Wednesday, September 21, 2016

အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ၃၅ ရက်မြောက်နေ့ ကျင်းပ


နေပြည်တော်  စက်တင်ဘာ ၂၁
တမူးမြို့သို့ မဟာဓာတ်အားလိုင်းမှ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန်အတွက် ၂၃၀ ကေဗွီ ဂန့်ဂေါ-ကလေး ဓာတ်အား လိုင်းမှတစ်ဆင့် ၂၃၀ ကေဗွီ ကလေး-တမူးဓာတ်အား လိုင်း မိုင် ၉၀ နှင့် ဓာတ်အားခွဲရုံစီမံကိန်းများ ထပ်မံတည် ဆောက်နိုင်ရန် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ရန်ပုံငွေထည့်သွင်းလျာထားပြီး ရန်ပုံငွေရရှိမှု အပေါ်မူတည်၍ လုပ်ငန်း များအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင်က ဖြေကြားသည်။

ယနေ့ကျင်းပသည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်း အဝေး ၃၅ ရက်မြောက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမောင်မောင်လတ်၏ “စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့သို့ မဟာဓာတ်အားလိုင်း သွယ်တန်းပေးရန် အစီအစဉ်ရှိ/မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယ၀န်ကြီးက အထက်ပါ အတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးလားလ်မင်းထန်၏ “ချင်းပြည်နယ် မင်းတပ်မြို့မှတစ်ဆင့် မတူပီမြို့နှင့် ရေဇွာမြို့များသို့ မဟာဓာတ်အားလိုင်း သွယ်တန်း ပေးရန် အစီအစဉ်ရှိ/မရှိနှင့် လိုင်လင်းပီမြို့တွင် ဒီဇယ်စက်ဖြင့် လျှပ်စစ်မီးပေးရန် သို့မဟုတ် အလတ်စားရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင်က ချင်းပြည် နယ် မင်းတပ်မြို့သို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနိုင်ရန် ပေါက်-မင်းတပ် ၆၆ ကေဗွီဓာတ် အားလိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်းအား ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် Turnkey စနစ် ဖြင့် တင်ဒါခေါ်ဆိုပြီး တင်ဒါအောင်မြင်သည့် ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုခဲ့ပါကြောင်း။
လက်ရှိကာလတွင် ၆၆ ကေဗွီ ပေါက်-မင်းတပ် ဓာတ်အားလိုင်းမှတစ်ဆင့် ၆၆ ကေဗွီ မင်းတပ်-မတူပီ ဓာတ်အား လိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်းအား ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် Turnkey စနစ်ဖြင့် Aung Myint Mo ကုမ္ပဏီလီမိတက်သို့ လုပ်ငန်း အပ်နှံဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများဆောင်ရွက်လျက်ရှိပါကြောင်း၊ ရေဇွာမြို့သို့ မဟာဓာတ်အားလိုင်းမှ ၆၆ ကေဗွီစနစ်ဖြင့် ဓာတ်အားလိုင်းတည်ဆောက်ပေးရေး ကိစ္စနှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက်ရမည့် ပမာဏနှင့် ဒေသ၏ ဓာတ်အားသုံးစွဲမှု နှုန်းကို လေ့လာသုံးသပ်ကာ သင့်လျော်သောအချိန်တွင် ဘတ်ဂျက်လျာထား ဆောင် ရွက်သွားမည်ဖြစ်ကြောင်းဖြေကြားသည်။
ထို့ပြင် ၀န်ကြီးဌာနအနေဖြင့် လိုင်လင်းပီမြို့အား လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနိုင် ရန်အတွက် အဆိုပါမြို့တွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးရုံးတိုးချဲ့ဖွင့်လှစ်၍ ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရေး စီစဉ်ထားပြီးဖြစ်ပါကြောင်း၊ ထို့ပြင် လိုင်လင်းပီမြို့ရှိ အိမ်ခြေ ၅၂၃ အိမ်ကို ပိုမိုဓာတ်အားရရှိသုံးစွဲနိုင်ရန်အတွက် ၂၅၀ ကေဗွီအေ ဒီဇယ်ဓာတ်အားပေး စက်ဖြင့် တစ်ရက်လျင်မီးပေးချိန် နှစ်နာရီနှုန်းဖြင့် ဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ ၄၀၀ ဗို့ဓာတ်အားလိုင်း ၂ ဒသမ ၇၅ မိုင် အသစ်တည်ဆောက်ပေး နိုင်ရန် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့၏ ဘတ်ဂျက်တွင် ထည့်သွင်း လျာထားပေးနိုင်ရေးအတွက် သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့နှင့်  ညှိနှိုင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ဒုတိယ၀န်ကြီးက ဖြေကြားသည်။
မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးကျော်မြင့်ဦး၏ “မြန်မာနိုင်ငံ အတွင်း မီးလင်းရေး ကော်မတီများဖြင့် လျှပ်စစ်မီးလင်းနေသော ကျေးရွာများတွင် အိမ် တိုင်းစေ့ မီးလင်းခွင့်ရရှိရန် အစိုးရမှ ကူညီဆောင် ရွက်ပေးရန်အစီအစဉ်ရှိ/မရှိ၊ ကော်မတီ သုံးငွေစာရင်းနှင့်ပတ်သက်၍ မပြေလည်မှုများဖြစ်ပေါ်ပါက အစိုးရမှ တာဝန်ယူ ကူညီ ဖြေရှင်းပေးရန် အစီအစဉ်ရှိ/မရှိနှင့် လုပ်ငန်းပြီးမြောက်သည့်အခါ နိုင်ငံတော်မှ တာဝန် ယူလက် ခံပေးရန် အစီအစဉ်ရှိ/မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယ၀န်ကြီး ဒေါက်တာ ထွန်းနိုင်က မီးလင်းရေး ကော်မတီများက ၎င်းတို့၏ကျေးရွာများ ဓာတ်အားရရှိစေရန် အတွက် လိုအပ်သော ဓာတ်အားလိုင်းနှင့် ထရန် စဖော်မာများ တည်ဆောက်တပ်ဆင် နိုင်ရန် ကျေးရွာအတွင်း ငွေကြေးစုဆောင်းပြီး ကိုယ်ထူကိုယ်ထ မီးလင်းရေး ဆောင် ရွက်ကြခြင်းဖြစ်ပါကြောင်း၊ ကျေးရွာရှိ ပြည်သူလူထုထံမှ ငွေကြေးစုဆောင်း၍ လုပ်ငန်း ဆောင်ရွက်ခြင်း ဖြစ်သည့်အတွက် မီးလင်းရေးကော်မတီက ငွေကြေးထည့်ဝင်သူများကို မီတာတပ်ဆင်ရန် အတွက် ထောက်ခံပေးလျက်ရှိပြီး ၀န်ကြီးဌာနမှ ထောက်ခံချက်ရရှိ သူများကိုသာ မီတာတပ်ဆင်ပေး လျက်ရှိပါကြောင်းဖြေကြားသည်။
ထို့ပြင် ဒုတိယ၀န်ကြီးက ကျေးရွာအတွင်း မီးလင်းရေးကော်မတီဖွဲ့၍ ကိုယ်ထူ ကိုယ်ထ လျှပ်စစ်ဓာတ် အားရယူ နိုင်ရန် ဆောင်ရွက်ရာတွင် အဖွဲ့အစည်းခိုင်မာမှုမရှိခြင်း၊ ငွေးကြေးကိစ္စများရှုပ်ထွေးခြင်း၊ တည်ဆောက် မှုစနစ် အားနည်းခြင်းများကို တွေ့ရှိရ သည့်အတွက် ၀န်ကြီးဌာနမှ ကျေးရွာမီးလင်းရေးကော်မတီများ လိုက်နာရမည့် အချက် ၁၂ ချက်ကို သတ်မှတ်ပေးခဲ့ပါကြောင်း။
ထို့ကြောင့် ကိုယ်ထူကိုယ်ထ လျှပ်စစ်ဓာတ်အားရယူနိုင်ရန် ဆောင်ရွက်သော ကျေးရွာများ၌ ကော်မတီသုံးငွေ စာရင်းနှင့် ပတ်သက်၍ မပြေလည်မှုများဖြစ်ပေါ်ပါက သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များက ဥပဒေရေးရာအရ ဖြေရှင်းဆောင်ရွက် လျက်ရှိပြီး ဌာနမှဝန်ထမ်းများ ပါဝင်ပတ်သက်မှုများရှိပါက စုံစမ်းစစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက် လျက်ရှိပါကြောင်း။
မီးလင်းရေးကော်မတီက လုပ်ငန်းပြီးမြောက်သည့်အခါ နိုင်ငံတော်သို့အပ်နှံလို ခြင်းနှင့် စပ်လျဉ်း၍ ၀န်ကြီးဌာနအနေဖြင့် လတ်တလော အခြေအနေများအရ လက်ခံ ဆောင်ရွက်ရန် အစီအစဉ်မရှိသေး ပါကြောင်းဖြေကြားသည်။
လွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာ သည့် “ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း”အား လွှတ်တော်သို့အသိပေးတင်ပြပြီး ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဥပဒေကြမ်းကော်မတီဝင် ဦးအောင်ကြည်ညွန့်က ပြည်သူ့လွှတ်တော်က ပြင်ဆင် ချက်မရှိ အတည်ပြုပြီးပေး ပို့လာသော “အရေးပေါ်စီမံမှု အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်း”နှင့်စပ်လျဉ်း၍ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်များပါဝင် သည့် ကော်မတီ၏အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းပြီး ယင်းဥပဒေကြမ်းအား လွှတ်တော်၏ အဆုံးအဖြတ်ဖြင့် ဥပဒေကြမ်းကော်မတီ၏ တင်ပြချက်အတိုင်း အတည် ပြုခဲ့သည်။
“၁၉၇၃ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ စာစစ်အဖွဲ့ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” နှင့်စပ်လျဉ်း၍ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါက်တာ သန်းဝင်းက စာစစ်အဖွဲ့ဥပဒေကို ခြုံငုံလေ့လာကြည့်သည့်အခါ မသမာသောနည်းလမ်း နှင့်ပတ်သက်၍ အဓိပ္ပာယ်ဖွင့်ဆိုမှုနှင့် အရေးယူမှုများကို အလေးထားပြဋ္ဌာန်းထားသည် ကို တွေ့ရပါကြောင်း၊ စာမေးပွဲဆိုသည်မှာ သင်တန်းသားများ တတ်မြောက်မှုရှိ၊ မရှိ၊ သင်ကြားရေးရည်မှန်းချက်များ ပေါက်မြောက်မှုရှိ၊ မရှိကို ဆန်းစစ်အကဲဖြတ် ဆုံးဖြတ် ခြင်းဖြစ်၍ သမာသမတ်ကျစွာ၊ ဘက်လိုက်မှုကင်းစွာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
 မသမာမှုများကိုလျစ်လျူရှုခဲ့ပါက စာမေးပွဲစစ်ဆေးခြင်း၏ အဓိကရည်ရွယ်ချက် ကို ဖော်ဆောင်နိုင်မည် မဟုတ် ပါကြောင်း၊ ပညာရေးစနစ်တစ်ခု အဆင့်အတန်း အရည် အသွေး အာမခံနိုင်မှုသည် မသမာသော နည်းဖြင့် ဖြေဆိုခြင်းကို ထိန်းကွပ်နိုင်မှုအပေါ် တွင် များစွာတည်မှီနေပါသဖြင့် ယခု ပြင်ဆင်ပြဋ္ဌာန်းထားသည့် စာစစ်အဖွဲ့ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား လေးနက်စွာ ထောက်ခံပါကြောင်း ဆွေးနွေးသည်။
တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးစိုးသိန်း (ခ) ဦးမောင်စိုး က ဥပဒေကြမ်း၏ ပြဋ္ဌာန်းချက်များတွင် ပါဝင်သည့် စကားရပ်များနှင့် အသုံးအနှုန်းများကို ဥပဒေရေးထုံးနှင့်ကိုက်ညီစေရန်နှင့် အဓိပ္ပာယ် တိတိကျကျ ပေါ်လွင်စေရန်အတွက် ပယ် ဖျက်ရန်၊ ပြင်ဆင်ဖြည့်စွက်ရန်နှင့် အစားထိုးရန် လိုအပ်သည့် အချက်များကို တွေ့ရပါ ကြောင်း၊ ထို့ကြောင့် ယင်းတို့ကို ပြင်ဆင်ရန် လိုအပ်ပါကြောင်း ဆွေးနွေးသည်။
ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးကျော်နိုင်က မူလဥပဒေ ဟောင်းတွင် မြန်မာနိုင်ငံစာစစ်အဖွဲ့ကို ဖွဲ့စည်းရာ၌ ဥက္ကဋ္ဌဖြစ်သူ ပညာရေးဝန်ကြီး တစ်ဦးတည်းက သြဇာလွှမ်းမိုးပြီး ပညာရေးဌာနမှ ၀န်ထမ်းများဖြင့် ဖွဲ့စည်းခဲ့သည့် အတိုင်း မြန်မာနိုင်ငံစာစစ်အဖွဲ့ကို ထပ်မံဖွဲ့စည်းပါက မည်သို့မျှ ပြောင်းလဲမှုရှိနိုင်မည် မဟုတ်ပါကြောင်း၊  မြန်မာနိုင်ငံ စာစစ်အဖွဲ့၊ ဘာသာရပ်နှင့် သင်ရိုးများကို ကမ္ဘာ့အဆင့် မီ ဖွဲ့စည်းရန် လိုအပ်ပါကြောင်းဆွေးနွေးသည်။
ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက် များကို  ဥပဒေကြမ်းကော်မတီက ပြန်လည်ကြားနာဆောင်ရွက်ရန် ဥက္ကဋ္ဌက ဆုံးဖြတ် သည်။

အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီဥက္ကဋ္ဌ  က ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်း အဝေးတွင် တင်သွင်းခဲ့သည့် အဆို၊ မေးခွန်းများနှင့်စပ်လျဉ်းသည့် ကော်မတီ၏ အစီရင်ခံစာကို သဘောတူလက်ခံရန် အဆိုတင်သွင်းရာ လွှတ်တော်က အတည်ပြုခဲ့သည်။

No comments:

Post a Comment