Monday, November 21, 2016

ကျွန်တော်နဲ့ မကျီးကန်



ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်
စနေနေ့က ကျွန်တော် စီးပွားရေးတက္ကသိုလ်ကို ရောက်ခဲ့တယ်။ ဝိဇ္ဇာနဲ့သိပ္ပံပညာရှင်အဖွဲ့ သုတေသနစာတမ်းဖတ်ပွဲမှာ စီးပွား ရေးဘာသာရပ်။ ဘာသာရပ်ခေါင်းဆောင်တစ်ဦးအနေနဲ့ သွား ခဲ့တာ။ ပြိုင်ပွဲဝင် စာတမ်းလေးစောင်ကိုစိစစ်ဖို့ မနက်စောစော ရောက်ခဲ့တာ။ ဒါပေမယ့် တစ်ဖက်က ၁၉၇၈ ခုနှစ် စီးပွားရေး တက္ကသိုလ်ဘွဲ့ရ ကျောင်းသား ကျောင်းသူများရဲ့ အာစရိယ ပူဇော်ပွဲကို တက်ဖို့လည်း အစီအစဉ်ရှိနေပြန်တယ်။ အချိန်က လည်း ရှေ့ နောက်ဆိုတာမို့ အဆင်ပြေသွားတယ်။ သုတေသန စာတမ်းဖတ်ပွဲက အပေါ်ထပ်မှာကျင်းပပြီး အာစရိယပူဇော်ပွဲ ကတော့ အောက်ထပ်မှာ။

စာတမ်းဖတ်ပွဲ ခဏနားရင်း ကျွန်တော့်ဆီဖုန်းဝင်လာတယ်။ နေပြည်တော်က။ နောက်တစ်နေ့ ပုဂံမှာလုပ်မယ့် ဟောပြော ပွဲမှာ ပါဝင်ဖို့။ ဆက်တဲ့သူက ပြည်ထောင်စုဝန်ကြီး ဦးအုန်း မောင်။ ဆရာနဲ့ကျွန်တော်က ရင်းနှီးတယ်။ အစိုးရအသစ်မှာ သူ့လို ဟိုတယ်လုပ်ငန်းကိုကျွမ်းကျင်ပြီး အတွေ့အကြုံရှိသူကို ဟိုတယ်နှင့် ခရီးသွားလာလုပ်ငန်း ဝန်ကြီးဌာနကို တာဝန်ပေး ခဲ့တာ အလွန်သင့်မြတ်လှတဲ့ အဆုံးအဖြတ်ဖြစ်တယ်။ ဖုန်းထဲ မှာ ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တဲ့ပွဲမှာ လာပြီးပြောပေးဖို့ပြောတာမို့ ကျွန်တော်က လက်ခံခဲ့တယ်။
နောက်တစ်နေ့ ရန်ကုန်က ပုဂံကို လေယာဉ်ပျံနဲ့ သွားခဲ့ တယ်။ လေယာဉ်ကွင်းမှာစောင့်နေတဲ့ ဟိုတယ်၊ ခရီးသွား လုပ်ငန်းရှင် ကိုအောင်မျိုးမင်းဒင်နဲ့ သရပါဟိုတယ်ကိုသွားပြီး နံနက်စာစားခဲ့တယ်။ ဟိုတယ်ကနေ ပြည်ထောင်စုဝန်ကြီးနဲ့ အတူ ပွဲကျင်းပ မယ့် မကျီးကန်ရွာကို မော်တော်ယာဉ်နဲ့ထွက်ခဲ့ တယ်။ မကျီးကန်က ပုဂံမြို့ကနေ ၁ နာရီကျော် ကားစီးရတာ၊ ချောက်မြို့ကတစ်ဆင့်။ ကျွန်တော်ငယ်ငယ်တုန်းက ချောက်မြို့ မှာ နေဖူးတယ်။ တစ်နှစ်ကျော်လောက်။ ဒီတုန်းက ဖခင်လုပ်သူ က ခြေလျင်တပ်ရင်း(၁ဝ)တပ်ရင်းမှူး၊ တပ်အသစ်။ ကျွန်တော်တို့ မိသားစု ဧရာဝတီမြစ်ကိုဆန်ပြီး ရန်ကုန်ကနေ ချောက်ကို သင်္ဘောနဲ့သွားခဲ့တယ်။ ထူးခြားတာက ကျွန်တော်တို့မောင်နှမ စုစုပေါင်း ခုနစ်ယောက်။ ဖခင်က ခွေးချစ်တာမို့ သူမွေးထားတဲ့ ခွေးက ခုနစ်ကောင်။ တပ်သားတွေအတွက် ကလေးခုနစ် ယောက်နဲ့ ခွေးခုနစ်ကောင်ရှိတဲ့ တပ်ရင်းမှူးအသစ်ကို အံ့သြ နေကြတာ။ ကျွန်တော်မှတ်မိတာက တပ်ရင်းမှူးရဲ့အိမ်က တောင်ကုန်းထိပ်မှာ။ အရင်အင်္ဂလိပ်လက်ထက် ဘီအိုစီရေနံ ကုမ္ပဏီအရာရှိအိမ်တွေ။ ချောက်မြို့ အကျော်မှာ တစ်ချိန်က ထင်ရှားလှတဲ့ ရေနံတွင်းတွေကို မြင်ရတယ်။ မောင်းတံကြီးက ယနေ့အထိ လှုပ်ရှားနေတုန်း။ အခုတော့ရေနံနဲ့ပတ်သက် လာရင် ကမ်းလွန်ဒေသက ပိုပြီးအရေးပါနေပြီ။
မကျီးကန်ရွာက စလေမြို့နယ်အတွင်း တစ်နာရီကျော်ကျော် ကားစီးပြီး လမ်းမကြီးကတစ်ဆင့် ရွာထဲကိုဝင်ခဲ့ကြတယ်။ ပွဲကျင်းပမယ့်နေရာအရှေ့မှာ အိုးစည်ဒိုးပတ်အဖွဲ့ရှိသလို ဖဲကြိုး တွေ၊ မိုးပျံပူဖောင်းတွေကလည်း အဆင်သင့်။ ပွဲတက်ပရိသတ် တွေကိုကြည့်လိုက်တော့ ထူးခြားနေတာတွေ့ရတယ်။ တစ်ဖက် မှာ နေပြည်တော်ကရောက်လာတဲ့ ဟိုတယ်နှင့်ခရီးသွားလာ ရေးဝန်ကြီးဌာနက အရာရှိနဲ့ ဝန်ထမ်းတွေ၊ တစ်ဖက်မှာတော့ ဟိုတယ်၊ ခရီးသွားလုပ်ငန်းမှာ အောင်မြင်နေကြတဲ့ လုပ်ငန်း ရှင်တွေ။ အနောက်ဘက်မှာတော့ ရွာသူ ရွာသားတွေ။ အထူး ဧည့်သည်အဖြစ် မကွေးတိုင်းဒေသကြီးကဝန်ကြီး။ အခြေအနေ ပုံစံမျိုးစုံ စိတ်ဝင်စားဖို့ကောင်းလှတယ်။ ပြည်ထောင်စုဝန်ကြီးနဲ့ မကွေး တိုင်းဒေသကြီးဝန်ကြီးတွေက မိန့်ခွန်းတွေပြောကြ တယ်။ ဘာကြောင့် အခုလို လူထုအခြေပြု ခရီးသွားလုပ်ငန်း စီမံချက်ကို ဆောင်ရွက်ခဲ့တဲ့ အခြေခံသဘောတွေပြောပြီးတော့ ညွှန်ကြားရေးမှူးချုပ်လုပ်သူက စီမံချက်အကြောင်း အသေးစိတ်တင်ပြ ရှင်းလင်းခဲ့ပါတယ်။ သူတို့တစ်တွေက လက်တန်းပြောတော့ အဆင်ပြေလှတာတွေ့ရတယ်။ ကျွန်တော့် အလှည့်ရောက်တော့ ကျွန်တော်ရင်းနှီးတဲ့နည်းပညာနဲ့ ပကတိ အခြေအနေနဲ့က ကိုက်ညီမှုမရှိလှတာ တွေ့ခဲ့ရတယ်။ ထုံးစံ အတိုင်း ကျွန်တော့်ရဲ့ တင်ပြချက်တွေကို ကွန်ပျူတာ ဆလိုက်တွေနဲ့ ပြင်ဆင်ထားတာ။ ဒါပေမယ့် ဒီနည်းပညာက အဆောက်အအုံအတွင်း ပိုပြီးဆီလျော်တာ။ အခုတော့ မန်ကျည်းပင်ကြီးတွေ အောက်မှာဆိုတော့ ပရိသတ်တွေက သိပ်ပြီး ထင်ထင်ရှားရှား မမြင်ရရှာဘူး။ စိတ်ထဲမှာတော့ သူတို့မမြင်ရ ပေမယ့် ကိုယ်ပြောတဲ့အသံ ကြားရင် အဆင်ပြေလိမ့်မယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အားပေးခဲ့တယ်။ အခြေအနေနဲ့ ကိုက်ညီအောင် ကြိုတင်ပြင်ဆင်သင့်ကြောင်းကိုလည်း သင်ခန်းစာရခဲ့တယ်။
ကျွန်တော်က လူထုအခြေပြုခရီးသွားလုပ်ငန်းအကြောင်း နဲ့ စီမံချက်အောင်မြင်ဖို့ အခြေခံလိုအပ်ချက်တွေကို တင်ပြခဲ့ပါ တယ်။ အမှန်တော့ လူထုအခြေပြုခရီးသွားလုပ်ငန်းကို ခရီး သွား လုပ်ငန်းစီမံချက်တစ်ခုအဖြစ် မစဉ်းစားဘဲ လူမှုစီးပွားရေး ဖွံ့ဖြိုးမှုအတွက် ဆောင်ရွက်ချက်တစ်ခုအနေနဲ့မြင်ဖို့ လိုအပ် ကြောင်း ပဓာနအနေနဲ့ တင်ပြခဲ့တယ်။ ကျွန်တော်တို့နိုင်ငံမှာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး အလားအလာကောင်း လာတဲ့အချိန်မှာ လူထုအခြေပြုခရီးသွားလုပ်ငန်းတွေဟာ ပိုပြီးအရေးပါလာတာဖြစ်တယ်။
လူထုအခြေပြုခရီးသွားလုပ်ငန်းရဲ့ အနှစ်သာရက ရွာ အတွင်း ကမ္ဘာလှည့်ခရီးသည်တွေဖြစ်စေ၊ ပြည်တွင်းကခရီး သည်တွေဖြစ်စေ လာရောက်လည်ပတ် တည်းခိုတာဖြစ်တယ်။ အခုလို ရွာမှာနေထိုင်ရင်း ကျေးရွာရဲ့ ဓလေ့ထုံးစံ ယဉ်ကျေးမှုတွေ လေ့လာခွင့်ရှိတယ်။ တစ်ဖက်မှာလည်း ကျေးရွာစိုက်ပျိုး ရေးလုပ်ငန်း၊ မွေးမြူရေး လုပ်ငန်းတွေမှာလည်း ကိုယ်တိုင်ပါဝင် နိုင်တယ်။ ရွာသူရွာသားတွေနဲ့ ရင်းနှီးမှုတည်ဆောက်နိုင်တယ်။ အခုလို နိုင်ငံခြားခရီးသွားသည်နဲ့ ပြည်တွင်းခရီးသည်တွေနဲ့ ထိတွေ့ဆက်ဆံခွင့်ရတာမို့ ယဉ်ကျေးမှုချင်းဖလှယ်နိုင်တယ်။ ရွာသူရွာသားတွေအတွက် သမားရိုးကျ အလုပ်အကိုင်အခွင့် အရေးတွေကို ဖြည့်စွက်နိုင်မယ့် အလုပ်အကိုင် အသစ်တွေ လုပ်ခွင့်ရနိုင်မှာဖြစ်တယ်။
အခုလို မိမိရွာမှာ တည်းခိုနေထိုင်ဖို့ နေရာထိုင်ခင်းတွေရဲ့ အရည်အသွေးကို မြှင့်တင်ရမှာမို့ လူနေမှု အဆင့်အတန်းဟာလည်း တိုးတက်လာမှာဖြစ်တယ်။ ဧည့်သည်တွေ တည်းခိုမယ့် နေရာတွေကို သပ်ရပ် သန့်ရှင်းအောင် ဆောင်ရွက်ဖို့လိုသလို အခြေခံလိုအပ်ချက်ဖြစ်တဲ့ ရေ၊ မီး၊ အိမ်သာတွေကိုလည်း အဆင်သင့် ဖြစ်အောင် စီစဉ်ဖို့လိုအပ်ပါတယ်။
ဒီစီမံချက်အောင်မြင်ဖို့အတွက် သော့ချက်က ပူးပေါင်း ဆောင်ရွက်မှုပဲဖြစ်တယ်။ ကဏ္ဍသုံးခုက ပါဝင်ကူညီရမှာဖြစ် တယ်။ နိုင်ငံတော်အပိုင်းအနေနဲ့ကတော့ လိုအပ်တဲ့ ကျွမ်းကျင် မှုမြှင့်တင်ရေးလုပ်ငန်းတွေ၊ အခြေခံ အဆောက်အအုံတွေ ပြည့်စုံစေမယ့် ဝန်ဆောင်မှုတွေ၊ လိုအပ်တဲ့ နည်းပညာတွေ၊ ဥပဒေအရ အာမခံမှုတွေပေးဖို့ လိုအပ်ပါတယ်။ ပုဂ္ဂလိကကဏ္ဍအနေနဲ့က ခရီးသွားလုပ်ငန်းလုပ်သူတွေရဲ့ ပူးပေါင်းမှုအား အလွန် အရေးကြီးလှပါတယ်။ ကမ္ဘာလှည့်ခရီးသွားတွေကို ဖြစ်စေ၊ ပြည်တွင်းခရီးသွားတွေကိုဖြစ်စေ စီမံချက်ရှိတဲ့ ကျေးရွာကိုရောက်အောင် စီစဉ်ပေးရမှာဖြစ်တယ်။ အခြားသောခရီး စဉ်နဲ့ တွဲဖက်ပြီး လုပ်ဖို့လိုတာ။ စလေမြို့ကို လာသူတွေ၊ ပုဂံကို လာသူတွေကို မကျီးကန်ကိုအရောက် ပို့ပေးရမှာဖြစ်တယ်။ အဓိက တာဝန်ယူ ရမယ့်သူတွေကတော့ ရွာသူရွာသားတွေဖြစ် တယ်။ ဒီနေရာမှာလည်း တစ်ရွာလုံးက ဒီစီမံချက်ဟာ တို့အား လုံးနဲ့ ဆိုင်တယ်လို့ လက်ခံဖို့လိုတယ်။ လူနည်းစုတစ်စုအတွက် သာ အကျိုးအမြတ်ရှိနေရင် ဒီစီမံချက်ဟာ အောင်မြင်မှာ မဟုတ်ဘူး။
ဒါကြောင့် ပထမခြေလှမ်းက ရွာသူရွာသားအားလုံးပါဝင် အောင် စည်းရုံးဖို့ဖြစ်တယ်။ ဘာကြောင့်လုပ်ရတယ်။ ဘယ်လို ဆောင်ရွက်ရမလဲ၊ ဘယ်သူတွေပါဝင်မလဲ၊ ရတဲ့အကျိုးအမြတ် တွေကို ဘယ်လိုခွဲဝေပေးမလဲ။ ဒီကိစ္စတွေကို ကနဦးကာလက ရှင်းပြပြီး အားလုံးရဲ့ သဘောတူမှုကို ရယူနိုင်ဖို့ အလွန်အရေး ကြီးပါတယ်။ ဈေးထွက်တဲ့လုပ်ငန်းကို ရွာသူရွာသားတွေက လုပ်နိုင်မှာမဟုတ်ဘူး။ ဒီတာဝန်ကို ပုဂ္ဂလိကလုပ်ငန်းရှင်တွေ ကသာ လုပ်နိုင်မှာ။ ဒါပေမယ့် လုပ်ငန်းရှင်များအနေနဲ့ စီမံချက် ကို လက်ဝါးကြီးအုပ်သလိုမဖြစ်အောင် သတိပြုရမှာ ဖြစ်တယ်။ အမှန်တော့ ဒီကဏ္ဍအစိတ်အပိုင်းသုံးခုဟာ သူ့နေရာနှင့်သူ ဟန်ချက်ညီညီ လှုပ်ရှားနိုင်ဖို့ လိုအပ်ပါတယ်။ မဟာမိတ် အဖြစ် မြင်ဖို့လိုတယ်။ အကျိုးတူမိတ်ဖက်အဖြစ်မြင်ဖို့ လိုအပ် ပါတယ်။
လူထုအခြေပြုခရီးသွားလုပ်ငန်းဟာ အမှန်တော့ နိုင်ငံ တိုင်းလိုလိုမှာ ခေတ်စားနေတာတွေ့ရတယ်။ အိမ်နီးနားချင်း နိုင်ငံတွေသာမက အာဖရိကနိုင်ငံ၊ လက်တင်အမေရိကနိုင်ငံ တွေမှာလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နေတာ တွေ့ရ တယ်။ တချို့က ပတ်ဝန်းကျင်အခြေပြုခရီးသွားလုပ်ငန်း (Eco-tourism)လို့ ခေါ်ကြတယ်။ ကိုယ့်ရွာထဲရောက်လာတဲ့ ဧည့်သည်ကို ဧည့်ဝတ်ကျေတဲ့ဓလေ့ ကျွန်တော်တို့နိုင်ငံမှာ ယဉ်ကျေးမှုတစ်ရပ် ရှိပါတယ်။ ကိုယ့်မှာစားစရာမရှိပေမယ့် ဧည့်သည်ကိုကျွေးမွေးကြတယ်။ ဒီအခြေခံကောင်းတွေအပေါ် အခွင့်အရေးယူနိုင်ရင် ဧည့်သည်တွေအတွက် အဆင်ပြေသလို အိမ်ရှင်တွေအတွက်လည်း အဆင်ပြေမှာဖြစ်တယ်။
မြန်မာပြည်ကို အခုချိန်မှာ တစ်ကမ္ဘာလုံးက မျက်စိကျ တယ်။ စိတ်ဝင်စားတယ်။ သိချင်တယ်။ ရောက်ဖူးချင်တယ်။ ဒီ အချိန်မှာ ခရီးသွားလုပ်ငန်းကို တိုးချဲ့ရမှာဖြစ်တယ်။ မီးခိုး မထွက်တဲ့စက်ရုံများအဖြစ် တင်စားတဲ့ ခရီးသွားလုပ်ငန်း ကို နိုင်ငံစီးပွားရေးအတွက် အားကိုးရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံ မှာ ကမ္ဘာလှည့်ခရီးသည်တွေ တမ်းတတဲ့၊ စိတ်ဝင်စားတဲ့ အရာသုံးခုရှိပါတယ်။ ဒါတွေကတော့ နေရောင်ခြည် (Sun)၊ ပင်လယ်ပြင် (Sea) နဲ့ သဲသောင် (Sand)တို့ပဲ ဖြစ်တယ်။ အပျော်ခရီးထွက်သူတွေဟာ ဒီ(S)သုံးလုံးကို ရှာဖွေကြတယ်။ မြန်မာနိုင်ငံရဲ့ ထူးခြားချက်က စတုတ္ထတစ်ခုရှိသေးတယ်။ ဒါက နှင်း(Snow)ဖြစ်တယ်။ ကျွန်တော်တို့နိုင်ငံရဲ့ အနောက်ဘက် မှာ ၁၂ လရာသီ ဆီးနှင်းတွေနဲ့ ဖုံးလွှမ်းနေတဲ့ တောင်တွေ အပြည့်ရှိတယ်။ တချို့က ပဉ္စမ(S)ကိုပါ ထည့်သွင်းစဉ်းစားကြ တယ်။ ဒါကတော့ မြန်မာတို့ရဲ့ အပြုံး (Smile)ပဲဖြစ်တယ်။
တစ်ဖက်က သဘာဝအလှတွေရှိသလို တစ်ဖက်မှာလည်း ယဉ်ကျေးမှုအမွေအနှစ်တွေအပြည့်ရှိတဲ့ ပုဂံ၊ မြောက်ဦး၊ မန္တလေး၊ အင်းလေး၊ ရန်ကုန်စတဲ့ နေရာတွေဟာ အင်မတန်မှ ထူးခြားလှတဲ့ ဒေသတွေဖြစ်တယ်။
ကျွန်တော်က လူထုအခြေပြုခရီးသွားလုပ်ငန်းအကြောင်း အကျယ်တဝင့်ရှင်းပြပြီး ဒီစီမံချက်ကို တက်ကြွစွာပါဝင်ပြီး မိမိ တို့ရဲ့စီမံချက်ဖြစ်ကြောင်းလက်ခံပြီး တာဝန်ယူဖို့ တိုက်တွန်းခဲ့ပါ တယ်။ ဝန်ကြီးရဲ့စေတနာ၊ လုပ်ငန်းရှင်များရဲ့ ဝါသနာနဲ့ မပြည့် စုံတဲ့ ရွာသူရွာသားများရဲ့ အားစိုက်မှုဟာ အလွန်လိုအပ်ပါ တယ်။ ဒါကြောင့်လည်း ဒီစီမံချက်ကို သူတို့လက်ထဲအပ်နှံတာ ကို သတိပေးခဲ့ပါတယ်။
ကျွန်တော့်ရဲ့ တင်ပြချက်အပြီးမှာ ကျေးရွာက တာဝန်ရှိတဲ့ သူက တင်ပြပြီး ဒီစီမံချက်ကို စတင် အကောင် အထည်ဖော်တဲ့ လုပ်ငန်းရှင် က တင်ပြခဲ့ပါတယ်။ သူ့ဇာတိက မကျီးကန်ဖြစ်တာ မို့ သူ့အတွက် ဒီစီမံချက်ဟာ ရင်ထဲကပေါက်ဖွားလာတာ ဖြစ်တယ်။
အခုလို ဖွင့်ပွဲအခမ်းအနားအပြီးမှာ တာဝန်ရှိတဲ့သူတွေက မိုးပျံပူဖောင်းတွေကို ဖဲကြိုးဖြတ်ပြီး လွှတ်တင်ပေးခဲ့တယ်။ ကျွန်တော်အပါအဝင် ဝန်ကြီးနဲ့ အဖွဲ့ဝင်ဧည့်သည်တွေကို ခရီး သွားတွေတည်းခိုနိုင်ဖို့ အထူးစီစဉ်ထားတဲ့ အဆောက်အအုံ နှစ်လုံးကို ပြပေးပါတယ်။ ခြေတံရှည်အိမ်တွေဖြစ်ပြီး သပ်သပ် ရပ်ရပ်ရှိလှတယ်။ မွေ့ရာ၊ ခေါင်းအုံးနှင့် လိုက်ကာ အပြည့်အစုံ၊ ရေ၊ အိမ်သာ အပါအဝင် နေချင်စဖွယ်ဖြစ်အောင် စီစဉ်ထား တာ တွေ့ရပါတယ်။
အခုလို တည်းခိုတဲ့နေရာတွေကြည့်ပြီး အလှူရှင်တစ်ဦး ပေးလှူထားတဲ့ မူလတန်းကျောင်းဆောင်အသစ်ကို ခြေကျင် သွားခဲ့ကြတယ်။ ကျောင်းဆောင်အသစ်ကို လုပ်ငန်းရှင်တစ်ဦး ဖြစ်တဲ့ ဒေါက်တာအောင်မြတ်ကျော်နဲ့ သူ့ရဲ့ဇနီးက လှူခဲ့တာ ဖြစ်တယ်။ အခမ်းအနားမှာ ဝန်ကြီးက မိန့်ခွန်းပြောပြီး ကျွန်တော့်ကို အမှာစကားပြောဖို့ ပန်ကြားခဲ့ပါတယ်။ ကျွန်တော် လည်း ပညာရေးနဲ့ပတ်သက်ပြီး တွေးသင့်တဲ့ကိစ္စကို တင်ပြခဲ့ တယ်။
အခမ်းအနားပြီးတော့ ရွာကတည်ခင်းတဲ့ နေ့လယ်စာကို မန်ကျည်းပင်အောက်မှာ စားကြတယ်။ ရွာနာမည်က မကျီးပင် ဖြစ်တာမို့ တစ်ရွာလုံးမှာ မန်ကျည်းပင်တွေအပြည့် သာယာလှ တဲ့ ရွာကလေးဖြစ်တယ်။ နေ့လယ်စာစားပြီးချင်း ကျွန်တော် ပုဂံကို လေယာဉ်အမီ ပြန်ခဲ့တယ်။ အပြန်ခရီးမှာ လူထုအခြေပြု ခရီးသွားလုပ်ငန်းအကြောင်း တွေးနေမိတယ်။ စေတနာ၊ ဝါသနာအပြည့်နဲ့ ဆောင်ရွက်နေတဲ့ စီမံချက်တစ်ခု။ မြန်မာ ပြည်အနှံ့ ၁၁ နေရာမှာလုပ်နေကြောင်း သိရတယ်။ အောင်မြင် စေချင်တာ အမှန်ပဲ။ အထူးသဖြင့် လူတွေအတွက် အလုပ်တွေ ရမယ်။ ယဉ်ကျေးမှုတွေ ဖလှယ်နိုင်မယ်။ ရင်းနှီးမှုတွေ ရမယ်။
ဒါပေမယ့် ဒီစီမံချက်အောင်မြင်ဖို့ အခြေခံက စီးပွားရေး ပုံစံဖြစ်တယ်။ တွက်ခြေကိုက်အောင် စီမံနိုင်ဖို့ လိုအပ်တယ်။ ခရီးသည်တွေကို ဆွဲဆောင်နိုင်ဖို့ အရေးကြီးတယ်။ အိမ်သာမှ ဧည့်လာမယ်ဆိုတာကို သတိပြုရမယ်။ မကျီးကန်မှာ တည်းခို နိုင်မယ့် အိမ်သုံးအိမ်။ ဝင်ငွေနဲ့ အသုံးစရိတ်ကာမိအောင် တစ်နှစ် ဧည့်သည်ဘယ်နှယောက်လာမှ တွက်ခြေကိုက်မယ် ဆိုတာကို ခန့်မှန်းဖို့လိုအပ်တယ်။ နေပြည်တော်မှာရှိတဲ့ ဟိုတယ်တွေလို ဖြစ်လို့မဖြစ်ဘူး။ လူမလာဘဲ အရှုံးခံပြီးလုပ်ဖို့ ရွာသူရွာသားတွေမှာ အင်အားမရှိဘူး။ ဧည့်သည်တွေမလာ ခဲ့ရင် ဒီအိမ်တွေကို ဘယ်လိုအသုံးပြုမလဲ။ ကျွန်တော်တို့ နေ့လယ်စာစားရင်း ရွာမှတာဝန်ရှိသူတွေက လျှပ်စစ်မီး မရ သေးကြောင်း တင်ပြခဲ့တယ်။ အခြေခံတွေပြည့်စုံဖို့ အရေး ကြီးတယ်။ မဟုတ်ရင် မျှော်လင့်သလို ဖြစ်နိုင်မှာမဟုတ်ဘူး။ လုပ်ငန်းရှင်များအနေနဲ့လည်း စိတ်ရှည်ရှည်ကူညီဖို့ လိုအပ် တယ်။ စဉ်ဆက်မပြတ် အာရုံစိုက်မှရမယ်။
အမှန်တော့ ဒီစီမံချက်မျိုးကို နိုင်ငံအနှံ့ အကောင်အထည် ဖော်သင့်တယ်။ ကျွန်တော်တို့နိုင်ငံမှာ ပြစရာ၊ ကြည့်စရာတွေ အများကြီး။ တစ်နေရာနဲ့တစ်နေရာ မတူဘူး။ ပြည်နယ်တွေမှာ သာမက တိုင်းဒေသကြီးတွေ မှာလည်း ဆောင်ရွက်နိုင်မှာဖြစ် တယ်။ ကျွန်တော်ကတော့ ဒီစီမံချက်ကို ငြိမ်းချမ်းရေးလုပ်ငန်း စဉ်မှာ ကဏ္ဍတစ်ခု ဖြစ်စေချင်တာ။ ဒါမှ ငြိမ်းချမ်းရေးအသီး အပွင့် အကျိုးအမြတ်တွေကို ဒေသခံတွေက လက်တွေ့ခံစားနိုင် မှာဖြစ်တယ်။
ပုဂံလေယာဉ်ကွင်းရောက်တော့ လေယာဉ်နောက်ကျမယ် လို့ သိရတယ်။ စောင့်နေရင်း ခရီးသည်တွေကြည့်တော့ စုစု ပေါင်း ခုနစ်ယောက်ပဲရှိတယ်။ နည်းလှချည်လားလို့ စိတ်ထဲ ဖြစ်မိတယ်။ လေယာဉ်ပေါ်တက်မှ တစ်ခါမှမစီးဖူးတဲ့ ပန်ကာတစ်လုံးတပ်လေယာဉ်ပျံဖြစ်နေတာ သိရတော့တယ်။ သေး လွန်းလှတာ။ ထိုင်မယ့်နေရာကို ခက်ခက်ခဲခဲ တက်ခဲ့တယ်။ လေယာဉ်မောင်းတဲ့သူက ကိုယ့်အရှေ့မှာ။ ကားစီးရသလိုပဲ။ ပုဂံကနေရန်ကုန်ကို နှစ်နာရီနီးပါးကြာသွားတာ။ လေယာဉ် ပေါ်က အောက်ကိုငုံ့ကြည့်ရင် အားလုံးကို ထင်ထင်ရှားရှားမြင် ရတယ်။ သေးလွန်းလို့ ထင်ပါရဲ့ ၊ အရှိန်က သိပ်မရှိလှဘူး။ ကုသိုလ်တော့ရတယ်။ တစ်လမ်းလုံး ဘုရားစာရွတ်ခဲ့လို့။ ။

No comments:

Post a Comment