ဦးလှမောင်ရွှေ
အင်တာဗျူး -
ရဲခေါင်ညွန့်၊ ဓာတ်ပုံ - ဖိုးထောင်
''ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ(၂၁
ရာစုပင်လုံ) အကြိုပြင်ဆင်ရေး ဆပ်ကော်မတီ(၁)၏ ညှိနှိုင်း အစည်းအဝေးကို
ရန်ကုန်မြို့ရွှေလီလမ်းရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့်
ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ရန်ကုန်ရုံးခွဲတွင် ဇွန် ၉ ရက်မှစတင်၍
ပြုလုပ်လျက်ရှိသည်။
ပြည်ထောင်စုငြိမ်းချမ်းရေး
ညီလာခံ(၂၁ ရာစုပင်လုံ)အတွက် ပြင်ဆင်နေမှုနှင့် ပတ်သက်၍ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ
(၂၁ ရာစုပင်လုံ)အကြို ပြင်ဆင်ရေး ကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေအား
မြန်မာ့သတင်းစဉ်က တွေ့ဆုံမေးမြန်းခဲ့သည်။
မေး။ ဆရာ အခုလုပ်နေတဲ့
ညှိနှိုင်းအစည်းအဝေးနဲ့ပတ်သက်ပြီး ရှင်းပြပေးစေ လိုပါတယ်။
ဖြေ။ အဓိကကတော့ လာမယ့်
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ၂ဝ၁၆ ခုနှစ် ဇူလိုင်လကုန် ဒါမှမဟုတ်
သြဂုတ်လကုန်မှာ လုပ်ဖို့ရည်မှန်းပြီးတော့ ပြင်ဆင်နေပါတယ်။ ဒီလို
ပြင်ဆင်နေတဲ့အချိန်မှာပဲ ညီလာခံ ကျင်းပဖို့အတွက် မူဘောင်ကို ကျွန်တော်တို့
ပြင်ဆင်နေရတာတွေရှိတယ်။ အဲဒီလို မပြင်ဆင်ခင် မှာ ညီလာခံကို ကျွန်တော်တို့
အကြိုပြန်လည်သုံးသပ်ချက်တွေလုပ်ရမယ်။ အဲဒီသုံးသပ်ချက်တွေကို ၂ဝ၁၆ ဇွန်လကုန်
ဒါမှမဟုတ် ဇူလိုင်လဆန်းလောက် လုပ်နိုင်ဖို့ရည်မှန်းပြီး ပြင်ဆင်နေတယ်။
အခုဆွေးနွေးနေတာတွေက အကြိုပြန်လည် သုံးသပ်ချက် Review မလုပ်ခင် ကြိုတင်ပြီး
ဆွေးနွေးတာပါ။ အခုနှစ်ရက်တာ ဆွေးနွေးပွဲမှာတော့ ကျွန်တော်တို့ နဂိုတုန်းက
အားသာချက်၊ အားနည်းချက်တွေ အပြင် အနာဂတ်မှာ ဘယ်လိုစဉ်းစားမလဲဆိုတဲ့ စဉ်းစားချက်တွေ
ရှိတယ်။ ဆုံးဖြတ်တာ မဟုတ်သေးဘူး။ အဲဒီ စဉ်းစားချက်တွေက NCA လက်မှတ်မထိုး
နိုင်သေးတဲ့ တိုင်းရင်းသားတွေကို ဒီလကုန်မှာ ပါလာနိုင်ဖို့ ရည်ရွယ်တယ်။ အဲဒီလို
ပါလာပြီဆိုရင် အကြိုပြန်လည်သုံးသပ်ချက် Review လုပ်ရင် သူတို့ လည်းပဲ
ပါလာနိုင်ပြီ။ Review လုပ်တဲ့ အဆင့်ပြီးရင် ညီလာခံရောက်ဖို့ကြားထဲမှာ အဆင့်တွေ
သုံး၊ လေးဆင့်ကျန်ပါ သေးတယ်။ ကောင်းတာကတော့ အားလုံးတက်ညီလက်ညီဆွေးနွေးတဲ့အတွက်
နှစ်ဖက်ထည့်သွင်းစဉ်းစားရမယ့်အချက်တွေ တော်တော်လေးရပြီ။ နဂိုက စီစဉ်တာက ၎
ရက်ဆွေးနွေးဖို့ပါ။ ဆက်တိုက်ဆွေးနွေးမှာပါ။
မေး။
နိုင်ငံရေးမူဘောင်ကို NCA စာချုပ်ဘောင်ထဲကနေပြီး ပြင်ဆင်မယ်ဆို တာလေး သိချင်ပါတယ်။
ဘယ်လိုအချက်တွေ ပြင်မှာပါလဲ။
ဖြေ။ အဓိကက
ကျွန်တော်တို့လုပ်ထားတဲ့မူဘောင်မှာ အခန်း ၆ ခန်းရှိတယ်။ အခန်း ၆ က အထွေထွေဆိုတော့
နိုင်ငံရေးမူဘောင်အတွက် အရေးကြီးတာ ၅ ခန်းရှိတယ်။ အခန်း ၅ ခန်းမှာ ခေါင်းစဉ်က ၂၁
ခုလောက်ပါနေတော့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ အဆိုပြုတာက ပြည်ထောင်စု
ငြိမ်းချမ်းရေးညီလာခံမှာ နိုင်ငံရေးဆွေးနွေးပွဲ၊ အဲဒီမှာ ငြိမ်းချမ်းရေးကို
တိုက်ရိုက်ပတ်သက်မယ်။ လုံခြုံရေးကာကွယ်ရေးကိစ္စနဲ့ နိုင်ငံရေး ဖက်ဒရယ်
လိုမျိုးကိစ္စကို အဓိကဆွေးနွေးမှ ငြိမ်းချမ်းရေးကို မြန်မြန်အကောင်အထည်
ဖော်နိုင်မယ်။ ဒါမှ နိုင်ငံတည်ဆောက်ရေးအပိုင်းကို မြန်မြန်ဆက်သွားလို့ ရမယ်။
ဒါကြောင့် အချို့ခေါင်းစဉ်တွေကို Civil Society Forum တွေ၊ အမျိုးသားအဆင့်
နိုင်ငံရေးဆွေးနွေးပွဲတွေ၊ အခြားရွေးကောက်ပွဲမှာ အနိုင် မရခဲ့တဲ့ ပါတီတွေက
ဒါတွေကိုစဉ်းစားပြီးလုပ်ဖို့။ ဒီတော့ နဂိုမူဘောင်ကို ပြန်ပြင်ဖို့ လိုတယ်။ အဲဒီလိုပဲ
Review မလုပ်ခင် လက်မှတ်မရေးထိုးရသေးတဲ့ အဖွဲ့တွေ ပါဝင်လာနိုင်ဖို့
ကြိုတင်ပြင်ဆင်နေတာဖြစ်ပါတယ်။
မေး။ NCA စာချုပ်
လက်မှတ်မရေးထိုးထားတဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ ညှိနှိုင်းနေတာမျိုးရှိပါသလား။
ဖြေ။ ရှိပါတယ်။
ကျွန်တော်တို့ကမ်းလှမ်းထားတာတွေအတွက် လက်မှတ် မထိုးရသေးတဲ့အဖွဲ့တွေ ပြည်တွင်းကို
လာဖို့ရှိတယ်။ ''ဝ''၊ မိုင်းလားတို့နဲ့လည်း တွေ့ဖို့
ရက်တွေအကြမ်းဖျင်းညှိနေတာရှိတယ်။ ဒီအပတ်မဟုတ်ရင် ရှေ့အပတ် ထဲမှာ သွားတွေ့နိုင်ဖို့
စီစဉ်နေပါတယ်။ ညီလာခံမလုပ်ခင်မှာ ကျွန်တော်တို့ မူဘောင်ကို အတည်ပြုရမယ်။
တစ်ဖက်ကလက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား တွေကို ဖိတ်ကြားခဲ့တာက တစ်ဖက်က Review
လုပ်တဲ့အခါ သူတို့လာနိုင် ဖို့ပေါ့။ အဲဒီလို သူတို့လာနိုင်ဖို့ ကျွန်တော်တို့
ဇွန်လကုန်လောက်အထိ ရွှေ့တယ်။ ဒါမှမဟုတ် ဇူလိုင်အထိ ရွှေ့မယ်။ အဲဒီအချိန်မှာ
သူတို့လာနိုင်ရင်ကောင်း တယ်။ အကြောင်းအမျိုးမျိုးကြောင့် မလာနိုင်တာလည်း
ရှိနိုင်ပါတယ်။ လာဖို့ ကတော့ များပါတယ်။ ဒေါက်တာတင်မျိုးဝင်းကတော့ နေပြည်တော်မှာ
ရှိနေ စဉ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဆွေးနွေးတာတွေ၊ ချင်းမိုင်မှာ
ဆွေးနွေး တာတွေ၊ ဒီနေ့ဆွေးနွေးပွဲမှာ ဝင်ရောက်ဆွေးနွေးတာတွေ လုပ်ပါတယ်။ အခုထိ
အားလုံး ကောင်းနေတယ်။
မေး။
အရင်အစိုးရလက်ထက်မှာ အားလုံးပါဝင်ရေး တောင်းဆိုချက်ကို တိုင်းရင်းသားတွေဘက်က
တောင်းဆို ခဲ့ကြပေမယ့် မပေးနိုင်တာတွေရှိတယ်။ အဲဒီအတွက်ကော ပြင်ဆင်ထားပြီလား။
ဖြေ။ အဆင့်တိုင်း
အဆင့်တိုင်းပါဝင်ခွင့်ရှိတယ်။ အားလုံးပါဝင်ဖို့ကတော့ တတ်နိုင်သလောက်
အများဆုံးပါဝင်အောင် ကြိုးစားနေတာဖြစ်တဲ့အတွက် ရှေ့လာမယ့် ရက်သတ္တပတ်မှာ
အဖြေထွက်လာနိုင်မှာပါ။ ကျွန်တော်တို့ လက်မှတ် မထိုးရသေးတဲ့အဖွဲ့တွေကို
သွားရောက်ကမ်းလှမ်းခဲ့တဲ့အတွက် ပြည်တွင်းကို လာရောက်မယ်၊
ဆွေးနွေးမယ်ဆိုတာတွေတော့ရှိပါတယ်။ ကောင်းတော့ ကောင်းပါတယ်။
မေး။ MNDAA ၊ AA ၊ TNLA
တို့နဲ့ပတ်သက်ပြီး တပ်မတော်ရဲ့ သဘော ထားအမြင်ကို ပြောပြပေးနိုင်မလား။
ဖြေ။
လက်ရှိသုံးဖွဲ့ကတော့ တပ်မတော်က စဉ်းစားချက်တွေရှိတယ်။ အစိုးရရဲ့
ချဉ်းကပ်မှုတွေရှိတယ်။ ဒါတွေကို ကျွန်တော်တို့ ရှင်းပြရမယ်။ ရှင်းပြပြီးတော့
ဒီရှင်းပြချက်တွေထဲကပဲ သူတို့အနေနဲ့ နည်းလမ်းတွေ ရှာနိုင်မလား။ ဒီသုံးဖွဲ့ ကတော့
အခြားအဖွဲ့တွေနဲ့ မတူတဲ့အတွက် သဘောတူနိုင်မလားဆိုတဲ့ အချက် နှစ်ချက်ကို နဂိုကတည်းက
ပြောထားတော့ အဲဒီကြားထဲကပဲ နည်းလမ်းရှာနိုင်ဖို့ မျှော်လင့်ပါတယ်။
အခုညီလာခံကျင်းပမှာနဲ့ ခုနက ကိစ္စတွေကို ရှင်းပြ၊ ရှင်းပြပြီး ရင် ရှင်းပြတဲ့အထဲက
သုံးဖွဲ့အနေနဲ့ နည်းလမ်းတွေရှာ၊ ကြိုတင်ဆောင်ရွက်ရမယ့် အချက်နှစ်ချက်ကို
သူတို့အနေနဲ့ စဉ်းစားနိုင်ရင်တော့ ပါဝင်ခွင့်ရမှာပါ။ ဒါတွေ က ဆက်တော့ဆွေးနွေးရမယ်။
ကျွန်တော်တို့က ရှင်းပြတဲ့အပိုင်းပဲ လုပ်လို့ရ တယ်။ အဲဒါကို သူတို့အနေနဲ့
ပြန်စဉ်းစားပြီး တုံ့ပြန်ဖို့ပဲရှိတယ်။
မေး။ အရင်အစိုးရလက်ထက်
ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံမှာ လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို
တက်ရောက်ဖို့ ဖိတ်ခေါ်ခဲ့ပေမယ့် တက်ရောက်နိုင်ခြင်းမရှိတာ တွေ့ရတယ်။
အခုအကြိမ်မှာကော တက်ရောက်နိုင်ပါ့မလား။
ဖြေ။
တက်ရောက်ဖို့ရှိတယ်လို့ ကျွန်တော်ထင်တယ်။ သူတို့တွေအနေနဲ့ ပြည်တွင်းမှာ လာရောက် ဆွေးနွေးပါမယ်။
အဲဒီအရာတွေနဲ့လည်း ဆက်စပ်နေပါ လိမ့်မယ်။ တက်ရောက်နိုင်မယ်ပဲထင်တယ်။
မေး။ NCA
လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက တက်ရောက်ခွင့် ရခဲ့ရင်ကော
နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ပါဝင်ခွင့်ရှိမလား ဆိုတာလေး သိချင်ပါတယ်။
ဖြေ။
နိုင်ငံရေးဆွေးနွေးခွင့်တွေ ရနိုင်ဖို့အတွက် မူဘောင် သုံးသပ်တဲ့နေရာမှာ
ကျွန်တော်တို့က ဖိတ်နေတာ။ မူဘောင် သုံးသပ်တာတွေ ပြီးရင်လည်း ပြည်ထောင်စု
ငြိမ်းချမ်းရေး ညီလာခံ (၂၁ရာစုပင်လုံ)ကို တက်ရောက်ဖို့ နောက်ထပ် အဆင့်တွေ လေး၊ ငါးဆင့်
ရှိနေသေးတယ်။ သူတို့ ကိုယ်တိုင်ကလည်း ညီလာခံကို တက်ရောက်မယ် ဆိုရင် ဒီအဆင့်၊
ဒီအဆင့်တွေကို ဆောင်ရွက်ဖို့ ရည်ရွယ်ထားတယ်။ ဒါကို တက်ရောက်နိုင်ဖို့ အတွက်
လိုက်ပါ ဆောင်ရွက်မယ် ဆိုတာမျိုးတော့ လိုတာပေါ့။ ဒါမှလည်း ရှေ့က လက်မှတ်ထိုးထားတဲ့
တိုင်းရင်းသားတွေနဲ့ တန်းတူ တက်ရောက်ခွင့်ရမှာပေါ့။
မေး။ ကျေးဇူးတင်ပါတယ်။
ဒီနေ့ NCA လက်မှတ်ထိုးထားတဲ့ ALP မတက် ဘူးနော်ဆရာ။
ဖြေ။ သူတို့က
ခရီးလွန်နေလို့ ခွင့်တိုင်ထားတာပါ။

No comments:
Post a Comment