Monday, August 22, 2016

ကျွန်တော်နဲ့ ခြစားမှု


ပါမောက္ခ၊ ဒေါက်တာအောင်ထွန်းသက်
ကျွန်တော်တို့ ငယ်ငယ်တုန်းက သုံးတဲ့စကားက ခြစားတယ်၊ လာဘ်စားတယ်လို့ သုံးခဲ့ကြတယ်။ ခြစားတယ် ဆိုတာ အလွန်သရုပ် ပေါ်ပါတယ်။အိမ်တစ်အိမ်မှာ ခြစား ရင် အားလုံးကုန်တာပဲ။ ခြရဲ့သဘောက ဘာကိုမှ သက်သာမပေးဘဲ ကုန်မှရပ်တာ။ ဒါကြောင့် အင်္ဂလိပ်လို (Corruption)ဆိုတဲ့ စကားလုံးကို အခုလို ခြစားမှုလို့ ဘာသာပြန်ခဲ့တာကို ချီးကျူးမိပါတယ်။ ဆီလျော်အောင် ဘာသာပြန်မှုဟာ အလွန် အရေးကြီးလှပါတယ်။ ကျွန်တော်တို့ နိုင်ငံခြားပညာသင်တွေ နိုင်ငံခြားမသွားမီ သင်တန်းတစ်ခုမှာ ဆရာကြီးမင်းသုဝဏ်မှာကြားခဲ့ တာကို အမြဲအမှတ်ရနေမိတယ်။ တစ်ချိန်က (train)ဆိုတာကို ဘာသာပြန်တဲ့နေရာမှာ ''မီးရထား''လို့ ပြန်ခဲ့ ကြောင်းပြောခဲ့တယ်။ ရထားဆိုတာကို မြန်မာတိုင်းသိကြတယ်။ ရင်းနှီးကြတယ်။မီးကိုသုံးတာလည်း တစ်ချိန်က ရေနွေးငွေ့နဲ့မောင်းနှင်တာမို့ ရေနွေးငွေ့ရအောင် ကျောက်မီးသွေးကို မီးရှို့ရပါတယ်။ ရှေးပညာရှင်များရဲ့ သဘောကို ချီးကျူးရပါတယ်။ မျက်စိထဲပေါ်လာအောင် ဖန်တီးတာဖြစ်တယ်။ 


အခုခေတ်မှာတော့ ခြစားတဲ့အသုံးနှုန်းထက် အဂတိလိုက်စားမှုဆိုပြီး သုံးကြတယ်။ အသေချာ စဉ်းစား ပြန်ရင်လည်း အလွန်အဓိပ္ပာယ်ရှိလှတာ တွေ့ရတယ်။ အဂတိဆိုတာ ကတိရဲ့ ဆန့်ကျင်ဘက်ဖြစ်တယ်။ ဒါကြောင့် အဂတိလိုက်စားတဲ့သူဟာ မိမိရဲ့ ပေးထားတဲ့ကတိကို ချိုးဖောက်တာဖြစ်တယ်။ အဂတိကို ကတိနဲ့ တွဲဖက်ပြီး စဉ်းစားဖို့လိုအပ်ပါတယ်။
အဂတိလိုက်စားမှုကို အစိုးရအသစ်အနေနဲ့ ရှေ့တန်းတင်ပြီး ကိုင်တွယ်ဖို့ စီစဉ်လျက်ရှိတယ်။ အခုလို ဆောင်ရွက်တာကို ကြိုဆိုရတယ်။ ကျွန်တော် တစ်ယောက်ချင်းပြောရရင် အဂတိလိုက်စားမှုနဲ့ ပတ်သက် လာရင် 'Zero tolerance" လို့ ခေါ်တဲ့ လုံးဝသည်းခံမှုမရှိဖို့ အရေးကြီးပါတယ်။ နည်းနည်းယူတာ၊ များများ ယူတာဆိုပြီး ပမာဏနဲ့ မခွဲခြားသင့်ဘဲ လုံးဝလက်သင့်မခံတာမျိုးကို ဦးတည်ဖို့လိုအပ်ပါတယ်။ ဖြစ်နေတာက သည်းခံခွင့်လွှတ်မှုတွေ များလွန်းနေတာ ။ လုပ်ခလစာ မလုံလောက်လို့ အဂတိလိုက်စားရပါတယ်ဆိုတဲ့ ဆင်ခြေဟာ မပြည့်စုံပါဘူး။ ဒါကြောင့် လက်ဖက်ရည်ဖိုး၊ ထမင်းဖိုးစတဲ့ ယဉ်ကျေးမှုတစ်ရပ်ဟာ နေရာတိုင်း လိုလိုမှာရှိနေတာ တွေ့ရတယ်။ ခြစားမှုရဲ့ အခြေခံအကြောင်းအချက်တစ်ခုဟာ လက်ဆောင်ပေးတဲ့ ယဉ်ကျေးမှုပဲလို့ ယူဆမိတယ်။ နေရာတိုင်းမှာပေးမှကမ်းမှ ပေးတဲ့လူကလည်း အကျင့်ပါနေသလို ယူတဲ့သူက လည်း မယူရင် မနေတတ်မထိုင်တတ် ဖြစ်နေကြတယ်။ ဒီလိုဖြစ်ခဲ့တာဟာလည်း နိုင်ငံရေးပတ်ဝန်းကျင်နဲ့ သက်ဆိုင်နေပြန်တယ်။ ပွင့်လင်းမြင်သာမှုမရှိတဲ့ လူ့အသိုင်းအဝိုင်း သန့်ရှင်းတဲ့ ယှဉ်ပြိုင်မှုမရှိတဲ့ စီးပွားရေး အခြေအနေတွေမှာ အခုလို တာဝန်ရှိသူတွေဆီက အခွင့်ရေးပိုရအောင် ခြစားမှုကိုဆောင်ရွက်ခဲ့တာဖြစ်တယ်။ တစ်ချက်လွှတ်အမိန့်နဲ့ အာဏာနဲ့အုပ်ချုပ်ခဲ့တဲ့ အခြေအနေမျိုးမှာ အဂတိလိုက်စားမှုဟာ ရှင်သန်ပြီး ကြီးထွား လာခဲ့တယ်။ ယဉ်ကျေးမှုတစ်ရပ်အထိ ဖြစ်လာတာမို့ မလုပ်သင့်တဲ့ကိစ္စ တစ်ခုအနေနဲ့တောင် မမြင်နိုင်တော့ဘဲ ထုံးစံတစ်ရပ်ဖြစ်လာခဲ့တယ်။
အဂတိလိုက်စားမှုကို ကိုင်တွယ်ဖို့ ကော်မရှင်ဖွဲ့ခဲ့ပေမယ့် ထိထိရောက်ရာက် မလုပ်နိုင်ခဲ့တာတွေ့ရတယ်။ တိုင်မှစုံစမ်းမယ့်အနေအထားမို့ ဘယ်လိုမှ အောင်မြင် နိုင်မှာမဟုတ်ဘူး။
အဂတိလိုက်စားမှုဟာ စီးပွားရေးနယ်ပယ်မှာတင်မက နိုင်ငံရေးနယ်ပယ်၊ အုပ်ချုပ်ရေးနယ်ပယ် နောက်ဆုံး လူမှုရေးနယ်ပယ်အထိ ပျံ့နှံ့သွားခဲ့တယ်။ အစိုးရ တင်ဒါတွေကို ပွင့်လင်းမြင်သာစွာခေါ်ယူတာမဟုတ်ဘဲ လက်သိပ်ထိုး လုပ်ခဲ့ကြတယ်။ ခေါ်ပြန်ရင်လည်း ကိုယ့်လူကိုပဲပေးခဲ့တယ်။ ဒီနေရာမှာ ကိုယ်ကျိုးစီးပွား ပဋိပက္ခကိစ္စကို နားမလည်ကြဘူး။ ရသင့်ရထိုက်တဲ့အခွင့်အရေးထက်ပိုပြီး မယူသင့်တာကို သဘော မပေါက်ကြဘဲ ကိုယ်နဲ့ထိုက်တန်လို့ရတယ်လို့ ယူဆလာကြတယ်။ နာမည်ကြီး အမ်ဘီအေဘွဲ့လွန် သင်တန်း ဝင်ခွင့်ရဖို့ ပေးရကမ်းရတယ်လို့ သိခဲ့ရသလို ကိုယ်ပိုင် အရည်အချင်းမရှိပေမယ့် မိဘဆွေမျိုး အသိုင်းအဝိုင်း အခြေအနေကို အားကိုးပြီး ကျောင်းတက်ခွင့်ရခဲ့တယ်။ ထူးဆန်းတာက ဒီလိုလုပ်တာဟာ မှားတယ်လို့မမြင်ဘဲ ရသင့်ရထိုက်တဲ့အခွင့်အရေးကို ယူခြင်းသာဖြစ်တယ်လို့ မြင်ကြတယ်။
ကျွန်တော်ဟာ အဂတိလိုက်စားမှုကို ကုလသမဂ္ဂအဖွဲ့အစည်းမှာ တာဝန်ယူစဉ် လေ့လာခဲ့တယ်။ လေ့လာရတဲ့ အကြောင်းအရင်းကတော့ နိုင်ငံတစ်နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုနဲ့ အဂတိလိုက်စားမှုအနေအထားဆက်စပ်မှုကို လေ့လာခွင့်ရခဲ့တယ်။ အဂတိ လိုက်စားမှုမြင့်မားတဲ့နိုင်ငံတွေရဲ့ တိုးတက်မှုနှုန်းဟာ လျော့နည်းနေပြီး အဂတိ လိုက်စားမှုကို ဖြေရှင်းရင်ဆိုင်နိုင်တဲ့ နိုင်ငံတွေရဲ့ ဖွံ့ဖြိုးမှုဟာကောင်းမွန်ကြောင်း တွေ့ရတယ်။ လာဘ်ပေး လာဘ်ယူမှုဟာ အဂတိလိုက်စားမှုရဲ့ အခြေခံဖြစ်တယ်။ စာဖတ်သူတွေသိကြပါတယ်။ တရားဥပဒေမျှတမှုကို သရုပ်ဖော်တဲ့နေရာမှာ မျက်လုံးကို မျက်နှာဖုံးစည်းပြီး ဖော်ပြလေ့ရှိတယ်။ အဓိပ္ပာယ်က ဘယ်သူမျက်နှာမှ မကြည့်ဘဲ သမာသမတ်ရှိတာ ကိုရည်òန်းတယ်။ အဂတိလိုက်စားမှုဟာ လာဘ်ပေးလာဘ်ယူတင်မက မိမိနဲ့ ပတ်သက်တဲ့ မိသားစုဆွေမျိုးသားချင်းကို အခွင့်ရေးပိုပေးတာလည်းပါဝင်ပါတယ်။ မျက်နှာလိုက်မှု၊ တာဝန် ပျက်ကွက်မှု၊ ငွေညှစ်မှု၊ လာဘ်ပေးမှုတို့ကို အဂတိလိုက်စားမှုလို့ သတ်မှတ်နိုင်ပါတယ်။ ယေဘုယျအားဖြင့် မိမိမှာရှိထားတဲ့ အခွင့်အာဏာကို အလွဲ သုံးစားလုပ်မှုပဲ ဖြစ်ပါတယ်။ 
အဂတိလိုက်စားသူကို ကျွန်တော်လေ့လာတဲ့အခါ ဘာသာရပ်အခြေခံအမျိုးမျိုး ရှုထောင့်အမျိုးမျိုးမှ သုံးသပ် နိုင်ကြောင်း သိရှိခဲ့ရပါတယ်။ စီးပွားရေးရှုထောင့်မှ အဂတိ လိုက်စားမှုကိုသုံးသပ်ရာမှာ လက်ဝါးကြီးအုပ်တာ ဖြစ်ပြီး ယှဉ်ပြိုင်မှုမရှိတာဖြစ်တယ် လို့ ပြောနိုင်ပါတယ်။ နိုင်ငံရေးသိပ္ပံရှုထောင့်အရ အဂတိလိုက်စားမှုဟာ အာဏာ အလွဲသုံးစားမှုဖြစ်ပါတယ်။ စီမံခန့်ခွဲမှုရှုထောင့်အရအဂတိလိုက်စားမှုဟာမက်လုံးပေး မှုနဲ့ စီမံခန့်ခွဲမှု အားနည်းတာကြောင့်ဖြစ်ကြောင်း သုံးသပ်ကြပါတယ်။ မနုဿဗေဒ ရှုထောင့်အရ အဂတိလိုက်စားမှုဟာ လူ့အဖွဲ့အစည်း တစ်ခုအတွင်းမှာရှိတဲ့ ယဉ်ကျေးမှု တွေဖြစ်တယ်။ ဒါကြောင့်လည်းလက်ဆောင်ပေးမှုနဲ့ အဂတိ လိုက်စားမှုကို တစ်ခါတစ်ရံ ခွဲခြားရခက်ကြောင်း သတိပြုရပါတယ်။
နိုင်ငံတကာ အတွေ့အကြုံများကို သုံးသပ်ရာမှာ အဂတိလိုက်စားမှုကို တိုက်ဖျက်ရာမှာ အောင်မြင်မှု ရနိုင်ကြောင်း တွေ့ရပါတယ်။ အောင်မြင်မှုလို့ပြောတဲ့နေရာမှာ အဂတိလိုက်စားနှုန်းလျော့ကျမှု၊ ကြိုးနီစနစ် ပပျောက်မှု၊ ရင်းနှီးမြှုပ်နှံမှုနှုန်းမြင့်မားလာ မှုနဲ့ ပြည်သူ့ဝန်ဆောင်မှုအရည်အသွေးတိုးမြှင့်လာမှုတို့ပဲဖြစ်ပါတယ်။ တစ်ခုသတိပြု ရမယ့်ကိစ္စကတော့ အဂတိလိုက်စားမှုနဲ့ ပတ်သက်လာရင် လုံးဝပပျောက်အောင် လုပ်နိုင်မှု မရှိခြင်းဘဲဖြစ်ပါတယ်။ အိမ်နီးနားချင်းနိုင်ငံတစ်ခုဖြစ်တဲ့ စင်ကာပူနိုင်ငံမှာအဂတိလိုက်စားမှုဟာ မရှိသလောက် နည်းတာတွေ့ရတယ်။ တာဝန်ယူတဲ့သူတွေဟာ အဂတိလိုက်စားမှုကို အုပ်ချုပ်မှုစနစ်ကို ဗဟိုပြုပြီး ဆောင်ရွက် ခဲ့တယ်။
အဂတိလိုက်စားမှုဟာ အချက်သုံးချက်အပေါ် အခြေခံပါတယ်။ ပထမအချက် ကတော့ ယှဉ်ပြိုင်မှု မရှိခြင်းဘဲဖြစ်ပါတယ်။ ယှဉ်ပြိုင်မှုမရှိရင် လက်ဝါးအုပ်စနစ် ကြီးထွားမှာဖြစ်တယ်။ ဒီစနစ်ကြီးထွားမှုဟာ အဂတိ လိုက်စားမှုကို အားပေး အားမြှောက် ပြုမှုပါတယ်။ ဒုတိယအချက်က တာဝန်ရှိသူတွေစိတ်တိုင်းကျ လုပ်နိုင် ဆောင်ရွက်နိုင် စွမ်းရှိမှုဖြစ်တယ်။ ဒီအင်အားကြီးမားလေလေ၊ အဂတိလိုက်စားမှုဟာလည်း ကြီးထွားလေလေ ဖြစ်မှာ သေချာပါတယ်။ နောက်ဆုံးအချက်ကတော့ တာဝန်ခံမှုဖြစ်တယ်။ ဒီနေရာမှာတော့ တာဝန်ခံမှု များလေလေ အဂတိလိုက်စားမှု လျော့ပါးလေလေ ဖြစ်ပါတယ်။
ကျွန်တော်တို့နိုင်ငံမှာ အုပ်ချုပ်ရေးမဏ္ဍိုင်ရော ဥပဒေပြုမဏ္ဍိုင်အပါအဝင် အဂတိလိုက်စားမှုကို တိုက်ဖျက်ဖို့ အာရုံရှိတယ်။ စိတ်ဝင်စားပြီး မကြာသေးမီက ဥပဒေအသစ်တွေပြဋ္ဌာန်းခဲ့တယ်။ အဂတိလိုက်စားမှု တိုက်ဖျက် တာဟာ ပြည်သူတွေ ရဲ့ယုံကြည်မှုကို ပြန်လည်တည်ဆောက်ခြင်းပဲဖြစ်တယ်။ 
အောင်မြင်တဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ဖို့ ပတ်သက်သူအားလုံးပါဝင်ဖို့ အလွန်အရေးကြီးလှတယ်။ အစိုးရ ဌာနတွေအားလုံး ပါဖို့လိုအပ်တယ်။ ပြည်သူ့ ဝန်ထမ်းများကိုလည်း စည်းရုံးရမှာဖြစ်တယ်။ ပြည်သူတွေနဲ့ စီးပွားရေးလုပ်ငန်း ရှင်များကိုလည်း ထည့်သွားဖို့လိုအပ်တယ်။ အခုခေတ်မှာ လူတိုင်းလူမှုရေးကွန်ရက်ကို သုံးစွဲ နေကြတာ တွေ့ရတယ်။ လူမှုရေးမီဒီယာချဉ်းကပ်မှုကို အသုံးပြုပြီးပွင့်လင်း မြင်သာမှုကို အားပေးနိုင်မှာ ဖြစ်တယ်။
အဂတိလိုက်စားမှုဟာ ယဉ်ကျေးမှုတစ်ရပ်ဖြစ်တာမို့ တိုက်ဖျက်ရေးအစီအစဉ်တွေကို ဖော်ထုတ်ရာမှာ ယဉ်ကျေးမှု ချဉ်းကပ်မှုကိုလည်း သုံးစွဲရမှာ ဖြစ်တယ်။ ကျူးလွန်သူတွေက ထင်သာမြင်သာ အရေးယူဖို့ လိုအပ်တယ်။ အထူးသဖြင့်နမူနာပြ တဲ့အနေနဲ့ အထည်ကြီးတွေ ကျူးလွန်တဲ့သူတွေကို အရေးယူသင့်တယ်။ မှတ်လောက် အောင် ဆောင်ရွက်ဖို့လိုအပ်ပါတယ်။ ဒါကြောင့်အဂတိလိုက်စားမှုကို ကျူးလွန်တဲ့ သူတွေအတွက် အပြစ်ပေးဖို့လိုအပ်သလို တစ်ဖက်ကလည်းမကျူးလွန်တဲ့သူကို လည်း ချီးမြှင့်သွားဖို့လိုပါတယ်။
ကျွန်တော့်ရဲ့ အတွေ့အကြုံအရ အဂတိလိုက်စားမှုကိုထိထိရောက်ရောက် တိုက်ဖျက်ဖို့ မဟာဗျူဟာ ခြောက်ခုကို စဉ်းစားဖို့လိုပါတယ်။ ပထမ လိုအပ်ချက်က ပြည်သူ့ဝန်ထမ်းတွေကို တန်ရာတန်ကြေး ချီးမြှင့်နိုင်ဖို့ လိုအပ်မှာ ဖြစ်တယ်။ လုပ်ခ လစာနည်းပါးလှတဲ့ ဝန်ထမ်းတွေအနေနဲ့ မိမိတို့ရဲ့ဝင်ငွေကို အဂတိလိုက်စားမှုနဲ့ ဖြည့်စွက်ကြတာ တွေ့ရတယ်။ 
ဒုတိယအချက်ကတော့ အစိုးရအသုံးစရိတ်နဲ့ပတ်သက်လာရင် ပွင့်လင်း မြင်သာမှုရှိဖို့လိုအပ်ပါတယ်။ အစိုးရရဲ့ ဘဏ္ဍာငွေသုံးစွဲမှုကို ပြည်သူတွေအနေနဲ့ သိနိုင်သဘောပေါက်နိုင်ဖို့လိုပါတယ်။ တတိယအချက်ကတော့ မလိုအပ်တဲ့ လုပ်ထုံးလုပ်နည်းတွေ ကြိုးနီစနစ်တွေကိုဖြေလျှော့ရမှာဖြစ်တယ်။ စတုတ္ထအချက် ကတော့ အစိုးရအနေနဲ့ အရှုံးပေါ်နေတဲ့ လုပ်ငန်းအဖွဲ့အစည်းတွေအတွက် အထောက်အပံ့ပေးနေမှုကို ဖျက်သိမ်းဖို့ လိုပါတယ်။ ပဉ္စမအချက်က အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး သဘောတူညီချက်တွေကို အကောင်ထည် ဖော်ရမှာဖြစ်ပါတယ်။ နောက်ဆုံးကတော့ ခေတ်မီအိုင်တီပညာကို သုံးစွဲဖို့ပဲဖြစ်ပါ တယ်။ 
အဂတိလိုက်စားမှုနဲ့ ပတ်သက်လာရင် ကျွန်တော့်အနေနဲ့ လိုအပ်တာထက်ပိုပြီး ခံစားရပါတယ်။ နိုင်ငံ တိုးတက်မှုကို အဟန့်အတား ဖြစ်နေတဲ့ ဒီရောဂါဆိုးကြီးကို ထိထိရောက်ရောက် ပြတ်ပြတ်သားသား တိုက်ဖျက်စေချင်တယ်။ အဂတိလိုက်စား မှုတိုက်ဖျက်ရေးကော်မရှင်ကိုလည်း ပီပီပြင်ပြင် ဖွဲ့စည်းပြီးသတ္တိရှိရှိ လှုပ်ရှားစေချင်တယ်။ ကျောသားရင်သားမခွဲခြားဘဲ၊ သူ့မျက်နှာကိုယ့်မျက်နှာကိုမကြည့်ဘဲ ကျွန်တော်တို့ လူ့ အဖွဲ့အစည်းကို တန်ဖိုးရှိတဲ့၊ သန့်ရှင်းတဲ့အဖွဲ့အစည်းဖြစ်စေချင်ပါတယ်။ ဖြစ်ပါစေလို့လည်း ဆန္ဒပြုမိပါတယ်။ ။


No comments:

Post a Comment