Monday, July 4, 2016

ကျွန်တော်နဲ့ ချစ်တာလုပ်-လုပ်တာချစ်



ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်
လွန်ခဲ့တဲ့တနင်္ဂနွေနေ့က ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်း မြန်မာနိုင်ငံ ကုန်သည် ကြီးများနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းကြီး မှာ ဟောပြောပွဲတစ်ခုလုပ်ခဲ့ပါတယ်။ ဒီပွဲကို ကျွန်တော်လုပ်ချင်ခဲ့တာ ကြာခဲ့ပါပြီ။ လူငယ်တွေအတွက် အားပေးချင်တဲ့စေတနာကြောင့် ဖြစ်ပါတယ်။ လူငယ်တိုင်းရင်ဆိုင်နေကြရတဲ့ စိန်ခေါ်မှု- အခက်အခဲကို ဖြေရှင်းပေးနိုင်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

လူငယ်တွေဟာ ကျောင်းပြီး ပညာသင်ပြီးချိန်မှာ အလုပ်ခွင်ထဲဝင်လိုကြတယ်။ မိမိဘ၀အတွက် အသက်မွေး ဝမ်းကျောင်းတစ်ခုကို လိုချင်ကြတယ်။ အခုလို ရွေးချယ်ကြတဲ့အခါ မှန်ကန်တဲ့ရွေးချယ်မှုတစ်ရပ်ကို လုပ်နိုင်ဖို့ လိုတယ်။ ရွေးချယ်မှုအမှားကို လုပ်မိရင် တစ်သက်လုံးယူကျုံးမရဖြစ်ရမှာ။ အခုလိုစဉ်းစားတဲ့အခါ အချက် အလက် သုံးရပ်ကို သတိပြုရမှာဖြစ်တယ်။ လူတစ်ယောက်မှာ ရွေးချယ်မှု (choice) မှန်ဖို့ လိုအပ်ပါတယ်။
ဒီလိုရွေးချယ်ရာမှာ သေချာရေရာမှုဟာ ရာနှုန်းပြည့် အာမခံနိုင်မှာ မဟုတ်တဲ့အတွက် စွန့်ရမှာသာဖြစ်တယ်။ တစ်နည်းပြောရရင် (chance) ဖြစ်တယ်။ အခုလိုစွန့်ပြီး ရွေးချယ်မှ ကိုယ်လိုချင်တဲ့ ပြောင်းလဲမှု (change) ရမှာ ဖြစ်တယ်။ လွယ်လွယ်ဆိုရင်တော့ (c) သုံးလုံးဖြစ်တယ်။ ဒီ (c) သုံးလုံးကို အမြဲသတိပြုနေဖို့ လိုအပ်ပါ တယ်။ အလုပ်ကိုမစဉ်းစားမီ ကိုယ်ရွေးချယ်တဲ့ဘာသာရပ်ကို အရင်သတိပြုဖို့ လိုအပ်ပါတယ်။ ဆယ်တန်း အောင်ပြီး တက္ကသိုလ်တက်ရင် ဘယ်ဘာသာရပ် ကို ရွေးချယ်သင့်သလဲ။ တစ်ချိန်က ဒီကိစ္စဟာ ကျောင်းသား ဖြစ်သူနဲ့ မိဘတွေက စဉ်းစားလို့ ရတာမဟုတ်ဘဲ စာမေးပွဲမှာရတဲ့အမှတ်က အဆုံးအဖြတ်ပေးခဲ့တာ။ ကျွန်တော် ဆယ်တန်းအောင်တော့ ဘယ်ဘာသာကို ရွေးချယ်မလဲဆိုတာကို မိဘနဲ့တိုင်ပင်ပြီး ဆုံးဖြတ်ခဲ့ရတယ်။
ကျွန်တော်တို့ခေတ်တုန်းက ကြိုက်တဲ့ဘာသာ လျှောက်ခွင့်ရှိတဲ့အချိန် ရမှတ်နဲ့မဆိုင်ဘူး။ ကိုယ်ရမှတ်နည်း ပေမယ့် ဆေးကျောင်း လည်း လျှောက်ခွင့်ရှိတယ်။ စက်မှုတက္ကသိုလ်လည်း တက်ခွင့်ရှိတာ။ ဒါပေမယ့် ၁၉၆၄ ခုနှစ်က အကောင်အထည်ဖော်ခဲ့တဲ့ ပညာရေးပြုပြင်ပြောင်းလဲမှုတွေကြောင့် ပြဿနာတွေစခဲ့တော့ စာမေးပွဲ ရမှတ်ကိုသာ အခြေခံထားတာမို့ ကြိုက်ကြိုက်မကြိုက်ကြိုက် ဆေးကျောင်း တက်ကြတယ်။ စက်မှု တက္ကသိုလ် ကို သွားကြတယ်။ ဘွဲ့ရပြီးမှလုပ်တာ မလုပ်တာကတော့ တခြား။ ကျွန်တော်တို့နိုင်ငံမှာ အခုလိုပဲ လက်တည့်စမ်းခဲ့တာတွေ အများကြီးပဲ။ တခြားနေရာလုပ်တာက မသိသာပေမယ့် ပညာရေးမှာ လုပ်တာတွေက သိပ်ပြီးနစ်နာတာ။
မှားတာကိုပြင်ဖို့ဆိုပြန်တော့လည်း သိပ်မလွယ်လှဘူး။ တက္ကသိုလ်တွေကို လူနေရပ်ကွက် တွေနဲ့ နီးနီးနားနားရှိနေရင် အရေးခင်းတွေ ဖြစ်ခဲ့ရင် ကိုင်တွယ်နိုင်ဖို့ လူသူမနီးတဲ့နေရာတွေမှာ တက္ကသိုလ် တွေ ဖွင့်ခဲ့တယ်။ မြို့တွေနဲ့ မနီးတော့ သွားရေး၊ လာရေးခက်ခဲတယ်။ ဒါကြောင့် လည်း ကျောင်းသား ကျောင်းသူတွေ မရှိတဲ့တက္ကသိုလ်တွေက တိုင်းပြည်မှာအများကြီး။ ဝေးလွန်းတော့လည်း အဆင်မပြေခဲ့ဘူး။ ဒါကိုဘယ်လို ဖြေရှင်းမလဲ၊ နှစ်ပေါင်းများစွာက စနစ်တကျဖျက်ဆီးခဲ့တာ ကို ပြင်ဖို့က အချိန်တိုတိုနဲ့ အဖြေရနိုင်မှာ မဟုတ်ဘူး။
ဟောပြောမယ့်ခန်းမထဲ ရောက်တော့ ခန်းမတစ်ခုလုံးအပြည့် အပြင်မှာနေရာ မရလို့ ထိုင်ခုံတွေ ထပ်တိုးနေ ကြရတယ်။ အများစုကလူငယ်တွေ။ အမှန်တော့ ကျွန်တော့်ရဲ့ အာရုံကလည်း လူငယ်တွေအတွက်ပါပဲ။ သူတို့အတွက် ဦးတည်ခဲ့တာပါ။
ကျွန်တော်က တရုတ်ပညာရှင် ကွန်ဖြူးရှပ်ရဲ့အဆိုအမိန့်က စတင်ခဲ့ပါတယ်။ ဆရာကြီးက ကျွန်တော်တို့ကို သတိပေးခဲ့ပါတယ်။ မိမိချစ်မြတ်နိုးတဲ့အလုပ်ကို ရွေးချယ်ရင် တစ်သက်လုံး အလုပ်လုပ်စရာ မလိုဘူးတဲ့။ ဆရာကြီးဆိုလိုတာက ကိုယ်လုပ်နေတဲ့ အလုပ်ကို ချစ်တယ်၊ စိတ်ဝင်စားတယ်၊ အာရုံစိုက်ရင်းအလုပ်လုပ်နေ တယ်လို့ မမြင်တော့ဘဲ အမြဲစိတ်ချမ်းသာပြီး ကျေနပ်နေမှာဖြစ်တယ်။ ဒါကြောင့်လည်း လူငယ်တွေအနေနဲ့ အလုပ်တစ်ခုကိုရွေးချယ်တဲ့အခါ အခြေခံသုံးရပ်ကို စဉ်းစားပါလို့ အကြံပြုခဲ့ပါတယ်။ ပထမအခြေခံက ကိုယ်ရွေးချယ်တဲ့အလုပ်ကို ကိုယ်က ချစ်ရမယ်။
ဒုတိယအခြေခံက ကိုယ်ကျွမ်းကျင်တဲ့ တော်တဲ့အလုပ်ဖြစ်ရ မယ်။ နောက်ဆုံး အခြေခံကတော့ ရွေးချယ်တဲ့အလုပ်ဟာ ဝင်ငွေကောင်းတဲ့ အလုပ်ဖြစ်ရမယ်။ ဒီအခြေခံသုံးရပ် ကို စက်ဝိုင်းသုံးဝိုင်းအနေနဲ့ စဉ်းစားနိုင်ဖို့ ပုံတစ်ပုံနဲ့ဖော်ပြ ခဲ့ပါတယ်။ ဒီစက်ဝိုင်းသုံးဝိုင်းဟာ ဆက်စပ်နေတာ တွေ့ရတယ်။ ကိုယ်ချစ်တဲ့အလုပ်နဲ့ ကိုယ်တော်တဲ့ အလုပ်ထပ်နေရင် စိတ်ချမ်းသာမှု ရှိပေမယ့် ဝင်ငွေတော့ ကောင်းမှာ မဟုတ်ဘူး။ ကိုယ်တော်တဲ့အလုပ် လုပ်နိုင်ပြီး ဝင်ငွေလည်းကောင်းရင် ချမ်းသာပေမယ့် ပျင်းရိမှာ ဖြစ်တယ်။ ကိုယ်ချစ်တဲ့အလုပ် လုပ်ခွင့်ရပြီး ဝင်ငွေလည်းကောင်းပြန်ရင် ဒါမျိုးကတော့ အိပ်မက်တာပဲ ဖြစ်မယ်။ ဒါကြောင့် ဒီအခြေခံသုံးခုစလုံး ထပ်တဲ့အလုပ်ဟာ မိမိအတွက် အကောင်းဆုံးဖြစ်မယ်လို့ အကြံပြုခဲ့ပါတယ်။
နောက်တစ်ချက်တင်ပြခဲ့တာက အလုပ်တစ်ခုကို စိတ်ရောကိုယ်ပါ အားထည့်ပြီး အာရုံစိုက်ရင် ဝင်ငွေဟာ အလိုလိုရနိုင်မှာကို ပြောခဲ့ပါတယ်။ အခုခေတ်မှာ လူငယ်တွေဟာ အလုပ်တွေပြောင်းကြတာ ဒီလိုပြောင်းတဲ့ အခါ ဆင်ခြေအမျိုးမျိုးပေးကြတယ်။ ကိုယ့်ကိုအသိအမှတ်မပြုလို့၊ လူကြီးလုပ်တဲ့သူက နှိပ်စက်လို့၊ ကိုယ်ပြော တာကို နားထောင်မယ့်သူမရှိလို့ ဒါတွေအားလုံးဟာ အလုပ်နဲ့မသက်ဆိုင်ဘဲ မိမိရဲ့ စိတ်ထားနဲ့သာ သက်ဆိုင်တာကို သတိပြုရမယ်။
အလုပ်ကိုရွေးချယ်တဲ့ အဆုံးအဖြတ်ဟာ အလွန်အရေးပါလှပါတယ်။ ဒါကြောင့် ရွေးချယ်တဲ့နေရာမှာ ဂရုစိုက်ဖို့ လိုတယ်။ မိမိစိတ်နဲ့ ကိုက်ညီမှု ရှိမရှိကို သုံးသပ်ဆင်ခြင်ရမယ်။ ဒါကြောင့်လည်း ကိုယ့်ဘ၀ကို ကိုယ်တာဝန်ခံ ရမယ်။ အထူးသဖြင့် အဆင်သင့်ဖြစ်အောင် လိုအပ်တဲ့အသိတွေ အတတ်တွေ ကို ပြုစုထားဖို့ လိုအပ်ပါတယ်။
အလုပ်အကြောင်းစဉ်းစားတဲ့ လူငယ်တွေကို ဘ၀နဲ့အလုပ် မျှမျှတတ စဉ်းစားနိုင်ဖို့ ကျွန်တော်သတိပေးခဲ့ပါ တယ်။ ဒီမျှတမှုဟာ တစ်ယောက်နဲ့ တစ်ယောက် မတူညီကြပါဘူး။ တချို့က အလုပ်ကို ပိုပြီး ဦးစားပေးသလို တချို့ကတော့ ဘ၀မိသားစုကို ပိုပြီးအလေးထားတာ တွေ့ရတယ်။ အဆုံးအဖြတ်ဟာ မိမိတစ်ဦးချင်း စဉ်းစားရမယ့်ကိစ္စဖြစ်တယ်။ မျှမျှတတမရှိဘဲ အစွန်းရောက်ရင် အလုပ်မှာရော၊ ဘ၀မှာရော အဆင်ပြေ နိုင်မှာ မဟုတ်ပါဘူး။ တစ်ခါတစ်ရံကျတော့လည်း အလုပ်ကိုအာရုံစိုက်ဖို့ အရေးကြီး သလို တစ်ခါတစ်ရံမှာလည်း မိသားစုကို အလေးထားဖို့ လိုအပ်ပါလိမ့်မယ်။
အခုလို အလုပ်နဲ့ဘ၀ မျှမျှတတရှိနိုင်ဖို့ အသုံးဝင်လှတဲ့ လက်နက်တစ်ခုကို ကျွန်တော်မျှဝေခဲ့ပါတယ်။ ဒီလက်နက်ကို ဘ၀လှည်းဘီးလို့ ခေါ်ပါတယ်။ လှည်းဘီးကို ကြည့်ရင် အလယ်ဗဟိုရှိသလို အလယ်ဗဟိုက ထွက်လာတဲ့ အတံတွေ ရှိပါတယ်။ လှည်းဘီးလိုပဲ မိမိဘ၀မှာ အရေးပါလှတဲ့အစိတ် အပိုင်းတွေ ရှိပါတယ်။ ဒီအစိတ်အပိုင်းတွေဟာ ဘာလဲဆိုတာ ကို ဖော်ထုတ်နိုင်ဖို့လိုအပ်တယ်။ ကျွန်တော်ပေးခဲ့တဲ့ဥပမာမှာ အစိတ်အပိုင်း ၁၀ ခုကို နမူနာအဖြစ်ပေးခဲ့ပါတယ်။ ဒါတွေကတော့ ကျန်းမာရေး၊ မိမိရဲ့ဇနီး၊ ခင်ပွန်း၊ မိမိရဲ့မိဘ၊ အလုပ်ခွင်က လုပ်ဖော်ကိုင်ဖက်၊ မိမိကိုစီမံအုပ်ချုပ်သူ၊ မိမိဌာနအတွင်း ပူးပေါင်းဆောင်ရွက်မှု၊ အားကစား လှုပ်ရှားမှု၊ သူငယ်ချင်းမိတ်ဆွေများ၊ မိမိရဲ့အလုပ်တို့ ဖြစ်ကြပါတယ်။
ဒါကြောင့် ဟောပြောပွဲပရိသတ်တွေကို မိမိရဲ့ဘ၀မှာ အရေးပါတဲ့ အစိတ်အပိုင်းကို စဉ်းစားပြီး ဒီအစိတ်အပိုင်းတွေကို လှည်းဘီးပုံစံထဲမှာ ထည့်သွင်းပြီး ကိုယ်ဖြစ်ချင်တဲ့ ကိုယ်လိုချင်တဲ့ အနေအထားရှိ မရှိကို သုံးသပ်စေချင်ပါတယ်။ ဒီအစိတ်အပိုင်း တွေ တစ်ခုချင်းမှာ ကိုယ်ဖြစ်ချင်တဲ့ အခြေအနေနဲ့ ကိုယ်ရှိနေတဲ့အနေအထားကို သုံးသပ်ပြီး ဘယ်နေရာမှာ ကွာဟမှုရှိနေတာကို ဆန်းစစ်နိုင်မှာဖြစ်တယ်။ အခုဆန်းစစ်သုံးသပ်အပြီးမှာ ဘယ်နေရာကို ဦးစားပေးရမယ်၊ ဘယ်နေရာမှာ လျှော့ရမယ် ဆိုတာတွေ ပေါ်ပေါက်လာမှာ ဖြစ်တယ်။
ကျွန်တော့်အနေနဲ့ ဟောပြောပွဲတွေမှာ အတွေးအခေါ် အသစ်အဆန်းတွေကို တင်ပြပေးခဲ့တယ်။ သူတို့ မသိသေးတဲ့အရာတွေ၊ အကြောင်းတွေ ကို ဖော်ထုတ်ပေးခဲ့ပါတယ်။ ဒါကြောင့် အလုပ်အကိုင်နဲ့ပတ်သက်တဲ့ သက်တန့်ကိုဖော်ထုတ်ပေးပါတယ်။ မိုးရွာပြီး နေရောင်ထွက်လာ ရင် ကောင်းကင်ပြင်မှာ အလွန်လှပပြီး အရောင်စုံလှတဲ့ သက်တန့်ကို မြင်ရမှာဖြစ်တယ်။ သက်တန့်မှာ အရောင်တွေစုံသလို မိမိရဲ့ဘ၀မှာလည်း အရောင်မျိုးစုံရှိပါတယ်။ အရောင်တွေစုံမှလည်း လှတယ်။ ဒါကြောင့် မိမိဘ၀ လှုပ်ရှားမှုတွေကို အရောင်စုံ အောင် ဆောင်ရွက်ပေးပါလို့ တိုက်တွန်းခဲ့ပါတယ်။
ကျွန်တော်က ချစ်တဲ့အလုပ်ကို ရွေးချယ်ပါလို့ ပြောခဲ့ပေ မယ့် နေရာတိုင်း မှာ ရွေးချယ်ခွင့် ရှိချင်မှရှိလိမ့်မယ်။ ဒါကြောင့် ကိုယ်ချစ်တဲ့အလုပ်ကိုရှာနေရင်း ကိုယ်လုပ်နေရတဲ့အလုပ်ကို ချစ်အောင်ကြိုးစားဖို့ အားပေးခဲ့ပါတယ်။
ကျွန်တော်ဟောပြောပြီးချိန်မှာ အမေးအဖြေလုပ်ခဲ့တယ်။ မေးကြ တယ်။ ကျေနပ်တယ်။ လူငယ်တွေအခုလို စိတ်ဝင်တစားနဲ့ မေးခွန်းတွေ ထုတ်တဲ့ဓလေ့ဟာ အလွန်မြတ်နိုးစရာ ကောင်းလှပါတယ်။

No comments:

Post a Comment