Tuesday, April 26, 2016

မန္တလေးမှာ လူထုဥယျာဉ်နှင့်ပြတိုက်ရှိရမယ့်နေရာ


တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည်တို့နှင့်စပ်လျဉ်း၍ ရှုထောင့်စုံမှ သဘောထားအမြင်စုံတို့ကို အများ ပြည်သူသို့ တင်ပြပေးနိုင်ရန် ဤကဏ္ဍကို ဖွင့်လှစ်ခြင်းဖြစ်၍ စိတ်ဝင်စားသူ မည်သူမဆို ပါဝင်ရေးသားရန် ဖိတ်ခေါ်ပါသည်။ သို့သော် ကြမ်းတမ်းပြင်းထန်သော အယူအဆ၊ အရေးအသားများကို သတင်းစာ၏ မူဝါဒအရ ဖော်ပြပေးနိုင်မည် မဟုတ် ကြောင်းနှင့် ဤကဏ္ဍတွင် ပါရှိသမျှတို့သည် သက်ဆိုင်ရာ ဆောင်းပါးရှင်အသီးသီး၏ အာဘော်များသာ ဖြစ်ပါကြောင်း အစီရင်ခံအပ်ပါသည်။
မန္တလေးက ဘုရင့်မင်းနေပြည်တော်ဖြစ်ခဲ့တယ်။ မန္တလေးကို နေပြည်တော်အဖြစ် တည်ထောင်ကတည်းက မြို့တည်နန်း တည်ခုနစ်ဌာနမှာ ကျုံးတော်၊ ရွှေမြို့တော်...ဆိုတာ နိုင်ငံနှင့်အဝန်း အာဏာသုံးရပ်တည်ရှိရာ အဓိကအမြင့်မားဆုံး နေရာပဲဖြစ်တယ်။ သက်ဦး ဆံပိုင်ပဒေသရာဇ်နှင့်အတူ အာဏာသုံးရပ်ကို ကိုင်စွဲထားတဲ့ မှူးကြီးမတ်ရာ၊ စစ်သူကြီး သေနာပတိတို့ရဲ့ စိုးစံ၊ ရုံးစိုက်ရာဖြစ်တယ်။ အာဏာရဲ့ အထွတ်အထိပ် ဖြစ်တဲ့ ရာဇပလ္လင်ကိုးရပ်ရှိတဲ့ နန်းတော်ကြီးတွေနှင့် အတူ လွှတ်တော်ရုံးလည်းရှိတယ်။ ကိုယ့်အရှင် ကိုယ့်သခင် လက်ထက်တော်ကာလ အချိန်အခါကဖြင့် မန္တလေးနန်းမြို့ဟာ တစ်တိုင်းတစ်ပြည်လုံးရဲ့ အထွတ် အထိပ်၊ အမြင့်အမြတ်နေရာပါပဲ။


"အုတ်၊ ကျစ်၊ ကျော်၊ အေး - မန္တလေး" ဆိုတဲ့ ရာဇဝင် သင်္ကေတအရ ၁၂၂၁ ခုနှစ် ကဆုန်လပြည့် ကျော် ၇ ရက်နေ့မှာ ခုနစ်ဌာနနှင့် တစ်ပြိုင်နက်တည် ခဲ့တဲ့ မန္တလေးမြို့တော်ဟာ ဒဒအင်း၊ ဂ၊ လိပ်၊ တက်၊ မန်း မြို့ပျက်ဒဒဆိုတဲ့ ဥဒါန်းစကားနှင့် ၁၂၄၇ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်(၁၈၈၅ ခုနှစ် နိုဝင်ဘာ ၂၉ ရက်)နေ့မှာ ပျက်သုဉ်းခဲ့ရပါတယ်။ ဒီအချိန် ကစပြီး မြန်မာတစ်ပြည်လုံး သူ့ကျွန်လက်အောက် ရောက်ရတာပဲ မဟုတ်လား။
နယ်ချဲ့စစ်တပ်က မန္တလေးနေပြည်တော်ကို သိမ်းပိုက်၊ ရှင်ဘုရင်နှင့်တကွ မိဖုရားအခြွေအရံတွေ ဖမ်းဆီးပြီး အိန္ဒိယပို့၊ လွှတ်တော်ကို ဖျက်သိမ်း၊ အချုပ်အခြာအာဏာပိုင်မှု အမှတ်အသား ရတနာပုံက ဒေါင်းအလံကို ဖြုတ်ချပြီး ယူနီယံဂျက် အလံ လွှင့်ထူလိုက်တာနှင့် တစ်ပြိုင်နက် ဒဒရွှေမှန်ကင်း အစစ်က၊ ထင်းဖြစ်ခဲ့ဒဒ ရတာပါပဲ။ တစ်ချိန်က လုံခြုံရေး ရဲမက်အဆင့်ဆင့်ကို ဖြတ်သန်းခွင့်ပြုမှ ရှေ့တော်မှောက် ခစားရောက်ရတာ၊ မော်ဖူးစေဆိုမှ မျက်နှာမော့ခွင့်ရတဲ့ သီဟာသန ပလ္လင်ရှေ့မှာ နယ်ချဲ့စစ်ဗိုလ်ချုပ်တွေ ဖန်ခွက်ချင်းတေ့ အောင်ပွဲခံပြီး တံခါးမရှိ ဓားမရှိ ဖြစ်သွားတာပါပဲ။ မြနန်းစံကျော် ရွှေနန်းတော်ကြီးဟာ နယ်ချဲ့တို့ရဲ့ ပါတီပွဲ ကျင်းပရာ နေရာကြီးဖြစ်သွားတယ်။ စောင်းညှင်းပတ်သာနဲ့ ဘုန်းတော်ဘွဲ့ သီချင်းသံအစား၊ အင်္ဂလိပ်ဘင်ခရာ အဖွဲ့က ဒဒနေမဝင်အင်ပါယာအရှင်၊ ဝိတိုရိယဘုရင်မ ကြီးဒဒကို ချီးမွမ်း ထောမနာပြုတဲ့ သီချင်းသံတွေ ခြိမ့်ခြိမ့် ညံသွားတော့တယ်။
မန္တလေးနန်းမြို့တွင်း အဆောင်ဆောင် အနန်းနန်း၊ ကြငှန်းပြာသာဒ်များဟာ အုပ်ချုပ်ရေးရုံး၊ စစ်ရုံးစိုက်ရာ အဆောက်အအုံ တွေ၊ ပါတီပွဲကျင်းပရာ အဆောက် အအုံတွေ ဖြစ်သွားတယ်။ ဒါ့အပြင် ၄၈ ရပ် ပြာသာဒ်ရှိ တဲ့အနက် မြို့ရိုးမြောက် ဘက်ခြမ်း၊ ဘုံငါးဆင့်နဲ့ စည်သာ တံခါး ပြာသာဒ်တော်ကြီးကို အတွင်းကနေ ပြန်လည် မွမ်းမံပြင်ဆင်ပြီး ဘုရင်ခံအိမ်တော် အဖြစ်ပင် အခြေစိုက် လိုက်ကြတယ်။ တကယ်တော့ ရှင်ဘုရင်ကို ကြက် ကလေး၊ ငှက်ကလေးများသဖွယ် လွယ်လင့်တကူ ဖမ်းဆီးကာ တစ်ပြည်လုံး သိမ်းပိုက်လိုက်ပေမယ့် တကယ့်တိုင်းသူပြည်သား အများစုကြီးကတော့ ဒီသိမ်း ပိုက်မှုကို လွယ်လွယ်ကူကူ လက်မခံပါဘူး။
မန္တလေး နေပြည်တော်အပါအဝင် တစ်ပြည်လုံးအတိုင်းအတာနဲ့ ရရာလက်နက်ဆွဲကိုင်ပြီး ပြန်လည်တော်လှန် ပုန်ကန် ကြတယ်။ တပ်ဖွဲ့တပ်စု အလုံးအရင်းအနေနှင့်ရော၊ ပြောက်ကျားပုံစံနဲ့ပါ ပုန်ကန်ကြလို့ အင်္ဂလိပ်စစ်တပ် အနေနှင့် နှစ်ပေါင်းဆယ်ချီပြီး နှိမ်နင်းခဲ့ရသတဲ့။ ဒီတော့ သူတစ်ပါးတိုင်းပြည်ကိုလာပြီး မတရားသိမ်းပိုက်ထား သူများအဖို့ သူတို့လုံခြုံရေးဟာ ရတက်မအေးဖွယ်ရာ ပါပဲ။
ဒီလိုခေါင်းငုံ့မခံ၊ အခွင့်အရေးရရင်ရသလို ပြန်လည် ပုန်ကန်တဲ့ အခြေအနေမှာ မန္တလေးနန်းမြို့ကြီးဟာ အင်္ဂလိပ်အုပ်စိုးသူ၊ အင်္ဂလိပ်စစ်တပ်အတွက်တော့ ဒဒရေကန်အသင့်၊ ကြာအသင့်ဒဒဆိုရလောက်တဲ့ ခံတပ် ကြီးပါပဲ။ တစ်ဖက်ကို ၁မိုင်၂ ဖာလုံ၊ ၅၅ ကိုက် အရှည် ရှိတဲ့ လေးထောင့်စပ်စပ် နန်းမြို့ကြီးဟာ အမြင့်ပေ ၃ဝ နီးပါး ထု ၁ဝ ပေကျော်ရှိတဲ့ အုတ်မြို့ရိုးကြီးလည်း ပတ်ရံထားတယ်။ ဒီအုတ်မြို့ရိုးကြီးကိုပဲ အကျယ်ပေ ၂ဝဝနီးပါး၊ အနက်ပေ ၂ဝ ဝန်းကျင်ရှိတဲ့ ရေကျုံးကြီး နဲ့လည်း လေးဖက်လေးတန် ဆီးရံထားသေးရဲ့။ အုတ်မြို့ရိုးကြီး လေးထောင့်စပ်စပ်မှာ အဝင်အထွက် အတွက် တံခါးမကြီး လေးပေါက်၊ မလွယ်ပေါက် ရှစ်ပေါက် ပဲရှိတယ်။
ကျုံးကြီးကိုဖြတ်ဖို့အတွက်လည်း အရေးပေါ်ရင် အလယ်က အခင်းနင်းကြမ်းတွေ လွယ်လင့်တကူ ဖြုတ်လို့ရတဲ့ တံတားငါးစင်းပဲရှိတယ်။ ဒီတော့ မန္တလေး နန်းမြို့ဟာ လုံခြုံရေးအတွက် စိတ်ချရပြီပေါ့။ ဒါကြောင့် နယ်ချဲ့ အင်္ဂလိပ်က အုပ်ချုပ်ရေးရုံးတွေ အပါအဝင် သူ့ရဲ့စစ်တပ်တွေကို မန္တလေးနန်းမြို့တွင်းမှာပဲ နေရာ ချပေးလိုက်တော့တယ်။ အဲဒီကာလ နယ်ချဲ့စစ်တပ် ဆိုတာ ပြည်သူကို ကာကွယ်စောင့်ရှောက်ဖို့မဟုတ်ဘူး။ သူတို့ အစိုးရအဖွဲ့၊ သူတို့အာဏာပိုင်အဖွဲ့အစည်း၊ သူတို့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့ဖြစ်တယ်။ နယ်ချဲ့စစ်တပ်ဆိုတာ ပြည်သူ့အကျိုးစီးပွား ထိခိုက်မယ့်၊ ပြည်သူကို ထိပါးမယ့် အန္တရာယ်ရန်စွယ်ကို တိုက်ခိုက် တွန်းလှန်ဖို့ မဟုတ်ဘူး။ သူတို့အစိုးရ၊ သူတို့ အာဏာ၊ သူတို့အကျိုးစီးပွားကို ထိခိုက်မယ့်၊ အန္တရာယ်ရှိနိုင်မယ့်၊ သူတို့ မတရားဖိနှိပ်အုပ်ချုပ်မှု အပေါ် ပြန်လည်ခုခံ တွန်းလှန်ပုန်ကန်မယ့် မြန်မာပြည်သူကိုပဲ နှိမ်နင်းဖို့၊ ဖြိုခွင်းဖို့ဖြစ်တယ်။ ဒါကြောင့် သူတို့အတွက် လုံခြုံရေး ကိုပဲ အဓိကထားတယ်။ သူတို့လုံခြုံမယ့် မန္တလေးနန်းမြို့ တွင်းမှာပဲ၊ ရေကျုံးတစ်တန်၊ မြို့ရိုးတစ်တန်၊ အဝင် အထွက် အစစ်အဆေးအကွပ်အညှပ် အတန်တန်နဲ့ မတရားသိမ်းပိုက်နေထိုင်ခဲ့ကြတယ်။ ဒါဟာ သူ့ကျွန်ဘဝ တုန်းက ကျွန်တော်တို့ ပြည်သူလူထု ရရှိခဲ့တဲ့ အမွေဆိုး တစ်ခုပါပဲ။
ဒီအမွေဆိုးဟာ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက် လွတ်လပ်သော သမ္မတနိုင်ငံအဖြစ် ကမ္ဘာကို ကြေညာပြီး ကိုယ့်အမျိုးသား အလံလွှင့်ထူပြီးချိန်အထိ ကျွန်တော်တို့ ပြည်သူလူထုဆက်ခံရဆဲပါပဲ။ အုပ်စိုးသူကိုယ့်အမျိုး သားအစိုးရရဲ့ သဘောထားနှင့် အတူ အချင်းချင်း မညီညွတ်မှုများကြောင့် လွတ်လပ်ရေးရပြီး မကြာခင်မှာပဲ ပြည်တွင်းစစ်မီးကြီး ဟုန်းဟုန်းထ၍ တောက်လောင်တော့၊ အစိုးရအာဏာနှင့် အစိုးရအုပ်ချုပ်မှု ယန္တရားကို ကာကွယ်ဖို့ အမျိုးသားတပ်မတော်ကလည်း အင်္ဂလိပ်ရဲ့ အမွေကိုဆက်ခံကာ မန္တလေးနန်းတွင်းမှာပဲ အခိုင်အမာ တပ်စွဲထားဆဲပါပဲ။ ပြည်သူလူထုကို ကာကွယ်ရမယ့် အစား လက်နက်ကိုင်ထားတဲ့ စစ်တပ်က ကျုံးလေးတန် ကာဆီးပြီး အုတ်မြို့ရိုးကြီး အခိုင်အမာနဲ့ နန်းတွင်းမှာပဲ လုံခြုံစွာနေထိုင်တော့တယ်။ လေးဖက်လေးတန် မြို့ရိုးမှာရှိတဲ့ အဝင်အထွက် တံခါးမကြီး လေးပေါက်ကိုသာ အစစ်အဆေး၊ အမေးအမြန်းထူထပ် ကျပ်တည်းစွာနှင့် နေ့ပိုင်းအချိန်တွေမှာသာ ဖွင့်လှစ်ပေးထားတယ်။ ကျန်တဲ့ မလွယ်ပေါက်တံခါး ရှစ်ပေါက်ကိုတော့ အသေပိတ်လိုက်တယ်။ ကျုံးကူးတံတားကြီးငါးစင်းအနက် လေးစင်းကိုပဲ ပြန်လည်ပြင်ဆင်အသုံးပြု ခဲ့တယ်။
အသုံးမပြုတဲ့ ရှေးဟောင်းတံတားကြီး တစ်စင်းဖြစ်တဲ့ စည်ရှည်တံတားကို လွန်ခဲ့တဲ့ နှစ်နှစ်ခန့်က အုတ်မြစ်ပါမကျန် ဖျက်ဆီးပစ်လိုက်ပါသေးတယ်။
ဒီတော့ မြန်မာတစ်မျိုးသားလုံးရဲ့ အမျိုးသား လက္ခဏာအသွင် အထင်အရှားကျန်ရစ်ကာ တန်ဖိုးထား အပ်တဲ့ မန္တလေးနန်းမြို့ကြီးအတွင်း အင်္ဂလိပ်က စစ်တပ် များနေရာပေး ချထားတပ်စွဲခဲ့ခြင်းကို အကြောင်းပြချက် များနှင့် နိုင်ငံလွတ်လပ်ရေးရခဲ့သော်လည်း မြန်မာ့ တပ်မတော်က ကျေနပ်စွာ လက်လွှဲခံယူခဲ့တယ်။ နောက်ပိုင်း ဖဆပလ ခေတ်၊ အိမ်စောင့်အစိုးရခေတ်၊ တော်လှန်ရေး အစိုးရခေတ်၊ လမ်းစဉ်ပါတီခေတ်၊ တပ်မတော်အစိုးရခေတ်ထိ ခေတ်တစ်မျိုးမျိုး စံနစ် အမျိုးမျိုးပြောင်းခဲ့ငြား၊ ဒီအမွေဆိုးကို ကျေနပ်စွာ ထွေးပိုက်ထားဆဲပါပဲ။ ရှစ်လေးလုံး အရေးတော်ပုံ အပြီး တပ်မတော်အာဏာသိမ်း နန်းတွင်းမှာရှိတဲ့ စစ်တပ်များရဲ့ လုံခြုံရေးကို ပိုပြီးဆောင်ရွက်လာပါတယ်။ ၁၉၅၈ ခုနှစ်ကတည်း က တည်ဆောက်ခဲ့တဲ့ တောင်ဘက်ကျုံးနှင့် မြို့ရိုးကြားက ဒဒမန်းသီတာဒဒအမည်ရှိ လူထုအပန်းဖြေဥယျာဉ်ကြီးကို ဖျက်သိမ်းလိုက်တယ်။ နန်းတွင်းကဖြတ်တဲ့ မတ္တရာရထားလမ်းကို ဖျက်သိမ်းလိုက်တယ်။ အပန်းဖြေပေါင်းကူးတံတား တွေလည်း ဖျက်သိမ်းလိုက်တယ်။ ကျုံးကိုပြန်လည် တူးဖော်ပြီး သံပန်းအကာအရံတွေကာလိုက်တယ်။ နန်းမြို့တွင်း အဝင်အထွက်တွေကို ကျပ်တည်းစွာ ကန့်သတ်လိုက်တယ်။
အခု...ပြည်သူက ရွေးကောက်တင်မြှောက်လိုက်တဲ့ ပြည်သူ့အစိုးရခေတ်ရောက်ပြီလို့ ကမ္ဘာ့အလယ်မှာ ကြေညာရပ်တည် နေပါပြီ။ ပြည်သူ့တပ်မတော်က ပြည်သူကို ကာကွယ်စောင့်ရှောက်ဖို့ ပိုမိုပီပြင် လာစေရပါတော့မယ်။ ဒါကြောင့် ၁၈၈၅ ခုနှစ် နိုဝင်ဘာ၂၉ ရက် ကတည်းက မန္တလေးနန်းမြို့တော်တွင်းမှာ အခိုင်အမာတပ်စွဲခဲ့တဲ့ အင်္ဂလိပ်စစ်တပ်မှသည် မြန်မာ့ တပ်မတော်အထိ လာမယ့် ၂ဝ၁၆ ခုနှစ် နိုဝင်ဘာ၂၉ ရက်ရောက်ရင် နှစ်ပေါင်း ၁၃၁ နှစ် တင်းတင်းပြည့်ပါပြီ။
တကယ်တော့ မန္တလေးနန်းမြို့တော်ဆိုတာကလည်း နောက်ဆုံး မင်းနေပြည်တော်ဖြစ်ခဲ့တဲ့ ကုန်းဘောင်ခေတ်ရဲ့ မင်းခမ်းမင်းနား ပြကွက်တွေ၊ လွှတ်တက်ရုံးတက်ပြကွက်တွေ၊ ညီလာခံသဘင်ပြကွက်တွေ၊ သံခင်း တမန်ခင်းအခမ်းအနား တွေ၊ ရေခင်းတော် မြင်းခင်းတော်နှင့် ထွက်တော် မူကြီး တပ်အင်္ဂါအခင်းအကျင်းတွေ၊ မင်္ဂလာ ၁၂ ခန်းပြကွက်တွေ၊ ဘုရား ပွဲ ကျောင်းပွဲ ရှင်ပြု အလှူအတန်းပြကွက်တွေ၊ ၁၂ ရာသီပွဲခင်းတွေ၊ ရိုးရာလက်မှုနှင့် အစားအသောက်ပွဲဈေးတန်းတွေ၊ ဗလာဆိုင်း မြေဝိုင်း ဇာတ်ရုပ်စုံအမြင့်သဘင် အငြိမ့်တော် ဇာတ်ပွဲ သီဆိုတီးမှုတ်ကပြဖျော်ဖြေ မှုတွေ၊ မင်းမိဖုရား မှူးကြီးမတ်ရာ သေနာပတိ သူဌေးသူကြွယ် လက်လုပ် လက်စား ဆင်းရဲသားအလွှာအသီးသီးတို့နေထိုင်မှု လူမှုစရိုက်တွေ၊ ရိုးရာ ကစားနည်းတွေ၊ တိုင်းရင်းသားယဉ်ကျေးမှုတွေ ... စတဲ့ ပြကွင်း ပြကွက်တွေနှင့် ငါးမိုင် တစ်ဖာလုံမျှ လေးဖက်လေးတန်ပတ်လည် လေးထောင့်စပ်စပ်ထဲမှာ အမျိုးသားပြတိုက်ကြီး မဖြစ်သင့်ပေဘူးလား။ သဘာဝအတိုင်း တည်ရှိနေတဲ့ သစ်ကြီးဝါးကြီးတွေ၊ ရေရှင် စမ်းချောင်းတွေ၊ ရှေးဟောင်းအမွေအနှစ်တွေနှင့် အပန်းဖြေဥယျာဉ်ကြီးမဖြစ်သင့် ပေဘူးလား။ ဒီအမျိုးသားပြတိုက်ကြီးနှင့် အပန်းဖြေဥယျာဉ်ကြီးအတွင်းကို ပြည်တွင်းသာမက ပြည်ပဧည့်သည်တွေပါ လွတ်လွတ်လပ်လပ် ဝင်ထွက် လေ့လာစေပေါ့ဗျာ...။
အခုတော့………။

ဆူးငှက်

No comments:

Post a Comment