Sunday, June 12, 2016

''ငြိမ်းချမ်းရေး အေးမြသောရေစင်''

ဆူးငှက်
၁၉၆ဝ ကျော်ဝန်းကျင်က ကမ္ဘာမှာ စစ်အေးတိုက်ပွဲ အရှိန်အဟုန်ကောင်းနေဆဲ ကာလဖြစ်တယ်။ ကမ္ဘာ့လက်နက်နိုင်ငံကြီးတွေ သူ့ထက်ငါ အပြိုင်အဆိုင် ထုတ်လုပ်ကြ၊ အပြိုင်အဆိုင် ဖောက်ခွဲစမ်းသပ်ကြတဲ့ ကာလလည်းဖြစ်တယ်။ တတိယကမ္ဘာစစ်ဆိုတာ လက်တစ်ကမ်းအကွာမှာပဲရောက်နေပြီး နေ့လားညလားဆိုတာ တစ်ကမ္ဘာလုံး ရင်တမမနဲ့ဖြစ်နေကြတဲ့ ကာလပါပဲ။ ဒါကြောင့်လည်း လက်နက်လျော့ပေါ့ရေး၊ အနုမြူဗုံး ပိတ်ပင်ရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေး အတွက်လည်း စစ်အာဏာရှင်တွေက လွဲလို့ တစ်ကမ္ဘာလုံး လိုလားနေကြတဲ့ အချိန် ဖြစ်တယ်။ ကမ္ဘာပေါ်မှာရှိတဲ့ ပညာရှင်ကြီးတွေ၊ နိုင်ငံရေးသမားတွေ၊ အဖိနှိပ်ခံပြည်သူတွေက ငြိမ်းချမ်းရေး အသံတွေ စီစီညံလို့ပေါ့။ အနုပညာရှင်ကြီး ပီကာဆိုရဲ့ ကမ္ဘာကျော် ချိုးငှက်ဒီဇိုင်းဟာ ငြိမ်းချမ်းရေး အမှတ်အသား အဖြစ် ကမ္ဘာမှာ ဝဲပျံနေတယ်။

မြန်မာပြည်မှာလည်း လွတ်လပ်ရေးရပြီးကတည်းက ပြည်တွင်းစစ်မီးက ဟုန်းဟုန်းတောက်လို့ ကောင်းနေတယ်။ မန္တလေးရတနာပုံနေပြည်တော် မဏိရတနာရာမ မြတောင်ရွှေကျောင်းတော်ကြီးပေါ်က အရှင်နှစ်ပါး ပါတော်မူတာ မြင်တွေ့ပြီး ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းနဲ့ လွတ်လပ်စွာနေထိုင်နိုင်ရေး ဇာတိမာန်တွေ တစ်ဟုန်ထိုး ဖြစ်ပေါ်ခဲ့ရတဲ့ ဆယ်နှစ်သားရွယ် မောင်လွန်းလေးဟာ ဆရာလွန်း၊ မစ္စတာမောင်မှိုင်း၊ သခင်ကိုယ်တော်မှိုင်းဆိုတဲ့ ဖြတ်သန်းမှု ခရီးတစ်လျှောက်လုံး အမျိုးသား လွတ်လပ်ရေးအတွက် ကိုယ်ကျိုးမငဲ့ဘဲ ဆောင်ရွက်ခဲ့ရပြီ။ တိုင်းပြည် လွတ်လပ်ရေး မရခင်ကတည်းက လက်တွဲ လုပ်ဖော်ကိုင်ဖက် တပည့်တပန်းတွေ သဘောထား လွဲခဲ့ကြတယ်။ အာဏာလိုသူ အရူးအမူး ငမိုက်သားတွေကြောင့် တပည့်လက်ရင်း သခင်အောင်ဆန်းနဲ့ ဝန်ကြီးအချို့ သွေးမြေကျရခဲ့ပြီပဲ မဟုတ်ပါလား။
အခုလည်း လွတ်လပ်ရေးအတွက် အခက်အခဲပေါင်းစုံကို အသက်ပေးကျော်ဖြတ်ပြီး လက်တွဲခဲ့ကြတဲ့ တပည့် သားမြေးတွေ ကွဲကြပြဲကြပြီး လက်နက်ဆွဲကိုင်ကာ တွေ့ရာသင်္ချိုင်းဓားမဆိုင်း ဖြစ်ပျက်နေကြလေတော့ အိုကြီးအိုမအရွယ် ဆရာကြီးသခင်ကိုယ်တော်မှိုင်းလည်း စိတ်လက်မချမ်းမသာ ဖြစ်ရတာပေါ့။ ဒါကြောင့် ၁၃၂၃ ခုနှစ် တပေါင်းလပြည့်ကျော် ၁၄ ရက် (၃-၄-၆၂) အင်္ဂါနေ့ အသက် ၈၆နှစ်ပြည့်ချိန်မှာ...''ဆရာမသေခင် တိုင်းပြည်ကြီး ငြိမ်းချမ်းသာယာပြီး ဆရာ့တပည့်တွေ သင့်သင့်မြတ်မြတ်ဖြစ်တာကို ကြည့်သွား မြင်သွားချင်သေး သကွာ'' ဟု မပြောစဖူး ဖွင့်အံပြောဆိုလာတဲ့အထိ ဖြစ်ခဲ့ရတယ်။ ဒီဆန္ဒဟာ ဆရာကြီးကိုယ်နှိုက်က ဖွင့်မပြော ခဲ့ပေမယ့် အသက်အရွယ်ကြီးရင့်ပါမှ မြန်မာပြည် တစ်နံတစ်လျား၊ မြစ်ခြား၊ ချောင်းကူးခရီးအထိ မမောမပန်း သွားလာခဲ့မှုက သက်သေပြခဲ့တာပါပဲ။ မြန်မာတစ်ပြည်လုံးက တိုင်းသူပြည်သားတွေရဲ့ ဆန္ဒနဲ့ အိုကြီးအိုမမှ လူငယ်တွေကို ဦးဆောင်ပြီးသွားလာ လှုပ်ရှားပြောဟော လုပ်ကိုင်နေရတဲ့ ဆရာကြီးအပေါ် ယုတ်မာရက်စက်
လူတွေက အမနာပ ပြောဆိုအပြစ်တင်ကြရုံမက အုတ်ခဲကျိုးတွေနဲ့ ပစ်ပေါက် သူတွေလည်းရှိ...၊ အလံနက်ထူပြီး သံပုံးတီး ထုတ်သူတွေလည်း ရှိခဲ့ပါတယ်။ ဒါဟာ မဆန်းပါဘူး။ ငြိမ်းချမ်းမှုကိုမလိုလားဘဲ သဘောထား သေးသိမ်ပြီး
စစ်မက်ဖြစ်မှ စားဝင်အိပ်ပျော်သူတွေရဲ့ လုပ်ရပ်တွေပဲပေါ့။
ပိုလို့ဆိုးတာက ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဦးဆောင်ပြီး ငြိမ်းချမ်းရေးလိုလားတဲ့ လူငယ်စာရေးဆရာ၊ ကဗျာဆရာတွေအပေါ် လက်ဝဲသမားတွေ၊ ကွန်မြူနစ်တွေ၊ စီပီဘီတွေလို့ တံဆိပ်ကပ်ကြတယ်။ အာဏာပိုင် အဖွဲ့အစည်းကလည်း ဒီတံဆိပ်တွေ လက်ညှိုးထိုးပြီး ထောင်သွင်းအကျဉ်းချတယ်၊ တစ်ကျွန်းပို့တယ်၊ မျိုးပြုတ် စီမံကိန်းနဲ့ နှိပ်ကွပ်တယ်။ တကယ်တော့ ဆရာကြီးရဲ့လုပ်ဆောင်မှုဟာ ပြည်တွင်းစစ်မီးကိစ္စအတွက် တစ်လံတစ်ထွာမျှ အမြင်ပင် မဟုတ်ပါဘူး။ ဒီအချိန် တစ်ကမ္ဘာလုံးစိုးရိမ်ကြောင့်ကျနေကြရတဲ့ တတိယ ကမ္ဘာစစ်မီးကြီး အန္တရာယ် အတွက်လည်း ကမ္ဘာနဲ့ချီပြီး အမြင်ကျယ်ကျယ် ဆောင်ရွက်ခဲ့ကြတဲ့ မွန်မြတ်တဲ့အလုပ်ပါ။ ဒါကြောင့်လည်း ဒီစွမ်းဆောင်မှုကို ငြိမ်းချမ်းရေး လိုလားကြတဲ့ နိုင်ငံတကာပြည်သူတွေက လေးလေးစားစား အသိအမှတ်ပြုကြတယ်။ နိုင်ငံတကာ ငြိမ်းချမ်းရေးဆု အပ်နှင်းဂုဏ်ပြု ပူဇော်ကြတယ်။ ကျော်ကြားထင်ရှားတဲ့ နိုင်ငံခြားတက္ကသိုလ်ကြီး တစ်ခုကလည်း -
'' ဒေါက်တာဘွဲ့ဆည်းကပ်ပြီး ရိုရိုသေသေ ဂါရဝပြုကြပါတယ်။ ကွမ်းအစ်တစ်လုံး သျှောင်တစ်ထုံးနှင့် ရင်ဖုံးအင်္ကျီဖျင်ပင်နီနှင့်၊ ယောထည်ပုဆိုး မင်ကြောင်ထိုးနှင့် အဖိုးကဝိ ပညာရှိကို ကမ္ဘာကပင် အသိအမှတ် ပြုလိုက်ကြတာဖြစ်ပါတယ်။
ကမ္ဘာနဲ့ချီပြီးအများစုက ဆရာကြီးကို ငြိမ်းချမ်းရေး ခေါင်းဆောင်တစ်ဦးအနေနှင့် ဘယ်လိုပဲ ဂုဏ်ပြုချီးမြှောက်သံ မိုးလုံးဘဝဂ်ညံနေပါစေ။ ပြည်တွင်းက ငါ့တကောကော၊ သဘောထားသေးသိမ်၊ ကိုယ့်ကျိုးရှာ အတ္တသမား၊ အာဏာ
ရူးတွေကတော့ မျက်ကွယ်ပြုပစ်ပယ်၊ အပုပ်ချနှိပ်ကွပ်ခဲ့တာလည်း ဝမ်းနည်းစိတ်ပျက်စရာပါ။ မည်သို့ပင်ဆိုစေ၊ အဲဒီခေတ် အဲဒီကာလက စတုတ္ထမဏ္ဍိုင်အဖြစ် ပီပြင်အားကောင်းခဲ့တဲ့ သတင်းစာတွေက (အာဏာရှိသူလက်ကိုင်
ထုတ် သတင်းစာအချို့မှလွဲပြီး) ဆရာကြီးရဲ့ ငြိမ်းချမ်းရေးလုပ်ရပ်တွေအပေါ် အားပေးထောက်ခံကြတယ်။ ရတဲ့နေရာ၊ ရတဲ့ထောင့်၊ ရတဲ့အခွင့်အရေးကို အမိအရယူပြီး ထုတ်ဖော်အသိပေးကြတယ်။ ဆရာကြီးရဲ့ 'မှိုင်း ၈၇ နှစ်မြောက်မွေးနေ့' အထိမ်းအမှတ်အဖြစ် မန္တလေးလူထုသတင်းစာကို အထူးထုတ်အဖြစ် ထုတ်ဝေခဲ့တယ်။
ပန်းချီပေါ်ဦးသက်ရဲ့ အားကောင်းတဲ့ မျက်နှာအပြည့် သရုပ်ဖော်ပန်းချီကိုဖော်ပြတယ်။ ရွှေကိုင်းသား၊ လူထုဒေါ်အမာ၊ ဗန်းမော်တင်အောင်၊ မောင်နေဝင်း၊ ဝိဓူရသခင်ချစ်မောင်၊ ကြည်လင်' စတဲ့ 'မှိုင်းဝါဒီ' တွေရဲ့ အမှတ်တရစာတွေ ကဗျာတွေ တခမ်းတနား ပါရှိခဲ့တယ်။အဲဒီအချိန်မှာ ဆရာကြီးသက်ရှိထင်ရှားရှိဆဲပါ။ နောက်လများ မကြာခင် ၁၉၆၄ ခုနှစ်၊ ဇူလိုင် ၂၃ ရက်မှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခဲ့တာပါပဲ။ အသက် ၈၉ နှစ်ပြည့်ခါနီး အထိ ဆရာကြီး အသက်ရှည်ခဲ့တဲ့သဘောပါ။
ဆရာကြီး စတင်မကျန်းမာချိန်ကစပြီး မန္တလေးလူထုသတင်းစာက ပြည်သူလူထုတွေ တကယ်သိချင်တဲ့သတင်းမို့ ကျန်းမာရေးအခြေအနေကို နေ့စဉ်သတင်းပေးဖော်ပြခဲ့တာလည်း အမှတ်တရပါ။ ၁၉၆၄ ခုနှစ် ဇူလိုင်လ
၁ဝ ရက်ကစပြီး နေ့စဉ်သတင်းပေးခဲ့တာ ကွယ်လွန်မယ့် ၂၃ ရက်မရောက်မီ ဇူလိုင် ၂၂ ရက်ထိ ဖြစ်တယ်။ ၂၂ ရက်က ၂၃ ရက်နေ့အကူး မွန်းလွဲ ၁ နာရီခွဲခန့်မှာ ကွယ်လွန်ခဲ့ပါသတဲ့။
ဆရာကြီးသခင်ကိုယ်တော်မှိုင်းက မြန်မာတစ်မျိုးသားလုံးအတွက် လွတ်လပ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး လမ်းကြောင်းအတိုင်း မဆုတ်မနစ် လုပ်ကိုင်သွားခဲ့ပြီ။ လွတ်လပ်ရေးဆိုတဲ့အဆင့်ကို ကျော်ဖြတ်ပြီး ဆင်းရဲတွင်း နက်လှတဲ့ မြန်မာအလုပ်သမား တောင်သူလယ်သမားတွေရဲ့ ဘဝ သာယာဝပြောရေးအတွက် အချင်းချင်း အပုပ်ချ၊ တိုက်ခိုက်၊ သတ်ဖြတ်ပြီး သွေးချောင်းစီးခဲ့တဲ့ ပြည်တွင်းစစ်မီး ငြှိမ်းသတ်ရေးကို တိုးတက်တဲ့ လူငယ်လူရွယ်တွေနဲ့ အိုကြီးအိုမ အသက် ၇ဝ အရွယ်က ကွယ်လွန်သည်အထိ ၁၅ နှစ်လောက် မနားမနေ လုံးပမ်းဆောင်ရွက်ခဲ့တာ အသေမဖြောင့် ဖြစ်သွားရရှာပြီပေါ့။ ဘာလို့လဲဆိုတော့ ဆရာကြီးမဆုံးခင် ၂၂ ရက် မကျန်းမာဖြစ်နေဆဲ ၁၉၆၄ ခုနှစ် ဇူလိုင် ၁ ရက် ည ၉ နာရီသာသာမှာ အတူလက်တွဲဖော်တပည့် ဦးထွန်းတင် (ကွယ်လွန်သူရှေ့နေကြီး ဦးထွန်းတင်) ကို သူ့အနားခေါ်ပြီး လေးနက်တည်ကြည်တဲ့အသံနဲ့။
''အင်း...ဆရာတော့ မသေခင် ဆရာတို့တိုင်းပြည်မှာတကယ့်လွတ်လပ်ရေးနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ညီညီညွတ်ညွတ် ဖြစ်တာကိုပဲ မြင်သွားချင်တာပါပဲ'' လို့ တစ်လုံးစီ ပီပီသသ ဖြည်းဖြည်းနဲ့မှန်မှန် ပြောခဲ့ပါသတဲ့။ ဆရာကြီးရဲ့ စကားတွေမှာ စကားလုံးတစ်လုံးချင်းစီကအစ သိပ်အဓိပ္ပာယ်ရှိပါတယ်။ ပြန်ဖတ်ကြည့်လိုက်တော့ တိတိကျကျ၊ လေးလေးနက်နက်ဖြစ်ခဲ့တာ အသေအချာပါပဲ။ အရေးကြီးတဲ့ စကားလုံးတွေပါ။
ဆရာကြီးသခင်ကိုယ်တော်မှိုင်း မျှော်လင့်ခဲ့တဲ့ ငြိမ်းချမ်းရေးခရီးမှသည် ဆရာကြီးလိုလားခဲ့တဲ့ ပန်းတိုင်တွေ မရောက်မီ သူတို့ချစ်တဲ့တိုင်းပြည်နှင့် လူမျိုးကို ခွဲခွာသွားခဲ့ကြရတဲ့ 'မှိုင်းဝါဒီ' တွေလည်း အသေဖြောင့် သွားကြပါလေစ။ ဘာပဲပြောပြော ဒီအချိန် ဒီအခါမှာတော့ အားလုံး ညီညီညွတ်ညွတ်နဲ့ အမုန်းအာဃာတတွေ ဖယ်ရှားပြီး ကမ္ဘာနှင့်စံချိန်မီ အမိမြန်မာပြည်ကြီး ပြောင်းလဲတိုးတက်နိုင်မယ့် လမ်းကြောင်းကို ရှေ့ရှုပြီး ငြိမ်းချမ်းကြဖို့လိုပါပြီ။ ဆရာမြို့မငြိမ်းကတော့ 'ငြိမ်းချမ်းရေး' ကို (၁၉၅၃ ခုနှစ် ကတည်းက) သည်လိုဖွဲ့ဆိုခဲ့ပါတယ်။
- ငြိမ်းချမ်းရေးသည်…ပျားရည်ကဲ့သို့ အစဉ် တမာပင်သရက်ပင် ဘယ်အပင်ပဲစွဲစွဲ ချိုမြဲအရသာ မစွန့်သည်သာပင်၊ ကမ္ဘာသားလူအများ မျက်နှာထားချိုကြည်၊ ပျော်စေသည် ထာဝစဉ် ၊ စစ်ရန်မီး ကွင်းရှောင် မလောင်မီ
ကြိုတင်၊- ရွံစရာ မုန်းစရာ စစ်ရန်မီး တားဆီးဖို့ပြင်၊ အိုးကြီးငယ် သယ်ဆောင်ကာ ယူငင်၊ လက်ခုပ်နှင့်ဖြစ်စေ ကိုယ်တိုင် ပါဝင်၊ ဖျန်းပက်ကြ ကိုယ်စီညီညီပင်၊ ငြိမ်းချမ်းရေး အေးမြသောရေစင်၊
- ကမ္ဘာလူသားတွေ တွေးပူပင် ၊ ရန်သူမိတ်ဆွေမရွေး သူငါပင် ရန်စစ်မီးကို မလောင်စေချင်၊ စုဆောင်းခဲ့သော ယဉ်ကျေးမှုအစဉ်အဆက် အနုအယဉ်အမွန်အမြတ်တွေ သုဉ်းဆိတ်မှာမြင်၊ ငြိမ်းချမ်းရေးမြတ်နိုး အိုးအိမ်သာယာ သူငါပျော်ရွှင်တဲ့။
အခုလည်း ချိုသည် ခါးသည် မတူညီသည့် မည်သည့်သစ်ပင်မှ ဖြစ်ပါစေ၊ ပျားရည်ကဲ့သို့ချိုမြိန် အဖိုးတန်မယ့် ငြိမ်းချမ်းရေးကို ရရှိနိုင်ဖို့ ကျွန်တော်တို့အားလုံး တစ်ယောက်တစ်လက် ပါဝင်ကြပါစို့လားလေ။

No comments:

Post a Comment