြ၏။ ၁၉၉၉-ခုနှစ်တွင် ဂြိုဟ်တိုင်စောင့် ကန်ထရိုက်စနစ်ရရှိရေးအတွက် ဈေးပြိုင်သူချင်း တစ်ဦးနှင့် တစ်ဦး အပြစ်ပြော၍ အပြိုင်ဖြစ်ပေါ်လာသည်။ ဂေါပကအဖွဲ့အား တိုင်ကြားမှုများဖြစ်ပေါ်လာသဖြင့် ဂေါပကအဖွဲ့မှ တင်ပြချက် အရ သာသနာရေးဦးစီးဌာနနှင့် ဒေသအာဏာပိုင်အဖွဲ့တို့ ညှိနှိုင်း၍ ဂြိုဟ်တိုင်စောင့် ကန်ထရိုက်စနစ်ကို ဖြုတ်ပယ်ပြီး ဂြိုဟ်တိုင်အသီးသီးတွင် ရေသပ္ပာယ်ရန်ရေနှင့်ပန်းများ အဆင်သင့် ထားရှိဆောင်ရွက်ပေးခဲ့သည်။ ရေသပ္ပာယ်လိုသူ အလှူရှင်ကိုယ်တိုင် မိမိစိတ်ကြိုက်လောင်းလှူစေပြီး အလှူရှင် အနေနှင့်လှူဒါန်းလိုပါက ဂြိုဟ်တိုင်ရှေ့ အလှူခံပုံးထားရှိပေး ထားသဖြင့် မိမိတို့သဒ္ဓါသလို လှူဒါန်းနိုင်သည့်စနစ်ဖြင့် အစားထိုး ပြောင်းလဲပေးခဲ့ပါသည်။
ယနေ့ ရွှေတိဂုံစေတီတော် ရင်ပြင်တော်ပေါ်ရောက်လျှင် ဂြိုဟ်တိုင်များကို လေ့လာကြည့်ရှုနိုင်ပါသည်။ မိမိတို့မွေးနံ သက်ဆိုင်ရာဂြိုဟ်တိုင်၌ နေ့သားတူချင်း နှစ်ဖက်အပြိုင်ဖြစ်စေ၊ တစ်ဦးနှင့်တစ်ဦး စောင့်၍ဖြစ်စေ ရေသပ္ပာယ်လောင်းလှူ ကြသည်ကို စိတ်ချမ်းမြေ့ဖွယ်ရာတွေ့မြင်နိုင်ပါသည်။ တစ်နေ့ နှစ်ကြိမ်၊ သုံးကြိမ် သန့်ရှင်းရေးနှင့် ရေလာမလာစစ်ဆေးသူမှ အပ ဂြိုဟ်တိုင်အစောင့်မထားရှိပေ။ ထို့ကြောင့် ဂြိုဟ်တိုင်စောင့် နှင့် စကားပြောအဆင်မပြေစရာလည်း မလိုအပ်တော့ပေ။ ဂြိုဟ်တိုင်အသီးသီး လှူဒါန်းရရှိငွေကို စစ်တမ်းပြု လေ့လာကြည့် တော့လည်း ၁၉၉၉ ခုနှစ်အထိ ဂြိုဟ်တိုင်စောင့် ကန်ထရိုက် စနစ်အရ ဂြိုဟ်တိုင် ၁၂ တိုင်အတွက် တစ်နှစ် ပျမ်းမျှငွေကျပ် တစ်သိန်းနှစ်သောင်းသာ အလှူငွေရရှိခဲ့ပါသည်။ ဂြိုဟ်တိုင်တွင် အလှူရန်ပုံငွေစနစ်ဖြင့် ကျင့်သုံးသည့် ၂ဝဝဝ ပြည့်နှစ်မှစ၍ ဂြိုဟ်တိုင်ပေါင်း ၁၂ တိုင်အတွက် တစ်ရက် ငွေကျပ်တစ်သိန်းခန့် အလှူငွေရရှိခဲ့ရာ တစ်နှစ်ကျပ်သိန်း ၃၆ဝ ခန့်အထိ မနှိုင်းယှဉ် လောက်အောင် အလှူငွေတိုးတက်သွားပါသည်။ ယခု ၂ဝ၁၆ ခုနှစ်အတွင်း ဇူလိုင်လတစ်လတည်း စာရင်းချုပ်အရ ဂြိုဟ်တိုင် ၁၂ တိုင်တွင်ထားရှိသော အလှူခံပုံးများမှ အလှူခံရရှိငွေပေါင်း မှာ ၂၅၉၈၁ဝဝဝိ/- (နှစ်ရာငါး ဆယ့်ကိုးသိန်းကျော်)ရရှိခဲ့ ကြောင်း နောက်ဆုံးသတင်း လေ့လာချက်အရ သိရှိရပါသည်။
ယခုအခါ ရန်ကုန်မြို့ အပန်းဖြေနေရာများဖြစ်ကြသော မဟာဗန္ဓုလပန်းခြံ၊ ကန်တော်ကြီးပန်းခြံများ၊ အင်းလျားကန် ပန်းခြံများ စသည့်နေရာများတွင် အားလပ်ရက်အပန်းဖြေ လာရောက်သူများအား ယာဉ်နှင့်လူဝင်ခွင့်များ ဖြေလျှော့ ပေးထားပြီး ပန်းခြံသာယာရေး၊ သန့်ရှင်းရေး၊ လုံခြုံရေးတို့ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးအဖွဲ့က ဝန်ထမ်းများချထား ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိနိုင်ပါသည်။ ခေတ်မီ ကုန်တိုက်ကြီးများ၊ ကုန်စည်ပြပွဲများ၌လည်း ယာဉ်ရပ်နားခွင့်၊ ဓာတ်လှေကားသုံးစွဲခွင့်၊ ရေအိမ်သုံးစွဲခွင့်တို့ကို အခမဲ့ ဝန်ဆောင်မှုပေးလျက်ရှိကြပါသည်။
၂ဝ၁၆ ခုနှစ် နိုင်ငံပေါင်း ၄ဝ စစ်တမ်း ကောက်ယူချက်အရ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့အား ပေးကမ်းမှု အရက်ရောဆုံး နံပါတ်တစ်နိုင်ငံအဖြစ် က္ဘာ့ပေးကမ်းမှုအညွှန်းကိန်း၌ ဖော်ပြခံ ရသော နိုင်ငံနှင့်လူမျိုးဖြစ်ပါသည်။
သို့ဖြစ်ရာ ဂေါပကအဖွဲ့၌ ဘဏ္ဍာတော်ထိန်းအဖြစ် စေတနာသဒ္ဓါပါပါ တာဝန်ယူခွင့်ရရှိသော ဂေါပကအဖွဲ့ဝင် ဥပါသကများအနေနှင့် အရာရာတိုင်း၌ စေတနာသဒ္ဓါရှေးရှု၍ ဆောင်ရွက်မှုမျိုးကို အလေးပြုလျက် တွေးကြံစီမံသင့်ကြ ပါသည်။ စေတနာသဒ္ဓါအရင်းခံဖြင့် ဘုရားဖူးလာသူတို့၏ အခိုက်အတန့် မွန်မြတ်နေသော နှလုံးသားကိုအလေးထား သောအားဖြင့် မိမိတို့ ဂေါပကဝန်ထမ်းမဟုတ်သဖြင့် ထိန်း သိမ်းရန်ခက်ခဲလှသည့် မျက်နှာလွှဲဆောင်ရွက်မှုမျိုး အဓိပ္ပာယ် သက်ရောက်စေသော ကန်ထရိုက်စနစ်ကျင့်သုံးမှု နေရာတွင် စေတနာပါပါ သဒ္ဓါရှိရှိ အပြုအမူဖြင့် ယဉ်ကျေးစွာ ဆီးကြိုမှု မျိုးဖြစ်အောင် စီမံနိုင်ကြပါလျှင် ပြောင်းလဲမှုအသစ်နှင့်အတူ ဗုဒ္ဓပူဇာစေတိယပူဇာတန်ဖိုးကို မြှင့်တင်နိုင်ကြပါလိမ့်မည်ဟု ယုံကြည်မိပါသတည်း။

No comments:

Post a Comment