Sunday, November 20, 2016

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ၂၀၁၆ ခုနှစ် နှစ်လယ် မြန်မာ့ ကျောက်မျက် ရတနာပြပွဲ ခင်းကျင်း ပြသထားမှု တက်ရောက် ကြည့်ရှုအားပေး



နေပြည်တော် နိုဝင်ဘာ ၂၁
၂၀၁၆ခုနှစ် နှစ်လယ်မြန်မာ့ ကျောက်မျက် ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်း ခန်းမတွင် ယနေ့နံနက်ပိုင်းမှ စတင်ကျင်းပရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်ပြီး ကျောက်မျက် ရတနာများနှင့် ကျောက်စိမ်း အတွဲများ ခင်ကျင်း ပြသထားရှိမှုကို ကြည့်ရှု အားပေးသည်။


ဒုတိယသမ္မတသည် ယနေ့နံနက် ၉ နာရီတွင် မဏိရတနာ ကျောက်စိမ်းခန်းမသို့ ရောက်ရှိလာပြီး ပြည်ထောင်စု ၀န်ကြီးများအတူ မြန်မာ ကျောက်မျက် ရတနာပြပွဲသမိုင်း မှတ်တမ်း၊ ၂၀၁၆ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက် ရတနာပြပွဲ ကျင်းပရန် ဆောင်ရွက်ခဲ့မှုနှင့် ကျောက်စိမ်း၊ ကျောက်မျက် ခင်းကျင်း ပြသထားရှိမှု ဗွီဒီယို မှတ်တမ်းကို ကြည့်ရှုသည်။
ထို့နောက် ဒုတိယသမ္မတ၊ ပြည်ထောင်စု ၀န်ကြီးများနှင့် တာဝန်ရှိသူများသည် မဏိရတနာ ကျောက်စိမ်းခန်းမ အပေါ်ထပ်၌ ခင်းကျင်း ပြသထားသည့် ကျောက်စိမ်း အတွဲများ၊ ကျောက်မျက် ရတနာများ၊ အောက်ထပ် အရောင်းဆိုင်များ၌ ရောင်းချရန် ပြသထားသည့် ကျောက်မျက် ရတနာများကို  ကြည့်ရှုအားပေးကြသည်။
၂၀၁၆ ခုနှစ် မြန်မာ့ကျောက်မျက် ရတနာပြပွဲကို ယနေ့မှစ၍ နိုဝင်ဘာ (၂၉)ရက် အထိ ကျင်းပသွားမည် ဖြစ်ရာ ကျောက်မျက်အတွဲ (၄၃၉) တွဲကို နိုဝင်ဘာ(၂၀)မှ (၂၁) ရက်အထိ လည်းကောင်း၊ ကျောက်စိမ်း အတွဲ (၅၉၈၈) တွဲကို နိုဝင်ဘာ (၂၀)ရက်မှ (၂၉)ရက်အထိ လည်းကောင်း ရောင်းချသွားမည် ဖြစ်သည်။
ပြသထားသည့် ကျောက်မျက် အတွဲများမှ အခြေခံဈေး ယူရိုငွေ (၅၀၀)မှ (၂၀၀၀၀)အထိ တန်ဖိုး သတ်မှတ်သည့် ကျောက်မျက် အတွဲများကို အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် လည်းကောင်း၊ အခြေခံဈေး ယူရိုငွေ (၂၀၀၀၁)နှင့် အထက် တန်ဖိုး သတ်မှတ်သည့် ကျောက်မျက် အတွဲများကို ဈေးပြိုင်စနစ်ဖြင့် လည်းကောင်း ရောင်းချ သွားမည် ဖြစ်သည်။
ထို့အတူ ကျောက်စိမ်း အတွဲများမှ အခြေခံဈေး ယူရိုငွေ(၄၀၀၀)မှ (၂၀၀၀၀၀) အထိ တန်ဖိုး သတ်မှတ်သည့် ကျောက်စိမ်း အတွဲများနှင့် အခြေခံဈေးယူရိုငွေ (၁၀၀၀)မှ (၂၀၀၀၀၀) အတိ တန်ဖိုး သတ်မှတ်သည့် အချောထည် ကျောက်စိမ်း အတွဲများကို တင်ဒါစနစ်ဖြင့် လည်းကောင်း၊ အခြေခံ ဈေးယူရိုငွေ (၂၀၀၀၀၁)နှင့်အထက် တန်ဖိုး သတ်မှတ်သည့် ကျောက်စိမ်း အတွဲများကို ဈေးပြိုင်စနစ်ဖြင့် လည်းကောင်း ရောင်းချ သွားမည် ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment