မောင်ခင်မင် (ဓနုဖြူ)
''ဒါဆိုရင် ပသာဒဂုဏ်မြောက်တဲ့
အရေးအသားဖြစ်ဖို့ အတွေးရောအရေးရော ရှင်းရှင်းလင်းလင်းရှိဖို့ လိုတာပေါ့နော်...ဦးလေး''
''လိုတာပေါ့။ အရေးရှင်းဖို့ဆိုရာမှာ
စကားအသုံးအနှုန်းရှင်းဖို့ဘာတွေ ဂရုပြုသင့်တယ်ဆိုတာ အရင်တစ်ခါ ဆွေးနွေးဖူးပါတယ်။ မင်း
မှတ်မိမှာပေါ့။ အရေးအသားရှင်းဖို့ ရှောင်စရာတွေလေ။ ခက်ခက်ခဲခဲ စကားလုံးကြီးတွေမသုံးဘဲ
အများနားလည်လွယ်တဲ့ စကားလုံးတွေသုံးဖို့၊ အဓိပ္ပာယ်နှစ်ခွထွက်နိုင်တဲ့ စကားလုံးတွေကိုသုံးရင်
အဓိပ္ပာယ်ပေါ်အောင် အဆက်အစပ် ပြည့်ပြည့်စုံစုံသုံးဖို့၊ ပြီးတော့ ထင်သာမြင်သာတဲ့ အကောင်အထည်တွေ
ပါအောင်ရေးဖို့ ဆိုတာတွေလေ''
''ဟုတ်ကဲ့ မှတ်မိပါတယ်''
''ဒါတင်မကသေးဘူး။
ဝါကျဖွဲ့ရာမှာလည်း ရှင်းလင်းဖို့လိုတယ်။ ဒီနေရာမှာ ပြောစရာရှိတာက ဝါကျတစ်ခုဟာ ရှည်သင့်တာထက်
ပိုရှည်သွားရင် အဓိပ္ပာယ်ရှုပ်ထွေးဖို့များတယ်ဆိုတဲ့ အချက်ပဲ''
''ဘာဖြစ်လို့ ဝါကျရှည်တာနဲ့
ရှုပ်ထွေးဖို့များတာလဲ ဦးလေး''
''စာအရေးအသားကျွမ်းကျင်ရင်တော့
ဝါကျဘယ်လောက်ရှည်ရှည် အဓိပ္ပာယ်ရှင်းအောင် ရေးနိုင်တာပေါ့။ ဒါပေမယ့် မင်းစဉ်းစားကြည့်လေ။
ဝါကျရှည်သွားရင်
'၍' တို့ ၊ 'သဖြင့်' တို့၊ 'သောကြောင့်' တို့ဆိုတဲ့ စကားဆက်တွေ များများသုံးရတယ် မဟုတ်လား။
'သော' တို့၊ 'နှင့်' တို့လည်း သုံးရတာပဲ။ အဲဒီစကားဆက်တွေများလာတော့ ရှေ့နောက်အဆက်အစပ်
ရှုပ်ဖို့ အခွင့်အလမ်းများတာပေါ့။ ဒါကြောင့် ဖြစ်နိုင်ရင် ဝါကျသိပ်ရှည်ရှည် မရေးဖို့
ပညာရှင်တွေ လမ်းညွှန်တတ်ကြတယ်''
''နားလည်ပါပြီ
ဦးလေး''
''နောက်တစ်ခုကတော
့ ပြောနေကျစကားပါပဲကွာ ။ စာများများဖတ်ရင် အဲဒီအတွေ့အကြုံက စာရေးရာမှာ အထောက်အကူပြုတာပေါ့။
စာဖတ်ထားတော့ ဘယ်လိုစာမျိုးဟာ အရေးအသားရှင်းလင်းတယ်ဆိုတာ ဆရာကြီးရွှေဥဒေါင်းရဲ့ စကားနဲ့ပြောရရင်
အသွေးထဲအသားထဲစိမ့်ဝင်ပြီး သဘောပေါက်နေတာမျိုးပေါ့။ အဲဒီအခါကျရင် ကိုယ်ရေးတဲ့ဝါကျတွေ
ဟာလည်း ကိုယ်စံနမူနာယူပြီး ဖတ်ထားတဲ့ဝါကျတွေလိုပဲ ရှင်းခနဲလင်းခနဲ ဖြစ်ဖို့ များတာပေါ့''
''ဟုတ်ကဲ့ပါ''
''ကဲ...ပသာဒဂုဏ်မြောက်တဲ့အရေးအသားအကြောင်း
ဒီလောက်ဆိုရင် ရှင်းလောက်ပါပြီ။ နောက်ဂုဏ်တစ်ခု ပြောရအောင်''
''ဦးလေး၊ နောက်ဂုဏ်က
သြဇဂုဏ်ပါ''
''သြဇဂုဏ်ဆိုတာ
အကြောင်းအရာတစ်ခုကို ကျစ်ကျစ်လျစ်လျစ် အကျဉ်းချုံးနိုင်တဲ့ ဂုဏ်ရော၊ အနှစ်သာရရှိရှိ
အကျယ်ချဲ့နိုင်တဲ့ ဂုဏ်ရော အကျုံးဝင်တယ်။ ဆရာကြီး ဦးဖိုးစိန်က 'စကားချုံ့ဂုဏ်' နဲ့
'စကားချဲ့ဂုဏ်' ဆိုပြီး နှစ်မျိုးခွဲတယ်''
''ဟုတ်ကဲ့ပါ''
''စကားကျစ်လျစ်တဲ့အဖွဲ့ဆိုတာက
စကားလုံးနည်းနည်းနဲ့ အဓိပ္ပာယ် များစွာပါအောင် ရေးဖွဲ့တာမျိုးပေါ့။ သာဓကအနေနဲ့ ဆရာဇော်ဂျီရဲ့
ဗေဒါလမ်းကဗျာတစ်ပုဒ်မှာ 'ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ' လို့ဖွဲ့တာမျိုးပေါ့။ လောကဓံကို
အားနဲ့မာန်နဲ့ ကြံ့ကြံ့ခံနိုင်တဲ့ ဗေဒါကို 'ဗေဒါပျံ'လို့ ဖွဲ့တာ စကားလုံးနည်းနည်းနဲ့
အဓိပ္ပာယ်အများကြီးပါတယ် မဟုတ်လား။ ဒီနေရာမှာ 'ပျံ'ဆိုတဲ့စကားတစ်လုံးက အဓိပ္ပာယ် သိပ်တာသွားတယ်လေ။
အဲဒီလိုအဖွဲ့မျိုးပေါ့ကွာ''
''ကျွန်တော်တစ်ခုသတိရလို့ပါ
ဦးလေး''
''ဘာပါလိမ့်''
''သိပ္ပံမောင်ဝက
ခေတ်စမ်းကဗျာတွေကို ဝေဖန်တဲ့အခါ ခင်စောမူရဲ့ 'လိပ်ပြာနဲ့ ကြာကုမုဒ်' ဆိုတဲ့ကဗျာမှာ
စကားကျစ်လျစ်တဲ့အဖွဲ့ကလေးကို ချီးကျူးထားတာသတိရလို့ပါ''
''တယ်ဟုတ်ပါလားကွ။
ဆိုစမ်းပါဦး''
''အဲဒီကဗျာမှာ
လိပ်ပြာကလေးနဲ့ ကုမုဒြာကြာပန်းကလေးဟာ တစ်ဦးနဲ့တစ်ဦး မဆုံနိုင်ကြတာဖွဲ့ထားပါတယ်။ လိပ်ပြာက
နေ့ဘက်မှာ လှုပ်ရှားနေတယ်။ ကုမုဒြာက ညကျမှပွင့်တယ်။ ဒီတော့ လိပ်ပြာကလေးနိုးနေချိန်မှာ
ကုမုဒြာကမပွင့်ဘဲ ငုံနေတယ်။ ကုမုဒြာက ညဘက်မှာလရောင်ကြောင့် ပွင့်လာတော့ လိပ်ပြာကလေးက
အိပ်နေပြီတဲ့။ အဲဒီအကြောင်းအရာကို 'နေဝင်မောင်ငိုက် လမိုက်မယ်ငုံ' လို့ဖွဲ့ထားတာပါ''
''ဟုတ်ပါပြီ။ သိပ်ကောင်းတဲ့အဖွဲ့ကလေးပေါ့''
''သိပ္ပံမောင်ဝက
အဲဒီအဖွဲ့ကလေးမှာ အဓိပ္ပာယ်တွေ အများကြီးပါတာကို စကားလုံးကလေး လေးလုံးတည်းနဲ့ လှလှပပ
ဖွဲ့ထားတာကို ချီးကျူးတာ ပါ။ အဲဒီစကားလုံးကလေးတွေကို အစားထိုးလို့မရနိုင်တဲ့အကြောင်း
ပေါ့။ အဲဒီအဖွဲ့ကို သြဇဂုဏ်မြောက်တဲ့အဖွဲ့လို့ ပြောနိုင်မယ်ထင်လို့ပါ ဦးလေး''
''ဟုတ်တာပေါ့။
တကယ်ကို စကားကျစ်လျစ်ပြီး သြဇဂုဏ်မြောက်တာပေါ့ကွာ။ ပြီးတော့ ရှေးကကဗျာတွေ မင်းဖတ်ဖူးသားပဲ။
မိန်းကလေး တစ်ယောက်ဟာ အသားအရေ ဖြူစင်တယ်။ ဝင်းဝင်းလက်လက်ရှိတယ်၊ ချောမွတ်တယ်ဆိုတဲ့
အဓိပ္ပာယ်တွေပါအောင် 'ဖြူဝင်းမွတ်' လို့ဖွဲ့တာ မျိုးတွေလည်း သြဇဂုဏ်မြောက်တာ ပေါ့ကွာ။
နတ်ရှင်နောင်ရဲ့ ရတုထဲမှာ ပါတယ်လေ''
''သြော်...ဟုတ်ကဲ့။
နားလည်ပါပြီဦးလေး''
''နေ့တိုင်းသုံးနေတဲ့
စကားတွေထဲမှာလည်း ဒါမျိုးတွေရှိပါတယ်။
ဥပမာကွာ 'စာနယ်ဇင်း'
ဆိုတဲ့စကားဟာ သိပ်အသုံးတွင်နေပြီမဟုတ်လား''
''ဟုတ်ပါတယ် ဦးလေး''
''ဘာဆိုလိုတာလဲ၊
မင်းသိမှာပါ''
'' သိပါတယ်။ သတင်းစာ၊
ဂျာနယ်၊ မဂ္ဂဇင်းကို “စာနယ်ဇင်း”လို့ အတိုချုံး ရေးတာပါ။''
''အေး... အဲဒီလိုစကားမျိုးတွေကိုလည်း
သြဇဂုဏ်မြောက်တဲ့ စကားမျိုးလို့ ခေါ်နိုင်တာပေါ့ကွာ။ ပြောရင်းသတိရလာတယ်။ “မြန်မာ့ရုပ်သံ”
ဆိုတာရော''
''ရုပ်မြင်သံကြားနဲ့
အသံလွှင့်ဌာနကို ခေါ်တာပါ''
''အဲဒါမျိုးလည်း
စကားကျစ်လျစ်တာပေါ့။ သြဇဂုဏ်မြောက်တာပေါ့''
''ဒါဆိုရင် စာပေထဲမှာသာမကဘဲ
နေ့တိုင်းသုံးတဲ့စကားတွေမှာလည်း ဂုဏ်မြောက်တဲ့ စကားတွေရှိတာပေါ့နော်''
''ရှိတာပေါ့ကွယ်။
အဲဒီလိုပဲ စကားကိုအနှစ်သာရရှိရှိ ချဲ့ပြီးရေးတာလည်း သြဇဂုဏ်မြောက်တာပဲ။ စကားချဲ့ဂုဏ်ပေါ့''
''ဘယ်လိုအဖွဲ့မျိုးပါလဲ
ဦးလေး''
''ဆိုပါတော့။ ထင်ရှားတဲ့ပုဂ္ဂိုလ်တွေရဲ့
ဂုဏ်အရည်အချင်းတွေကို ဖွဲ့တာမျိုးပေါ့။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဖြောင့်မတ်တည်ကြည်တဲ့ဂုဏ်၊
ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ဇာတိမာန်၊ ဆရာကြီး ဦးဖေမောင်တင် ရဲ့ပညာဂုဏ်၊ ဆရာကြီးမင်းသုဝဏ်ရဲ့
ကဗျာဂုဏ် စသည်ဖြင့်ပေါ့ကွာ။
အဲဒီလို ပုဂ္ဂိုလ်တွေရဲ့
ကြည်ညိုလေးစားရာ ဂုဏ်တွေကို အကျယ်တဝင့်ဖွဲ့တဲ့ စာမျိုးတွေလည်း သြဇဂုဏ်မြောက်တာပေါ့''
''ဟုတ်ကဲ့ပါ''
“စာပေတွေထဲကလည်း
နိဗ္ဗာန်းကို ဖွဲ့တဲ့အဖွဲ့တွေ၊ ဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို ဖွဲ့တဲ့အဖွဲ့တွေဟာ သြဇဂုဏ်မြောက်တာပေါ့။
ပုဂံခေတ်က ကျောက်စာတစ်ချပ်မှာ “စောမင်းလတ်”ဆိုတဲ့ အလှူရှင်က ကုသိုလ်ကောင်းမှုတွေပြုပြီး
ဆုတောင်းတာကို ရေးထိုးတာတယ်။ 'အပြစ်အိုမင်း၊ သေခြင်းကွာသော၊ ရုပ်နာမ်ချုပ်ရာ၊ သာယာစွာသော၊
နိဗ္ဗာန်ချမ်းသာအား ရောက်စေလျှင်တည်း' တဲ့။ နိဗ္ဗာန်ရဲ့ဂုဏ်ကို ချဲ့ထားတာပေါ့ကွယ်''
''ဒါဆိုရင် လူအကြောင်းကိုပဲဖြစ်ဖြစ်၊
မြို့တွေတိုင်းပြည်တွေအကြောင်း ကိုပဲဖြစ်ဖြစ် အကျယ်ချဲ့ပြီး ဂုဏ်ထင်ရှားအောင် ရေးတဲ့အဖွဲ့တွေ
သြဇဂုဏ် မြောက်တယ်လို့ ဆိုနိုင်တာပေါ့နော်''
''ဟုတ်ပါတယ်။ အကျဉ်းကိုလည်း
အကျယ်ချဲ့နိုင်ရမယ်။ အကျယ်ကိုလည်း အကျဉ်းချုပ်နိုင်ရမယ်။ သူ့နေရာနဲ့သူ လိုက်ဖက်ဆီလျော်အောင်
ရေးဖွဲ့တဲ့ စာမျိုးမှန်ရင် သြဇဂုဏ်နဲ့ပြည့်စုံတာပဲပေါ့ကွယ်။ ကဲ... ငါ့တူရေ ဒီတစ်ပတ်တော့
နားကြဦးစို့''

No comments:
Post a Comment