Monday, August 22, 2016

ဖားကန့်အရေး တွေးဆစရာများ


ညီညီ (ဘော်တွင်း)
မြန်မာပြည်ကနံရံကြီး အမည်ရ"Great Wall" ဖားကန့်က လမ်းနှင့် ကျောက်တွင်းနံရံကျွန်တော် ဖားကန့်ကို မရောက် ဖူးပါ။ သို့သော် တစ်ချိန်က ရန်ကုန်ရှိ ကမ္ဘောဇဘဏ်တစ်ခု၏ အတွင်းနံရံများပေါ်တွင် အလှပြချိတ် ဆွဲထားသော ကောင်းကင်မှ ရိုက်ကူးသည့် အလွန်ကြည် လင်ပြတ်သားသော ဖားကန့်ကျောက်စိမ်းတွင်းများ၏ ဓာတ်ပုံများကို မြင်တွေ့ဖူးရာမှ ဖားကန့် မြေ လူကြောင့်ပျက်စီးရသည့် အကျည်းတန်မှုကို ယနေ့ထက်တိုင် မျက်စိထဲက မထွက်ပါ။ သည့်နောက်ပိုင်းတွင်လည်း ပေါက်ကွဲယမ်းဂိုဒေါင် ဆင့်ကဲပေါက်ကွဲမှုများ၊ ကျောက်နံရံများ ပြိုကျခြင်း၊ စွန့်ပစ်မြေဇာပုံကြီးများ မိုးရေဝသဖြင့် လျှောကျစီးဆင်းပြီး ကျေးရွာလူနေအိမ်များမကျန် တိုက်စားဖြိုဖျက်ကာ


ဥရုချောင်းအတွင်း စီးဝင်ပေါင်းစပ်ခြင်း၊ ပုံမှန် ရေစီးချောင်းငယ်များကို ပိတ်ဆို့တားထားခြင်း စသည်များကို ဖန်သားပြင်တွင် တွေ့ရသည်မှာလည်း လူသား၏ မိုက်မဲ အကျည်းတန်မှုကို အထင်းသား ပေါ်လွင်စေသည်။ အဆိုးဆုံးဟု ဆိုရမည်လား မသိသော သတင်းများမှာ ရေမဆေး ကျောက် ရှာသူများ အဖြုန်းစွန့်ပုံကြီးများပေါ်တွင် အပေါ်မှ တန် ၁ဝဝ ဝန်းကျင်ဝင်ဆန့်သော ကားကြီးများက နောက်လှန် သွန်ချလိုက်သည့် ကျလာဆဲကျောက်တုံးကျောက်ခဲများ အကြား ပြေးလွှား လှုပ်ရှားနေပုံများ၊ ယင်းပုံရိပ်များနှင့် တစ်ဆက်တည်း လူဆယ်ကျော်၊ ရာကျော်အထိ ကျောက်ပုံများ ညအချိပြိုကျရာမှ သေကျေပျောက်ဆုံး ခဲ့သည့် သတင်းများကို ဖတ်ရသည်။ အထက်ပါပုံကို ကြည့်ကာ လမ်းပေါ်ရှိ မော်တော် ယာဉ်၏အရွယ်သည် အလျား ပေ ၂ဝ ရှိသည်ဆိုလျှင် ကျောက်သား နံရံ၏ မြင်နေရသော အမြင့်သည် အနည်းဆုံး ပေ ၂ဝဝ ခန့် ရှိလိမ့်မည်။ ယာဉ်က သည့်ထက် ကြီးလျှင် ကြီးသလောက် ယင်းထက် နံရံက ဆယ်ဆမြင့်လိမ့်မည်။ ဒါနံရံ၏ အောက်ခြေကို မမြင်ရသေး။ သည့်ထက်များစွာ ပိုမြင့်မည်ဖြစ်၏။ ပုံမှန် ဟင်းလင်းပွင့်မိုင်းများ၏ တစ်စပ်တည်းသော နံရံအမြင့်ကို ၁ဝ မီတာ (၃၃ ပေ) ထက်မြင့်အောင် တူးလုပ်ရသည်။
(တိုင်းတာ၍ရသည့် ကျောက်သား၏ ကျစ်လျစ်ခိုင်မာမှုနှင့် ဆိုင်သည်)၊ လှေကားထစ်ပုံစံ မိုင်းတူးအဆင့်များဖြင့် တူးဖော် ဖွဲ့စည်းကာ အနက်ဘက်သို့ ဆင်းကြရသည်။ ယခုမျက်မြင်ပုံစံမှာ အလွန်အမင်း အန္တရာယ်များသော လုပ်ပုံလုပ်နည်းများ ဖြစ်၏။ သတ္တုတွင်း စစ်ဆေးရေး အရာရှိချုပ်ရုံး သတ္တုတွင်း ဝန်ကြီးဌာန တွင် သတ္တုတွင်း စစ်ဆေးရေး အရာရှိချုပ်ရုံးတစ်ရုံး ရှိရသည်။ ထိုရုံး၏ အကြီးအကဲဖြစ်သူ သတ္တုတွင်းစစ် ဆေးရေးအရာရှိချုပ် (Inspector General)သည် သတ္တုတွင်း ဥပဒေများကို တတ်သိနား လည်ရုံမျှမက သတ္တုတွင်းပညာဖြင့် အသက် မွေးဝမ်းကျောင်းသူ (Professional Engineer) တစ်ဦး ဖြစ်ရသည်။
သူ့အောက်တွင် သူကလေ့ကျင့်သင်ပေးထားသော အထူးကျွမ်းကျင်သည့် အင်ဂျင်နီယာများ ရှိရသည်။ သူတို့ သာ အမှန်တကယ်ရှိခဲ့ပြီး လုပ်ငန်းလိုင်စင် စစ်ဆေးခွင့်ပြုသည်ကအစ တူးဖော်ထုတ်လုပ်ရေးအထိ သတ္တုတွင်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဟုတ်မဟုတ်၊ အလုပ်လုပ်မလုပ် စစ်ဆေးကြီးကြပ်ဆောင် ရွက်ခဲ့ပါက အပျက်အစီး၊ ထိခိုက်သေကျေမှု၊ ဥရုချောင်းပျက်စီးမှုနှင့်အတူ အခြားပတ်ဝန်းကျင် ပျက်စီးမှုများ ယခုကဲ့သို့ အများဆုံးအဆိုးဆုံးမဟုတ်၊ အနည်းဆုံး အသက်သာ ဆုံးဖြစ်အောင် ဖန်တီးနိုင်ခဲ့မည်ဖြစ်သည်။ တရားဥပဒေ စိုးမိုးရေးဟူသည် တရားရေးဌာန၊ ရဲစသည်နှင့်သာ ဆိုင်သည်မဟုတ်၊ အတတ်ပညာဆိုင်ရာ ဥပဒေ စည်းကမ်းများ ဖြင့် အလုပ်လုပ်ရသော ပြည်သူ့ဝန်ထမ်း ဌာန (Public Service) ဝန်ဆောင်မှုအားလုံး နှင့်လည်း သက်ဆိုင်ပါသည်။ သတ္တုတွင်း ဝန်ကြီးဌာနမို့ ချွင်းချက်မရှိအပ်ပေ။ သည်လို ပျက်စီးမှုများအပြင် ပွင့်လင်း မြင်သာမှုမရှိ၍ တိုင်းပြည်၏ ဓနဥစ္စာများ ဆုံးရုံးကာ ပြည်သူ့ ဘဝဆင်းရဲရာမှ မထနိုင်။ လူတို့၏ မိုက်မဲ မှုကြောင့်သာ ဖြစ်ရသည်။
ကျောက်စိမ်းဈေးကွက် ဈေးတွေပျက် ၁၇-၈-၂ဝ၁၆ နေ့စွဲပါ သတင်း များတွင် ကျောက်စိမ်းကုန်သည် ၂ဝ,ဝဝဝ ခန့်က ကျောက် စိမ်း တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများကို ပိတ်ပင်ပေးရန် နေပြည်တော်သို့ လက်မှတ်ရေးထိုး တောင်းဆိုသည် ဟူသော သတင်းများကို ဖတ်ရသည်။ ကျောက်စိမ်းတူး ခြင်းကို ကျောက်စိမ်းကုန်သည်များက ကန့် ကွက်သည်ဟု ခေါင်းစဉ်ဖတ်လိုက်ရုံဖြင့် ဘာမျှ တိတိကျကျ နားမ လည်နိုင်ပေ။ ကျောက်စိမ်း ဈေးကွက်ထဲ ရောက်မှ အရောင်းအဝယ် ဖြစ်မှာ၊ ဘယ့်နှယ် တူးဖော်တာကို ကန့်ကွက်ရ တယ်လို့ဟူ၍ အပေါ်ယံကြော တွေးလိုက်မိသောကြောင့်ဖြစ်သည်။ သို့သော် ရှင်းပါသည်၊ ကျောက်စိမ်းတွေများစွာထွက်နေ သော်လည်း ကျောက်စိမ်းအရိုင်းတုံးများ သူတို့ဈေးကွက်ထဲသို့ ရောက်မလာသော ကြောင့်ဖြစ်သည်။ မန္တလေး၊ စစ်ကိုင်း၊ ဖားကန့် နှင့် လုံးခင်းမြို့များမှ ကျောက်စိမ်းကုန်သည် များက အရေးဆိုခဲ့ခြင်းဖြစ်သည်။မန္တလေး ကျောက်စိမ်းကုန်သည်များအသင်းဥက္ကဋ္ဌ ဦးသိမ်းဝင်းက ''နိုင်ငံတွင်းမှာ ကျောက်စိမ်း ဈေးကွက် ကျဆင်းနေတာကို ကာကွယ်ဖို့ ကျောက်စိမ်းတူးဖော်ထုတ်လုပ်ခြင်း၊ ပြည်ပတင်ပို့ရောင်းချတာတွေကို အစိုးရ အာဏာပိုင် တွေက ရပ်ဆိုင်းပေးဖို့ လိုလားတာပါ'' ဟု ဧရာဝတီသတင်းဌာန သို့ပြောခဲ့သည်။
၂ဝ၁၄ ခုနှစ်မှစ၍ ကုမ္ပဏီများက ယန္တရားစက်ကြီးများဖြင့် ကျောက်စိမ်းတူးဖော်ခွင့်ရပြီး ကျောက်တုံး အရိုင်းလိုက် တင်ပို့ရောင်းချသည်။ တင်ပို့သည့် ကျောက်စိမ်းတန်ဖိုးမှာ ကန်ဒေါ်လာ ၃၁ ဘီလျံကျော် (မြန်မာ ထွက်ကုန်တန်ဖိုး၏ ထက်ဝက်ခန့်)ရှိသည်ဟု နိုင်ငံ တကာပွင့် လင်းမြင်သာရေးအစပျိုးအဖွဲ့ (IT)က ဆိုသည်။ အစိုးရ ဌာနဆိုင်ရာကပြောသည် ကတော့ (ကျွန်တော်မှတ်မိသ၍) သူ့ဝေစုကို ဂိုဒေါင်ထဲမှာ သိမ်းထားသည်။ နောက်ထပ် ကျောက်စိမ်းမရလည်း နောင်သုံးနှစ်စာ (အစိုးရလေလံပွဲများမှာ)ရောင်းစရာ ရှိသေးသည်ဟု ညွှန်ကြားရေးမှူး တစ်ယောက်က ဆိုသည်။ တရားမဝင် နယ်စပ်ကုန်သွယ်မှုကြောင့် ပြည်တွင်းကျောက်စိမ်း ဈေးကျပြီး အစိုးရလေလံပွဲများအပေါ် စိတ်ဝင်စားမှု ကျဆင်းသွားခဲ့ပြီ ဟုလည်း ကုန်သည်များက ဆိုသည်။
ဘာလုပ်ကြမည်နည်း
ပြီခဲ့သည့် ဇူလိုင်လကုန်က ကျောက်စိမ်းတူး ကုမ္ပဏီ ရာနှင့်ချီကာ လိုင်စင်သက်တမ်းကုန်ပြီး သက်တမ်း တိုးမပေးခဲ့ သော်လည်း ရာနှင့် ချီအရေအတွက်ရှိသော ကုမ္ပဏီများက ၂ဝ၁၈ ဇူလိုင်လရောက်မှ သက်တမ်း ကုန်ဆုံး အပိတ်ခံရ မည်ဟုလည်း သိရသည်။
ဘယ်လောက်ရာချီရှိမှန်းကား မသိရပါချေ။ သို့သော် ရာချီသောကုမ္ပဏီများက ၂ဝ၁၈ အထိ စက်ကြီးများနှင့် တူးဖော် နေကြဦးမည်ဆိုလျှင် ကျွန်တော် တွေးမရပါ။ ပြဿနာတွေ ဘယ်လိုပြေလည် သွားမည်နည်း။ အရှင်းဆုံးမှာ အကြီးစား စက်ယန္တရား ကြီးများဖြင့် ကျောက်စိမ်း၊ကျောက် မျက်တူး ဖော်ထုတ်လုပ်ခြင်းကို ဥပဒေ ပြုကာ အပြီးအပိုင် တားဆီးခြင်း ဖြစ်သည်။ နောက်ပြီး ကျောက်စိမ်း၊ ကျောက်မျက် အတုံးလိုက် အရိုင်းလိုက် တင်ပို့ ရောင်းချခြင်းကိုလည်း ပိတ်ပင်ရမည်။
ထုတ်လုပ်သမျှ ကျောက်စိမ်း၊ ကျောက်မျက် လက်ဝတ်ရတနာ (Chut and fabricated ornaments) အဖြစ်သာ ပြည်ပသို့ တင်ပို့ရောင်းချခွင့်ပြုသော ဥပဒေကို ပြဌာန်း ရပါလိမ့်မည် (ယခင် သည်ဥပဒေမျိုး ရှိဖူး သည်)။ လက်ဝတ်ရတနာ ထုတ်လုပ်ခွင့်ကို နိုင်ငံခြားရင်းနှီးမြှုပ်နှံခွင့်ပြုခြင်းဖြင့် နိုင်ငံသား အကျိုးစီးပွား တိုးတက်မှုကို အားပေးသည့် ပြည်တွင်းပြည်ပ ပြိုင်ဆိုင်မှုကို ချိန်ခွင်လျှာညှိ ပေးနိုင်ပါသည်။ ကျောက်စိမ်း အပါအဝင် အဖိုးတန် တွင်းထွက်ပစ္စည်းများသည် နိုင်ငံသား တစ်ဦးချင်းအတွက် မရှိမဖြစ်လိုအပ်သည့် ပစ္စည်း မဟုတ်သော်လည်း ယဉ်ကျေးမှုအနုပညာပစ္စည်း အဖြစ်လည်းကောင်း၊ စိတ်နှင့်ကိုယ်၏ တန်ဆာ အလှအပ ဝတ်ဆင်ရာအဖြစ် လည်းကောင်း၊ ဓနဥစ္စာစုဆောင်းရာနှင့် စက်မှု၊ လက်မှု ကုန်သွယ်မှု ပစ္စည်းအဖြစ် လည်းကောင်း အသုံးဝင် ပါသည်။ မထုတ်လုပ်၊ မရောင်းဝယ်လျှင် ဘာမျှမဖြစ်၊ မည်သူ့အကျိုးမှ မထိခိုက်ပါ ချေ။ သို့သော် သည်အလုပ်ဖြင့် အသက် မွေး ကြသူတို့အတွက်မူ မရှိမဖြစ်လိုအပ်ပေသည်။

သို့ဖြင့် လူတွေလည်း အသက်မွေးကြစေ၊ အနုပညာလည်း တိုးတက် ဖွံ့ဖြိုးစေ၊ နိုင်ငံ့စီးပွားလည်း မဆုံးရှုံးစေ စသည်ဖြင့် အကျိုးပြုနိုင်ရန် အတွက် ကျောက်စိမ်း၊ ကျောက်မျက်တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းကို မတားဆီး သင့်ပါပေ။ သို့သော် လူမှုဘဝနှင့် မြန်မာ့ ရေမြေတောတောင် သဘာဝအခြေအမြစ်များ ကိုကား ထိန်းသိမ်း စောင့်ရှောက် ကာကွယ်ရမည့် တာဝန်ရှိပေသည်။

No comments:

Post a Comment