Tuesday, April 26, 2016

အသိုက်ကို ထုဆစ်သူများ

ညွန့်ဝင်းလေး
ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းတွေ မြင့်မားနေတဲ့ ရန်ကုန်ရဲ့ သင်္ကြန်အကြိုနေ့မှာ နတ်မောက်လမ်းက မိုးကုတ် ဝိပဿနာအဖွဲ့ချုပ်ကို ရောက်ခဲ့ပါတယ်။ နံနက်ခင်းရဲ့ နေရောင်ခြည်ဟာ နုထွေးတောက်ပနေ ပါတယ်။ ဝိပဿနာ တရားကျင့်ကြံအားထုတ်နေတဲ့ သံဃာ၊ ယောဂီတွေနဲ့အတူ မိုးကုတ်ရိပ်သာကြီးဟာ တောရကျောင်းလေးလို ငြိမ်သက်ခြင်း ဖြင့် လှပလို့ နေပါတယ်။

ကားကို ပထမဆုံးကုန်းမြင့်မှာပဲ ရပ်လိုက်ပါတယ်။ ရုံးခန်းက အပေါ်ဘက်မှာလို့ ဝန်ထမ်းတစ်ယောက်က ပြောပါတယ်။ လှေကား ထစ်နားကို ဖြတ်ကျော်၍ တရားထိုင်နေသော ယောဂီအချို့ရဲ့ နေရာအခင်းအကျင်းကို တိတ်ဆိတ်စွာဖြတ်သန်းရ ပါတယ်။ ရုံးခန်းမှာ မိတ်ဆွေကို စောင့်ရပါတယ်။ မိတ်ဆွေဟာ ဒီအဖွဲ့ချုပ်ရိပ်သာ ကြီးရဲ့ အမှုဆောင်လူကြီးတစ်ယောက်ပါ။ ဝန်ထမ်းက ကော်ဖီ၊ ရေနွေးတို့ဖြင့် ဧည့်ခံထားလေရဲ့။ ခဏနေတော့ မိတ်ဆွေကြီး ကပျာကယာ ရောက်လာပါတယ်။ ဒု-ဥက္ကဋ္ဌ ကို ဝင်ကြိုနေ၍ နောက်ကျရတဲ့အကြောင်း ပြောပါတယ်။
ဆရာတော်ရှိရာ ခန်းမရဲ့အပေါ်ထပ်ကို ဖြည်းဖြည်းချင်း တက်လှမ်းလာရပါတယ်။ သင်္ကြန်ရက်မို့ ထင်ပါရဲ့။ ခန်းမကြီးမှာ ယောဂီတွေအပြည့်အလျှံ တရားရှုမှတ်နေကြပါတယ်။ ဆရာတော်ရဲ့အခန်းရှေ့ကို ရောက်လာပါတယ်။ တပည့် တစ်ယောက်က ဆရာတော်ကို ခဏစောင့်ဆိုင်းဖို့ ပြောပါတယ်။ ကြမ်းပြင်ပေါ် ထိုင်ချလိုက်ကြပါတယ်။ သိပ်မကြာပါ။ ဆရာတော် ကြွလာပါတယ်။ ဆရာတော်က ရိပ်သာကြီးရဲ့ နာယက ဆရာတော် ကြီးတစ်ပါးဖြစ်ပြီး ပိဋကတ်နှစ်ပုံ အောင်ထားတယ်လို့ မိတ်ဆွေကြီးက ပြောပါတယ်။
ဆရာတော်ကြီးကို ကျွန်တော်တို့ ဝတ်ပြုဦးချ ကန်တော့ကြပါတယ်။ မိတ်ဆွေကြီးက ဆရာတော်ကြီးနဲ့ မိတ်ဆက်ပေး ပါတယ်။ ဆရာတော် တည်ဆောက်ချင်တဲ့ ကျောင်းဆောင်ကို ပုံစံရေးဆွဲတည်ဆောက်ပေးမယ့်သူ လို့ ပြောပါတယ်။ ဆရာတော်ဟာ ယောဂီများကို အချိန်ပြည့်တရားပြနေရလို့ သင်္ကြန်တွင်းမအားလပ် နိုင်ပါဘူး။ အခါလွန်မှ ကျောင်းဆောက် မယ့်နေရာကို လိုက်လံပြသနိုင်မယ့်အကြောင်း မိန့်ဆိုပါတယ်။ ဆရာတော်ကို ဦးချကန်တော့ပြီး ရုံးခန်းရှိရာသို့ တစ်လှမ်းချင်း ဆင်းလာခဲ့ကြပါတယ်။ ရုံးခန်းမှာ ရေနွေးကြမ်းသောက် ရင်း ထွေရာလေးပါးစကားပြောကြပါတယ်။ မိတ်ဆွေက ဒု-ဥက္ကဋ္ဌဆိုသော အစ်မကြီးနဲ့ မိတ်ဆက်ပေးပါတယ်။ မိတ်ဆွေဇနီးရဲ့ အစ်မဝမ်းကွဲလို့ ပြောပါတယ်။ မိတ်ဆွေ ရဲ့ဇနီးက ကျွန်တော်တို့ သူငယ်ချင်းပါ။
နတ်မောက်လမ်းအတိုင်း ပြန်လာခဲ့ပါတယ်။ ကန်တော် ကြီးဟာ အိပ်မောကျနေဆဲပါ။ အရင်နှစ်တွေကနဲ့ အသွင်အပြင် အလွန်ကွာခြားလှ ပါတယ်။ မဏ္ဍပ်ကြီးတွေ လုံးဝမတွေ့ရပါဘူး။ ခေတ်ပေါ်တေးသံတွေ၊ ရေပက်သူ၊ ရေပက်ခံ ကစားသူတွေရဲ့ အော်သံဟစ်သံတွေလည်း မကြားရ၊ မတွေ့ရတော့ပါလား။ တစ်ယောက်စ၊ နှစ်ယောက်စသာ ကန်ပတ် လမ်း ပလက်ဖောင်းပေါ်မှာ ယောင်လည်လည် သွားလာနေလေရဲ့။ ကျွန်တော် ကတော့ ကားကို မနှေးမမြန်မောင်းနေရင်း ဟိုး...လွန်ခဲ့တဲ့ နှစ်ပေါင်း ၄ဝ လောက်က ဆရာဒေါက်တာ လွင်အောင်ရေးသားခဲ့တဲ့ ဆောင်းပါး တစ်ပုဒ်ကို သတိရ နေမိတယ်။
ဆရာဒေါက်တာလွင်အောင်ဟာ 'ဘုံဗိမာန်ကို ဖန်တီးသူ'ဆိုပြီး မိုးဝေမဂ္ဂဇင်း နိုဝင်ဘာလ ၁၉၇၇ မှာ ဆောင်းပါး တစ်ပုဒ် ရေးခဲ့ဖူးပါတယ်။ အာခီတက်(Architect) ဆိုတဲ့ ဝေါဟာရကို ဖွင့်ဆိုခြင်းပါ။ ၁၉၉၈ ခုနှစ် အမှတ်(၁ဝ)ပုလဲမဂ္ဂဇင်းမှာ 'ဟင်းလင်းကို ဂီတဖွဲ့ဆိုသူ(သို့မဟုတ်) အာခီတက်' ဆိုပြီး ကျွန်တော် စာတစ်ပုဒ်ရေးဖြစ်ပါတယ်။ ဒါလည်း 'အာခီတက်' ကို ဖွင့်ဆိုခြင်းပါပဲ။ မိုးဝေမဂ္ဂဇင်းက တစ်ချိန်က စာသမားတွေ အလွန်အလေးထားတဲ့ မဂ္ဂဇင်းပါ။ ပုလဲ မြို့ပြမြေယာ မဂ္ဂဇင်းကတော့ ဆောက်လုပ်ရေး နယ်ပယ်အကြောင်းပါ။ အပြင်လူတွေ စိတ်ဝင်စားမှုနည်းပါတယ်။ ဆိုလိုတာက ဒီစာစု နှစ်ပုဒ်ဟာ စာပေအနုပညာနဲ့ ဆောက်လုပ်ရေးနယ်ပယ်နှစ်ခုကိုပဲ အတန်အသင့် လှုပ်ခတ်နိုင်ပါတယ်။ ရပ်ထဲ ရွာထဲ လူထုထဲမရောက် နိုင်ပါဘူး။
ဒီသင်္ကြန်မှာ ပိတောက်တွေ မပွင့်သေးပေမယ့် အိမ်နား က ပိတောက်ပင်ကြီးပေါ်ကို ဥသြငှက်လေး လာလာနား တယ်။ ဥသြ ဥသြနဲ့ တေးဆိုတယ်။ နွေရဲ့ နိမိတ်ပုံလေ။
'အာခီတက်'တွေက 'အာခီတက်ဋီကာ'ဖွင့်နေတာဟာ ရွှေဥသြက ဥသြ ဥသြနဲ့တွန်ကျူးသလို 'ကိုယ့်ကိုယ်ကိုယ်ဖော် မသူတော်' ခုနစ်ပါးစာရင်းဝင်နေမလားလည်း တွေးမိတယ်။ မဟုတ်ပါဘူး။ 'အာခီတက်' ဆိုတာကို တကယ်မသိကြသေးလို့ ကျွန်တော်တို့ ရေးနေပြောနေရတာပါ။ လူတွေဟာ အိမ်ထဲမှာနေပြီး 'အာခီတက်'နဲ့ တော်တော်ဝေးနေပါသေး တယ်။
ခုပဲကြည့်လေ...
မိုးကုတ်အဖွဲ့ချုပ်မှာ ဆရာတော်ကြီးနဲ့ မိတ်ဆက်ပေးတဲ့ မိတ်ဆွေဆိုတာ အခြားမဟုတ်ပါဘူး။ ကျွန်တော့် လုပ်ငန်းအပ်နှံသူ(Client)ပါ။ သူက ခေတ်ပညာတတ် ဘွဲ့ရ တစ်ဦးပါ။ သူတို့နေတဲ့အိမ်က ကျွန်တော်ရဲ့ ဒီဇိုင်းပါ။ ကျွန်တော် 'အာခီတက်' တစ်ဦးဆိုတာ သူကောင်းကောင်း သိပါတယ်။ 'အာခီတက်' လို့ မိတ်ဆက်ပေးလိုက်ရင် စာလုံး တစ်လုံးတည်းဖြစ်ပါတယ်။ အဆောက်အအုံပုံစံရေးဆွဲ တယ်။ ကြီးကြပ်တယ်။ တည်ဆောက်တယ်ဆိုတာ လူတိုင်းလို လုပ်နေကြပါတယ်။
ကြုံကြိုက်လို့ပြောရပါဦးမယ်။ အဆောက်အအုံ ဆောက်လုပ်ရေးလုပ်ငန်းလည်း နည်းနည်းလုပ်ဖူး၊ အခြား စီးပွားရေး လုပ်ငန်းတွေလည်း လုပ်ကိုင်နေတဲ့ စီးပွားရေး သမားတစ်ဦးက ပွဲတစ်ပွဲမှာ အင်ဂျင်နီယာလေးတွေကို သူက လေ့ကျင့်ပျိုးထောင်(train) လုပ်နေရတဲ့သဘော ပြောသွားတယ်လို့ တစ်ဆင့်ကြားရပါတယ်။ ဆရာဝန် ဘွဲ့ရမဟုတ်တဲ့ သူက ဆရာဝန်တွေကို လေ့ကျင့်သင်ကြား ပေးနေတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။
ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်းရှားပါးတဲ့ အကျိုးဆက် ကနေ ဆောက်လုပ်ရေးလောကဟာ ဗွက်ပေါက်သွားပါ တယ်။ ဖြတ်လမ်းနည်းနဲ့ ကြီးပွားချမ်းသာ ချင်သူတွေ တော်တော် များများ ဆောက်လုပ်ရေးနယ် ပယ်ထဲ ရောက်လာပါတယ်။ အားလုံး အာခီတက်လိုလို၊ အင်ဂျင်နီယာလိုလို၊ ကန်ထရိုက်တာ လိုလို၊ ဒဲဗလော့ပါ (developer) လိုလို ...လိုလိုတွေ ရောင်စုံပေါ်လာ ပါတယ်။ ဒါ့အပြင် အဆိုးရွားဆုံးကတော့ အာခီတက် အတု၊ အင်ဂျင်နီယာအတု၊ ဒေါက်တာဘွဲ့အတုတွေ တဖွဲဖွဲပေါ်လာနေတာပါပဲ။
စကားစပ်လို့ပါ။ အုတ်၊ သဲ၊ ကျောက်ရောင်းတဲ့ မိတ်ဆွေတစ်ယောက်က မိတ်ဆက်ပေးလို့ လူတစ်ယောက်နဲ့ သိခွင့်ရပါတယ်။ သူတို့အုပ်စုက ရှေးဟောင်းဘုရားတစ်ဆူကို ပြုပြင်မွမ်းမံဖို့ တာစူနေကြတာပါ။ ဆောက်လုပ်ရေးက အာခီတက်လို့ပြောပါတယ်။ ကျွန်တော် သူ့ကိုမသိပါဘူး။ ကျွန်တော် ဆောက်လုပ်ရေးရုံးချုပ်မှာ လေးနှစ်လောက် လုပ်ငန်းပြ ဗိသုကာလုပ်ငန်း လုပ်ဖူးပါတယ်။ အာခီတက် စစ်စစ်ပါ။ အဲဒီတော့မှ သူက မြန်မာမှုဗိသုကာဌာနကလို့ ပြောပါတယ်။ ထားပါတော့...။
တစ်ခါ နေပြည်တော်မှာ ဟိုတယ်တစ်ခုရဲ့ အတွင်း မွမ်းမံမှုဒီဇိုင်း(interior design) လုပ်ဖို့ ရောက်သွားပါတယ်။ ဒီဟိုတယ်စီမံကိန်းရဲ့ ပရောဂျက်အင်ဂျင်နီယာက မြို့ပြဘွဲ့ရသူငယ်ချင်းပါ။ သူက ''အာခီတက်'' တစ်ယောက်ရဲ့ နာမည်ပြောပါတယ်။ ကျွန်တော့်ကို သိသလားမေးပါတယ်။ ကျွန်တော်မသိပါဘူး။ အသက်အရွယ်(၄ဝ) ဝန်းကျင်ရဲ့အထက် ''အာခီတက်'' အားလုံးနီးပါး (လူကို မတွေ့မြင်ဖူးတောင်) နာမည်တွေကို ရင်းနှီးပြီးသားပါ။ သူငယ်ချင်းကိုတော့ ကျွန်တော်ရယ်စရာပြောလိုက်ပါတယ်။ ကျွန်တော့်ကိုသိလားမေးကြည့်ပါလို့။ မသိရင်''အာခီတက်'' မဟုတ်ဘူးလို့။
မန္တလေးမှာ ဗိသုကာနာရေးကူညီမှုအသင်းဆိုတာ ရှိပါတယ်။ အဲဒါ မန္တလေးက ''အာခီတက်'' တွေရဲ့ နာရေး ကူညီမှုအသင်း မဟုတ်ပါဘူး။ မြန်မာမှုဗိသုကာ ဆရာများရဲ့ အသင်းပါ။ မြိတ်မြို့မှာတော့ ''ဗိသုကာ'' လို့ပြောရင် လက်သမားဆရာပါ။ မြိတ်မှာ ''အာခီတက်'' တွေ၊ ''ဗိသုကာ'' တွေလို့ မပြောလိုက်ပါနဲ့။ လက်သမားဆရာလို့ ထင်သွားမှာပါ။ ဆရာဒေါက်တာလွင်အောင်ကသူ့ရဲ့ ဗိသုကာဆိုင်ရာ ဆောင်းပါးတစ်ပုဒ်မှာ ကျွန်တော်တို့ ''ခေတ်သစ်ဗိသုကာ''လို့ သုံးဖူးပါတယ်။ ခေတ်ပညာတတ် ''အာခီတက်'' လို့ နားလည်ရပါတယ်။
တီဗွီ၊ ဗီဒီယို၊ မိုနို၊ စတူဒီယို၊ ရေဒီယို၊ ရက်ကော်ဒါ၊ ကွန်ပျူတာ၊ မော်တော်ကား၊ ဖုန်း၊ ဆိုင်ကယ်၊ ကွန်ဒိုမီနီယံ၊ အီလက်ထရွန်နစ်၊ ဒါရိုက်တာ၊ ကန်ထရိုက်တာ၊ ဒဲဗလော့ပါ အများကြီးပါပဲ။
ဘိုစာလုံးကို မြန်မာစာလုံးလို မြန်မာမှုပြု အသံဖလှယ် သုံးစွဲလာတာ ခုမှ မဟုတ်ပါဘူး။ ကြာပါပြီ။ engineer ကိုလည်း အင်ဂျင်နီယာပဲ ခပ်တည်တည် သုံးစွဲလာတာ ဆိုက်ကားဆရာလည်းသိ၊ လမ်းဘေးဈေးသည်လည်း သိပါ တယ်။ ပြဿနာက architect ဆိုတဲ့ ဝေါဟာရပါ။ ဗိသုကာ၊ ဗိသုကာပညာရှင် လို့ ပြန်ဆိုပါတယ်။ တကယ် တော့ ရပ်ထဲရွာထဲမှာ ဗိသုကာလို့ပြောရင် ဘုရားတည် ကျောင်းဆောက်တဲ့ မြန်မာမှုဆရာများလို့ပဲ မှတ်ယူ နားလည်ထားပါတယ်။ ခေတ်ပညာတတ် အာခီတက်လို့ သိသူ အလွန်ရှားပါတယ်။ ဘကြီးစိုး(ဆရာမောင်မိုးသူ) ကိုယ်တိုင်က အေအိုင် စတူဒီယိုရောက်မှ ဦးခင်မောင်ရင်၊ ဦးဘိုကြီး၊ ဦးတင်ထွန်း၊ ဦးအောင်ကြီးမြင့်၊ ဒေါက်တာ လွင်အောင်တို့နဲ့ ရင်းနှီးမှ အာခီတက်ဆိုတာ အင်ဂျင်နီယာ သာမက အနုပညာသမား(artist)တွေပဲလို့ နားလည်လာ တယ်လို့ ပြောပါတယ်။
ဟုတ်ကဲ့ပါ။
engineer ကို အင်ဂျင်နီယာလို့ပြောသလို၊ architect ကို အာခီတက်လို့ ပြောစေချင်ပါတယ်။
အာခီတက်လို့ပြောရတာ အရသာအလွန်ရှိပါတယ်။ အခြားဆရာတွေနဲ့လည်း အကောက်အယူ လွဲမှားမှု မရှိနိုင်တော့ပါဘူး။ အာခီတက်လို့ တရားဝင်ပြောဆို သုံးစွဲဖို့ တိုက်တွန်းလာတာ အခုမှ မဟုတ်ပါဘူး။ ကြာပါပြီ။ တစိုက်မတ်မတ် အာခီတက်လုပ်လာတာပါ။ ကျွန်တော် ရေးသားလာတဲ့ စာပေတွေမှာ အာခီတက်ပဲ ပြောဆို သုံးစွဲပါတယ်။ အရင်ကာလက ဘယ်သူဘယ်ဝါ ကမှ အရေးတယူ မဆွေးနွေးခဲ့ပါ။
အခု အပြောင်းအလဲ ကာလတစ်ခုရောက်လာပါပြီ။ engineer ကို အင်ဂျင်နီယာလို့ သုံးခဲ့သလို၊ architect ကို အာခီတက်လို့ပြောတာ ဘာမှပြဿနာ ရှိမယ်မထင်ပါ။ ခက်ခဲမယ်မထင်ပါ။ ကျွန်တော်တို့ ပြောနေတဲ့ အာခီတက်ဆိုတာ အင်ဂျင်နီယာလိုပါပဲ။ တက္ကသိုလ်၊ ကောလိပ်ကျောင်းတွေမှာ စနစ်တကျ ပညာ သင်ယူလေ့လာခဲ့ရတာပါ။ Academic ပါ။ အင်ဂျင်နီယာ ပညာရဲ့ သိပံ္ပနဲ့နည်းပညာဘာသာရပ်တွေ သင်ယူခဲ့ရသလို အနုပညာ၊ ယဉ်ကျေးမှု၊ သမိုင်းဘာသာရပ်တွေပါ သင်ယူခဲ့ရပါတယ်။ အရင် ရန်ကုန်စက်မှုတက္ကသိုလ် (ယခု နည်းပညာတက္ကသိုလ်)မှာ အဲဒီလို သိပံ္ပပညာရပ် အပြင် ဝိဇ္ဇာပညာရပ်ပါ တွဲဖက်သင်ယူခဲ့ရတာ အာခီတက် တစ်ခုပဲရှိပါတယ်။
လူသိနည်းလှတဲ့ 'အာခီတက်' တွေအကြောင်း နည်းနည်းပြောပါရစေ။ ပြည်တွင်း 'အာခီတက်' ဘွဲ့ပေးတာ ကျွန် တော့်တစ်သက်ပါ။ ၁၉၅၈ ခုနှစ်က ပြည်တွင်း 'အာခီတက်' ကြယ်ပွင့်ငါးပွင့်ဖူးပွင့်ပါတယ်။ ဦးမြင့်သိန်း၊ ဦးထွန်းသန်း၊ ဦးမျိုးမြင့်စိန်၊ ဦးတင်မောင်ရင်၊ ဦးတင်ထွန်းခင်တို့ပါ။ လိပ်ခုံးအင်ဂျင်နီယာကျောင်းက ဆင်းပါတယ်။
ဒီ 'အာခီတက်' ဆရာကြီးတွေ မတိုင်ခင်က ပြည်ပက ဗိသုကာဆိုင်ရာ ဒီပလိုမာဘွဲ့ဒီဂရီ သင်ယူလာကြတဲ့ ဆရာတွေ ဘောလုံး တစ်သင်းစာလောက်ရှိပါတယ်။ စစ်ကြိုခေတ် ခြောက်ဦးနဲ့ စစ်ပြီးခေတ် လေးဦးပါ။ စစ်ကြိုခေတ် ခြောက်ဦးမှာ ဦးသာထွန်း၊ စည်သူဦးတင်၊ ဦးအုန်းကြိုင်၊ ဦးလှသွင်၊ ဦးမောင်မောင်၊ ဦးအုန်းသန်း၊ စစ်ပြီးခေတ် လေးဦးမှာ ဦးအောင်မြင့်၊ ဦးခင်မောင်သင့်၊ ဦးကျော်မင်း၊ ဦးဝင်းထိန်၊ ဦးသာထွန်းဟာ ပထမဆုံး ခေတ်ပညာတတ် 'အာခီတက်' ဖြစ်ခဲ့သလို၊ မြန်မာပြည် ပန်းချီအသင်းရဲ့ ပထမဆုံးဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။ စည်သူဦးတင်က မြို့တော်ခန်းမဒီဇိုင်းရေးဆွဲခဲ့လို့ လူသိများပါတယ်။ ဦးကျော်မင်းကတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှာ အမှုဆောင်လုပ်ခဲ့လို့ နိုင်ငံရေး အသိုင်းအဝိုင်း မှာ လူသိများပါတယ်။ ဦးဝင်းထိန်က ရန်ကုန်မြို့တော်စည်ပင်(ယာ-အုံ)မှာ ဌာနမှူး တော်တော်ကြာ တာဝန်ထမ်းဆောင်ခဲ့ လို့ ထင်ရှားပါတယ်။
အဲဒါ... လူတွေသိပ်မသိတဲ့ ပြည်တွင်း 'အာခီတက်'ရဲ့ သမိုင်းအစပါ။
သင်္ကြန်မကျခင်ရက်ပိုင်းလေးမှာပဲ မြန်မာမော်ဒန် ပန်းချီ ဒုတိယမျိုးဆက်ကို ဦးဆောင်သူများ ဖြစ်ကြတဲ့ ဆရာဝင်းဖေ၊ ဆရာပေါ်ဦးသက်၊ ဆရာခင်မောင်ရင် တို့အကြောင်းကို မသိင်္ဂီကရေးသား ပြုစုထုတ်ဝေခဲ့ပါတယ်။ ပန်းချီဆရာ ခင်မောင်ရင်ဟာ 'အာခီတက်' ဘွဲ့ရတစ်ဦးပါ။ ပန်းချီနဲ့ အသက်မွေးဝမ်းကျောင်းပြီး မော်ဒန်ပန်းချီဆရာအဖြစ် လူသိများ ပါတယ်။ ပန်းချီ ဝေဖန်ရေး ဆရာတွေ၊ ပန်းချီဆရာတွေ၊ ပန်းချီမြတ်နိုး သူတွေက ပြည်တွင်း ပြည်ပ ပန်းချီဆရာတွေ အကြောင်းကို တေးသီချင်းပေါင်း များစွာ သီဖွဲ့လာတာ မဆုံးနိုင် သေးပါဘူး။
ကျွန်တော်တို့လည်း 'အာခီတက်' တွေအကြောင်းကို မမောနိုင်မပမ်းနိုင် တေးသီချင်းများသီဖွဲ့ရပါဦးမယ်။
စာဘူးတောင်းငှက်ဖိုလေးဟာ လှပတဲ့ရောင်စုံ အသိုက်အမြုံလေးကို ဖန်တီးနိုင်တယ်လို့ဆိုပါတယ်။ ငှက် အာခီတက်လို့ ပြောရမယ်ထင်ပါတယ်။ နတ်ပြည်မှာ နတ်ဘုံ၊ နတ်နန်း၊ နန်းပြာသာဒ်တွေနဲ့ ဖန်တီးရှင်ဟာ ဝိသကြုံနတ်သားပါတဲ့။ ခေတ်လိုပြောရင် ဝိသကြုံ နတ်သားဟာ နတ်အာခီတက်ပဲ မဟုတ်ပါလား။
ဗိသုကာဝေဖန်ရေးဆရာကြီး ရပ်စကင်(Ruskin) ပြောတာကတော့ ပန်းချီဆရာ၊ ပန်းပုဆရာဟာ အာခီတက် မဟုတ်ပါ ဘူးတဲ့။ ကျွန်တော်ဖြည့်စွက်ပြီးပြောချင် ပါတယ်။ အင်ဂျင်နီယာဟာ အာခီတက်မဟုတ်ပါဘူး။ မြန်မာမှုဗိသုကာဆရာတွေ ကလည်း အာခီတက် မဟုတ်ပါဘူး။ ကန်ထရိုက်တာဟာ အာခီတက်မဟုတ်ပါဘူး။ ဒဲဗလော့ပါ (developer)ဟာ အာခီတက်မဟုတ်ပါဘူး။ စီးပွားရေး အရ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ပါဝင် ပတ်သက်နေတဲ့သူတွေဟာ အာခီတက် မဟုတ်ပါဘူး။ ဗိသုကာပညာရပ်နဲ့ ဆက်သွယ်သော လုပ်ငန်းအပ်နှံသူများ(ပုဂ္ဂလိက/ ဌာနဆိုင်ရာ)ဟာ client ပဲ ဖြစ်ပါတယ်။ အာခီတက်မဟုတ်ပါ။ ဆေးပညာနဲ့ပတ်သက်လာရင် လူနာ(လူနာရှင်)ဟာ ဆရာဝန်များကို အကြံပေးခွင့် မရှိပါဘူး။ ကျွန်တော် ပြောတာ အကြောင်းရှိပါတယ်။ မြန်မာပြည်မှာ လူအချို့ဟာ ပိုက်ဆံနည်းနည်း ရှိလာရင်၊ လုပ်ပိုင်ခွင့် နည်းနည်းရှိလာရင် အာခီတက်ချာ (architecture)ကို သိတယ်လို့ အထင်ရောက်နေလို့ပါ။
ဆောက်လုပ်ရေးဆိုင်ရာ အဘိဓာန်တစ်ခုမှာ အာခီတက်ကို master builder လို့ အဓိပ္ပာယ်ဖွင့်ဆိုပါတယ်။ အရပ်လိုပြောရင် ဆရာကြီးဂုရုကြီးပါ။ အင်္ဂလိပ်-မြန်မာအဘိဓာန်တစ်ခုမှာ အာခီတက်ကို (၁)ဗိသုကာ၊ (၂) အဆောက်အအုံပုံစံထုတ်လုပ်၍ ဆောက်လုပ်ရာတွင် ကြီးကြပ်သူ၊ (၃) စီမံဖန်တီးသူ ၊ တကယ်တော့ အာခီတက်တွေက အဆောက်အအုံပုံစံထုတ်ရုံ မကပါဘူး။ ပရိဘောဂဒီဇိုင်းတွေ၊ အတွင်းမွမ်းမံမှု (interior de-sign) တွေ၊ တံတားဒီဇိုင်းတွေ၊ မြေခင်းစီမံမှု (Landscape) ဒီဇိုင်းတွေ၊ မြို့ပြမြေယာစီမံ ကိန်းဒီဇိုင်း (Urban design, Urban Planning & Regional Planning) တွေကိုပါ ဖန်တီးတဲ့သူပါ။ အာခီတက်က ဒီဇိုင်းဖန်တီးသူ (designer)ပါ။ ဒီဇိုင်းလုပ်တယ်ဆိုတာ ရုပ်ပုံလှလှလေးတွေ ရေးဆွဲတာ မဟုတ်ပါဘူး။ ပြဿနာ (problem)ကို ဖြေရှင်းတာ (solve) ပါ။ ဒီလို ဒီဇိုင်းဖန်တီးရာမှာ လက်တွေ့ကျကျ သက်သောင့်သက်သာဖြစ်မှု (Comforta-ble) ပါလာသလို အဆင်ပြေချောမွေ့စေဖို့ (Convenient) ဆိုတာ ပါလာပါတယ်။ တစ်ဆက်တည်းမှာ ကျစ်လျစ်သိပ်သည်းမှု (compact)ဆိုတာတွေပါလာ ပါတယ်။ ဖန်တီးမှု (creation)၊ ဖန်တီးနိုင်စွမ်း (Creativity) စတဲ့ အစွမ်းအစ တွေဟာလည်း အာခီတက်တွေအတွက် မရှိမဖြစ်မို့ပါ။ မွေးရာပါဗီဇ၊ စိတ်ကူး စိတ်သန်း၊ ဖန်တီးနိုင်မှု အစွမ်းအစတွေပျော်ဝင်ပြီး ခေတ်မီဆန်းပြားဗိသုကာ လက်ရာ ( Sophisticated building design) တွေ ပွင့်ဖူးလာတာပါ။ ဒီလို ဗိသုကာလက်ရာတွေထဲမှာပဲ အလှဗေဒကိစ္စများ (aesthetic content) သို့မဟုတ် အဖြေအတိအကျရှင်းလင်းမရဘဲ ပုစ္ဆာတွေပါဝင်ပတ်သက်နေ ပါတယ်။
မဟတ္တမဂန္ဒီကြီးကို အိန္ဒိယပြည်သူတွေက လွတ်လပ်ရေးဗိသုကာလို့ တင်စားခေါ်ဝေါ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ဗိုလ်ချုပ်အောင်ဆန်းဟာ လွတ်လပ်ရေးဗိသုကာပါ။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းကိုလည်း ငြိမ်းချမ်းရေး ဗိသုကာလို့ ဂုဏ်ယူပြောဆိုလေ့ရှိပါတယ်။
လွတ်လပ်ရေးဗိသုကာ၊ ငြိမ်းချမ်းရေးဗိသုကာဆိုသော စကားလုံးများမှာ ဗိသုကာ(အာခီတက်)ရဲ့ အဓိက အဓိပ္ပာယ် အတိမ်းအနက် အလွန်ပေါ်လွင်နေပါ တယ်။
ကျွန်တော်ဆက်လက်ပြီး----

'အာခီတက်တို့ရဲ့ စင်မြင့်ဆိုပြီး စာတစ်ပုဒ်ရေးသားလိုပါတယ်။ အပြောင်း အလဲကာလရဲ့ တည်ဆောက်ရေးနယ်ပယ်မှာ အင်ဂျင်နီယာလောက် လူသိမများသေးသော အာခီတက်ရဲ့ နေရာ၊ အခန်းကဏ္ဍ၊ အလုပ်အကိုင်အခွင့် အလမ်းတွေ အကြောင်း တင်ဆက်ချင်လို့ပါ။ ။

No comments:

Post a Comment