Friday, November 4, 2016

စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိခိုက်ခံစားလွယ်အုပ်စုများ၏ အခန်းကဏ္ဍ




မင်းမင်း (ထားဝယ်)
ပြည်သူ့သဘောထားစင်မြင့်

တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည်တို့နှင့် စပ်လျဉ်း၍ ရှုထောင့်စုံမှ သဘောထားအမြင်စုံတို့ကို အများပြည်သူသို့ တင်ပြပေးနိုင်ရန် ဤကဏ္ဍကို ဖွင့်လှစ်ခြင်းဖြစ်၍ စိတ်ဝင်စားသူ မည်သူ မဆို ပါဝင်ရေးသားရန် ဖိတ်ခေါ်ပါသည်။ သို့သော် ကြမ်းတမ်းပြင်းထန်သော အယူအဆ၊ အရေးအသားများကိုမူ သတင်းစာ၏ မူဝါဒ အရ ဖော်ပြပေးနိုင်မည် မဟုတ်ကြောင်းနှင့် ဤကဏ္ဍတွင် ပါရှိသမျှတို့သည် သက်ဆိုင်ရာ ဆောင်းပါးရှင်၏ အာဘော်သာဖြစ်ပါသည်။

(စာတည်းအဖွဲ့)

ယနေ့ ကမ္ဘာပေါ်တွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု(Sustainable Development) ဟူသော စကားရပ်သည် လူတိုင်း ပါးစပ်ဖျားတွင် အထူး ရေပန်းစားလာပါသည်။ မျက်မှောက်ခေတ် နိုင်ငံတစ်နိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးတွင် လူသားအားလုံး အညီအမျှ ပေါင်းစည်းပါဝင်နိုင်မှသာ ရေရှည်တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးတိုးတက်မှုကို ရရှိစေမည်ဖြစ်ရာ ကမ္ဘာ့နိုင်ငံ အသီးသီး (အထူးသဖြင့် ကျွန်ုပ်တို့နိုင်ငံ အပါအဝင်)ရှိ ထိခိုက်ခံစားလွယ်သည့် အုပ်စုများဖြစ်သည့် ကလေး သူငယ်များ၊ အမျိုးသမီးငယ်များ၊ မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုတို့အတွက် လူမှုကာကွယ်စောင့်ရှောက်မှုများကို အထူး အလေးထား မြှင့် တင်ပေးရန်လိုအပ်လာ ပါသည်။


ယနေ့ ကမ္ဘာပေါ်တွင် နည်းပညာရပ်များ ဖွံ့ဖြိုးတိုးတက်လာခြင်းနှင့်အတူ လူသားများအတွက် စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေး၏ အသီးအပွင့်များ ကောင်းစွာ ရှင်သန်နေသော်လည်း တစ်ဖက်တွင် နောက်ဆက်တွဲ ဆိုးကျိုးများအနေဖြင့် ရာသီ ဥတုပြောင်းလဲ ဖောက်ပြန်ကာ ကမ္ဘာကြီး ပူနွေးလာပြီး သဘာဝဘေးအန္တရာယ်ကျရောက်မှု ပြင်းထန်လာခြင်း၊ နည်းပညာရပ်ဝန်း ဖွံ့ဖြိုးမှုနှင့်အတူ ကြောက်စရာကောင်းသည့် နျူကလီးယား ရန်စွယ်များ၊ လက်နက်ကိုင် ပဋိပက္ခများ၊ မတော်တဆမှုများကြောင့် ထိခိုက်လွယ်အုပ်စုများ တစ်နှစ်ထက် တစ်နှစ် ပိုမိုများပြားလာပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းကို နှောင့်နှေးစေ မည့် ဆင်းရဲမွဲတေမှု၊ ငတ်မွတ်ခေါင်းပါးမှုတို့နှင့်အတူ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့တွင် များစွာနိမ့်ပါးမှုများကို ရင်ဆိုင် ကြုံတွေ့နေရပါသည်။ထိခိုက်လွယ်သူများ ဟူသည် ထိတ်လန့်တုန်လှုပ်ဖွယ်ဖြစ်ရပ် တစ်ခုခုကြောင့် မိမိတို့၏ လူမှုစီးပွားဘဝများ ထိခိုက် ပျက်စီးမှု ခံစားရနိုင်ခြေ မြင့်မားသူများ၊ အိမ်ထောင်စုများ၊ လူမှုအသိုင်းအဝိုင်းအုပ်စုများကို ဆိုလိုပါသည်။ ထိခိုက်လွယ်မှု တိုင်းတာရာတွင် လူမှုရေးဆိုင်ရာ သုတေသန လုပ်ဆောင်မှုအဖွဲ့မှ တီထွင်ထားသည့် ထိခိုက်လွယ်မှုကို အခြေခံစံနှုန်း (၁ဝ) ချက်ဖြစ်သည့် ကြွေးမြီ၊ ဝင်ငွေ၊ တန်ဖိုးရှိပစ္စည်းပိုင်ဆိုင်မှု၊ စားနပ်ရိက္ခာ ဖူလုံမှု၊ သက်မွေးဝမ်းကျောင်း တစ်ခုထက်ပို၍ရှိခြင်း၊ ကျန်းမာရေး၊ ရေနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေး၊ မှီခိုရမှု၊ လူမှုရေးကိစ္စများတွင် ပါဝင်ဆောင်ရွက်မှု၊ ဆုံးဖြတ် ချက်ချပိုင်ခွင့် စသည့်အချက် (၁ဝ) ချက် ဖြင့် တိုင်းတာကြောင်း သိရပါသည်။ လူမှုကာကွယ် စောင့်ရှောက်ရေးသည် နိုင်ငံများ၏ အနေအထား အပေါ်မူတည်ပြီး ကွဲပြားကာ ဖွံ့ဖြိုးပြီးနိုင်ငံများ တွင် ပြည်သူ တစ်ရပ်လုံး၏ လူမှုဖူလုံရေးအပိုင်းကို ဦးတည်ပြီး ကျွန်ုပ်တို့နိုင်ငံအပါ အဝင် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ထိခိုက်ခံစားလွယ်သူများ အတွက် အခက်အခဲ ဘေးဒုက္ခတစ်ခုအား တုံ့ပြန်ဆောင် ရွက်နိုင်ရန် ရည်ရွယ်ပါသည်။ကျွန်ုပ်တို့နိုင်ငံအနေဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိခိုက်ခံစားလွယ် အုပ်စုများနှင့် ပတ်သက်၍ လိုအပ်ချက်၊ ဆောင်ရွက်ထားရှိမှုများကို တင်ပြရလျှင်-

ကလေးသူငယ်များ
လက်ရှိ မြန်မာနိုင်ငံတွင် မွေးကင်းစ မှ အသက် ငါးနှစ်အထိ ၅ ဒသမ ၄ သန်း၊ ပညာသင်ယူနိုင်သည့်အရွယ်အသက် ခြောက် နှစ် မှ ၁ဝ နှစ်အထိ ၄ ဒသမ ၈ သန်း၊ အသက် ၁၁ နှစ် မှ ၁၇ နှစ်အရွယ် ၆ ဒသမ ၄ သန်းရှိကြောင်း သိရှိရပါ သည်။ မြန်မာနိုင်ငံအတွင်းရှိ မွေးကင်းစအရွယ်မှ အသက်ရှစ်နှစ်အထိ ကလေးများ ဘက်စုံဖွံ့ဖြိုးအောင် ဆောင်ရွက်ပေးသော ပညာရေး၊ ကျန်းမာရေး၊ အဟာရမြှင့်တင်ရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ကာကွယ်စောင့်ရှောက် ရေးဆိုင်ရာ လုပ်ငန်းအားလုံးနှင့် အကျုံးဝင်သည့် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး Early Childhood Care and Development (ECCD) ဆိုင်ရာ မူဝါဒကို ကိုယ်ဝန်မဆောင်မီနှင့် ကိုယ်ဝန်ဆောင်ဘဝ၊ မွေးကင်းစ အရွယ်မှ သုံးနှစ်၊ သုံးနှစ်မှ ငါးနှစ်အရွယ် မူကြိုအရွယ်၊ ငါးနှစ်မှ ရှစ်နှစ် အိမ်မှ ကျောင်းသို့ ကူးပြောင်းသည့်ကာလ စသဖြင့် ကာလအပိုင်းအခြား အလိုက် ရေးဆွဲထုတ်ပြန် ထားရာ အဆိုပါ မူဝါဒမှတစ်ဆင့် ကလေးငယ်များအတွက် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်(၁)ဖြစ်သည့် နေရာအနှံ့ ဆင်းရဲမှုပုံစံအားလုံး အဆုံးသတ်ရေးနှင့် ပန်းတိုင် (၄) ဖြစ်သည့် လူသားအားလုံး အကျုံးဝင်စေပြီး ညီညွတ်မျှတပြီး အရည်အသွေး ရှိသည့် ပညာသင်ယူနိုင်ရေးနှင့် ဘဝတစ်လျှောက် အစဉ်လေ့လာသင်ယူနိုင်သော အခွင့်အလမ်းရရှိရေးအတွက် များစွာ အထောက်အကူ ပြုစေမည်ဖြစ်သည်။

အမျိုးသမီးငယ်များ
ကမ္ဘာတစ်ဝှမ်းတွင် ဆယ်ကျော်သက် အမျိုးသမီးငယ် များသည် စိန်ခေါ်မှုမျိုးစုံဖြစ်သည့် အရွယ်မတိုင်မီ လက်ထပ် ထိမ်းမြားခြင်း၊ အရွယ်မတိုင်မီ ကလေးမွေးဖွားခြင်း၊ အကြမ်းဖက်မှုများ၊ လူကုန်ကူးမှုများနှင့် ရင်ဆိုင်နေရပါ သည်။ သို့ပါ၍ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးကဏ္ဍ တို့တွင် မိမိနှင့်ရွယ်တူ အမျိုးသားများထက် များစွာ နိမ့်ပါးနေသေးသည့် အမျိုးသမီးငယ်များ၏ ဘဝကို မြှင့်တင်နိုင်ရန် လိုအပ်လာပါသည်။ ၂ဝ၁၄ ခုနှစ် အိမ် အကြောင်းအရာနှင့် လူဦးရေသန်းခေါင်စာရင်းအရ အသက် ၁၅-၁၉ နှစ် အုပ်စုတွင် အမျိုးသမီး ၂ ဒသမ ၂ သန်းရှိပြီး ၁၃ ဒသမ ၂ ရာခိုင်နှုန်းသည် အရွယ်မတိုင်မီ မိခင်ဘဝ ရောက်ရှိခြင်းနှင့် အတူ အနာဂတ်မျှော်လင့်ချက် များဆုံးရှုံးပြီး ပညာရေးခရီးလမ်း ကို ကျောခိုင်းခဲ့ရပါသည်။ သို့ပါ၍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု ပန်းတိုင်(၅) ဖြစ်သည့် ကျား-မ တန်းတူညီမျှရေးနှင့် အမျိုးသမီးများနှင့် အမျိုးသမီးငယ်များ၏ စွမ်းပကား မြှင့်တင်ရေးကို အကောင် အထည်ဖော် ဆောင်ရွက်သွားရမည်ဟူသည့် ရည်မှန်းချက်ပန်းတိုင်ကို ပြည့်မှီစေရန် အမျိုးသမီးငယ်များ၏ ပညာရေး၊ ဆင်းရဲနွမ်းပါးမှု၊ ကျန်းမာရေး၊ လူ့အခွင့်အရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ရပ်ဝန်းကဏ္ဍတို့တွင် အလေး ထား မြှင့်တင်ဆောင်ရွက် ပေးသွားကြရန် လိုအပ်ပါသည်။

သက်ကြီးရွယ်အိုများ
မြန်မာနိုင်ငံအနေဖြင့် သက်ကြီးရွယ်အို အရေအတွက် လျင်မြန်စွာ တိုးပွားလျက်ရှိရာ ၂ဝ၁၄ ခုနှစ် လူဦးရေ နှင့် အိမ်အကြောင်း အရာ သန်းခေါင်စာရင်း ထုတ်ပြန်ချက်အရ နိုင်ငံ့လူဦးရေ ၏ ၈ ဒသမ ၉ ရာခိုင်နှုန်း၊ လူဦးရေ ၄ ဒသမ ၅ သန်း၊ လူ ၁၁ ဦးတွင် တစ်ဦးသည် အသက် (၆ဝ) နှစ်အထက် သက်ကြီးရွယ်အိုများဖြစ်ပြီး သက်ကြီးရွယ်အို စုစုပေါင်း၏ ၁ဝ ရာခိုင်နှုန်းသည် လူမှုကာကွယ်စောင့်ရှောက်မှုများ လိုအပ်နေကြောင်း သိရှိရပါသည်။ သို့ပါ၍ သက်ကြီးရွယ်အို တိုးပွားလာ ခြင်းသည် ကြိုဆိုရမည့် ကိစ္စတစ်ရပ်ဖြစ်သော်လည်း တစ်ဖက်တွင် သက်ကြီးရွယ်အိုများ၏ စီးပွားရေး၊ လူ မှုရေး၊ ကျန်းမာရေးကဏ္ဍများအတွက် စိန်ခေါ်မှု တစ် ရပ်ဟု ဆိုရမည်ဖြစ်သည်။အထူးသဖြင့် ကမ္ဘာ့ကုလသမဂ္ဂညီလာခံကြီး၏ ၁၉၉၁ ခုနှစ်တွင် ဆုံးဖြတ်ချက် ၄၆/၉၁ ဖြင့် ချမှတ်ထားသည့် သက်ကြီးရွယ်အို စောင့်ရှောက်ရေးဆိုင်ရာ အခြေခံမူ (၅) ရပ်ဖြစ်သည့် သက်ကြီးရွယ်အိုများ အမှီအခို ကင်းမဲ့စွာ မိမိ ကိုယ်တိုင်ရပ်တည်နိုင်ရေး၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများတွင် ပါဝင်ခွင့်ရရှိရေး၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ကူညီစောင့်ရှောက်ပြုစုရေး၊ စွမ်းရည်နှင့် အခွင့်အလမ်းများကို ကိုယ်တိုင် ဖြည့်ဆည်းနိုင်ရေး၊ ဂုဏ်သိက္ခာရှိရှိဖြင့် လုံခြုံမှုရှိစွာ ရပ်တည်ခွင့်ရရှိရေး စသည့် အခြေခံမူများကို လက်ကိုင်ထားပြီး ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးမှ လိုက်နာ ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ပါသည်။ ထို့အပြင် နိုင်ငံတော်အစိုးရသည် ၂ဝ၃ဝ ခုနှစ်တွင် ပြည်သူအားလုံးကို ကျန်းမာရေး စောင့်ရှောက် မှုပေးသည့်အဆင့် (Universal Health Coverage)သို့ ရောက်ရှိရန် ဆုံးဖြတ်ထားပြီး အဆိုပါ လမ်းကြောင်း ကိုစတင် ချီတက်နေပြီ ဖြစ်သည့်အတွက် လူတိုင်းအကျုံး ဝင်စေမည့် ငွေကုန်ကြေးကျမရှိစေသည့် ကျန်းမာရေးကို သက်ကြီးရွယ်အိုများမှ စဉ်ဆက်မပြတ် ရရှိခံစားနိုင် မည်ဖြစ်ပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်(၃) ဖြစ်သည့် လူတိုင်းစေ့ ကျန်းမာရေးနှင့် သာယာဝပြော ရေးဟူသည့် ပန်းတိုင်ကိုအရောက်ချီတက်နိုင်မည် ဖြစ်သည်။

မသန်စွမ်းသူများ
လက်ရှိ မြန်မာနိုင်ငံတွင် လူဦးရေ (၅၁)သန်းကျော် အနက် ၂ ဒသမ ၃ သန်းကျော်သည် မသန်စွမ်းသူများဖြစ်ပြီး အမြင်အာရုံ မသန်စွမ်းသူ ၅၄ ဒသမ ၁ ရာခိုင်နှုန်း၊ ရုပ်ပိုင်း ဆိုင်ရာ မသန်စွမ်းသူ ၄၁ ဒသမ ၁ ရာခိုင်နှုန်း၊ မှတ်ဥာဏ်ချို့ယွင်းသူ ၃၆ ဒသမ ၂ ရာခိုင်နှုန်းနှင့် အကြားအာရုံ ချို့ယွင်းသူ ၂၉ ဒသမ ၁ ရာခိုင်နှုန်း ရှိကြောင်း သိရပါသည်။မသန်စွမ်းသူများ လူမှုအသိုင်းအဝိုင်း အတွင်း အခွင့်အရေးတန်းတူညီမျှရရှိစေရန် ၂ဝ၁၅ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေ ကို ပြဋ္ဌာန်းခဲ့ပါသည်။ ယင်းဥပဒေနှင့် ဆက်နွှယ်ပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို ရလဒ်ကောင်းစေ မည့် နိုင်ငံဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မသန်စွမ်းသူများအနေဖြင့် ပိုမိုကျယ်ပြန့်သော လူ့အဖွဲ့အစည်းတွင် ပူးပေါင်းပါဝင်နိုင်ပြီး ကျရာအခန်းကဏ္ဍမှ နိုင်ငံ့တာဝန်ကိုထမ်းဆောင်နိုင်ရန် မြန်မာနိုင်ငံမသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသား အဆင့် မဟာဗျူဟာ (၂ဝ၁၆-၂ဝ၁၇) ကို ရေးဆွဲထားပါသည်။သာဓကအနေဖြင့် ကမ္ဘာပေါ်ရှိ မသန်စွမ်းသူများ သည် တစ်ရက်လျှင် တစ်ဒေါ်လာထက် နည်းသော ပမာဏသာရရှိကြပြီး ဘဝကို ခက်ခဲစွာရုန်းကန်နေရသူများဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO)၏ တွက်ချက်မှုအရ မသန်စွမ်းသူများကို လုပ်သားအင်အားစုအတွင်း သင့်လျော်စွာ ထည့်သွင်းနိုင်မည် ဆိုပါက မြန်မာနိုင်ငံ၏ စုစုပေါင်း အသားတင်ထုတ်လုပ်မှုသည် ယခုတန်ဖိုးထက် ၁ ဒသမ ၂ ဘီလီယံ ပိုမို မြင့်မားနိုင်လာ သည်ဟု ဖော်ပြထားပါသည်။

မြန်မာနိုင်ငံရှိ မသန်စွမ်းသူများ အလုပ်လက်မဲ့နှုန်းမှာ ၈၅ ဒသမ ၂ ရာခိုင်နှုန်းရှိသည့်အတွက် မသန်စွမ်းသူများအတွက် လူ့အသိုက်အဝန်းအတွင်း ဝင်ဆံ့နိုင်ရန်နှင့် အသက်ရှင်ရပ်တည်နိုင်ရေးအတွက် အဓိကအရေးပါသည့် အသက်မွေးဝမ်းကျောင်း ပညာရရှိနိုင်ရေးနှင့် အလုပ်အကိုင်နှင့်ဝင်ငွေရရှိရေးကို ဦးတည် ပုံဖော်ပေးရမည်ဖြစ်ပြီး ထိုမှတစ်ဆင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ပန်းတိုင် (၈) ဖြစ်သည့် စဉ်ဆက်မပြတ်နှင့် အားလုံးပါဝင်နိုင်သည့် ရေရှည်စီးပွားရေးဖွံ့ဖြိုးမှု တိုးတက်စေ ရေး၊ လုပ်သားပြည့် အလုပ်အကိုင်ရရှိရေးနှင့် အားလုံး အတွက် ထုတ်လုပ်နိုင်စွမ်းရှိ၍ သင့်တင့်လျောက်ပတ်သော အလုပ်အကိုင် ဖြစ်ပေါ်စေရေးဟူသည့် ပန်းတိုင် ကို ဖော်ဆောင်နိုင်မည် ဖြစ်ပါသည်။သို့ပါ၍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ပြီး လူ့ဘောင်အဖွဲ့အစည်းများ ရေရှည်တည်တံ့ အားကောင်းလာစေရန် ထိခိုက်လွယ်အုပ်စုများ၏ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို အဓိကဦးတည် မီးမောင်းထိုး၍ ဦးစားပေးဆောင်ရွက်ရန် လိုအပ်ကြောင်း တိုက်တွန်း ရေးသားလိုက်ရပါသည်။

No comments:

Post a Comment