(ဆူဒိုနင်)
ပြောလည်း ပြောချင်တယ်၊
ပြောလည်း မပြောရဲဘူး
ကြေးမုံသတင်းစာတွင်
လူမှုဘဝသရုပ်ဖော်ရသစာပေများကို အလျဉ်းသင့်သလို့ ဖော်ပြပေးလျက်ရှိပါသည်။ ထို့သို့ ဖော်ပြပေးရာတွင်
စာဖတ်ပရိသတ်၏ နှလုံးသားတွင် စွဲထင်ကျန်ရစ်စေမည့် လူမှုဘဝဖြစ်ပျက်ပုံများကို ရသ ပေါ်လွင်အောင်ရေးသားကြသည့်
ထင်ရှားသော စာရေးဆရာများအား ရွေးထုတ်ဖော်ပြပေးလျက်ရှိပါသည်။ ယခု အပတ်စဉ် စနေနေ့တိုင်းတွင်
''ပြောလည်း ပြောချင်တယ်၊ ပြောလည်းမပြောရဲဘူး'' ကဏ္ဍသစ်ကို ဖွင့်လှစ်၍ စာဖတ်ပရိသတ်အား
အသိပညာမျှဝေပေးထားပါသည်။ ထိုကဏ္ဍတွင် စာရေးဆရာ ဆူဒိုနင်၏ လူမှုဘဝအထွေထွေအပေါ် ရှုမြင်ချက်များကို
ကြေးမုံသတင်းစာဖတ်ပရိသတ်များ ပွင့်လင်းမြင်သာစွာ ဖတ်ရှုနိုင်ရန်အတွက် အပတ်စဉ်ဖော်ပြပေးခြင်းဖြစ်ပါသည်။
(စာတည်း)
အစ
အမှတ်မထင် မြင်လိုက်တာလေးတခုပါ။
အမှန်တော့ အဲဒီ့စီးကရက် လိပ်တဲ့ စက္ကူလေးတွေကို ကျွန်တော် သုံးနေတာ ဆယ်နှစ်မကတော့ပါဘူး။
ကျွန်တော်ကစီးကရက်ကို ကိုယ့်ဘာသာလိပ်သောက်လေ့ ရှိပါတယ်။ ပွတ်ချွန်းလို့ ခေါ်မယ်ထင်တယ်။ဆေးထုပ်က
မြန်မာပြည်မှာ တခါတလေ ရတတ်တယ်။ ဒါပေမဲ့ မသေချာလှဘူး။ သေချာတာကတော့ ဘန်ကောက် လေဆိပ်မှာ
ရနိုင်တာပါပဲ။ ဆေးထုပ်တထုပ်ကိုအလိပ် ၅ဝ ရတယ်ဆိုပေမယ့် တကယ် စစ်စစ်စီစီလိပ်တတ်ရင် ၇ဝ-၇၅
လိပ်လောက်ထွက်တယ်။ ဆေးထုပ် နဲ့အတူကော်အသင့်ပါပြီးသား တစ်လိပ်စာစက္ကူစလေးတွေ ထုပ်ထားတဲ့
ကတ် လေးလည်းပါတယ်။ အဲဒါလည်းအရွက် ၅ဝ ပဲ။ဆိုခဲ့တဲ့အတိုင်း ဆေးတစ်ထုပ်ကို အလိပ် ၅ဝ မကထွက်တဲ့အခါ
ဆေးထုပ် နဲ့ အတူပါတဲ့ စက္ကူကမလောက်တော့ဘူး။ ဒါလည်းမခက်ပါဘူး။ ဘန်ကောက် လေဆိပ်မှာပဲ ဆယ်ကတ်ပါ
စက္ကူထုပ်ချည်းသတ်သတ် ဝယ်လို့ရတယ်။ အဲတော့ ကာဆေးရော၊ စက္ကူရော ကျွန်တော့်ဆီမှာ ၆ လစာလောက်
စုဆောင်းထား တတ်တယ်။ ကိုယ်တိုင်သွားဖြစ်တဲ့အခါလည်းကိုယ်တိုင်ဝယ်ပေါ့။ မသွားဖြစ် တော့လည်းသွားဖြစ်တဲ့
လူကြုံနဲ့မှာပေါ့။ အခုကာလမှာ ဘန်ကောက်နဲ့ ရန်ကုန် ကအိမ်ဦးနဲ့ ကြမ်းပြင် ဖြစ်နေပြီမို့
ဘာမှ မခက်တော့ပါဘူး။ပြောချင်တာကအဲဒါ မဟုတ်ပါဘူး။ ကနေ့မနက် တလိပ်လိပ်ရင်း အမှတ် မထင်မြင်လိုက်တဲ့
စက္ကူထုပ်အတွင်းပိုင်းကစာတန်းလေးက ကျွန်တော့်ကို ဆတ်ခနဲ ဖြစ်သွားစေပါတယ်။ စာတန်းလေးမှာက
ဝေါဟာရအားဖြင့် သုံးလုံး တည်းပါပါတယ်။From responsible sources တဲ့။ခါတိုင်း ကျွန်တော်
သုံးနေတဲ့ စက္ကူတွေမှာပါလား၊ မပါလားသတိမထား မိဘူး။ အဲ...သေချာ ပြန်စဉ်းစားကြည့်တော့
မပါခဲ့ဘူး။ အဲဒီ့ စာတန်းနေရာမှာ Art of Rolling (လိပ်ယူခြင်းအနုပညာ) ဆိုတဲ့ စာတန်းလေးကိုပဲတွေ့ခဲ့ဖူးပါ
တယ်။ အခုကျတော့အသစ်။ From responsible sources တဲ့။
အသုံးတွင်လာတဲ့
သည်ဝေါဟာရ
မြန်မာစကားပြောတဲ့အခါ၊
မြန်မာလိုရေးတဲ့အခါ အင်္ဂလိပ်စကားလုံးတွေ ညှပ်ညှပ်သုံးတာကို ကျွန်တော်မုန်းပါတယ်။ ဆန့်ကျင်ပါတယ်။
၁၉၈ဝ ပြည့်နှစ်ကနေ ကနေ့ထက်တိုင် ကျွန်တော် ရေးခဲ့တာစာအပုဒ်ပေါင်း မနည်း တော့ပါဘူး။
ကျွန်တော့်စာတွေမှာ အင်္ဂလိပ်စာလုံးကိုမလွှဲသာလွန်းမှ ညှပ်သုံးပါ တယ်။ ကျွန်တော်ထင်တယ်။
၁၉၈ဝက စတင်ရေတွက်ရင် အခု ၂ဝ၁၆ ခုနှစ်၊ စုစုပေါင်း ၃၆ နှစ်တာကာလအတွင်း ကျွန်တော်ရေးခဲ့သမျှ
စာတွေထဲမှာအင်္ဂလိပ် စာလုံးညှပ်ပါသွားခဲ့ရင် အလုံးပေါင်း ၃၆ဝ ထက်မပိုပါဘူး။ ဒါ ပိုပိုသာသာ
တွက်ထားတာပါ။ အလွန်ဆုံးမှ အလုံးတရာလောက်ပဲ ရှိနိုင်ပါတယ်။အခုတစ်ပုဒ်မှာတော့ မူလသူ့စာတန်းကိုကူးပြတာတွေ
ပါတဲ့အပြင် responsible ဆိုတဲ့ ဝေါဟာရရဲ့ နောက်ကွယ်မှာ သဘောတရားတွေပါ ပါနေ တာမို့ မြန်မာဝေါဟာရနဲ့
မဖလှယ်သေးဘဲ အရင်းအတိုင်းသုံးနေရတာကို စာဖတ်သူ လူကြီးမင်းများ ယာယီနားလည် သည်းခံတော်မူပေးကြစေလိုပါတယ်
ခင်ဗျား။၂၁ ရာစုမှာအဲဒီ့ ဝေါဟာရက အတော်တွင်ကျယ်လာပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ် သုံးနှစ်ကလည်း
စခေါ့(ခ်ျ) ဝစ္စခီ အရက်ပုလင်းတလုံးမှာ စာတန်းတစ်ခု တွေ့ရပါတယ် ။Drink Responsibly တဲ့။
သည့်ထက်တွင်ကျယ်လာတာကတော့ စီးပွားရေးလုပ်ငန်းတွေမှာပါပဲ။ သူ့ဟာသူသယံဇာတပဲထုတ်ထုတ်၊
အရက်ပဲထုတ်ထုတ်၊ ပို့ကုန် သွင်းကုန် ပဲရောင်းရောင်း၊ သည်ခေတ်မှာ ခေတ်စားလာတဲ့ စကားစုတစ်စုကလည်း
အထင်အရှားရှိပါတယ်။ Corporate Social Responsibility ဆိုပဲ။
ဖွင့်ဆိုချက်
နားလည်သလိုလိုနဲ့ နည်းနည်းလေး အူကြောင်ကျားဖြစ်ချင်စရာ ဝေါဟာရပါပဲ။ အော့(ခ်)(စ်)ဖှာ့(ဒ်)
[အောက်စဖို့]အဆင့်မြင့် စာသင်သား များအတွက် အဘိဓာန်ကိုအခြေခံပြီး မြန်မာစာအဖွဲ့က ထုတ်ထားတဲ့အင်္ဂလိပ်-မြန်မာအဘိဓာန်မှာတော့
responsible ကို (၁) တာဝန်ရှိသော (၂) တာဝန်ရှိ သော၊ တရားခံဖြစ်သော (၃) တာဝန်ခံရသော
(၄) (က) စိတ်ချယုံကြည်ရသော၊ စဉ်းစားချင့်ချိန်နိုင်သော၊ တာဝန်သိသော (၄) (ခ) တာဝန်ရှိသောဆိုပြီးလေးမျိုး
အနက်ဖွင့်ပေးထားပါတယ်။ဘဝင်သိပ်မကျလို့ အင်တာနက်ထဲမှာ ရှာလိုက်တဲ့အခါ ကိုးကားအဘိဓာန်မှာဖွင့်ဆိုပေးထားတာလေးတွေကိုသဘောကျသွားပါတယ်။
သူ့ဖွင့်ဆို ချက်က ၇ မျိုးရှိတယ်။ အဲဒါလေးတွေကို ဦးစွာဘာသာပြန်ပြပါရစေ။
(၁) လူတယောက်ရဲ့
အာဏာ၊ ထိန်းချုပ်မှု၊ စီမံခန့်ခွဲမှုထဲမှာရှိနေတဲ့ အရာ တခုခုအတွက် အဖြေပေးနိုင်စွမ်းရှိသော၊
တာဝန်ခံနိုင် (အတာချနိုင်) သော။ နမူနာ He is responsible to the Chairman for his
decisions. - သူ့ ဆုံးဖြတ်ချက်တွေအတွက် ဥက္ကဋ္ဌကို သူတာဝန်ခံရမှာ ဖြစ်ပါတယ်။ (တစ်နည်းပြောရင်
သူ့ဆုံးဖြတ်ချက်တွေကိုဥက္ကဋ္ဌက စိစစ် မေးမြန်းလာတဲ့အခါ သူဖြေရမယ်ဆိုတဲ့ အနက်ပါ တခါတည်းတွဲပါနေ
ပါတယ်။
(၂) ထိန်းချုပ်ရန်ဖြစ်စေ၊
စီမံခန့်ခွဲရန်ဖြစ်စေ အာဏာရှိနေသည့်အခါတွင် တာဝန်ခံနိုင်မှု (အတာချနိုင်မှု)၊တာဝန်ရှိမှု
ပါဝင်ပတ်သက်လျက်ရှိသော။ နမူနာ - responsible position in the local government - ဒေသ
ဆိုင်ရာအစိုးရအဖွဲ့ထဲကတာဝန်ရှိတဲ့ ရာထူးနေရာ (မြန်မာလို“ပြောရင် တာဝန်ကြီးတဲ့'' လို့တောင်
သုံးနိုင်မယ် ထင်ပါတယ်။
(၃) လက်သည်၊ အကြောင်းရင်း၊
အကြောင်းတရားအဖြစ် အရေးယူနိုင်၊ အတာချနိုင်သော။ နမူနာ -Termites were responsible
for the damage.- သည်အပျက်အစီးအတွက် ခြတွေကအဓိက လက်သည် (တရားခံ)ပဲ။
(၄) ကျင့်ဝတ်ပိုင်းဆိုင်ရာဆုံးဖြတ်ချက်တွေ
ချမှတ်နိုင်စွမ်းရှိတာမို့ တာဝန်ခံနိုင်၊ အတာချနိုင်သော။ ဆင်ခြင်တုံတရားရှိတဲ့ အတွေးကို
ဖြစ်စေ၊ လုပ်ရပ်ကို ဖြစ်စေတွေးနိုင် လုပ်နိုင်စွမ်း။ နမူနာ -The defendant is not
respon- sible for his actions.- တရားပြိုင်ဟာသူ့ရဲ့လုပ်ရပ်အတွက် တာဝန် မရှိပါဘူး။
(မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်အရ ကိုယ့်ကိုရန်ပြုလာတဲ့ အတွက် ကာကွယ်လိုက်ရာကနေ
လူသတ်မှု၊ အပြင်းအထန် နာကျင်စေ မှုတွေ ဖြစ်သွားတဲ့အခါမျိုးမှာ တရားပြိုင်ဘက်က လိုက်ပါသူကသည်လို
ပြောလို့ရပါတယ်။ သူ့အသက်သူကာကွယ်ချိန်မို့ သူ့မှာဆင်ခြင်နိုင်စွမ်း မရှိခဲ့ဘူး။ ဒါ့ကြောင့်
ဖြစ်သွားတာအတွက် သူ့မှာတာဝန်မရှိဘူးလို့ ဆိုလိုတာပါ။)
(၅) မဖြစ်မနေ လုပ်ကိုင်ရမယ့်
တာဝန်တွေကိုဖြစ်စေ၊ အကြွေးတွေကိုဖြစ်စေ ထမ်းဆောင်နိုင်စွမ်း၊ ပေးနိုင်စွမ်းရှိသော။
(၆) ကြွေးမြီတွေကိုပေးချေဖို့၊
လုပ်ငန်းလုပ်ဖို့ အားကိုး၊ အားထားပြုနိုင်သော
(၇) (အစိုးရ၊ အစိုးရအဖွဲ့ဝင်၊
အစိုးရဌာနအစရှိသည်များနှင့် စပ်လျဉ်းပါက) ရွေးကောက်တင်မြှောက်ထားသောဥပဒေပြု လွှတ်တော်ကဖြစ်စေ၊
မဲဆန္ဒ ရှင်လူထုက ဖြစ်စေလိုလားသည့်အတိုင်း ဖြည့်ဆည်းဆောင်ရွက်သော၊ ဖြေကြားပေးနိုင်စွမ်းရှိသော။
တာဝန်
အဲဒီ့အနက်တွေ အားလုံးကိုခြုံငုံပါရှိစေနိုင်ဖို့ မြန်မာဝေါဟာရတစ်လုံးထဲနဲ့ ပြောရတော်တော်
ခက်မယ်ထင်ပါတယ်။ ရှေးဆရာများလို ပါဠိတွေ၊ သင်္သကရိုဋ် တွေ တတ်မယ်ဆိုရင်တော့လည်း လှလှပပ
ဖလှယ်နိုင်မလားမသိဘူး။
သေချာတာကတော့ တာဝန်ဆိုတဲ့ စကားလုံးရဲ့ လေးနက်မှုကသည်ဝေါ ဟာရမှာ တစ်ပါတည်း ပူးတွဲပါနေတာပါပဲ။
လူတစ်ယောက်ကိုဖြစ်စေ၊ အဖွဲ့ အစည်းတစ်ခုကိုဖြစ်စေတာဝန်မဲ့လိုက်တာလို့ ပြောဖို့သိပ်လွယ်ပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ကိုယ်တိုင်ရော ဘယ်လောက် တာဝန်ယူတတ်၊ တာဝန်ခံ တတ်၊ တာဝန်သိတတ်သလဲဆိုတာဆင်ခြင်
စရာကောင်းပါတယ်။
သည်စာကိုရေးဖြစ်စေတဲ့ ပထမဆုံးစာတန်းကFrom responsible sources တဲ့။ သည်စီးကရက်လိပ်တဲ့
စက္ကူလေးတွေကို တာဝန်သိတဲ့ ရင်းမြစ် တွေဆီက ထုတ်ထားတာပါတဲ့။ ဘာကိုဆိုလိုတာလဲ၊ သည်စက္ကူတွေ
ထုတ်ဖို့ အတွက် သဘာဝပတ်ဝန်းကျင်ကိုမထိခိုက်အောင် ထိန်းသိမ်းတတ်တဲ့ ရင်းမြစ်၊ လူတွေ
ဒုက္ခ မဖြစ်စေမယ့် ရင်းမြစ်တွေကနေထုတ်ထားတာလို့ ဆိုလိုရာရောက် ပါတယ်။တနည်းဆိုရင် မြန်မာစာအဖွဲ့ရဲ့
အဘိဓာန် အလိုအရ ဘာသာ ပြန်မယ်ဆိုရင် စိတ်ချရတဲ့ ရင်းမြစ်တွေက ထုတ်လုပ်ထားတာပေါ့။
Drink responsibly ဆိုတဲ့ အရက်ပုလင်းပေါ်ကစာတန်းကတော့ရော။ သောက်တော့သောက်ပေါ့။ ဒါပေမယ့်
ဆင်ဆင်ခြင်ခြင် တာဝန်သိသိသောက်ပါ လို့ဆိုလိုက်တာပါ။ မူးလို့ပါဆိုပြီးကော်ဆဲနေတာမျိုး၊
မိန်းကလေးတွေကို ကာယိနြေ္ဒပျက်စေတာမျိုး၊ ယာဉ်ကိုမဆင်မခြင် မောင်းနှင်တာမျိုးတွေ မဖြစ်
ရလေအောင် အသိရှိရှိနဲ့သောက်ပါလို့ သတိပေးနေတယ်လို့ နားလည်ပါတယ်။ မစ္ဆပမာဒဌာန - မူးယစ်ပြီးမေ့လျော့သည်အထိ၊
သို့တည်းမဟုတ် သတိလွတ် ကင်းသည်အထိ မသောက်ပါနဲ့လို့ ဆိုလိုက်လေသလားပဲ။
ဝန်တာ
အခုသိပ်တွင်ကျယ်နေတဲ့ Corporate Social Responsibility ကကျတော့ စီးပွားရေးလုပ်ငန်းကြီးတွေအတွက်
အကျိုးအမြတ်ကို ဦးထိပ်ထား တာတော့မှန်တယ်၊ ဒါပေမယ့် လူမှုရေးအရလည်း တာဝန်ယူသင့်တယ်ဆိုတဲ့
အယူအဆက ပေါ်ထွန်းလာတာပါ။ ဒါကိုပြောမယ်ဆိုရင်တော့ နောက်ထပ် တပုဒ်ထပ်ရေးရမယ့်အထိ ကျယ်ပြန့်
ဖွာထွက်ကုန်တော့မှာမို့ သည်နားလေးမှာပဲ ရပ်ထားလိုက်ပါရစေခင်ဗျား။
အမေရိကန်နိုင်ငံသား
ပညာရှင်တယောက်က အကြံပေးအဖြစ် ရုံးထိုင် နေတဲ့ ရန်ကုန်မြို့လယ်ကဌာနသစ် ရုံးကြီးတရုံးမှာကပ်ထားတဲ့
အင်္ဂလိပ်စာတန်း တခုကိုလည်း ပြေးသတိရလိုက်မိသေးတယ်။ ဘာသာပြန်ပြရရင်တော့ ''စည်းကမ်းဆိုတာ
ဘာမှကြီးကြီးကျယ်ကျယ် မဟုတ်ပါဘူး၊ ကိုယ့်တာဝန် ကိုယ်ယူတာလေးပါ''တဲ့။
ဟား... တာသွားလိုက်တဲ့
စကား။
ဟုတ်ပါရဲ့။ ကိုယ်နေကြာစေ့
စားထားတယ်၊ ထွက်လာတဲ့ အခွံအမှိုက်တွေ ကဘယ်သူ့တာဝန်လဲ။ သိမ်းရမယ့် ဝန်တာက ဘယ်သူ့အပေါ်မှာရှိသလဲ။
ရှင်းနေတာပဲဗျာ။ဒါဘာမှ မဟုတ်တဲ့ အသေးအမွှားလေးပါ။ ဆင့်ဆင့်ပြီးစဉ်းစားသွားမယ် ဆိုရင်တော့
အဲဒီ့တာဝန်တွေဟာ လူလုပ်နေသမျှ ကျွန်တော်တို့ အားလုံးရဲ့ ပခုံးပေါ်မှာ မွေးကတည်းက ကပ်ပါနေတယ်ဆိုတာ
လူတိုင်းဆင်ခြင်သင့်တယ်လို့ မြင်မိရတဲ့အတွက် သည်စာကိုရေးပါတယ်။ ပြောင်းပြန်ပြန်ပြောရရင်တော့
တာဝန်မသိ၊ တာဝန်မယူ၊ တာဝန်မခံ၊ တာဝန်မဲ့ပြန်ဦးမယ်ဆိုရင်တော့ လူသာ လုပ်နေတယ်၊ လူစိတ်မရှိတဲ့သူသာ
ဖြစ်နေပါလိမ့်မယ်ဆိုတာကို အားလုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် အမှန်ဆင်ခြင်သင့်လှတဲ့အကြောင်း
မပြောရဲပြောရဲနဲ့ပဲ ဇွတ်မှိတ်ပြောချလိုက်ရပြန်ပါပြီ။ အားလုံးအတွက် တွေးဆဆင်ခြင်စရာတစုံတရာရသွားမယ်လို့
မျှော်လင့်နေမိရပါတယ် ခင်ဗျား။

No comments:
Post a Comment