၂ဝ၁၅ခုနှစ်
အထွေထွေရွေးကောက်ပွဲကြီးကို ဥပဒေနှင့်အညီ လွတ်လပ်စွာ၊ တရားမျှတစွာ၊ ပွင့်လင်းမြင်သာစွာ
တို့ဖြင့် အောင်မြင်စွာကျင်းပခဲ့ ပြီးဖြစ်သည်။ ယခုအခါနေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲ
ကော်မရှင် ရုံးကြီးတွင် ရွေးကောက်ပွဲကုန်ကျစရိတ် ငွေစာရင်း တင်သွင်းရန်ပျက်ကွက်သည့်
မှုခင်းများ၊ အနိုင်ရလွှတ်တော် ကိုယ်စားလှယ်အား ၎င်းနှင့်ယှဉ်ပြိုင်သည့် ရှုံးနိမ့် လွှတ်တော်ကိုယ်စားလှယ်က
ကန့်ကွက်လွှာတင်သွင်းသည့် ရွေးကောက်ပွဲ ကန့်ကွက်လွှာ မှုခင်းများကို နေ့စဉ်စစ်ဆေးကြားနာလျက်ရှိသည်။
ယင်းသို့
စစ်ဆေးကြားနာနေခြင်းကို စိတ်ဝင်စားသူများ၊ လေ့လာသိရှိ လိုသူများ၊ သတင်းမီဒီယာများမှ
ပုဂ္ဂိုလ်များ၊ ပြည်ပအဖွဲ့အစည်းအချို့မှ ပုဂ္ဂိုလ်များ နေ့စဉ်လာရောက်လေ့လာလျက်ရှိကြသည်။
အနည်းဆုံး ၁ဝ ဦးမှ အများဆုံး ၂ဝ ခန့်အထိရှိကြသည်။ ကန့်ကွက်လွှာ တင်သွင်းသူဘက်မှ ပုဂ္ဂိုလ်များ၊
ကန့်ကွက်လွှာ တင်သွင်း ခံရသူဘက်မှပုဂ္ဂိုလ်များနှင့် ဆိုလျှင် ဦးရေ ၃ဝ ခန့်ရှိသည်။ ရွေးကောက်ပွဲခုံအဖွဲ့များ
စစ်ဆေး ကြားနာသည့် ရုံးခန်းများထဲတွင် လူငါးယောက်ခန့်ထိုင်နိုင်သည့် ခုံတန်းလျား ၁ဝ
လုံးခန့် စနစ်တကျ စီစီရီရီ ခင်းကျင်းထားပေးသည်။ စစ်ဆေးကြားနာသည့် ခုံရုံးဥက္ကဋ္ဌ နှင့်
အဖွဲ့ဝင်များက ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ပွင့်လင်းမြင်သာစွာ စစ်ဆေးကြားနာကြသည်။
လာရောက်လေ့လာသူများက လည်း စိတ်ဝင်တစားဖြင့် ကြည့်ရှုလေ့လာကြပြီး မှတ်သားသင့်သည်များကို
ယင်းတို့၏မှတ်စုစာအုပ်များတွင် မှတ်သားလျက်ရှိကြခြင်းတို့ကြောင့် စိတ်ဝင်စားဖွယ်ရာ
မြင်ကွင်းတစ်ခုကို တွေ့နေရသည်။
လေ့လာသူအချို့က
ရွေးကောက်ပွဲဆိုင်ရာကုန်ကျစရိတ် ငွေစာရင်းတင် သွင်းရန် ပျက်ကွက်သည့် မှုခင်းများနှင့်
ရွေးကောက်ပွဲကန့်ကွက်လွှာ မှုခင်း များ စစ်ဆေးကြားနာခြင်းနှင့် စပ်လျဉ်းသည့် လုပ်ထုံးလုပ်နည်းများကို
သိရှိ လို၍ အလျဉ်းသင့်လျှင် ရှင်းလင်းဆွေးနွေးပေးစေ လိုကြောင်း ပြောကြား လာသည်။ သို့ဖြစ်၍
ပထမဦးစွာ ရွေးကောက်ပွဲဆိုင်ရာ ကုန်ကျစရိတ် ငွေစာရင်းတင်သွင်းရန် ပျက်ကွက်သည့်မှုခင်းများ၏
စစ်ဆေးကြားနာပုံများ ကို ခေတ်အဆက်ဆက် လေ့လာသိရှိရသမျှ အကျဉ်းချုံး၍ ရေးသားလိုက်ရပါသည်။
ရွေးကောက်ပွဲ
ကုန်ကျစရိတ်ငွေ စာရင်းတင်သွင်းခြင်း
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
၁။
ပါတီစုံအထွေထွေ ရွေးကောက်ပွဲများ၌ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံ ကြသော လွှတ်တော် ကိုယ်စားလှယ်
လောင်းများ သည် ရွေးကောက်ပွဲ ကာလ မဲဆွယ်စည်းရုံးရာ၌ ငွေကြေးမည်မျှ သုံးစွဲရမည်၊ ငွေစာရင်း
စာအုပ်များကို မည်သို့မည်ပုံထားရှိရမည်၊ မည်သို့မည်ပုံ ရေးသွင်း ရမည်၊ ရွေးကောက်ပွဲ
ကျင်းပပြီးနောက် သတ်မှတ်ထားသည့်အတိုင်း ငွေစာရင်းများပြုစုပြီး သတ်မှတ်ထားသော ကာလအပိုင်းအခြားအတွင်း
သတ်မှတ် ထားသော အဖွဲ့ အစည်း၊ ပုဂ္ဂိုလ်ထံတင်သွင်းကြရသည်။
ငွေစာရင်းများ
မထားရှိခြင်း၊ ထားရှိသော်လည်း သတ်မှတ်ထားသည့် အတိုင်း ငွေစာရင်းတင်သွင်းရန် ပျက်ကွက်ခြင်း၊
တင်သွင်းသော်လည်း သတ် မှတ်ထားသည်ထက် ပို၍သုံးစွဲခြင်း၊ မှန်မှန်ကန်ကန် မသုံးစွဲခြင်း၊
မှန်ကန်စွာ ဖြည့်သွင်းရေးသားမှုမပြုခြင်းတို့ကြောင့် သတ်မှတ်ထားသည့် အတိုင်း အရေး ယူမှုခံကြရသည်။
နောက်ကျင်းပမည့် ရွေးကောက်ပွဲများတွင် သတ်မှတ်ကာလ အပိုင်းအခြားအတွင်း၌ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခွင့်
မရှိသူ၊ အရည်အချင်းပျက် ယွင်းသူဟု ကြေညာခြင်းခံကြရသည်။ ရွေးကောက်ပွဲ၌ မိမိအနိုင်ရရှိစေကာမူ
ယင်းအချက်များကြောင့် ကန့်ကွက်လွှာ တင်သွင်းခြင်းကိုခံရပြီး မိမိအနိုင် ရရှိသည်မှ ရှုံးနိမ့်လွှတ်တော်
ကိုယ်စားလှယ် တစ်ဦးအဖြစ်သို့ ရောက်ရှိ သွားနိုင်သည်။ ရာဇသတ်ကြီး အက်ဥပဒေပုဒ်မ၇၁ (ဈ)
တွင်လည်း ရွေး ကောက်ပွဲနှင့် စပ်လျဉ်း၍ ငွေစာရင်းပြုလုပ်ထားရှိရမည် ဟု ပြဋ္ဌာန်းထားသဖြင့်
ငွေစာရင်း ပြုလုပ် မထားလျှင် ယင်းဥပဒေပုဒ်မအရပင် တရားစွဲဆိုခံရပြီး ပြစ်ဒဏ်စီရင်ခြင်း
ခံရနိုင်ပါသည်။ ဤသည်တို့မှာ အထူးမှတ်သား ရဖွယ် အချက် များဖြစ်တော့သည်။
ပါလီမန်ခေတ်
▄▄▄▄▄▄▄▄▄
▄▄▄▄▄▄▄▄▄
ပြည်သူ့လွှတ်တော်နှင့်
လူမျိုးစုလွှတ်တော်များအတွက် ရွေးကောက်ပွဲ ကျင်းပသည့် လွှတ်တော်ကိုယ်စားလှယ် လောင်း တစ်ဦးသည်
မဲဆွယ် စည်းရုံး စဉ်ကာလအတွင်း ငွေကျပ် တစ်သောင်းငါးထောင်အထိ သုံးစွဲခွင့်ရှိသည်။ ရွေးကောက်ပွဲကျင်းပ
ပြုလုပ်ပြီးနောက် သက်ဆိုင်ရာ အရွေးခံသူများကို ကြေညာသည့်နေ့မှစ၍ ၃၅ရက် အတွင်းတွင် ကုန်ကျစရိတ်
ငွေစာရင်းကို ရွေးကောက်ပွဲတာဝန်ခံအရာရှိထံ တင်သွင်းကြရ သည်။ ပုံစံ(၂ဝ)ဖြင့် တင်သွင်းရန်
သတ်မှတ်ထားသည်။ ရွေးကောက်ပွဲ တာဝန်ခံအရာရှိက ငွေစာရင်း တင်သွင်းလွှာများ ရရှိလျှင် စိစစ်၍
ယင်း၏တွေ့ရှိချက်၊ သဘော ထားမှတ်ချက်များနှင့်အတူ နိုင်ငံတော်သမ္မတက ခန့်အပ်ထားသော အစိုးရ
အတွင်းဝန်ထံ အစီရင်ခံတင်ပြရသည်။ ထိုအစီရင်ခံစာတွင် အရွေးခံသူများနှင့် ရွေးကောက်ပွဲ
ကိုယ်စားလှယ် များ၏ အမည်များနှင့်တကွ အဆိုပါကုန်ကျ စရိတ်ငွေစာရင်းများကို ထိုသူတို့က
တင်လျှင်တင်ကြောင်း၊ မတင်လျှင် မတင်ကြောင်း၊ အကယ်၍ တင်လျှင် မည်သည့် နေ့ရက်၌ တင်ကြောင်းတို့ကို
ဖော်ပြရသည်။ ထို့အပြင် အက်ဥပဒေနှင့် နည်းဥပဒေများ၌ သတ်မှတ်ထား သောအချိန်နှင့် ပြဋ္ဌာန်းချက်များအတိုင်း
တင်သွင်းခြင်းမပြုဟု ထင်မြင်သော ရွေးကောက်ပွဲ ကုန်ကျစရိတ်ငွေစာရင်းများကိုလည်း ဖော်ပြရသည်။
နိုင်ငံ တော်သမ္မတသည် ရွေးကောက်ပွဲ တာဝန်ခံအရာရှိ၏ အစီရင်ခံစာကို စဉ်းစား ပြီးနောက် အရွေးခံသူသည်
သို့မဟုတ် ထိုသူ၏ ရွေးကောက်ပွဲ ကိုယ်စားလှယ် သည် ရွေးကောက်ပွဲ ကုန်ကျစရိတ်ငွေ စာရင်းကို
အက်ဥပဒေ နှင့်နည်းဥပဒေ များ၌ သတ်မှတ်ထားသောအချိန်နှင့် ပြဋ္ဌာန်းချက်များအတိုင်းတင်သွင်းရန်
ပျက်ကွက်သည်ဟု ဆုံးဖြတ် လျှင် ထိုသူနှစ်ဦးစလုံးသည် အက်ဥပဒေရှိ အခန်း(၅)၊ ပုဒ်မ ၅၄ အရ
အရည်အချင်းပျက်ယွင်းသူအဖြစ် ရောက်ရှိသွားသည်။ အရည်အချင်း ပျက်ယွင်းသူဖြစ်သွားလျှင်
ထိုသူတို့သည် ကုန်ကျစရိတ် ငွေစာရင်း တင်သွင်းရမည့်နေ့မှစ၍ ငါးနှစ်ကာလအတွင်း ရွေးကောက်ပွဲတွင်
မဲပေးရန် အရည်အချင်းပျက်ယွင်းစေသူ ဖြစ်သွားပါသည်။
မြန်မာ့ဆိုရှယ်လစ်
လမ်းစဉ်ပါတီခေတ်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
တစ်ပါတီစနစ်ကိုသာ
ကျင့်သုံးသည်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီသည် နိုင်ငံတော်၏ တစ်ခုတည်းသော ပါတီဖြစ်သည်။
ပြည်သူ့ လွှတ်တော် အတွက် ကိုယ်စားလှယ်များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပြည်သူ့ကောင်စီ၊
မြို့နယ် ပြည်သူ့ကောင်စီ၊ ရပ်ကွက်နှင့်ကျေးရွာ အုပ်စုပြည်သူ့ကောင်စီ အသီးသီးအတွက် ကိုယ်စားလှယ်များကို
ရွေးကောက်ပွဲများကျင်းပ၍ ရွေးချယ်တင်မြှောက်သည်။ တစ်ပါတီတည်းဖြစ် သည့်အတွက် မြန်မာ့ဆိုရှယ်လစ်
လမ်းစဉ် ပါတီ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ပါတီနှင့် မြို့နယ်ပါတီယူနစ်များ၏ ဦးဆောင်မှုဖြင့်
ကိုယ်စား လှယ်များကို ရွေးချယ်တင်မြှောက်သည်။ ယှဉ်ပြိုင်အရွေးခံသည့် ကိုယ်စား လှယ်များမရှိခဲ့ပါ။
မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်အားလုံး၏ ထက်ဝက်ကျော်က လာရောက်မဲပေးလျှင် ရွေးချယ်တင်မြှောက်ပွဲ
အထမြောက်သည်။ လာရောက် မဲပေးသူအားလုံး၏ ထက်ဝက်ကျော် က ထောက်ခံဆန္ဒမဲပေးလျှင် ရွေးချယ်တင်
မြှောက်ခြင်း အထမြောက်သည်။ ငွေစာရင်းများ တင်သွင်းရန် ပျက်ကွက်ခြင်းနှင့် စပ်လျဉ်း၍
အရည်အချင်းပျက်ယွင်းသူ အဖြစ် သတ်မှတ်သည့်ပြဋ္ဌာန်းချက်များ မတွေ့ရှိရပါ။
၁၉၉ဝ
ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
ပြည်သူ့လွှတ်တော် တစ်ရပ်တည်းအတွက် ရွေးကောက်တင်မြှောက်ပွဲ ကျင်းပသည်။ ရွေးကောက်ပွဲတွင် မဲဆွယ်စည်းရုံးစဉ် ကာလ ငွေကျပ် ခုနစ် သောင်းငါးထောင်ထိကို သုံးစွဲခွင့်ရှိသည်။ ရွေးကောက်ပွဲ ကျင်းပပြီး နောက် ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စား လှယ်၏ အမည် ကြေညာ သည့်နေ့မှစ၍ ၇၅ရက်အတွင်း ကုန်ကျစရိတ်ငွေစာရင်းကို ပုံစံ(၁၈)ဖြင့် မြို့နယ် စုကော်မရှင်အဖွဲ့ခွဲသို့ တင်ပြရသည်။ မြို့နယ်စုကော်မရှင်အဖွဲ့ခွဲက စိစစ်မှုများ ပြုလုပ်သည်။ သက်ဆိုင်ရာစာရင်းရုံးမှ ငွေစာရင်းအရာရှိများ၏ အကူအညီများ ရယူ၍ စစ်ဆေးသည်။ မိမိတို့၏တွေ့ရှိချက်များ၊ သဘောထားများ၊ သုံးသပ် ချက်များကို ရေးသား၍ အမှုတွဲနှင့်အတူ ရွေးကောက်ပွဲကော်မရှင် သို့တင်ပြသည်။
သက်ဆိုင်ရာ
လွှတ်တော် ကိုယ်စားလှယ်လောင်းအား အရည်အချင်း ပျက်ယွင်းသူဟုတ် မဟုတ် စစ်ဆေး ကြားနာ၍ ဆုံးဖြတ်ပေးပါ ရန်
ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက နိုင်ငံတော်တရားသူကြီးချုပ်ထံ အမှုတွဲများ ပေးပို့သည်။
နိုင်ငံတော် တရားသူကြီးချုပ်က ယင်းငွေစာရင်း မှုခင်းများကို စစ်ဆေးရန် သုံးဦး ပါဝင်သော
ခုံအဖွဲ့ကို ဖွဲ့စည်း၍ စစ်ဆေးကြားနာမှုပြုစေသည်။ ယင်းခုံအဖွဲ့က စစ်ဆေးကြား နာပြီး ငွေစာရင်း တင်သွင်းရန်
ပျက်ကွက်သူ သို့မဟုတ် မမှန် မကန်ငွေစာရင်းများကို တင်သွင်းသူတို့အား အရည်အချင်းပျက်ယွင်းသူ
ဟုတ် မဟုတ် ဆုံးဖြတ်ရသည်။ ယင်းသို့ ဆုံးဖြတ်ပြီးလျှင် အမှုတွဲကို ဆုံးဖြတ်ချက်နှင့်
အတူ ရွေးကောက်ပွဲ ကော်မရှင်သို့ တိုက်ရိုက်ပြန်လည်ပေးပို့သည်။ ဆုံးဖြတ်ချက် မိတ္တူတစ်စောင်ကို
နိုင်ငံတော်တရားသူကြီးချုပ်ထံ တင်ပြသည်။
နိုင်ငံတော်တရားသူကြီးချုပ်က
ဖွဲ့စည်းပေးသည့် ခုံရုံး၏ဆုံးဖြတ်ချက်နှင့် အမှုတွဲကို ရရှိသည့်အခါ ခုံရုံး၏ ဆုံးဖြတ်ချက်အတိုင်း
အတည်ပြု သင့်မသင့် ရွေးကောက်ပွဲကော်မရှင်က စိစစ်၍ဆုံးဖြတ်သည်။ ခုံရုံး၏ ဆုံးဖြတ်ချက်
အတိုင်း အရည်အချင်းပျက်ယွင်း သူဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ်လျှင် ခုံရုံး၏
ဆုံးဖြတ်ချက်ကို နိုင်ငံတော်ပြန်တမ်းတွင် ဖော်ပြ ကြေညာပေးသည်။ ယင်းသို့ အရည်အချင်း
ပျက်ယွင်းသူဖြစ်ကြောင်း ခုံရုံးက ဆုံးဖြတ်ပြီး နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်းကြေညာခြင်းခံရသော
လွှတ်တော်ကိုယ်စား လှယ်လောင်း သို့မဟုတ် ရွေးကောက်ပွဲကိုယ်စားလှယ် သည် ကြေညာသည့်နေ့မှ
၁ဝ နှစ်အတွင်း ပြုလုပ်သည့် ရွေးကောက်ပွဲများတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့်မရှိပါ။
အရည် အချင်းပျက်ယွင်းသူအဖြစ် သတ်မှတ်ကြေညာခြင်းခံရသူ အဖြစ် ရောက် ရှိ သွားသည်။ ခုံအဖွဲ့၏
ဆုံးဖြတ်ချက်အပေါ် အယူခံမှု သို့မဟုတ် ပြင်ဆင်မှု တင်သွင်းရန် အခွင့်အရေးပေးမထားပါ။ အဘယ့်ကြောင့်ဆိုသော်
ခုံအဖွဲ့၏ဆုံးဖြတ်ချက်နှင့် အစီရင်ခံစာအပေါ် ရွေးကောက်ပွဲကော်မရှင်က စိစစ်ပြီး အရည်အချင်းပျက်ယွင်းသူ
ဟုတ်မဟုတ် ထပ်မံဆုံးဖြတ် ခွင့်ပေးထားခြင်း ကြောင့်ဖြစ်သည်။
၂ဝဝ၈
ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အထွေထွေရွေးကောက်ပွဲ
ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော်များအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း များကို ရွေးကောက်တင်မြှောက်သည်။ ရွေးကောက်ပွဲများကို တစ်နေ့တည်းတွင် တစ်ပြိုင်နက်တည်း ကျင်းပသည်။ ရွေးကောက်ပွဲကာလ မဲဆွယ်စည်း ရုံးခြင်းအတွက် ကိုယ်စားလှယ်လောင်းတစ်ဦးလျှင် ငွေကျပ်သိန်းတစ်ရာအထိ သုံးစွဲခွင့်ရှိသည်။ ၂ဝ၁ဝ အထွေထွေရွေးကောက်ပွဲ ကျင်းပစဉ်က ရွေး ကောက်ပွဲအပြီး ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် အမည်ကြေညာ သည့်နေ့မှစ၍ ၄၅ ရက်အတွင်း ကုန်ကျစရိတ်ငွေစာရင်းကို တင်သွင်းရသည်။ ယခုအချိန်တွင် ရက်ပေါင်း ၃ဝ အတွင်း ပုံစံ (၂ဝ) ဖြင့် တင်သွင်းရမည်ဟု သက်ဆိုင် ရာ ရွေးကောက်ပွဲနည်းဥပဒေများကို ပြင်ဆင်ထားသည်။ ခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများထံ တင်ပြရသည်။ ခရိုင်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲများက စိစစ်ကြရသည်။ အရည်အချင်းပျက်ယွင်းသူ အဖြစ် သတ်မှတ်သင့်ကြောင်းတွေ့ရှိလျှင် ထိုသူများအား အရည်အချင်း ပျက်ယွင်းသူအဖြစ် သတ်မှတ်သင့်ကြောင်းထောက်ခံ၍ အမှုတွဲများကို ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တင်ပြရသည်။ ပြည်ထောင် စု ရွေး ကောက်ပွဲကော်မရှင်က ကော်မရှင်အဖွဲ့ဝင်တစ်ဦးအား ဥက္ကဋ္ဌနှင့် ကျန် အဖွဲ့ဝင်နှစ်ဦးအား အဖွဲ့ဝင်အဖြစ်ပါဝင်သောခုံအဖွဲ့ သို့မဟုတ် ကော်မရှင် အဖွဲ့ဝင်တစ်ဦးက ဥက္ကဋ္ဌနှင့် ဥပဒေကျွမ်းကျင်သောပြင်ပမှ ပုဂ္ဂိုလ်နှစ်ဦးအား အဖွဲ့ဝင်အဖြစ်ပါဝင်သော ခုံအဖွဲ့များကို ဖွဲ့စည်းပေးသည်။ ယင်းခုံ အဖွဲ့များက လိုအပ်သည်များကို စစ်ဆေးကြားနာပြီး အရည်အချင်းပျက် ယွင်းသူများ ဟုတ် မဟုတ် အဆုံးအဖြတ်ပေး ရသည်။ ယင်းဆုံးဖြတ်ချက်ကို အမှုတွဲနှင့်အတူ ကော်မရှင်သို့ တင်ပြအစီရင်ခံရသည်။ ယင်းအစီရင်ခံစာ အပေါ်မူတည်၍ အရည်အချင်း ပျက်ယွင်းသူအဖြစ်သတ်မှတ်ရန် သင့်မသင့် ကော်မရှင်က အဆုံးအဖြတ်ပေးရသည်။ ကော်မရှင်က အရည်အချင်းပျက် ယွင်းသူအဖြစ် မသတ်မှတ်သင့်ကြောင်း တွေ့ရှိလျှင် ခုံအဖွဲ့၏ဆုံးဖြတ်ချက် ကို နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်းကြေညာခြင်းမပြုပါ။ အရည်အချင်း ပျက်ယွင်းသူအဖြစ် သတ်မှတ်သင့်ကြောင်း ဆုံးဖြတ်လျှင် ခုံအဖွဲ့၏ ဆုံးဖြတ် ချက်ကို ကော်မရှင်က နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်းကြေညာ သည်။ ယင်းသို့ အရည်အချင်းပျက်ယွင်းသူဖြစ်ကြောင်း ရွေးကောက်ပွဲခုံအဖွဲ့၏ဆုံးဖြတ်ခြင်းခံရပြီးနောက် ကော်မရှင်က နိုင်ငံတော်ပြန်တမ်းတွင် ထည့် သွင်းကြေညာခြင်းခံရသူသည် လက်ရှိလွှတ်တော်သက်တမ်းအတွင်း ကျင်းပ သည့် ရွေးကောက်ပွဲများတွင် မည်သည့်လွှတ်တော်တွင်မျှ ကိုယ်စားလှယ် လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင် အရွေးခံခွင့်မရှိတော့ပါ။ အရည်အချင်းပျက် ယွင်းသူအဖြစ် သတ်မှတ်ကြေညာခံထားရသူ အဖြစ် ရောက်ရှိသွားသည်။ ခုံရုံးအဖွဲ့၏ဆုံးဖြတ်ချက်အပေါ် အယူခံမှု သို့မဟုတ် ပြင်ဆင်မှု တင်သွင်းခွင့် မရှိပါ။ အဘယ်ကြောင့်ဆိုသော် ခုံအဖွဲ့၏ဆုံးဖြတ်ချက်နှင့် အစီရင်ခံစာအပေါ် မူတည်၍ကော်မရှင်က အရည်အချင်းပျက်ယွင်းသူအဖြစ် သတ်မှတ်ရန်သင့် မသင့် ဆုံးဖြတ်ခွင့် ရှိနေသောကြောင့် ဖြစ်သည်။
၂ဝ၁ဝ
အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်သုံးရပ်စလုံးအတွက် ဝင်ရောက်ယှဉ်ပြိုင်အရွေးခံသူ လွှတ်တော်ကိုယ်စားလှယ်လောင်း
၃ဝ၅၅ ဦးရှိသည်။ ငွေစာရင်းတင်သွင်းရန် ပျက်ကွက်ခြင်း၊ ငွေစာရင်းကို မှန်ကန်စွာ မတင်သွင်းခြင်းတို့ကြောင့်
အရည်အချင်းပျက်ယွင်းသူ အဖြစ် ကြေညာ ခြင်းခံရသော လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၁၃ ဦး
ရှိခဲ့သည်။
၂ဝ၁၂
ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်လွှတ်တော်ကိုယ် စားလှယ်နေရာများအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း
၁၅၇ ဦး ဝင်ရောက်ယှဉ်ပြိုင်အရွေးခံခဲ့သည်။ အရည်အချင်းပျက်ယွင်းသူအဖြစ် ကြေညာခြင်းခံရသော
လွှတ်တော်ကိုယ်စားလှယ်လောင်းမရှိပါ။ အနိုင်ရ ကိုယ်စားလှယ်၊ ရှုံးနိမ့်ကိုယ်စားလှယ်အားလုံး
ရွေးကောက်ပွဲကုန်ကျစရိတ် ငွေစာရင်းတင်သွင်းကြသည်ကို တွေ့ရသည်။
၂ဝ၁၅
ခုနှစ် အထွေထွေရွေးကောက်ပွဲကြီးတွင် လွှတ်တော်သုံးရပ် စလုံးအတွက် ဝင်ရောက်ယှဉ်ပြိုင်သူ
လွှတ်တော်ကိုယ်စားလှယ်လောင်း စုစုပေါင်း ၆ဝ၃၈ ဦးရှိသည်။ ငွေစာရင်းတင်သွင်းရန်ပျက်ကွက်သူပေါင်း
၁၇၅ ဦးရှိသည်။
ငွေစာရင်းတင်သွင်းရန် ပျက်ကွက်သူများက ခုံအဖွဲ့သို့ လာရောက်၍ ထုချေဖြေရှင်းကြရာတွင် အကြောင်းပြချက်များ အမျိုးမျိုးတင်ပြကြသည် ကို အောက်ပါအတိုင်း လေ့လာသိရှိရသည်-
(က)
ရွေးကောက်ပွဲတွင် ကုန်ကျစရိတ်ငွေများ သုံးစွဲခဲ့ရခြင်းမရှိကြောင်း၊
(ခ)
မိခင်ကျန်းမာရေး မကောင်းသဖြင့် အခြားဝေးကွာသောနေရာ တစ်ခုတွင် သွားရောက်ဆေးဝါး ကုသမှု
ခံယူနေရကြောင်း၊
(ဂ)
မိမိကိုယ်တိုင် ကျန်းမာရေး အခြေအနေအရ ပြည်ပနိုင်ငံတစ်ခုတွင် သွားရောက် ဆေးဝါးကုသမှု
ခံယူနေရကြောင်း၊
(ဃ)
ငွေစာရင်းကိုတင်သွင်းရာတွင် သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲက မပြည်စုံဟုပြောကာ ပြန်ပေးသဖြင့် ပြည့်စုံစွာပြုစုနေရကြောင်း၊
(င)
ရွေးကောက်ပွဲများတွင် နောင်လည်းဘယ်တော့မှ ဝင်ရောက် ယှဉ်ပြိုင်မည်မဟုတ်သဖြင့် မတင်သွင်းခဲ့ကြောင်း၊
(စ)
ရွေးကောက်ပွဲများတွင် နောင်အချိန်များ၌ ဝင်ရောက်ယှဉ်ပြိုင်မည် မဟုတ်တော့သော်လည်း မိမိ၏ဂုဏ်သိက္ခာ၊
အကျင့်စာရိတ္တကို မထိခိုက်စေလိုသောကြောင့် သတ်မှတ်ရက်ထက်နောက်ကျပြီး
ငွေစာရင်းတင်သွင်းရခြင်းကို ခွင့်ပြုပေးသင့်ကြောင်း၊
ငွေစာရင်းတင်သွင်းရခြင်းကို ခွင့်ပြုပေးသင့်ကြောင်း၊
(ဆ)
မိသားစုကိစ္စများဖြင့် ခရီးလွန်နေကြကြောင်း၊
(ဇ)
သက်ဆိုင်ရာ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံ တင်ပြရမည့်အစား မြို့နယ်ကော်မရှင်အဖွဲ့များသို့
နားလည်မှုလွဲမှားစွာဖြင့် တင်ပြမိကြောင်း၊
(စ်)
လွှတ်တော်ကိုယ်စားလှယ်လောင်း ကိုယ်တိုင်၏ မင်္ဂလာကိစ္စ ဆောင်ရွက်နေရကြောင်း၊
(ည)
သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲက အကြောင်းကြားခြင်း မရှိသဖြင့် တင်သွင်းရန်
ပျက်ကွက်ခဲ့ကြောင်း၊
ခုံအဖွဲ့များအနေဖြင့်
ယင်းသို့ အကြောင်းပြချက်များ၊ ထုချေချက်များ အပေါ် စစ်ဆေးကြားနာပြီး လက်ခံ ထိုက်မထိုက်၊
ခွင့်ပြုထိုက်မထိုက်ကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အဆုံးအဖြတ်ပေးသွားမည်သာ
ဖြစ်ပေသည်။
ခုံအဖွဲ့များက
စစ်ဆေးကြားနာနေသည်ကို မပျက်မကွက်လာရောက် လေ့လာသူတစ်ဦးက ရွေးကောက်ပွဲ ကာလပြီးဆုံးပြီးနောက်
ငွေစာရင်း တင် သွင်းရန် ပျက်ကွက်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အရေအတွက်သည် များပြားလွန်းနေကြောင်း၊
ဤသည်မှာ မဖြစ်သင့်ဟု ထင်မြင်ကြောင်း၊ တင်သွင်းရမည့် ကာလ ရက်ပေါင်း ၃ဝ သတ်မှတ်ထားခြင်းသည်
သင့်လျော်လုံ လောက်မှုရှိကြောင်း၊ ငွေစာရင်းတင်သွင်းရန် သတ်မှတ်ထားသောပုံစံမှာလည်း ဖြည့်သွင်းရန်
အခက်အခဲမရှိကြောင်း၊ မိမိကိုယ်ကို အရည်အချင်းပျက်ယွင်း သူအဖြစ်သတ်မှတ်ခြင်း ခံရမည်ကို
မစိုးရိမ်ကြဘူးလား၊ မကြောက်ကြဘူးလား၊ မသိကြလို့လား၊ ပညာပေးမှု နည်းပါးနေလို့လား၊ သက်ဆိုင်ရာပါတီများက
ကြီးကြပ်မှုအားနည်းနေကြလို့လား စသည်ဖြင့် သူ၏သဘောထား မှတ်ချက် များကို တသီကြီး ပြောပါတော့သည်။
မိမိကလည်း ဤကဲ့သို့ စိတ်ဝင်စားစွာ လာရောက်နားထောင် လေ့လာသည်ကို ဝမ်းသာကြောင်း၊ ကျေးဇူးတင်ကြောင်း၊
ကြိုဆိုကြောင်း၊ နောင်လာမည့်ရွေးကောက်ပွဲ များတွင် ဤကဲ့သို့ ငွေစာရင်း တင်သွင်းရန်ပျက်ကွက်မှုများ
မဖြစ်ပေါ်စေရေး၊ ဖြစ်ပေါ်မှု လျော့ပါးသွားစေရေး ဝိုင်းဝန်း ပူးပေါင်းဆောင် ရွက်ကြတာပေါ့ဟု
ပြန်လည်ပြောကြားမိခဲ့သည်။
ရွေးကောက်ပွဲကာလအတွင်း
ပါဝင်ယှဉ်ပြိုင်အရွေးခံကြသော လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ အသုံး စရိတ် ငွေစာရင်းများကို
ဥပဒေ၊ နည်း ဥပဒေများနှင့်အညီ တိကျမှန်ကန်စွာ လိုက်နာဆောင်ရွက်သွားကြခြင်းဖြင့် အစဉ်အလာကောင်းတစ်ရပ်ကို
ပြုစုပျိုးထောင်သွားကြပါစို့။
ကိုးကားချက်များ
၁။
၁၉၄၈ ခုနှစ်၊ ပါလီမန်ရွေးကောက်ပွဲ အက်ဥပဒေနှင့် နည်းဥပဒေများ၊
၂။
၁၉၇၆ ခုနှစ်၊ ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့လွှတ်တော်ကောင်စီ အဆင့်ဆင့်ရွေးချယ် တင်မြှောက်ခြင်း
ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများ၊
၃။
၁၉၈၈-၁၉၈၉ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲနှင့်စပ်လျဉ်းသည့် ဥပဒေ၊ နည်းဥပဒေများ၊
၎။
၂ဝဝ၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြဋ္ဌာန်းခဲ့သည့် လွှတ်တော်အသီးသီး၏ ရွေးကောက်ပွဲ
ဥပဒေများနှင့် နည်းဥပဒေများ၊
၅။
ခေတ်အဆက်ဆက် ဆုံးဖြတ်ခဲ့သည့် ရွေးကောက်ပွဲကုန်ကျစရိတ် မှုခင်းများ။
မောင်စာဂ

No comments:
Post a Comment