Saturday, March 5, 2016

မြန်မာနိုင်ငံ ကမ္ဘာ့ကင်းထောက်အဖွဲ့ဝင်ဖြစ်ရန်ကြိုးပမ်းမှုကို ကူညီပေးဖိုးဆန္ဒပြုကြပြီး ကာလတိုအတွင်း ထူးခြားအောင်မြင်မှုကို ဂုဏ်ပြု



မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့၏ ကင်းထောက်ချုပ်ကြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မတ် ၄ ရက်နေ့ နံနက်ပိုင်းက ကင်းထောက်လူငယ် များ စခန်းချတွေ့ဆုံပွဲ (ပုပ္ပားစခန်း) သို့ရောက်ရှိပြီး မြန်မာနိုင်ငံကင်းထောက်လူငယ်များအား တွေ့ဆုံခဲ့သည်။
ယခုနှစ် ကင်းထောက်လူငယ်များ စခန်းချတွေ့ဆုံပွဲနှင့်ပတ်သက်၍ မြန်မာနိုင်ငံကင်းထောက်အဖွဲ့ အမျိုးသားကင်းထောက်ချုပ် ဒေါက်တာတင်ညို၊ အမျိုးသမီးကင်းထောက်ချုပ် ဒေါက်တာ တင်လှကြည်၊ ကမ္ဘာ့ကင်းထောက်အဖွဲ့ အာရှပစိဖိတ်ဒေသဆိုင်ရာ ကင်းထောက်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ Ms. Reiko Suzuki နှင့် အာရှပစိဖိတ်ဒေသဆိုင်ရာ ကင်းထောက်အဖွဲ့ ဒါရိုက်တာ Mr.ThianHiong-Boon တို့၏ သဘောထားအမြင်များကို ရေးသား တင်ပြလိုက်ရပါသည်-


ဒေါက်တာတင်ညို (အမျိုးသားကင်းထောက်ချုပ်)

ဒီနေ့ကျင်းပတဲ့ ကင်းထောက်လူငယ်များ စခန်းချတွေ့ဆုံပွဲဟာ စတုတ္ထ အကြိမ် ကင်းထောက်တွေ့ဆုံပွဲဖြစ်ပါတယ်။ မြန်မာနိုင်ငံ ကင်းထောက်ချုပ် ကြီးက ကင်းထောက်လူငယ်တွေကို တွေ့ဆုံပြီး သြဝါဒပေးပါတယ်။

ထူးခြားတာက ကမ္ဘာ့အမျိုးသား၊ အမျိုးသမီးကင်းထောက်အဖွဲ့တွေ ကို ကိုယ်စားပြုတဲ့ အာရှနဲ့ ပစိဖိတ်ဒေသကပုဂ္ဂိုလ်တွေ တက်ရောက်လာ ခြင်းဖြစ်ပါတယ်။ အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ကင်းထောက်ကော်မတီ ဒုတိယဥက္ကဋ္ဌနဲ့အတူ ဒေသဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်တွေ၊ အာရှနဲ့ ပစိဖိတ် ဒေသအမျိုးသမီးကင်းထောက်အဖွဲ့က ဒေသဆိုင်ရာဒါရိုက်တာနဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တွေ တက်ရောက်ကြပါတယ်။

ဧည့်သည်တော်တွေက မြန်မာနိုင်ငံကင်းထောက်ချုပ်ကြီး နိုင်ငံတော် သမ္မတကြီးကို ဂါရဝပြုတွေ့ဆုံပါတယ်။ မြန်မာနိုင်ငံကင်းထောက် လှုပ် ရှားမှုကို လမ်းညွှန်ပေးတဲ့အတွက် ဂုဏ်ပြုအထိမ်းအမှတ်လက်ဆောင်ကို ပေးခဲ့သလို ကင်းထောက်ချုပ်ကြီးကလည်း အမှတ်တရလက်ဆောင်တွေ ပြန်လည်ပေးအပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံ ကမ္ဘာ့ကင်းထောက်အဖွဲ့ဝင်နိုင်ငံအဖြစ် ကြိုးပမ်းဆောင် ရွက်မှုကို ကူညီပေးဖို့ဆန္ဒပြုကြပြီး အခုလိုကာလတိုအတွင်း ထူးခြားအောင်မြင် မှုကို ဂုဏ်ပြုမှတ်တမ်းတင်ကြပါတယ်။

ထူးခြားတိုက်ဆိုင်တာက ၂ဝ၁၆ နှစ်ဟာ မြန်မာနိုင်ငံမှာ အမျိုးသား၊ အမျိုးသမီးကင်းထောက်များ စတင်ဖွဲ့စည်းခဲ့တဲ့ နှစ်တစ်ရာပြည့်ဖြစ်လို့ ရာပြည့်အထိမ်းအမှတ်ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။

အခြားထူးခြားချက်ကတော့ မြန်မာနိုင်ငံကင်းထောက်အဖွဲ့မှာ အရည် အသွေးမြင့်မားစွာနဲ့ စွမ်းဆောင်ရည်ပြည့်ဝတဲ့ ကင်းထောက်ကြီးများရဲ့ ထက်သန်တဲ့ဇွဲနဲ့ အဆက်မပြတ် ပါဝင်ကူညီနေကြမှုတွေ ဖြစ်ပါတယ်။

ဒေါက်တာတင်လှကြည် (အမျိုးသမီးကင်းထောက်ချုပ်)

အခုပုပ္ပားမှာ မတ် ၁ ရက်ကနေ ၅ ရက်အထိ ပြုလုပ်နေတဲ့ မြန်မာ ကင်းထောက်လူငယ် စခန်းချတွေ့ဆုံပွဲမှာ ကင်းထောက်လူငယ် ၅ဝဝ၊ ကင်း ထောက်ကြီးများ၊ ကြီးကြပ်အုပ်ချုပ်သူများ စခန်းချပါဝင်လျက်ရှိပါတယ်။ ကျွမ်းကျင်မှုတွေ ဆွေးနွေးပို့ချပါတယ်။ သီချင်းဆို ကခုန်ကစားကြ၊ ယဉ် ကျေးမှုဖလှယ်ကြ၊ မိတ်ဆွေသစ်တွေရကြနဲ့ အလွန်ပျော်ရွှင်နေကြတာ တွေ့ရလို့လည်း အလွန်ဝမ်းသာပါတယ်။

ဒီနေ့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်နဲ့အဖွဲ့၊ ကင်းထောက်လူငယ် များနဲ့ လာရောက်တွေ့ဆုံတဲ့အတွက် ဒီပုပ္ပားစခန်းတွေ့ဆုံပွဲတက်ရောက် နေသူအားလုံးအတွက် ဝမ်းသာဂုဏ်ယူရတဲ့နေ့ ဖြစ်ပါတယ်။ နိုင်ငံတော် သမ္မတကြီးနဲ့ အနီးကပ်တွေ့ဆုံရ၊ စကားပြောရ၊ ဓာတ်ပုံအတူတကွ ရိုက်ခွင့်ရတာက ထူးကဲတဲ့အခွင့်အလမ်းဖြစ်ပါတယ်။ ဒီနေ့ထူးခြားချက် နောက်တစ်ခုကတော့ ကမ္ဘာ့ကင်းထောက်အဖွဲ့ကြီးနှစ်ခုဖြစ်တဲ့ ကမ္ဘာ့ ကင်းထောက်အမျိုးသမီးအဖွဲ့ (WAGGGS)နှင့် ကမ္ဘာ့ကင်းထောက် အမျိုးသားအဖွဲ့ (WOSM) အာရှပစိဖိတ်ဒေသဆိုင်ရာရုံးက အကြီးအကဲ နှစ်ဦးစီ ဒီတွေ့ဆုံပွဲကြီးကို လာရောက်တက်ရောက်ခြင်း ဖြစ်ပါတယ်။

ဒီလိုတွေ့ဆုံပွဲတွေဟာ ကင်းထောက်တွေအတွက် အားသစ်လောင်းတဲ့ ပွဲမျိုးလည်းဖြစ်တဲ့အတွက် နှစ်စဉ်ဆက်လက်ပြုလုပ်သင့်ပါတယ်။

ကမ္ဘာ့ကင်းထောက်အဖွဲ့ အာရှပစိဖိတ်ဒေသဆိုင်ရာ ကင်းထောက်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ Ms. Reiko Suzuki 

အလွန်ထူးခြားတဲ့ အခမ်းအနားကို သမ္မတကြီးနဲ့ တွေ့ဆုံတက်ရောက် ခွင့်ရတဲ့အတွက် များစွာဂုဏ်ယူမိပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာ့ ကင်း ထောက်အဖွဲ့ချုပ် အဖွဲ့ဝင်နိုင်ငံများအနက် အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်လာ မှာကို များစွာဆန္ဒရှိခဲ့ပါတယ်။ ဒီဆန္ဒဟာ မကြာမီအကောင်အထည်ဖော် လာမယ်လို့ ဆိုနိုင်ပါတယ်။ အကြောင်းကတော့ သမ္မတကြီးနဲ့ အစိုးရအဖွဲ့ရဲ့ အားသွန်ခွန်စိုက် ကူညီဆောင်ရွက်မှုကြောင့် ဖြစ်ပါတယ်။

အခုလို နိုင်ငံအတိုင်းအတာအရ တွေ့ဆုံပွဲရဲ့ အောင်မြင်မှုဟာ မြန်မာ ကင်းထောက်အဖွဲ့ရဲ့ သုံးနှစ်တာအတွင်း အောင်မြင်လာမှုလို့ ဆိုနိုင်ပါ တယ်။ ဒီလိုတွေ့ဆုံပွဲကို လာရောက်ခဲ့ရတဲ့အတွက် ကမ္ဘာ့ကင်းထောက် အဖွဲ့ကိုယ်စား အလွန်ဝမ်းမြောက်ဂုဏ်ယူမိကြောင်း မြန်မာကင်းထောက် တွေကို ပြောလိုပါတယ်။ အခုလိုတွေ့ဆုံပွဲတက်ရောက်ဖို့ ဖိတ်ကြားတဲ့ အတွက် သမ္မတကြီးနဲ့တကွ မြန်မာကင်းထောက်အဖွဲ့ကို ကျေးဇူးတင် ကြောင်း ပြောလိုပါတယ်။

အာရှပစိဖိတ်ဒေသဆိုင်ရာကင်းထောက်အဖွဲ့ ဒါရိုက်တာ Mr.ThianHiong-Boon
အလွန်ထူးခြားတဲ့ မြန်မာနိုင်ငံ ကင်းထောက်များရဲ့ တွေ့ဆုံပွဲ အောင်မြင်မှုအတွက် ကူညီလမ်းညွှန်ပေးသော နိုင်ငံတော်သမ္မတကြီးရဲ့ စေတနာနဲ့ ကူညီမှုကို များစွာချီးကျူးမိပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ ကင်းထောက်လူငယ်တွေ ကမ္ဘာ့ကင်းထောက်အသိုင်းအဝိုင်းကို ဝင်ရောက် လာနိုင်မှာ ဖြစ်ပါတယ်။

သုံးနှစ်တာ အချိန်တိုကာလအတွင်းမှာ မြန်မာနိုင်ငံ၌ ကင်းထောက် အဖွဲ့ဝင် ခြောက်သောင်းနီးပါးတိုးတက်လာသလို ထပ်မံတိုးတက်လာနိုင် မယ်လို့ မျှော်လင့်ပါတယ်။ မြန်မာကင်းထောက်အဖွဲ့က နှစ်တစ်ရာပြည့် အခမ်းအနားကျင်းပမှာ ဖြစ်တဲ့အတွက် ကမ္ဘာ့ကင်းထောက်အဖွဲ့ကိုယ်စား များစွာချီးကျူးဂုဏ်ယူမိပါတယ်။

မြန်မာနိုင်ငံ ကင်းထောက်ချုပ်ကြီးနဲ့တကွ ကင်းထောက်အဖွဲ့ဝင်များ ရဲ့ ကြိုးစားအားထုတ်မှုများအားလုံးကို အားရမိပါတယ်။ ဒါမှမြန်မာ နိုင်ငံဟာ ကမ္ဘာ့ကင်းထောက် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်လာနိုင်မှာဖြစ်ပါ တယ်။ အာရှပစိဖိတ်ဒေသ ကင်းထောက်အဖွဲ့က မြန်မာနိုင်ငံ ကင်း ထောက် အဖွဲ့ကြီး တိုးတက်ဖွံ့ဖြိုးမှုအတွက် အမြဲတမ်းကူညီဆောင်ရွက်ပေးနေမှာ ဖြစ်ပြီး မြန်မာနိုင်ငံဟာ ဆက်လက်အောင်မြင်စွာ ရပ်တည်လာနိုင်မယ်လို့ ယုံကြည်မျှော်လင့်မိပါတယ်။


သတင်းနှင့်ဓာတ်ပုံ -ကိုလတ်(သတင်းစဉ်)

No comments:

Post a Comment