Tuesday, April 26, 2016

အမှန်တကယ်ကျူးကျော်များအား အကောင်းဆုံးဖြစ်အောင် လုပ်ငန်းရှင်များနှင့် ပူးပေါင်းဖြေရှင်းမည်ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ပြောကြား


သတင်း-မောင်စိန်လွင်(မြန်မာ့အလင်း)၊ ဓာတ်ပုံ-မင်းထက်
ရန်ကုန် ဧပြီ ၂၅
ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန်များအတွင်းရှိ အမှန်တကယ် နေထိုင်စရာမရှိဘဲ ကျူးကျော်တဲများဖြင့် နေထိုင် လုပ်ကိုင် စားသောက်လျက်ရှိသော လုပ်သားများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အကောင်း ဆုံးဖြစ်ရန် ဇုန်လုပ်ငန်းရှင်များနှင့် အချိန်ယူ ပူးပေါင်းဖြေရှင်းပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) အစည်းအဝေးခန်းမ၌ ကျင်းပသည့် ဝန်ကြီးချုပ်နှင့် စက်မှုဇုန်များမှ တာဝန်ရှိသူများနှင့် စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရန် တွေ့ဆုံဆွေးနွေးပွဲတွင် ဝန်ကြီးချုပ်က ယင်းသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
ယင်းတွေ့ဆုံဆွေးနွေးပွဲတွင် လှိုင်သာယာရွှေလင်ပန်း စက်မှုဇုန်ဥက္ကဋ္ဌ ဦးသောင်းအေး တင်ပြသည့် စက်မှုဇုန် များအတွင်း နေထိုင်လျက်ရှိသော ကျူးကျော်များ၊ စက်မှုဇုန်များအတွင်းရှိ စက်ရုံများတွင် လျှပ်စစ်လိုအပ်ချက်များ၊ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများအတွက် လိုအပ်မှုများစသည့် အခက်အခဲပြဿနာများ တင်ပြခဲ့မှုအပေါ် ဝန်ကြီးချုပ်က ကျူးကျော်များနှင့် ပတ်သက်၍ လည်းကောင်း၊ လျှစ်စစ်နှင့်ပတ်သက်၍လည်းကောင်း၊ ကျန် လိုအပ်လျက်ရှိသည့် အခက်အခဲများကို သက်ဆိုင်ရာ အစိုးရအနေဖြင့် တတ်နိုင်သရွေ့ အစွမ်းကုန်နှင့် အမြန်ဆုံး ဖြစ်အောင် စွမ်းဆောင်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း သီလဝါအထူးစီးပွားရေးဇုန်မှလွဲ၍ ကျန်စက်မှုဇုန်များအားလုံး ကိုလည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများအား ဇုန်များဖွံ့ဖြိုးတိုးတက်စေရန် တာဝန်ခွဲဝေချထားပေးမည် ဖြစ်ကြောင်း ပြောကြားသည်။
''ကျွန်တော်တို့ ကျူးကျော်တွေနဲ့ ပတ်သက်လို့ကတော့ အချိန်ယူပြီး အခြေအနေတစ်ရပ်အဖြစ် ဖြေရှင်းပေးရမှာပါ။ ဒါပေမယ့် အဲဒီအချိန်ဟာ ပြေလည်သွားရမယ့် အခြေအနေ ဖြစ်စေချင်တယ်။ ပြဿနာကို ပိုတိုးပွားလာတဲ့ အခြေအနေမျိုးလည်း မဖြစ်စေချင်ဘူး။ ဘူဒိုဇာအစိုးရလည်း မဖြစ်စေချင်ဘူး။ ဆင်းရဲပြီး နေစရာမရှိတဲ့ သူတွေကို ခုတုံးလုပ်ပြီး လုပ်စားနေတဲ့သူတွေရဲ့ကြားမှာ ရွှေ့ပြောင်းအလုပ်သမား တွေက ကျူးကျော်အဖြစ် ကိုရောက်နေတဲ့ အခြေအနေမျိုး တွေလည်း ရှိတယ်။ ဒီအခြေအနေမျိုးတွေကို မှန်မှန် ကန်ကန်ဆောင်ရွက်ဖို့ အချိန်နည်းနည်း ပေးရပါမယ်။ အမှန်တကယ်ကျူးကျော်တွေအတွက် အကောင်းဆုံး ဖြစ်အောင်တော့ ဇုန်လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းဖြေရှင်း ရမှာပါ''ဟု ဝန်ကြီးချုပ် ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များအတွင်းနှင့် ဝန်းကျင်ဒေသများတွင် ပြဿနာအများဆုံးမှာ ရွှေ့ပြောင်း လုပ်သားများ၏ ကျူးကျော်ကိစ္စများပင် ဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်စပြုလာသည့် စက်မှုဇုန်များတွင် ထိုပြဿနာမှာ ပိုမိုများပြားလျက်ရှိသည်။ အဆိုပါပြဿနာ အရင်းခံမှာ အခွင့်အရေးတစ်ရပ်ကို လက်ကိုင်ထားကြသည့် လူတချို့က ရွှေ့ပြောင်းလုပ်သားများ၏ မှီခိုရာမဲ့ အားနည်းချက်ကို အခွင့်ကောင်းယူကာ ကျူးကျော်တဲ များကို အခွင့်အရေးရသည်နှင့် ဆောက်၍ ရွှေ့ပြောင်းလုပ်သားများအား တန်ဖိုးတစ်ခုသတ်မှတ်ကာ အသုံးချ ရောင်းစားခဲ့သည်။ ယင်းဖြစ်ရပ်မှ ရန်ကုန် တိုင်းဒေသကြီး စက်မှုဇုန်များနှင့် ဝန်းကျင်ဒေသများတွင် ကျူးကျော် ပြဿနာများ ပေါ်ပေါက်တိုးပွားလာခြင်းဖြစ်သည်။
''ကျူးကျော်ကိစ္စဟာ စာရင်းပြုစုဖို့လိုမယ်။ ဒီတိုင်းရောချလိုက်တာမျိုး မလုပ်ချင်ဘူး။ တကယ်ဘဝကို တိုးတက်ရာ တိုးတက်ကြောင်း လုပ်ချင်တယ်။ အခြေအနေ အကြောင်းကြောင်းကြောင့် ဒီလိုဖြစ်နေတယ်ဆိုရင် ကျွန်တော်တို့ အစိုးရမှာ တာဝန်ရှိတယ်။ ဒီကျူးကျော်နဲ့ ပတ်သက်လို့ ကျွန်တော်တို့တစ်တွေ နယ်မြေတွေထဲထိ အောင်ဆင်းပြီး ပူးပေါင်းဆောင်ရွက် ပါမယ်။ ရွှေ့ပြောင်းလုပ်သားတော်တော်များအတွက် ဒီပြဿနာဖြေရှင်းရမှာပါ။ တိုက်ခန်းဆောက်ပေး၊ ငှားပေးလို့လည်း အဆင်မပြေနိုင်ဘူး။ သူတို့ဟာ စက်ရုံတွေအတွက်လည်း အသုံးတည့်တဲ့ အလုပ်သမားတွေဖြစ်သလို ကျွန်တော်တို့ နိုင်ငံသားတွေလည်း ဖြစ်နေတယ်။ ဖြေရှင်းနိုင်တဲ့ နည်းလမ်းတစ်ရပ် ရှာရမယ်။ အစိုးရဘက်က မြေရအောင်လုပ်မယ်။ မြေကို ထိုက်တန်တဲ့ အခြေအနေတစ်ခုနဲ့ ညှိလိုက်မယ်။ သူတို့ကို စက်မှုဇုန်နဲ့ အဝေးထားလို့မရဘူး။ လမ်းစရိတ်ပြဿနာ လည်းရှိတယ်''ဟု ဝန်ကြီးချုပ်က လုပ်သားကျူးကျော်များနှင့် ပတ်သက်၍ ဆက်လက်ပြောကြားသည်။

ယနေ့အစည်းအဝေးတွင် ဝန်ကြီးချုပ်နှင့် စက်မှုဇုန်မှ တာဝန်ရှိသူများသည် ကျူးကျော်ကိစ္စများအပြင် စက်မှုဇုန် များအတွင်း အခက်အခဲဖြစ်ပေါ်နေသော လျှပ်စစ်မီး မလုံလောက်မှုကိစ္စများ၊ လမ်းပန်းဆက်သွယ်ရေးကိစ္စများ၊ ကျွမ်းကျင်လုပ်သား ရှားပါးမှုကိစ္စရပ်များနှင့် အခြားသော စိန်ခေါ်မှုကိစ္စရပ်များကို တိုင်းဒေသကြီးအစိုးရအနေဖြင့် တာဝန်နှင့် လုပ်ပိုင်ခွင့် ဘောင်အတွင်းမှ အတတ်နိုင်ဆုံးနှင့် အလျင်မြန်ဆုံးဖြစ်အောင် စွမ်းဆောင်ပေးနိုင်ရန်နှင့် လိုအပ်သည်များကို အထက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်မှု အတွက် ဆွေးနွေးခဲ့ကြသည်။

No comments:

Post a Comment