Wednesday, September 21, 2016

နိုင်ငံသားသွေးနှောများအတွက် တင်ပြသည့်အထောက်အထားများ မှန်ကန်မှုရှိ / မရှိ နှင့် မိဘနှစ်ပါး ရရှိထားသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားသည် ဥပဒေနှင့်အညီ မှန်ကန်စွာထုတ်ပေးထားခြင်း ရှိ/မရှိ အထောက်အထားများကို စိစစ်ပြီးမှသာ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်မည်ဖြစ်


နေပြည်တော် စက်တင်ဘာ ၂၁
ဥပဒေအရ နိုင်ငံသားသွေးနှောများ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးမှုနှင့် ပတ်သက်၍ အချို့တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လျှောက်ထားသူများပြားသဖြင့် လုပ်ငန်း ဆောင်ရွက်မှုကြန့်ကြာခြင်းများကို ဖြေရှင်းပေးနိုင်ရန် စီမံဆောင် ရွက်လျက်ရှိကြောင်း၊ မိဘများ နိုင်ငံသားဖြစ်မှုကို ယခုအချိန်ကာလတွင် မှန်ကန်မှုရှိ /မရှိ ပြန်လည်စိစစ် ဆောင်ရွက်ခြင်းဖြင့် နောက်ပိုင်းကာလလျှောက်ထားမှုများနှင့်ပတ်သက်၍ ယင်းကတ်ပြားများကို ထပ်မံစိစစ်ရန်မလိုဘဲ နိုင်ငံသားဖြစ်ကြောင်း ခိုင်မာစေမည်ဖြစ်ပြီး နောက်ပိုင်းလျှောက်ထားဆောင်ရွက်မှုများတွင် မိဘများ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား တင်ပြလျှောက် ထားသည်နှင့် မြန်ဆန်စွာဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ရှင်းလင်းပြောကြားသည်။       

ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ဒဂုံမြို့သစ် (မြောက်ပိုင်း)မဲဆန္ဒနယ်မှ ဒေါက်တာ ဦးခင်မောင်မောင်၏ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေအရ မှတ်ပုံတင်ပြုလုပ်ရာတွင် လူဝင်မှုကြီးကြပ်ရေး နှင့်မှတ်ပုံတင်ဦးစီးဌာနမှ နိုင်ငံသားမှတ်ပုံတင် ထုတ်ပေးရာ၌ သွေးနှောပြန်လည်စိစစ်ရန် ညွှန်ကြားထားခြင်း ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ထိုသို့ ရှင်းလင်းဖြေကြားခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ၁၉၈၂ခုနှစ် မြန်မာနိုင်ငံသားဥပဒေပုဒ်မ(၃)နှင့် ပုဒ်မ (၅)တို့တွင် တိုင်းရင်းသားများ သည် မွေးရာပါနိုင်ငံသားများ ဖြစ်ကြသည်ဟု ဖော်ပြထားပါကြောင်း၊ ပုဒ်မ (၆) တွင် ဤဥပဒေအာဏာတည်သည့်နေ့တွင် နိုင်ငံသားဖြစ်ပြီးသူသည် နိုင်ငံသားဖြစ်သည်။ သို့ရာတွင် ပုဒ်မ (၁၈)ပါ ပြဋ္ဌာန်းချက်နှင့် ငြိစွန်းလျှင် ယင်းပုဒ်မအရ အရေးယူခြင်းခံရမည်ဟု ဖော်ပြထားပါကြောင်း၊ ပုဒ်မ(၆)ပါ နိုင်ငံသားဖြစ်ပြီးသူဆိုသည့် စကားရပ်သည် မြန်မာနိုင်ငံသား ဥပဒေမပေါ်မီ ယခင်နိုင်ငံသားဥပဒေများအရ နိုင်ငံသားဖြစ်ခဲ့သူများကို ယခုမြန်မာနိုင်ငံသား ဥပဒေက နိုင်ငံသားအဖြစ် ဆက်လက်သတ်မှတ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ထိုသူများမှာ ၁၉၄၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားအဖြစ် (ရွေးချယ်ရေး) အက်ဥပဒေနှင့် ၁၉၄၈ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေပါ ပြဋ္ဌာန်းချက်များအရ နိုင်ငံသားအဖြစ် ရရှိလာသူများဖြစ်ပါ ကြောင်း၊ ထိုသူများမှ မြန်မာနိုင်ငံသားဥပဒေ အတည်ပြုပြီးနောက်ပိုင်း မွေးဖွားသည့် သားသမီးများ သည် မြန်မာနိုင်ငံသားဥပဒေ ပုဒ်မ(၇)အရ နိုင်ငံသားများ ဖြစ်ကြပါကြောင်း။
နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ရာတွင် ဥပဒေအရ နိုင်ငံသားသွေးနှောများအတွက် တင်ပြသည့်အထောက် အထားများ မှန်ကန်မှုရှိ / မရှိနှင့် မိဘနှစ်ပါး ရရှိထားသည့် နိုင်ငံသားစိစစ် ရေးကတ်ပြားသည် ဥပဒေနှင့်အညီ မှန်ကန်စွာထုတ်ပေးထားခြင်း ရှိ/မရှိ  အထောက်အထားများ ကို စိစစ်ပြီးမှသာ ထုတ်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ဥပဒေအရ နိုင်ငံသား သွေးနှောသူများ၏ နိုင်ငံသားစိစစ်ရေးကတ်လျှောက်ထားမှုများတွင် ၎င်းတို့တင်ပြရမည့် အထောက်အထား စုံလင်မှုနှင့် ရုံးမှတ်တမ်းများ တိုက်ဆိုင်စိစစ်နိုင်မှုအပေါ်မူတည်ခြင်းနှင့် သက်ဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ခရိုင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူးရုံးများသို့ တစ်မှုချင်းအလိုက် အထောက်အထားများဖြင့် တင်ပြရခြင်းတို့ကြောင့် ထိုက်သင့်သည့်အချိန် ကြာမြင့်နိုင်ကြောင်းကို ပြည်သူလူထုထံ အသိပေး ကြေညာထားပြီးဖြစ်ပါကြောင်း။
လုပ်ငန်းဆောင်ရွက်မှုအတွက် သတ်မှတ်အခငွေသာ ပေးသွင်းရန် ရုံးများတွင်ကြေညာထား ပြီး လုပ်ငန်းကိစ္စ ဆောင်ရွက်မှုနှင့်ပတ်သက်၍ အဆင်မပြေမှု၊ အခက်အခဲရှိမှုများနှင့် ငွေကြေး လာဘ်လာဘ တောင်းခံမှုများရှိပါက စာဖြင့်လည်းကောင်း၊ ဖုန်းဖြင့်လည်းကောင်း တိကျစွာ တိုင်ကြားနိုင်ပြီး မှန်ကန်ပါက တာဝန်ရှိဝန်ထမ်းများကို ၀န်ထမ်း စည်းမျဉ်း စည်းကမ်းဥပဒေများနှင့် အညီ ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း) မဲဆန္ဒနယ်မှ ဦးအေးနိုင်၏ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် မှတ်ပုံတင် တစ်မျိုးမျိုးထုတ်ပေးမည့် သစ္စာစီမံချက်ကာလအတွင်း ကျန်ရှိနေသေးသော အိမ်ထောင်စုများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော မှတ်ပုံတင်တစ်မျိုး မျိုး အမြန်ဆုံးထုတ်ပေးနိုင်ရန် အစီအစဉ် ရှိ /မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ဒုတိယအကြိမ် တင်ပြလာသည့် အိမ်ထောင်စု ၇၀၉၄ စုနှင့်ပတ်သက်၍ မူလလိပ်စာပြည့်စုံမှု မရှိသည့် အိမ်ထောင်စု ၁၀၄၀ စုကို လိပ်စာပြည့်စုံစွာ ဖော်ပြနိုင်ရေးအတွက်လည်းကောင်း၊ မိမိမြို့ နယ်အတွင်း အခြားရပ်ကွက်များတွင် အိမ်ထောင်စုစာရင်းရှိပြီး အိမ်ထောင်ဦးစီးကိုယ်တိုင် (သို့မဟုတ်) အိမ်ထောင်စုဝင် တစ်ဦးဦးမှ ရုံးသို့လာရောက်လျှောက်ထား၍ ပြောင်းရွှေ့ရမည့် မြို့နယ်အတွင်းပြောင်းအိမ်ထောင်စု ၁၄၅၀ စုကို သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ အမှုတွဲများပြန်လည်ပေးပို့ခဲ့ပြီး ဖြစ်ပါကြောင်း၊ ကျန်ရှိသည့် အိမ်ထောင်စု ၄၆၀၄ စုကို စိစစ် ပြန်ကြားရန် မူလနေထိုင်ရာ ဒေသအသီးသီးရှိ မြို့နယ်ဦး စီးမှူးရုံးများသို့ စာတိုက်၊ ဖက်စ်ဖုန်းများ ဖြင့် အကြောင်းကြားစာများ ပေးပို့ခဲ့ပြီး သက်ဆိုင်ရာမြို့နယ်များ၏ စိစစ်အတည်ပြု ပြန်ကြားချက် များ ရရှိပါက လုပ်ထုံးလုပ်နည်းများနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းများကို ဆက်လက် ဆောင်ရွက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း။
ရွှေ့ပြောင်းနေထိုင်သူများကို မူလနေထိုင်ခဲ့သည့် ဒေသသို့သွားရန်မလိုဘဲ ရောက်ရှိ နေထိုင်ရာအရပ်တွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေး နိုင်ရေးအတွက် ရက် (၁၀၀)စီမံချက်ဖြင့် လုပ်ငန်းဆောင်ရွက် ရာတွင် အိမ်ထောင်စုလူဦးရေစာရင်း အရေအတွက်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအရေအတွက် ဖောင်းပွခြင်းမဖြစ် စေရန်နှင့် မှန်ကန် မှုရှိစေရေးတို့အတွက် အခြေခံလုပ်ငန်းစဉ် စံနှုန်းများသတ်မှတ်၍ ဥပဒေနှင့်အညီ ဆောင်ရွက်ပေး နေပြီး အဆိုပါ စီမံချက်ကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း  ဖြေကြားသည်။
လှိုင်းဘွဲ့ မဲဆန္ဒနယ်မှ ဦးခင်ချို၏ သောက်သုံးရေပြတ်လပ်သည့် ဘေးဒုက္ခများကို ကြိုတင် ကာကွယ်မှုအနေဖြင့် မိုးရေများကို အကျိုးရှိရှိ အသုံးချနိုင်ရေးအတွက် ရေတွင်း၊ ရေကန်၊ ရေလှောင်တမံများ ပြင်ဆင်ခြင်း၊ အသစ်တူးဖော်ပေးခြင်း အစီအမံများ ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ယခု ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မူလခွင့်ပြု  ရန်ပုံငွေဖြင့် ဒေသမှ ထိန်းသိမ်းထားသော ဆည်ငယ်၊ ကန်ငယ်များကို တူးဖော်ပြုပြင်ရန် လျာထား ဆောင်ရွက်လျက်ရှိရာ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် မြို့နယ် (၃၄)ခုရှိ ဆည်ငယ်၊ ကန်ငယ် (၉၂)ခုနှင့် ကျေးရွာ (၈၂)ရွာတို့၌ ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း။
မြန်မာပြည်အနှံ့ သောက်သုံးရေပြတ်လပ်သည့် ဘေးဒုက္ခများအား ကြိုတင်ကာကွယ်သည့် အနေဖြင့် ကျေးရွာပေါင်း (၈၄၆)ရွာတွင် တွင်းတိမ် (၂၁၆)တွင်း၊ လက်တူးတွင်း (၃၈၆)တွင်း၊ မြေသားမိုးရေလှောင်ကန်(၂၆၂)ကန် စုစုပေါင်း ရေရရှိရေးလုပ်ငန်း (၈၆၄)ခုတို့ကို အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် မူလခွင့်ပြုရန်ပုံငွေ ဖြင့် တိုင်းဒေသကြီး ၊ ပြည်နယ် (၁၄)ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (၆)ခုနှင့် နေပြည်တော် ကောင်စီနယ်မြေတို့၌ မြို့နယ်ပေါင်း (၂၉၈)မြို့နယ်နှင့် ကျေးရွာပေါင်း (၂၀၅၅)ရွာတို့တွင် တွင်းတိမ်(၂၁၆)တွင်း၊ တွင်းနက်(၇၀၅)တွင်း၊ လက်တူးတွင်း (၃၈၆)တွင်း၊ မြေသားရေကန် (၃၂၄)ကန်၊ စိမ့်စမ်းရေသွယ်ခြင်း(၃၅၀)ခုနှင့် အခြားရေရရှိရေးလုပ်ငန်း (၁၁၆)ခုတို့ကို လျာထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လိုအပ်ချက်အရ တင်ပြလာ သည့် ကျေးရွာပေါင်း (၅၄၂)ရွာ၊ ရေရရှိရေးအတွက် ရေရရှိရေးလုပ်ငန်းစုစုပေါင်း (၆၄၉)ခုကို ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။

ယနေ့အစည်းအဝေးတွင် မေးခွန်း(၈)ခု မေးမြန်းဖြေကြားကြပြီး စေတုတ္တရာ မဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်၏ မိမိနိုင်ငံအတွင်း အလုပ်အကိုင်ရှားပါးမှုနှင့် လုပ်ခလစာနည်းပါးမှုကြောင့် နိုင်ငံရပ်ခြားသို့ ထွက်၍ အလုပ်လုပ်နေကြသော မြန်မာနိုင်ငံသားများအား သက်ဆိုင်ရာ နိုင်ငံများမှ အလုပ်ရှင်များက ဥပဒေမဲ့ခိုင်းစေခြင်း၊ အနိုင်ကျင့်ခြင်း၊ စော်ကားခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း ပြုလုပ်နေမှုများအား နိုင်ငံတော်အစိုးရမှ နှစ်နိုင်ငံအစိုး(၇)ချင်း ချိတ်ဆက်၍ အမြန်ဆုံးထိရောက်စွာ ကူညီပံ့ပိုးကယ်တင်စောင့်ရှောက်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော် က လက်ခံဆွေးနွေးရန် ဆုံးဖြတ်ခဲ့သည်။ 

No comments:

Post a Comment