Monday, August 22, 2016

အိမ်နီးချင်းနိုင်ငံဆိုတာ ရွေးချယ်လို့မရ၊ ရှိတဲ့အိမ်နီးချင်းနိုင်ငံတွေအားလုံးနဲ့ ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်ဖို့လိုအပ်

သတင်းအဖွဲ့
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်နိုင်ငံခရီးစဉ်တွင် အဖွဲ့ဝင်အဖြစ် လိုက်ပါသွားသော ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံ အမတ်ကြီးတို့အား ခရီးစဉ်အခြေ အနေနှင့်ပတ်သက်၍ မေးမြန်းခဲ့သည်များကို ပြန်လည်ရေး သားတင်ပြ လိုက်ပါသည်-








နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံကို သြဂုတ်လ ၁၇ ရက်နေ့ကနေ ၂၁ ရက်အထိ လာရောက်ခဲ့ပါတယ်။
ဒီခရီးစဉ်ရဲ့ ရည်ရွယ်ချက်က နှစ်နိုင်ငံရဲ့ အစဉ်အလာ အရ ပေါက်ဖော်ချစ်ကြည်ရေး၊ နှစ်နိုင်ငံစီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေးကို ပိုမိုတိုးတက်ကောင်းမွန်ဖို့ လာရောက်ခဲ့ခြင်း ဖြစ်ပါတယ်။ တရုတ်နဲ့ မြန်မာက ကီလိုမီတာ ၂၂ဝဝ လောက် နယ်နိမိတ်ချင်း ဆက်စပ်နေတယ်။ နောက်ပြီးတော့ မြန်မာနိုင်ငံ မှာလည်းပဲ အမေရိကန် ဒေါ်လာ ၂၅ ဘီလီယံလောက် ရင်းနှီး မြှုပ်နှံထားတယ်။ ကုန်သွယ်မှုလည်း အများဆုံးနိုင်ငံတစ် နိုင်ငံ ဖြစ်တယ်။ နှစ်နိုင်ငံကြားမှာလည်း စီးပွားရေးပူးပေါင်း ဆောင် ရွက်မှု၊ အခြေခံအဆောက်အအုံ စီမံကိန်းတွေလည်း အများကြီး ထိတွေ့ ဆောင်ရွက်နေတာတွေရှိပါတယ်။ ဒါကြောင့်မို့ တရုတ် နိုင်ငံနဲ့ မြန်မာနိုင်ငံရဲ့ ဆက်ဆံရေးဟာ အင်မတန်အရေးကြီး တဲ့ အနေအထားမှာရှိပါတယ်။ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ခရီးစဉ် ဟာ အာဆီယံနိုင်ငံတွေကို သွားရောက်ခဲ့ပြီးတဲ့ ခရီးစဉ်နောက် ပိုင်းမှာ အာဆီယံပြင်ပ ပထမဦးဆုံး အိမ်နီးချင်းနိုင်ငံကို သွား ရောက်ခဲ့ခြင်းဖြစ်တဲ့အတွက် တရုတ်ဘက်ကလည်း အလေးထား ကျေးဇူးတင် ခဲ့ပါတယ်။
နှစ်နိုင်ငံ ဆက်ဆံရေးအလေးထား
သူတို့ကလည်း မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံနဲ့ ချစ်ကြည် ရေးကို အလေးထားတယ်ဆိုတဲ့အကြောင်းကို ပြသတယ်လို့ သူတို့က ခံယူထားပါတယ်၊ ခရီးစဉ်အတွင်းမှာလည်း နိုင်ငံတော် ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ခမ်းခမ်းနားနား ဧည့်ဝတ်ပျူငှာစွာ ဧည့်ခံခဲ့ပါတယ်။ အဲ့ဒီလို ဧည့်ခံခဲ့ခြင်းဟာလည်း မြန်မာနိုင်ငံ အပေါ် တရုတ်နိုင်ငံရဲ့ ဆက်ဆံရေးကို အလေးထားတယ်ဆိုတာ ကို ထင်ဟပ်ပြသတယ်လို့ ကျွန်တော်တို့ သုံးသပ်ရပါတယ်။ တရုတ်နိုင်ငံအနေနဲ့လည်း မြန်မာနိုင်ငံ အစိုးရသစ်တက်လာပြီး မှ ဆက်ဆံရေး ပိုမိုတိုး တက်ကောင်းမွန်အောင် ကြိုးပမ်း ဆောင် ရွက်လိုတဲ့ ပြင်းပြတဲ့ဆန္ဒတွေရှိတာကိုလည်း တွေ့ရပါတယ်။
ခရီးစဉ်ရဲ့ အဓိက သိသာမြင်သာတဲ့ ရလဒ်နှစ်ခုကတော့ ကွမ်လုံတံတား တည်ဆောက်ဖို့အတွက် ဖြစ်နိုင်ခြေ လေ့လာ တိုင်းတာတဲ့ သဘောတူညီမှုတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ ခြင်းဖြစ်ပါတယ်။ နောက်တစ်ခုက မြန်မာနိုင်ငံရဲ့ တိုးတက် အောင်မြင်မှုတွေနဲ့ နှစ်နိုင်ငံရဲ့ ဆက်ဆံရေးကို အလေးထား ကြောင်း ပြသတဲ့အနေနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံက မြန်မာ နိုင်ငံကို ထောက်ပံ့ငွေ ယွမ်ဘီလီယံ သန်း ၁ဝဝဝ ပေးအပ်ဖို့ သဘောတူညီခဲ့ခြင်းဖြစ်ပါတယ်။ ယွမ်ငွေသန်း ၁ဝဝဝ ကို ပြည်သူ လူထု အကျိုးပြုစေမယ့် ယဉ်ကျေးမှု၊ စိုက်ပျိုးရေး၊ ပညာရေး၊ ယဉ်ကျေးမှုပူးပေါင်း ဆောင်ရွက်ရေး၊ အထူးသဖြင့် မြစ်ကြောင်း ထိန်းသိမ်းရေး စသည်ဖြင့် ပြည်သူလူထုအကျိုးပြုစေမယ့် ဧရိယာတွေမှာ အသုံးပြုဖို့ သဘောတူညီခဲ့ကြပါတယ်၊
အများစိတ်ဝင်စားတာနဲ့ပတ်သက်ပြီးတော့ အခြေခံ အဆောက်အအုံတည်ဆောက်ရေး၊ ရပ်ဆိုင်းထားတဲ့ မြစ်ဆုံစီမံ ကိန်းကိစ္စနဲ့ပတ်သက်ပြီးတော့လည်း နှစ်နိုင်ငံခေါင်းဆောင် တွေအကြား အခက်အခဲတွေကို ပွင့်ပွင့်လင်းလင်း ပြောကြား နိုင်ခဲ့ပြီးတော့ ဒီကိစ္စကို ကျွန်တော်တို့ တည်ထောင်ထားတဲ့ ကော်မရှင်ရဲ့ အဆုံးအဖြတ်ထောက်ခံတင်ပြတဲ့အတိုင်း နှစ်ဦး နှစ်ဖက် အဆင်ပြေစေမယ့် ဖြေရှင်းမှုတစ်ရပ်ရှာဖွေပြီးတော့ ဖြေရှင်းသွားကြဖို့ ညှိနှိုင်းဆွေးနွေးခဲ့ကြပါတယ်။ မြစ်ဆုံကိစ္စနဲ့ ပတ်သက်ပြီးတော့ နှစ်နိုင်ငံအကြားမှာ ပြဿနာအဖြစ် ဆက် လက်တည်ရှိမနေဘဲနဲ့ နှစ်နိုင်ငံအကြား နှစ်ဦးနှစ်ဖက် အဆင်ပြေ မယ့်နည်းလမ်းနဲ့ ဖြေရှင်းမှုတစ်ရပ်ကို ရှာဖွေသွားဖို့အတွက် ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။
ကတိပေးပြောကြား
နောက်အရေးကြီးတဲ့ကိစ္စကတော့ မြန်မာနိုင်ငံမှာ ငြိမ်း ချမ်းရေးညီလာခံကြီးတစ်ရပ် မကြာမီ ကျင်းပတော့မှာဖြစ် ပါတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်း အောင်မြင်ရေးအတွက် တရုတ်ဘက်ကနေ ကူညီပံ့ပိုးပေးဖို့၊ ညှိနှိုင်းဆွေးနွေးတဲ့အခါ မှာ တရုတ်ဘက်ကလည်း အပြုသဘော ကူညီဆောင်ရွက်ပေး ဖို့အတွက် ကတိပေးပြောကြားခဲ့ပါတယ်။ အထူးသဖြင့် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်မှာပါဝင်တက်ရောက်နေတဲ့ အချို့ လက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း တရုတ်-မြန်မာနယ်စပ် တစ်လျှောက် မှာ နေထိုင်နေကြတဲ့ အတွက် တရုတ်နိုင်ငံရဲ့ ကူညီပံ့ပိုးမှုက လည်း အများကြီး အရေးကြီးပါတယ်။ အဲဒီတော့ တရုတ် ဘက်ကနေပြီးတော့ မြန်မာနိုင်ငံရဲ့ နယ်မြေဒေသ ငြိမ်းချမ်း တည်ငြိမ်မှုရှိစေရေး၊ တရားဥပဒေစိုးမိုးမှု ရှိစေရေးအတွက် တရုတ်ကနေ ကူညီပံ့ပိုးပေးဖို့ ကျွန်တော်တို့ ညှိနှိုင်းဆွေးနွေး ခဲ့ကြပါတယ်။
နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု၊ ခေါင်းဆောင်တွေ အချင်းချင်း အပြန်အလှန် နားလည်မှုတွေ ရလာပြီးတော့ တစ်ဦးရဲ့ အခက်အခဲကို တစ်ဦးကနားလည်ပြီး နှစ်နိုင်ငံ ဆက်ဆံရေးကို ကောင်းမွန်အောင် တိုးတက်မြှင့်တင်သွား ဖို့အတွက် ညှိနှိုင်းဆွေးနွေးနိုင်ခဲ့တယ်လို့ ကျွန်တော်အနေနဲ့ သုံးသပ်လို့ရပါတယ်။ ကျွန်တော့်အနေနဲ့ သတိထားမိတာက တော့ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး၊ ပူးပေါင်း ဆောင်ရွက်ရေး ပိုမိုတိုးမြှင့်ဖို့အတွက် စိတ်အားထက်သန်မှု ရှိနေတယ်။ ကျွန်တော်တို့နိုင်ငံအနေနဲ့လည်း တရုတ်နိုင်ငံဟာ မိမိတို့နဲ့ နယ်စပ်ဒေသ ရှည်လျားစွာ ထိတွေ့ဆက်ဆံနေတဲ့ အိမ်နီးချင်းနိုင်ငံ၊ နောက်ပြီးတော့ တရုတ်နိုင်ငံဟာ က္ဘာပေါ်မှာ ဒုတိယစီးပွားရေးအင်အားအကြီးဆုံး နိုင်ငံဖြစ်တဲ့အတွက် ခင်မင်ရင်းနှီးမှုမျိုး ထိန်းသိမ်းထားမယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံအတွက်လည်း များစွာအကျိုးကျေးဇူးရှိနိုင်မှာဖြစ်ပါတယ်။
အိမ်နီးချင်းနိုင်ငံဆိုတာ ရွေးချယ်လို့မရပါဘူး၊ ရှိတဲ့အိမ်နီးချင်းနိုင်ငံတွေအားလုံးနဲ့ ခင်မင်ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက် သွား ဖို့ လိုအပ်ပါတယ်။
ကျွန်တော်တို့အနေနဲ့ တရုတ်နိုင်ငံတင်မကဘဲ တခြား အိမ်နီးချင်းနိုင်ငံတွေ၊ အာဆီယံနိုင်ငံတွေ၊ နောက်ပြီးတော့ က္ဘာ့နိုင်ငံအားလုံးနဲ့ ချစ်ခင်ရင်းနှီးဖို့အတွက် နိုင်ငံခြားရေး မူဝါဒအရ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ညှိနှိုင်းသဘောတူညီမှုရရှိ
တရုတ်ဘက်က ဘာစီမံကိန်းပဲလုပ်လုပ် ပြည်သူလူထုတွေ ကို အကျိုးပြုမယ့် စီမံကိန်းမျိုးတွေကို ဦးစားပေးဆောင်ရွက် မယ်လို့ ပြောကြားပါတယ်။ ကျွန်တော်တို့ ဘက်မှာလည်း အစိုးရ သစ်ပြောင်းလာတဲ့အခါကျတော့ ကျွန်တော်တို့ရဲ့ ခေါင်းဆောင် ရဲ့ မူဝါဒနဲ့အညီ လိုအပ်ချက်ပုံစံက ပြောင်းလဲသွားပါတယ်။ အဲဒီ လို ပြောင်းလဲသွားတဲ့ လိုအပ်ချက်နဲ့အညီ တရုတ်ဘက်ကနေ ပြီးတော့ ကူညီပံ့ပိုးပေးဖို့၊ ဒီလိုပုံစံမျိုးနဲ့ပဲ ဆက်လက်လုပ်ကိုင် သွားဖို့ ညှိနှိုင်းသဘောတူညီမှုရရှိခဲ့ပါတယ်။
အချုပ်အားဖြင့်ဆိုရင် ဒီခရီးစဉ်ဟာ နှစ်နိုင်ငံ ချစ်ကြည်ရေး အတွက်၊ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေကို အကျိုးပြုစေမယ့် လုပ်ငန်းတွေ ဖော်ဆောင်နိုင်ရေးအတွက် အောင်မြင်ခဲ့တဲ့ ခရီးစဉ်တစ်ခုဖြစ်တယ်လို့ သုံးသပ်ပါတယ်။
ဦးသန့်စင်မောင် ၊ ပြည်ထောင်စုဝန်ကြီး
(ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန)
ဒီခရီးစဉ်ဟာ အင်မတန်အောင်မြင်တယ်လို့ ယူဆပါ တယ်။ အာဆီယံပြင်ပမှာ ပထမဆုံးသွားရောက် လည်ပတ်တဲ့ နိုင်ငံဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံဖြစ်တဲ့အတွက် တရုတ် ပြည်သူ့သမ္မတ နိုင်ငံခေါင်း ဆောင်ကြီးတွေနဲ့၊ အစိုးရရော၊ ပြည်သူလူထုရော တော်တော်လေးဝမ်းမြောက်ဝမ်းသာရှိကြ ပါတယ်။ တရုတ်-မြန်မာချစ်ကြည်ရေးကို အလေးအနက်ထား တယ်ဆိုတဲ့ဆန္ဒကို ဖော်ပြတဲ့အတွက် အားလုံးဝမ်းမြောက် ဝမ်းသာ ရှိကြပါတယ်။ တကယ်လည်းပဲ နှစ်နိုင်ငံအစိုးရတွေ အကြားမှာ ပိုပြီးနားလည်မှု၊ ပိုပြီး ယုံကြည်မှုရလာတယ်လို့ ယူဆပါတယ်။
နွေးနွေးထွေးထွေးရှိ
အစိုးရအဖွဲ့နှစ်ဖွဲ့လုံး ပြောကြားကြတဲ့ အဓိကအချက်တွေ က ပြည်သူလူထုကို တန်ဖိုးထားတယ်။ ပြည်သူလူထုကို ဗဟို ပြုတယ်။ ပြည်သူလူထုရဲ့ ဆန္ဒတွေအတိုင်း ဆောင်ရွက်ကြမယ် ဆိုတဲ့အကြောင်း အလေးအနက်သဘောထားကြတယ်။ ဒီ ကြားထဲ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးအတွက် အားလုံး ပူးပေါင်းဆောင်ရွက်သွားကြမယ်ဆိုပြီး အားလုံးသဘောထား တူညီကြပါတယ်။ ဒီခရီးစဉ်မှာ ကွမ်လုံကြိုး တံတားကြီး တည် ဆောက်ဖို့အတွက်ဖြစ်နိုင်ခြေ လေ့လာဆန်းစစ်မှုကို ပြုလုပ် ဖို့ သဘောတူခဲ့တယ်။ တရုတ်နိုင်ငံစီးပွားရေးနဲ့ ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံဘက်က စီမံကိန်းနဲ့ ဘဏ္ဍာ ရေးဝန်ကြီးဌာနနဲ့ သဘောတူစာချုပ်တွေ လက်မှတ်ရေးထိုး နိုင်ခဲ့ပါတယ်။
ရှီအန်းကို ရောက်လာတဲ့အခါမှာလည်း ပြည်သူ လူထုတွေရော အားလုံးကြိုဆိုကြတယ်၊ နွေးနွေးထွေးထွေးရှိတဲ့ အတွက် ဒီခရီးစဉ်ဟာ အောင်မြင်တယ်လို့ ယုံကြည်ပါတယ်။
ဦးကျော်ဝင်း
ပြည်ထောင်စုဝန်ကြီး(စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန)
ဒီခရီးစဉ်ကတော့ နယ်စပ်ချင်းထိစပ်နေတဲ့ နိုင်ငံနှစ်နိုင်ငံ ရဲ့ အိမ်နီးချင်းခရီးစဉ်ပါ။ ဒါကလည်း ဘယ်လိုမှ ရှောင်လွဲလို့ မရတဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ နိုင်ငံနှစ်နိုင်ငံအနေနဲ့ ချစ်ကြည် ရင်းနှီးမှု ပိုပြီးတော့ မြှင့်တင်ဖို့လိုအပ်ပါတယ်။ ဒါဟာ အဓိက ဖြစ်ပါတယ်၊ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ရင်းနှီးချစ်ကြည်မှုပိုပြီးတော့ ကောင်းလာရင် တစ်နိုင်ငံနဲ့ တစ်နိုင်ငံအတွက်လည်း အဘက် ဘက်က အပြန်အလှန် မှီခိုအားထားဖို့လည်း ရှိလာပါတယ်။ ကျန်တာကတော့ ကျွန်တော်တို့နိုင်ငံအနေနဲ့ ပြုပြင်ပြောင်းလဲ မှုတွေ လုပ်နေတဲ့အချိန်ပါ၊ အိန္ဒိယနဲ့ တရုတ်နိုင်ငံကြီးနှစ်နိုင်ငံ ဟာ အဓိကကျတဲ့ ဈေးကွက်နိုင်ငံကြီးနှစ်နိုင်ငံဖြစ်ဖို့ မျှော်မှန်း ထားပါတယ်၊ ဒါ့ကြောင့်မို့Trade Promotion မြှင့်တင်ဖို့ ကိစ္စကလည်းပဲ ဒီခရီးစဉ်မှာ အရေးပါတဲ့အကြောင်းတရား တစ်ရပ်ဖြစ်ပါတယ်။ ဒီနှစ်ချက်ကတော့ ဒီခရီးစဉ်အတွက် အဓိကအကြောင်းအရာပါ။ ကျန်တာကတော့ ကိုယ့်နိုင်ငံထက် ပိုပြီးတော့ တိုးတက်တဲ့နိုင်ငံမှာ ဘယ်လိုပြုပြင်ပြောင်းလဲ တိုး တက်ဖြစ်ပေါ်နေလဲဆိုတာတွေကို မျက်မြင်ကိုယ်တွေ့ တွေ့ရဖို့ အတွက်က အခွင့်အလမ်းရတာပါ၊ ဒါ့ကြောင့်မို့ ဒီခရီးစဉ်မှာ လိုက်ပါခဲ့ တာဖြစ်ပါတယ်။ ကျန်တာကတော့ ကိုယ့်နိုင်ငံက လုပ်ရမယ့် လုပ်ငန်းတွေ၊ ရှင်းလင်းချက်တွေ အများကြီးပါ၊ ဒီရှင်းလင်းချက်တွေကို ဆောင်ရွက်တဲ့အခါမှာ ကိုယ့်မှာရှိတဲ့ အင်နဲ့အားနဲ့ ဆောင်ရွက်နိုင်တာတွေရှိသလို၊ မိမိတို့ရဲ့ အင်အား တွေနဲ့ပေါင်းစပ်ပြီး မိမိတို့ရဲ့မိတ်ဖက်နိုင်ငံတွေနဲ့ အတူတကွ လက်တွဲပြီးတော့ ဆောင်ရွက် တဲ့အခါမှာ ပိုမိုမြန်ဆန်ပြီး ခရီး ရောက်နိုင်တဲ့ သဘောထားမျိုးလည်းရှိနိုင်တယ်။ ဒီခရီးစဉ်နဲ့ ပတ်သက်လို့ အဲဒီလိုမြင်ပါတယ်။ နှစ်နိုင်ငံခေါင်းဆောင်တွေ ပြောဆို ဆွေးနွေးကြတာတွေနဲ့စပ်လျဉ်းရင် အင်မတန်ကောင်း မွန်ပါတယ်။ နှစ်နိုင်ငံ ခေါင်းဆောင်အချင်းချင်းလည်း အပြန် အလှန်နားလည်မှု ပိုပြီးတော့ရတယ်လို့ ယုံကြည်ပါတယ်။
မြစ်ဆုံစီမံကိန်းကိစ္စ ကျွန်တော်တို့ဖွဲ့စည်းထားတဲ့ ကော်မရှင် ကို သူတို့အနေနဲ့လည်း လက်ခံပါတယ်။ တခြားလျှပ်စစ်နဲ့ ပတ်သက်လို့ တရုတ်ကနေ သွယ်တန်းမယ့်ကိစ္စတွေလည်း ဆွေးနွေးဖြစ်ပါတယ်။ စွမ်းအင်နဲ့ ပတ်သက်လို့ နှစ်နိုင်ငံပူးပေါင်း ပြီး ပြည်သူတွေ မြန်မြန်အကျိုးရှိမယ့် စွမ်းအင်ကဏ္ဍပူးပေါင်း ဆောင်ရွက်ရေးကိုလည်း ဆောင်ရွက်ဖို့ဆွေးနွေးပါတယ်။ ဒီ ခရီးစဉ်က နိုင်ငံတော် အဆင့်လာတဲ့ ခရီးစဉ်ပါ။ အောင်မြင် တယ်လို့သုံးသပ်ပါတယ်။ နှစ်နိုင်ငံ ချစ်ကြည်ရေးလည်းပိုပြီး ခိုင်မြဲတိုးတက်လာမယ်လို့ မျှော်လင့်ပါ တယ်။ ယုံလည်း ယုံကြည် ပါတယ်။
ဦးဇော်ဇော်စိုး
(ဟောင်ကောင်အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ်)
ကျွန်တော်ကတော့ ဟောင်ကောင်အခြေစိုက် မြန်မာ ကောင်စစ်ဝန်ချုပ် ဦးဇော်ဇော်စိုး ဖြစ်ပါတယ်။ အခုလို နိုင်ငံ တော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ခရီးစဉ်မှာ တစ်ခန်းတစ်ကဏ္ဍအနေ နဲ့ ပါဝင်ဆောင်ရွက်ခွင့်ရှိတဲ့အတွက် ဂုဏ်ယူပါတယ်။ ဒီခရီးစဉ် ရဲ့ အောင်မြင်မှုအပေါ်မှာ အလွန်တရာမှ ကျေနပ်အားရပါတယ်။ ဒီခရီးစဉ်က တရုတ်-မြန်မာဆက်ဆံရေးအတွက် အလွန်အရေး ပါတဲ့ စာမျက်နှာသစ် ခြေလှမ်းတစ်ရပ်ဖြစ်ပါတယ်။ ဒီခရီးစဉ် ကြောင့် ကျွန်တော်တို့ နှစ်နိုင်ငံ ဆက်ဆံရေးပိုမိုတိုးတက် အောင်မြင်မယ်လို့ ယုံကြည်ပါတယ်။
တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်
နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ တရုတ်ပြည်ခရီးစဉ်ဟာ အောင်မြင်ပါတယ်။ အခုခရီးစဉ်က သမိုင်းဝင်ခရီးစဉ်ဖြစ်ပါတယ်။
ခရီးစဉ်အတွင်းမှာ နှစ်နိုင်ငံခေါင်းဆောင်များကနေ တရုတ်-မြန်မာနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးနဲ့ ဆက်ဆံရေးကို ပိုပြီတော့ မြှင့်တင်ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ ဆွေမျိုးပေါက် ဖော် ချစ်ကြည်ရေးကို ပိုမိုခိုင်မြဲအောင် ဆောင်ရွက်မယ်လို့ လည်း သဘောတူကြပါတယ်။ နောက်ပြီးတော့ နှစ်နိုင်ငံ ခေါင်းဆောင် တွေက ကဏ္ဍ အသီးသီးမှာ ပူးပေါင်းဆောင်ရွက် မှုကို ပိုမိုမြှင့်တင်မယ်လို့လည်း သဘော တူညီခဲ့ကြပါတယ်။ အထူး သဖြင့် တရုတ်အစိုးရအနေနဲ့ မြန်မာအစိုးရသစ်ရဲ့ စီးပွားရေး ဖွံ့ဖြိုးရေး၊ ပြည်သူလူထုရဲ့ ဘဝအဆင့် အတန်းမြင့်မားရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုကိုလည်း ဆက်လက်ထောက်ခံအားပေး မှာဖြစ်ပါတယ်။
တရုတ်အစိုးရအနေနဲ့ မြန်မာနိုင်ငံငြိမ်းချမ်းရေး လုပ်ငန်း စဉ်ကိုလည်း ဆက်လက်ပြီးတော့ ထောက်ခံ အားပေးမှာဖြစ်ပါ တယ်။ အဲ့ဒီ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပိုမိုကြီးမားတဲ့ တက်ကြွ တဲ့၊ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍမှာ ဆက်လက်ပါဝင် မှာဖြစ်ပါတယ်။ အခု ကျင်းပမယ့် (၂၁)ရာစု ပင်လုံညီလာခံဟာ အောင်မြင်နိုင်မယ်လို့ ကျွန်တော်တို့က နှစ်နှစ်ကာကာ ယုံ ကြည်ပါတယ်။
ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ ပြည်သူလူထုဘဝ အဆင့်အတန်း မြင့်မားဖို့အတွက် ဆက်လက်ပြီးကူညီပေးမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ဟာ မြန်မာနိုင်ငံနဲ့ နီးကပ်စွာ ပူးပေါင်းဆောင် ရွက်ပြီးတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ခရီးစဉ်မှာ ရရှိတဲ့ ရလဒ်တွေ၊ အောင်မြင်မှုများကို အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။ တရုတ်-မြန်မာ နှစ်နိုင်ငံ ဘက်စုံထောင့်စုံ မဟာ ဗျူဟာမြောက် ဆက်ဆံရေး အဆင့်အတန်းမြှင့်တင်ဖို့၊ တရုတ်-မြန်မာ နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို ပိုပြီးတော့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွား မှာဖြစ်ပါတယ်။
ဦးကျော်လင်း
(အမြဲတမ်းအတွင်းဝန်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန)
ကွမ်လုံတံတားအဟောင်းက ၁၉၆၄-၆၅ ခုနှစ်က တရုတ် ပြည်သူ့သမ္မတ နိုင်ငံက ချစ်ကြည်ရေးနဲ့ တည်ဆောက်ပေးခဲ့ တာဖြစ်ပါတယ်။ ဒါကြောင့်မို့ အခုဆိုရင် နှစ်ပေါင်း ၅ဝ ကြာ လာတဲ့အတွက် ခံနိုင်ရည်များ လျော့ကျလာပြီဖြစ်ပါတယ်။ ဒါကြောင့်မို့ အခုဆိုရင် တန် ၃ဝ မော်တော်ယာဉ်တွေကိုပဲ ဖြတ်သန်းခွင့် ပေးထားပါတယ်။ ၂၂ ဘီးတွဲယာဉ်များကို ကန့် သတ်ထားပါတယ်။
တရုတ်နိုင်ငံ လီချွမ်းနဲ့ ချင်းရွှေဟော်တို့ကို အဓိက ကုန် သွယ်ဖို့အတွက် တွဲယာဉ်တွေသွားနိုင်ဖို့က အရေးကြီးပါတယ်။ တွဲယာဉ်တွေသွားလာနိုင်ဖို့အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ က တံတားသစ်တစ်စင်း တည်ဆောက်ဖို့ ကမ်းလှမ်းလာခြင်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ နှစ်နိုင်ငံ အင်ဂျင်နီယာတွေ အတူတကွ ပူးပေါင်း တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံကနေ ကွမ်လုံ တံတားအသစ်အတွက် အကူအညီပေးမယ့် စာချွန်လွှာကို အခု ခရီးစဉ်မှာ လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ ။


No comments:

Post a Comment