ကလေး
ဇူလိုင် ၃
ချင်းပြည်နယ်တွင်
ယနေ့နံနက်ပိုင်းက မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် တွီလီချောင်းမှ တစ်ဆင့် ရေများအလုံးအရင်းဖြင့်
ဝင်ရောက်လာသဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ ရာဇဂြိုဟ်ဆည် အထက်တွင် ရှိသည့်
နုန်းတားဆည် တွင် ပျက်စီးမှုအချို့ရှိခဲ့ကြောင်း ဆည်မြောင်းဦးစီး ဌာနမှ သိရသည်။
''ရေလုံးအရှိန်နဲ့ဆိုတော့
နုန်းတားဆည်က နည်းနည်းပါးပါး ပျက်စီးတာပါ။ အခုတော့ ရာဇဂြိုဟ်ဆည်အတွင်းက ရေကလည်း
ပြန်ကျသွား ပါပြီ။ ရာဇဂြိုဟ်ဆည်လည်း ထိခိုက်မှုမရှိပါဘူး။
ဘာအန္တရာယ်မှလည်းမရှိပါဘူး။ ပြည်သူတွေ မစိုးရိမ်ပါနဲ့လို့ပြောချင်ပါတယ်'' ဟု
ဆည်မြောင်း ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမော်မော်နိုင်က ပြောသည်။
ထိုသို့
မိုးရေအလုံးအရင်းဖြင့် နုန်းတားဆည်အား ဖြတ်ကျော်ပြီး ရာဇဂြိုဟ်ဆည် အတွင်း
ဝင်ရောက်လာမှုကြောင့် နံနက် ၁ဝ နာရီ ၄၅ မိနစ်အချိန် တိုင်းတာချက်အရ
အမြင့်ဆုံးရေမှတ် ၆၅၁ ဒသမ ၅ ပေအထိရောက်ရှိခဲ့ပြီး ညနေပိုင်းတွင် ရေအမှတ် ၆၄၅ ဒသမ ၅
ပေအထိ ပြန်လည်ကျဆင်းသွားကြောင်း ဆည်မြောင်းဦးစီးဌာနမှ သိရ သည်။
''ရေကျော်နိုင်မယ့်နေရာတွေမှာ
သဲအိတ်တွေချထားပါတယ်။ ရာဇဂြိုဟ်ဆည်ထဲ ဝင်လာတဲ့ သစ်ပင်၊ အမှိုက် သရိုက်တွေကိုလည်း
ရေလွှဲပေါက်တွေမှာ ပိတ်ဆို့မှုမရှိအောင် ယန္တရားတွေနဲ့ ဆယ်နေပါတယ်။ နုန်းတား ဆည်ကိုတော့
ရေပြန်ကျတာနဲ့ ပျက်စီးသွားတဲ့ အပိုင်းတွေကို ပြန်လည်ပြင်ဆင်သွားပါမယ်'' ဟု
လက်ထောက် ညွှန်ကြားရေးမှူး ဦးမော်မော်နိုင်က ပြောသည်။
ချင်းပြည်နယ်
တွန်းဇံမြို့နယ်အတွင်း သဘာဝအတိုင်းဖြစ်ပေါ်နေသည့် မြေပြိုဆည် နှင့်ပတ်သက်ပြီး
''မြေပြိုဆည် ပေါက်ကျ၊ မကျကတော့ မသိရသေးပါဘူး။ အဲဒီဘက်မှာ မိုးက အများကြီးရွာနေတယ်။
ဌာနက တာဝန်ရှိသူတချို့ ဟန်ကင်ရွာကနေ သွားကြည့်ကြ တယ်။ မိုးရွာနေတော့
ဘာမှမမြင်ရဘူး''ဟု ၄င်းက ပြောသည်။
မိုးရေများဝင်ရောက်ချိန်တွင်
နုန်းတားဆည်၌ လုပ်ငန်းဆောင်ရွက်နေသူတချို့ ပိတ်မိနေကြောင်း သတင်းများ ထွက်ပေါ်နေခြင်းနှင့်စပ်လျဉ်းပြီး
လက်ထောက်ညွှန်ကြား ရေးမှူး ဦးမော်မော်နိုင်က ''လူ ၁ဝ ဦး နုန်းတားဆည်မှာ
ပိတ်မိတယ်ဆိုတာမဟုတ်ပါဘူး။ လမ်းရှိပါတယ်။ လမ်းလည်းဖောက်ထားပါတယ်'' ဟုပြောသည်။
၂ဝ၁၅ ခုနှစ်
မိုးရာသီကာလတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျ ချောင်းရေနှင့်အတူ
နုန်းအနည် အနစ်များ ရာဇဂြိုဟ်ဆည်အတွင်း ဝင်ရောက်လာပြီး အနည်ပို့ချမှုများလာကြောင်း
ယခုနှစ်တွင် အနည်ပို့ချမှု လျော့နည်းစေရန်အတွက် ရာဇဂြိုဟ်ဆည်နှင့်
သုံးမိုင်ခွဲခန့်တွင် အမြင့် ၁၂ ပေ၊ အလျားပေ ၃၅ဝ ရှိ နုန်းတားဆည် တစ်ခု၊
နှစ်မိုင်ခွဲခန့်တွင် အမြင့် ၁၂ ပေ၊ အလျားပေ ၂ဝဝ ရှိ နုန်းတားဆည်တစ်ခုနှင့်
တစ်မိုင်ခန့်တွင် အမြင့် ၁၆ ပေ၊ အလျားပေ၂၁ဝ ရှိ နုန်းတားဆည်တစ်ခုတို့ကို တည်
ဆောက်နေစဉ်အတွင်း ချင်းတောင်ပေါ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တွီလီ
ချောင်းမှတစ်ဆင့် မိုးရေများ ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။
သတင်း-မင်းသစ်(သတင်းစဉ်)၊
ဓာတ်ပုံ-ကဖိုးတင်

No comments:
Post a Comment