Sunday, February 7, 2016

လပွတ္တာမီးဘေးသင့်ပြည်သူများအား အမြန်ဆုံးပြန်လည်နေရာချထားပေးနိုင်ရန် စီစဉ်လျက်ရှိ



''မီး''ဆိုသည်မှာ လူတို့အတွက် အကျိုးပြုသလို မဆင်မခြင်ပေါ့ဆမိပါက ဆုံးရှုံးသွားမည့်တန်ဖိုးမှာ ပြောမပြ နိုင်အောင်ပင်ဖြစ်သည်။ ထို့အတူ မီးဘေးသင့်ပြည်သူများ၏ လူနေမှုဘဝပြန်လည်တည်ဆောက်ရေးအတွက် သက် ဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးမှသာ မီးဘေးသင့်ပြည်သူများ၏ဘဝ ပြန် လည်ထူထောင်နိုင်မည်ဖြစ်သည်။ ထို့အတွက် သက်ဆိုင်ရာက စီစဉ်ဆောင်ရွက်နေမှုများနှင့် မီးဘေးသင့်ပြည်သူအချို့ ၏ ခံစားချက်ကို တွေ့ဆုံမေးမြန်းခဲ့ရာ -


ဦးတိုးတိုးထွန်း 
(မြို့နယ်အုပ်ချုပ်ရေးမှူး၊ လပွတ္တာမြို့နယ်) မြို့နယ်သဘာဝဘေးစီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ

မေး ။ လက်ရှိ မီးဘေးသင့်ပြည်သူ တွေနဲ့ပတ်သက်ပြီး စီစဉ် ဆောင်ရွက်ပေးထားမှုကို သိပါရစေ။

ဖြေ ။ မီးဘေးနဲ့ ပတ်သက်လို့ လပွတ္တာမြို့နယ်ရဲ့ အမှတ် (၁)ရပ်ကွက်၊ အမှတ်(၄) ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်မှာရှိတဲ့ ကနဦး စာရင်းအရ နေအိမ် ၁၇၉ လုံး၊ ဈေး ဆိုင်ခန်း၂ဝ မီးလောင်ဆုံးရှုံးခဲ့ပါတယ်။ လက်ရှိမှာ မီးလောင်မှုကြောင့် လူဦး ရေ ၈၆၈ဦးကို အမှတ် (၅)ရပ်ကွက်ရှိ လေးထပ်ပရိယတ္တိစာသင်တိုက်မှ ဆရာ တော်ထံလျှောက်ထားပြီး ယာယီကယ် ဆယ်ရေးစခန်းမှာစောင့်ရှောက်ပေး ထားပါတယ်။ ကျန်းမာရေးဦးစီးဌာန ကလည်း ကျန်းမာရေးဆေးခန်း ဖွင့် လှစ်ပေးပြီး ဆေးကုသပေးနေပါတယ်။ အလားတူ မြန်မာနိုင်ငံကြက်ခြေနီ အသင်း၊ ဌာနဆိုင်ရာတွေနဲ့ လူမှုရေး အသင်းအဖွဲ့တွေကလည်း အနီးကပ် စောင့်ရှောက်ပေးလျက်ရှိပါတယ်။

မေး ။ လက်ရှိ ဆောင်ရွက်နေတဲ့ အခြေအနေကို ပြောပြပေး ပါဦး။

ဖြေ ။ လက်ရှိအခက်အခဲကလူဦးရေ ကိန်းဂဏန်းငြိမ်အောင် စိစစ် နေရတဲ့အပိုင်းပါ။ ဖြစ်ဖြစ်ချင်း ဖေဖော်ဝါရီ ၅ ရက် နံနက်မှာ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက တာဝန်ရှိသူတွေကိုယ်တိုင် မီးလောင် ပြင်မှာ မီးဘေးသင့်ပြည်သူတွေကို စောင့်ရှောက်ဖို့ ယာယီစခန်းဖွင့်လှစ် ပေးထားပြီး လာရောက်တည်းခိုကြဖို့ hand speaker နဲ့ လှည့်လည်နှိုးဆော် ထားပါတယ်။

အခုအချိန်အထိ တချို့က ကယ်ဆယ်ရေးစခန်းကို လာတဲ့သူ တွေရှိသလို မလာတဲ့ သူတွေလည်း ရှိနေပါတယ်။ အဲဒီလိုမလာတဲ့သူတွေ အတွက် စာရင်းဇယားကိန်းဂဏန်း မငြိမ်သေးတဲ့ အပိုင်းလေးတွေရှိပါ တယ်။ ဒီစာရင်းဇယားတိတိကျကျ ဖြစ်အောင် သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကတစ်ဆင့် စိစစ် နေပါတယ်။ တချို့ထောက်ပံ့ရမယ့် အပိုင်းတွေမှာ ငွေရေးကြေးရေးတွေ ပါလာတဲ့အတွက် အမှန်တကယ် နစ်နာသူတွေရရှိအောင် အမြန်ဆုံး ဆောင်ရွက်နေပါတယ်။ ဒါကိုလည်း နိုင်ငံတော်ကပဲ တာဝန်ယူထောက်ပံ့ ပေးမှာပါ။ နစ်နာကြတာတော့ အမှန် ပါပဲ။ စနစ်တကျထောက်ပံ့ပေးဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။

မေး ။ ကယ်ဆယ်ရေး စခန်းသို့ လာရောက်လှူဒါန်းနေမှု အ ပိုင်းကိုလည်း သိပါရစေ။

ဖြေ ။ ကျွန်တော်တို့ ဒီကယ်ဆယ်ရေးစခန်းကို ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ကိုယ်တိုင်ဦးဆောင် သော ဝန်ကြီးများအဖွဲ့၊ တိုင်းဒေသ ကြီး အစိုးရအဖွဲ့တို့ မီးဘေးသင့် ပြည်သူတွေကို လာရောက် အားပေး စကားပြောပြီး ကူညီထောက်ပံ့မှု တွေပြုခဲ့ပါတယ်။ ဒီလိုဒုတိယ သမ္မတနဲ့ ဝန်ကြီးများ၊ ဝန်ကြီးချုပ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ လာရောက်ကူညီ ထောက်ပံ့ပေးတဲ့ အတွက် မီးဘေးသင့်ပြည်သူတွေနဲ့ မြို့သူ မြို့သားတွေရဲ့ကိုယ်စား အထူး ကျေးဇူးတင်ဝမ်းသာပါတယ်။ ဒါ့အ ပြင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေး ဦးစီးဌာန၊ ကမ္ဘောဇဘဏ်၊ ဧရာဝတီဖောင်ဒေး ရှင်း၊ တပ်မတော်စားနပ်ရိက္ခာ ထောက်ပံ့ရေးအဖွဲ့တွေနဲ့ လှူဒါန်းပေး ခဲ့ကြတဲ့ အလှူရှင်တွေကိုလည်း အားလုံးရဲ့ကိုယ်စား ကျေးဇူးတင် ပါတယ်။

မေး ။ မီးလောင်ပြင် ရှင်းလင်းမှုနှင့် ပြန်လည် ထူထောင်ရေး ဆောင်ရွက်မည့် အစီအစဉ်ကို ပြောပြ ပေးပါဦး။

ဖြေ ။ လောလောဆယ် မီးလောင်ပြင်ရှင်းလင်းနေပါပြီ။ အရင် ဆုံး သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ် ရေးမှူးတွေကတစ်ဆင့် အိမ်ပိုင်ရှင် တွေကို မိမိတို့နေရာ မိမိတို့စိတ်တိုင်း ကျ ရှာဖွေရှင်းလင်းခွင့်ပြုထားပါတယ်။ သက်ဆိုင်ရာ အိမ်ပိုင်ရှင်တွေခွင့်ပြုပါ က တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် မီးသတ်၊ ကြက်ခြေနီ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့နဲ့ တပ်မတော်သားများပါဝင် တဲ့ ရှင်းလင်းရေးအဖွဲ့တွေက ကူညီ ရှင်းလင်းပေးနေပါတယ်။

ပြီးသွားရင် မီးလောင်ပြင်ကို အပြောင်ရှင်းလင်းပြီးမှ စည်ပင်သာ ယာရေးအဖွဲ့နဲ့ မြေစာရင်းဌာနတို့က အမည်ပေါက်ပိုင်ရှင်တွေကို အမြန် ဆုံး ပြန်လည်နေရာချပေးဖို့ စီစဉ် ဆောင်ရွက်နေပါတယ်။

လပွတ္တာမြို့၏ အဓိကစီးပွား ရေးလုပ်ငန်းများမှာ ဆန်စပါး၊ ဆားနှင့် ရေလုပ်ငန်းတို့ဖြစ်ပြီး နာဂစ်မုန်တိုင်းပြီးနောက်ပိုင်း ဆား ထုတ်လုပ်သည့်လုပ်ငန်း အဆင် မပြေသဖြင့် ရေလုပ်ငန်းကို ပိုမိုလုပ် ကိုင်လာကြသည်။ အထူးသဖြင့် ရေထွက်ပစ္စည်းရောင်းဝယ်ရေးလုပ် ငန်း၊ ကဏန်း၊ ပုစွန်လုပ်ငန်းဖြစ် ထွန်းပြီး ယခုမီးဘေးသင့်သည့် အတွက် အဆိုပါ လုပ်ငန်းများကို လုပ်ကိုင်နေသည့် လုပ်ငန်းရှင်များ သာမက ယင်းလုပ်ငန်းကို အမှီပြုလုပ် ကိုင်နေသည့် လုပ်သားများပါ ထိ ခိုက်သွားရသည်။

လပွတ္တာမြို့ အနီးအနား ရွေးမြစ်တစ်လျှောက်နေထိုင်သည့် ကျေးရွာများမှ ဒေသခံပြည်သူများ အနေဖြင့် မိမိတို့ရှာဖွေထားသည့် ပုစွန်၊ ကဏန်းများ ရောင်းချရန် အခက်အခဲဖြစ်နေသည်။

ကိုထွန်းထွန်းသူ
(ကွန်ပျူတာပညာရှင်)
ဒေသခံတစ်ဦး


ကျွန်တော်တို့မြို့မှာ အခုလို အမှတ်မထင် မီးလောင်မှုဖြစ်သွား တဲ့အတွက် စိတ်မကောင်းဖြစ်ရပါ တယ်။ မိသားစုတွေနဲ့ ထပ်တူဝမ်း နည်းရပါတယ်။ အဲဒီမီးလောင်သွား တဲ့နေရာက ကျွန်တော်တို့မြို့ရဲ့ အဓိက စီးပွားရေးအချက်အချာကျ နေတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ အဓိက ပုစွန်နဲ့၊ ကဏန်းဒိုင်တွေ ရှိတယ်။ အဲဒီက စီးပွားရေးလုပ်ငန်း ရှင်တွေက ကျွန်တော်တို့မြို့ရဲ့ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး တွေအပြင် သာသနာရေးကိစ္စရပ် တွေစတဲ့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ မှာ ထောက်ပံ့ကူညီနေကြတဲ့သူတွေ ဖြစ်နေတယ်။ အဲဒီတော့ ကျွန်တော် တို့မြို့အတွက် နစ်နာပါတယ်။

အခုအချိန်မှာ ကျွန်တော်တို့ သူငယ်ချင်းတွေစုပြီး မီးဘေးသင့် အိမ်ထောင်စုတွေထဲက ကျောင်းသား ကျောင်းသူတွေအတွက် လိုအပ်တဲ့ စာရေးကိရိယာ၊ အဝတ်အထည်၊ စာအုပ်တွေ လှူဒါန်းပေးဖို့စီစဉ်နေ ပါတယ်။ စာမေးပွဲတွေကလည်း နီးလာပြီဆိုတော့ ကလေးတွေအတွက် စိတ်ပူပါတယ်။

ဦးမြင့်ကြိုင်(မဟာစံ-ကဏန်းဒိုင်)
မီးဘေးသင့်ပြည်သူတစ်ဦး

မီးလောင်တဲ့အချိန်မှာ ကျွန်တော် ဒိုင်မှာမရှိပါဘူး။ မီးလောင်နေတယ် ကြားလို့ လာကြည့်တဲ့အခါ ကျွန်တော့်ဒိုင် လောင်ပြီးသွားပါပြီ။ ကျွန်တော့်သားသမီးတွေကလည်း ဘာမျှ မသယ်နိုင်ဘဲ ကိုယ်လွတ်ရုန်း ပြေးကြရတယ်။ စိတ်မကောင်းပေ မယ့် ဖြစ်ပြီးမှတော့မတတ်နိုင်တော့ ပါဘူး။ အခုက ကျွန်တော့်နေရာကို လာရှင်းနေတာပါ။ ဖြစ်စေချင်တာ က ကျွန်တော်တို့ရဲ့ နေရာတွေမှာ အမြန်ဆုံးနေရာပြန်ချထားပေးစေ ချင်ပါတယ်။


တွေ့ဆုံမေးမြန်း
သူဇာနွယ်(ဖျာပုံ)

No comments:

Post a Comment