နေပြည်တော် ဇူလိုင် ၎
နိုင်ငံခြားသားများ ကြီးကြပ်စောင့်ရှောက်ရေးဗဟိုကော်မတီအစည်းအဝေးကို
နိုင်ငံတော် သမ္မတရုံး အစည်းအဝေး ခန်းမ၌ ယနေ့နံနက်(၉)နာရီခွဲတွင် ကျင်းပရာ နိုင်ငံခြားသားများကြီးကြပ်စောင့်ရှောက်ရေး
ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးတွင် ဒုတိယသမ္မတက နိုင်ငံအတွင်းသို့
အကြောင်းအမျိုးမျိုးဖြင့် ၀င်ထွက် သွားလာလျက်ရှိသော နိုင်ငံခြား သားများနှင့်ပတ်သက်၍
နိုင်ငံတော်၏ လုံခြုံရေးကို ထိပါးမှုမရှိစေရေး၊ တရားဥပဒေနှင့်အညီ ကာကွယ် စောင့်ရှောက်မှုပေးနိုင်
ရေးနှင့် စိစစ်ကြီးကြပ်မှုပေးနိုင်ရေးတို့အတွက် နိုင်ငံခြားသားများကြီးကြပ် စောင့်ရှောက်
ရေးဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ ဗဟိုကော်မတီနှင့် ဖွဲ့စည်းထားသည့်
လုပ်ငန်းကော်မတီများ ဆောင်ရွက်ရမည့် တာဝန်များကို ချမှတ်ပေးထားပြီးဖြစ်ပါ ကြောင်း၊
နိုင်ငံခြားသားများ ကြီးကြပ် စောင့်ရှောက်ရေးနှင့် စပ်လျဉ်း၍ နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်ရမည့်
လုပ်ငန်းများအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က I 24/7 Channel ထူထောင်ထားပြီးဖြစ်၍ ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း၊
ကမ္ဘာလှည့် ခရီးသွားများ မြန်မာနိုင်ငံသို့ နှစ်စဉ် ပိုမိုလာရောက်လည်ပတ်နိုင်ရေးကို
ပြက္ခဒိန်နှစ် အလိုက် တိုးမြှင့်သတ်မှတ်ထားပါ ကြောင်း၊ ၂၀၁၅ ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသွား
၅ သန်း သတ်မှတ်ခဲ့ရာ နယ်စပ်ဂိတ်များနှင့် အပြည်ပြည်ဆိုင်ရာဝင်ထွက်ပေါက်များမှ ၄ ဒသမ
၆၈ သန်း ၀င်ရောက်ခဲ့ပါကြောင်း၊ ၂၀၁၆ ခုနှစ်တွင် နိုင်ငံတွင်းသို့ ကမ္ဘာလှည့် ခရီးသွား
၅ ဒသမ ၅ သန်း ၀င်ရောက်လာနိုင်ရန် မျှော်မှန်းထားသည်ကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ
သိရပါကြောင်း၊ နိုင်ငံတွင်းသို့ ၀င်ရောက်လာသည့် နိုင်ငံခြားသားများကို ဥပဒေနှင့်အညီ
အကာအကွယ်ပေး စောင့်ရှောက် ကြရ မည်ဖြစ် ကြောင်း၊ နယ်စပ်ဒေသ စစ်ဆေးရေးစခန်းများတွင် စစ်ဆေးရေးကိရိယာများ
ပြည့်စုံ လုံလောက်စွာ ထားရှိ ရန် လိုအပ်ကြောင်း။
ထို့ပြင် တစ်ဖက်တွင် ခရီးသွားလုပ်ငန်းကို
မြှင့်တင်ရမည်ဖြစ်ပြီး တစ်ဖက်တွင် လုံခြုံရေးကို အထူး ဂရုပြုကြရ မည်ဖြစ်ကြောင်း၊ ဗီဇာဖြင့်
ဝင်ရောက်မှုများ အပြင် Black List များကို သေချာစွာ စိစစ်ကြရမည် ဖြစ်ကြောင်း၊ နိုင်ငံခြားသားများ၏
လုံခြုံရေးနှင့် လိုအပ်ချက်များကို တရားဥပဒေနှင့် အညီ ကာကွယ်စောင့်ရှောက် ပေးကြရ မည်ဖြစ်ပြီး
နှောင့်ယှက်ဖျက်ဆီးလိုသူများကို စေ့စပ်သေချာစွာ စိစစ်ကြရမည် ဖြစ်ကြောင်း၊ သို့မှသာ
ခရီးသွား လုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်အောင်မြင်လာမည် ဖြစ်ကြောင်း၊ နိုင်ငံခြားသားများ
ကြီးကြပ် စောင့်ရှောက်ရေး လုပ်ငန်း အောင်မြင်ရန် ဘက်ပေါင်းစုံ၊ ရှုထောင့်ပေါင်းစုံမှ
ဝိုင်းဝန်း ကြိုးပမ်းကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံခြားသားများကြီးကြပ်စောင့်ရှောက်ရေးဗဟိုကော်မတီ
အတွင်း ရေးမှူး မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ရဲချုပ် ဇော်ဝင်းက နိုင်ငံခြားသားများကြီးကြပ်
စောင့် ရှောက်ရေးဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီ ၆ ရပ် ဖွဲ့စည်း ထားမှုများနှင့် စပ်လျဉ်း
၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန
ပြည်ထောင်စု ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေက နိုင်ငံခြားသားများကြီးကြပ် စောင့်ရှောက်ရေး
နှင့်စပ်လျဉ်း၍ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ် များကိုလည်းကောင်း၊
ဗဟိုကော်မတီဝင် အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးသိန်းဆွေက ဗီဇာလျှောက်ထား နိုင်မှုအခြေအနေများ၊ နယ်စပ် ၀င်ထွက် ပေါက် များမှ နိုင်ငံခြားသားများ
ဝင်ထွက်မှု အခြေအနေများ၊ နယ်စပ်ဖြတ်သန်း ခွင့်လက်မှတ် ထုတ်ပေးမှုနှင့် လူဝင်မှုကြီးကြပ်ရေး
ဥပဒေနှင့် ပြစ်မှုဆိုင်ရာ ဥပဒေများ အရ တရားစွဲဆိုမှုအခြေအနေများကိုလည်းကောင်း၊ ကော်မတီဝင်
ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် က နိုင်ငံခြားသားများ
လုံခြုံစွာ ခရီးသွားလာနိုင်မည့် အခြေအနေများကို လည်းကောင်း ရှင်းလင်းဆွေးနွေးကြပြီး
အစည်းအဝေးသို့ တက်ရောက် လာကြသည့် ဒုတိယ၀န်ကြီးများ၊ အမြဲတမ်း အတွင်းဝန် များနှင့် ညွှန်ကြားရေးမှူးချုပ်များက
နိုင်ငံခြားသားများ ကြီးကြပ်စောင့်ရှောက်ရေးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက်
ရှင်းလင်း ဆွေးနွေး ကြသည်။
ထို့နောက် ဒုတိယသမ္မတက ရှင်းလင်းဆွေးနွေးမှုများအပေါ်
ညှိနှိုင်းပေါင်းစပ် ပေးပြီး နိဂုံးချုပ် အမှာစကား ပြောကြား ခဲ့သည်။

No comments:
Post a Comment