Tuesday, April 26, 2016

တပ်မတော်ရဟတ်ယာဉ်တစ်စင်း လေ့ကျင့်ပျံသန်းစဉ် မုန်တိုင်ဆည်အတွင်းသို့ ထိုးဆင်းပျက်ကျ



နေပြည်တော်၊ ဧပြီ ၂၆
မိတ္ထီလာတပ်နယ် လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်မှ Bell-206 အမျိုးအစား ရဟတ်ယာဉ် အမှတ်(၀၁၂၅)သည် ယနေ့နံနက်ပိုင်းတွင် လေ့ကျင့် ပျံသန်းစဉ် နံနက် ၈ နာရီ ၂၆ မိနစ်က စက်ချို့ ယွင်းမှု ကြောင့် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ မုန်တိုင်ဆည်အတွင်း ထိုးဆင်းပျက်ကျခဲ့သည်။







ယင်းရဟတ်ယာဉ်အား လေသူရဲ ဗိုလ်မှူးဝင်းအောင်နှင့် ဗိုလ်မှူး ခွန်ကျော်လှိုင် တို့ မောင်းနှင်ခြင်းဖြစ်ပြီး မုန်တိုင်ဆည်အတွင်း ကမ်းစပ်မှ ပေ ၅၀၀ အကွာ ရေပြင်အထက် ပေ ၃၀၀ ခန့်မှ ရုတ်တရက်စက်ချို့ယွင်းကာ ရေထဲသို့ ထိုးဆင်းပျက်ကျခဲ့ခြင်းဖြစ် ကြောင်း၊ ရဟတ် ယာဉ်ရေထဲပျက်ကျချိန်တွင် ဆည်အတွင်းရှိ ငါးဖမ်းလှေများက လေသူရဲ(၂)ဦးအား ချက်ချင်း ဆယ်ယူနိုင်ခဲ့ကြောင်း၊ ဖြစ်စဉ်ဖြစ်ပွားရာ သို့ မုန်တိုင်ရှိ တပ်မတော်သင်တန်း ကျောင်း မှကျောင်းအုပ်ကြီးနှင့်အဖွဲ့ဝင်များ ထပ်မံရောက်ရှိ လာခဲ့ပြီး မျက်နှာတွင် ပွန်းပဲ့ဒဏ်ရာ အနည်းငယ်မျှသာ ရရှိထားသည့် လေသူရဲ(၂)ဦးကို ဆေးရုံသို့ ဆက်လက်ပို့ဆောင်ပေး ခဲ့ကြောင်း သိရသည်။
အဆိုပါ ပျက်ကျရဟတ်ယာဉ်ကို မုန်တိုင်ဆည်အတွင်းမှ ပြန်လည်ဆယ်တင် ခဲ့ရာ ရဟတ်ယာဉ် အစိတ်အပိုင်း အချို့အား ဆယ်တင်နိုင်ခဲ့ပြီး ရဟတ်ယာဉ် ပျက်ကျမှုဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ်အခြေ အနေအား စုံစမ်းစိစစ်လျက် ရှိကြောင်း၊ ယင်း Bell-206 ရဟတ်ယာဉ်သည် ၁၉၇၇ ခုနှစ်က ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် အသုံးမပြုနိုင်တော့သဖြင့် ၂၀၁၂ ခုနှစ်တွင် ပြည်ပ ကုမ္ပဏီတစ်ခုနှင့် အကြီးစား ပြင်ဆင်မှုများပြုလုပ်၍ လေ့ကျင့်ရေး ရဟတ်ယာဉ်အဖြစ် အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ သတင်း ရရှိသည်။

No comments:

Post a Comment