ပါမောက္ခ၊
ဒေါက်တာ အောင်ထွန်းသက်
အင်္ဂလိပ်၊
မြန်မာဘာသာစကား အသုံးအနှုန်းတွေကို သတိထားပြီး အသုံးပြုသင့်ပါတယ်။ အထူးသဖြင့် ပညာရပ်ဆိုင်ရာ
ဝေါဟာရတွေကို ဘာသာပြန်တဲ့အခါ အင်္ဂလိပ်စာနဲ့ မြန်မာစာကို သိနားလည်ရုံနဲ့ မလုံလောက်ဘဲ
စကားလုံးနဲ့ အနှစ်သာရကိုပေါ်လွင်အောင် ဖော်ထုတ်ရမှာဖြစ် တယ်။
ဥပမာပြောရရင်
Governance ဆိုတဲ့စကားလုံး။ ဒါကို ခပ်လွယ်လွယ် အုပ်ချုပ်မှုလို့ မြန်မာပြန်လိုက်ရင်
Governance အစား administration ဖြစ်သွားပါတယ်။ Governance ကို စီမံအုပ်ချုပ်မှုလို့
သုံးရင် ပိုပြီး ဆီလျော်ပါတယ်။ ဒီလိုပါပဲ Corporate ဆိုတဲ့ စကားကို ခပ်လွယ်လွယ် စီးပွားရေး
လုပ်ငန်းလို့ သုံးကြတယ်။ အမှန်တော့ Corporate ဆိုတာ တရားဝင်ဖွဲ့စည်း တည်ထောင်ထားတဲ့
အဖွဲ့အစည်းဖြစ် တယ်။ ဒါကြောင့် နိုင်ငံပိုင် အဖွဲ့အစည်းတွေ ပါဝင်နိုင်သလို အရပ်ဘက်အဖွဲ့အစည်းကိုလည်း
စဉ်းစားနိုင်ရမှာ ဖြစ်တယ်။ စီးပွားရေး လုပ်ငန်းများကိုသာဖြစ်ကြောင်း စဉ်းစားလို့ မဖြစ်ပါဘူး။
တစ်နေ့က
ကျွန်တော် ဆွေးနွေးပွဲတစ်ရပ်ကို တက်ရောက်ခဲ့ပါတယ်။ ကျင်းပတဲ့နေရာက တစ်ချိန်က ကုန်သည်ကြီးများဟိုတယ်လို့
ခေါ်တဲ့ ဆူးလေဘုရားလမ်းက ရှန်ဂရီလာဟိုတယ်ဖြစ်တယ်။ ဒီပွဲကို မြန်မာနိုင်ငံ ကုန်သည်/စက်မှု
အသင်းကြီးနဲ့ ကမ္ဘာ့ဘဏ် အဖွဲ့ဝင် (အိုင်အက်ဖ်စီ) တို့က ကမကထလုပ်ခဲ့ကြတယ်။ ခေါင်းစဉ်က
ပုဂ္ဂလိကကဏ္ဍတိုးတက်ဖွံ့ဖြိုးမှုအတွက် အထောက်အကူဖြစ်စေမယ့် ကောင်းမွန်သော စီမံခန့်ခွဲ အုပ်ချုပ်မှုဖြစ်တယ်။
ဆွေးနွေးပွဲကို အိုင်အက်ဖ်စီအဖွဲ့အစည်းမှ ဒေသဆိုင်ရာ ဒါရိုက်တာဖြစ်သူက ဖွင့်လှစ်ပြီး
မိန့်ခွန်းပြောကြားခဲ့ပါ တယ်။ မြန်မာနိုင်ငံ ကုန်သည်/စက်မှုအသင်းကြီးရဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးဝင်းအောင်ကလည်း
မိန့်ခွန်းပြောခဲ့တယ်။ ဒီပုဂ္ဂိုလ်နှစ်ဦးပြောပြီးတဲ့အခါ အဖွဲ့အစည်းနှစ်ခုက ပူးတွဲ ဆောင်ရွက်မယ့်
စာချွန်လွှာကိုရေးထိုးခဲ့ကြတယ်။ ဆက်လက်ပြီး စင်ကာပူကပုဂ္ဂိုလ်တစ်ဦးက လည်းကောင်း၊ မြန် မာပြည်မှာ
နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင် ဦးသိန်းငွေကလည်းကောင်း၊ ထိုင်းနိုင်ငံမှ ပုဂ္ဂိုလ်
တစ်ဦးကလည်းကောင်း စာတမ်းတွေဖတ် ခဲ့ကြတယ်။ ပြီးတော့ ပုဂ္ဂိုလ် ခြောက်ဦးပါဝင်တဲ့ စကားဝိုင်းတစ်ခုကို
သဘာပတိလုပ်သူ ဦးစိုးဝင်းက ဦးစီးခဲ့ပါတယ်။ ဆွေးနွေးပွဲအ တွက် နောက်ဆုံးစာတမ်းကို ကျွန်တော်
ဖတ်ကြားခဲ့ပါတယ်။ အနာဂတ်ကာလအတွက် စဉ်းစားတွေးခေါ်ချက်ကို တင်ပြသွားခဲ့ပါတယ်။
ကျွန်တော့်ရဲ့စာတမ်းကို
အပိုင်းသုံးပိုင်းခွဲပြီး တင်ပြခဲ့ပါတယ်။ ပထမပိုင်းမှာ နိဒါန်းအဖြစ် အနာဂတ်နဲ့ ပတ်သက်ပြီး
ကျွန်တော့်ရဲ့ ယူဆချက်တစ်ခုကို မျှဝေခဲ့ပါတယ်။ လူတွေဟာ အနာဂတ်နဲ့ပတ်သက်လာရင် စိတ်ပူကြတယ်။
စိုးရိမ်စိတ်တွေရှိကြတယ်။ ကျွန်တော်ကတော့ အနာဂတ်နဲ့ပတ်သက်ပြီး ကြောင့်ကြနေမယ့်အစား
မိမိလိုချင်တဲ့၊ မိမိမျှော်လင့်တဲ့ အနာဂတ်ကို မိမိဘာသာဖန်တီးဖို့ပဲဖြစ်ပါတယ်။ ဖြစ်လာတဲ့
အနာဂတ်ကို ကိုယ်လိုချင်တာဖြစ်အောင် ကြိုးစားရမှာသာဖြစ်တယ်။ စီးပွားရေးနဲ့ပတ်သက်လာရင်
နိုင်ငံရေးကို မေ့လို့မရပါဘူး။ ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေးပြောင်းလဲမှုတွေကြောင့်
စီးပွားရေး အခြေအနေတွေဟာလည်း ပြောင်းလဲရမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ပါတီရဲ့
ကြေညာချက်တွေကို သုံးသပ်ရင် လက်ရှိအခြေအနေကို အခြေခံအဖြစ် တည်ဆောက်ပြီး ပိုမို ပွင့်လင်းမှု၊
ပို၍ တာဝန်ယူမှု၊ တာဝန်ခံမှုအပြင် အကျင့်သီလ၊ သိက္ခာသမာဓိအရေးတွေဟာ ပိုမိုပြီး အရေးပါလာမှာဖြစ်ပါတယ်။
တစ်ဖက်ကလည်း နိုင်ငံတကာစံနှုန်းတွေနဲ့ ကိုက်ညီမှုပိုမိုရှိအောင် ကြိုးစားဆောင်ရွက်ရမှာဖြစ်ပါတယ်။
စီးပွားရေးအခင်းအကျင်းအသစ်မှာ
ပုဂ္ဂလိကကဏ္ဍ ကြီးထွားမှုဟာ ပဓာနကျသလို မကြာသေးမီက ဖွင့်လှစ်ခဲ့တဲ့ အရင်းအနှီးဈေးကွက်နဲ့ အဖွဲ့အစည်းတွေမှာ တိုးတက်ဖွံ့ဖြိုးလာမှာသာ ဖြစ်တယ်။
တစ်ဖက်ကလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဟာ လက်ရှိအခြေအနေထက် ပိုမိုစီးဝင်လာ
နိုင်မယ်လို့ ယူဆနိုင်ပါတယ်။
ဒုတိယပိုင်းမှာတော့
ကောင်းမွန်တဲ့ စီမံအုပ်ချုပ်မှုနဲ့ပတ်သက်ပြီး အသေးစိတ်ရှင်းပြခဲ့ပါတယ်။ အထူးသဖြင့် ဆွေးနွေးပွဲခေါင်းစဉ်ဖြစ်တဲ့
ပုဂ္ဂလိက ကဏ္ဍနဲ့ ပတ်သက်ပြီး ဇောင်းပေးခဲ့ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ မကြာသေးမီကာလက
ရန်ကုန်စတော့အိတ်ချိန်းကို ဖွင့်လှစ်ခဲ့ပါတယ်။ ဒီလိုဆောင်ရွက်နိုင်တာကို ကြိုဆိုရမှာဖြစ်ပါတယ်။
အမှန်တော့ စတော့အိတ်ချိန်းရဲ့ အနှစ်သာရဟာ အရင်းအနှီးဈေးကွက် ကို ဖော်ထုတ်ခြင်း သာ ဖြစ်တယ်။
အရင်းအနှီးဈေးကွက်ပေါ်ပေါက်ပြီး စတော့ရှယ်ယာ အရောင်း အဝယ်ပြုရင်း ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးမှုကို
တစ်ဖက်တစ်လမ်းက အားပေး အားမြှောက် ပြုနိုင်မှာဖြစ်တယ်။ ခေတ်မီတဲ့ စီးပွားရေးအရ ဖွံ့ဖြိုးတဲ့နိုင်ငံတိုင်း
လိုလို စတော့အိတ်ချိန်း ရှိကြပါတယ်။ ဒါပေမယ့် စတော့အိတ်ချိန်းရှိရုံနဲ့ စီးပွားရေးတိုးတက်လာမယ်လို့
မပြောနိုင်ပါဘူး။ စီးပွားရေးဝေါဟာရအရ လိုအပ်ပေမယ့် မပြည့်စုံတဲ့ အချက် တစ်ခု ဖြစ်ပါတယ်။
စီးပွားရေးတိုးတက်ဖို့ စတော့အိတ်ချိန်းရှိသင့်ပေမယ့် ရှိရုံနဲ့ စီးပွားရေး တိုးတက်ဖို့တော့
အာမ မခံနိုင်တာကို သတိပြုရမှာဖြစ် တယ်။ စီမံခန့်ခွဲမှုရှုထောင့်က သုံးသပ်ရင် ပုံသဏ္ဌာန်နဲ့အနှစ်သာရကွဲပြားဖို့
လိုအပ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ပုံသဏ္ဌာန်ကို ဦးစားပေးမှုများ ခဲ့တာ မကြာခဏ တွေ့မြင်ရပါတယ်။
ဒါကြောင့် ပုံသဏ္ဌာန်နဲ့ မကျေနပ်ဘဲ အနှစ်သာရပြည့်အောင် ကြိုးစားဆောင်ရွက်ရမှာ ဖြစ်တယ်။
အိမ်နီးနားချင်းနိုင်ငံတစ်ခုဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ စတော့အိတ်ချိန်း ဖွင့်လှစ်ချိန်မှာ
ကုမ္ပဏီတစ်ခုနဲ့စခဲ့ပြီး သုံးနှစ်အကြာ နောက် ကုမ္ပဏီအသစ်တစ်ခုသာ ပါဝင်နိုင်ကြောင်း တွေ့ရပါတယ်။
မြန်မာပြည်မှာတော့ ကုမ္ပဏီခြောက်ခုနဲ့ စတင်ဖို့ ပြင်ဆင်ထားတာ တွေ့ရပါတယ်။ စံသတ်မှတ်ချက် (၁၇)ရပ်ကိုလည်း သတ်မှတ်ထားတယ်။
ကျွန်တော့်အနေနဲ့ကတော့
စတော့အိတ်ချိန်းကို ဝင်သည်ဖြစ်စေ၊မဝင်သည်ဖြစ်စေ ကုမ္ပဏီအားလုံးဟာ ကောင်းမွန်တဲ့ စီမံအုပ်ချုပ်မှုကို
ကျင့်သုံး ရမှာ သာဖြစ်ပါတယ်။ ကုမ္ပဏီလုပ်ငန်းတစ်ခုအတွက် ကောင်းမွန်တဲ့ စီမံအုပ်ချုပ်မှုလို့ပြောရင်
ယဉ်ကျေးမှုနဲ့စတင်ရမှာဖြစ်ပါတယ်။ ရုတ်တရက် ယဉ်ကျေးမှုနဲ့ စီးပွားရေးလုပ်ငန်း ဘယ်လို သက်ဆိုင်သလဲဆိုပြီး
မေးခွန်းထုတ်စရာ ဖြစ်ပေမယ့် ကုမ္ပဏီ တစ်ခု လှုပ်ရှားဆောင်ရွက်မှုဟာ ဒီကုမ္ပဏီကို တည်ထောင်ခဲ့တဲ့
လုပ်ငန်းရှင်ရဲ့ ယုံကြည်မှု၊ တန်ဖိုးထားမှုတွေအပေါ် မူတည်ပါတယ်။
စီးပွားရေးလုပ်ငန်းတစ်ခုကို
တာဝန်ယူရင် စွန့်စားမှုဟာ အခြေခံဖြစ်တာမို့ စွန့်စားမှုကို စီမံနိုင်ဖို့စီစဉ်ဆောင်ရွက်ရမှာဖြစ်တယ်။
တစ်ဖက်က လည်း တည်ဆဲဥပဒေတွေကို လိုက်နာကျင့်သုံးဖို့လည်း အရေးကြီးလှပါတယ်။ ကောင်းမွန်တဲ့
စီမံအုပ်ချုပ်မှုကို ပြောရင် ပွင့်လင်းမြင်သာမှု၊ သိက္ခာ သမာဓိရှိမှု၊ ရလဒ်ကိုအခြေခံပြီး
ဆောင်ရွက်လှုပ်ရှားနိုင်မှုနဲ့ ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်မှုတွေ ပါဝင်ပါတယ်။
ဒီနေရာမှာ တာဝန်ယူမှု၊ တာဝန်ခံမှုဟာ အရေးကြီးသလို ရိုးသားဖြောင့်မတ်မှုဟာလည်း အခြေခံဖြစ်ပါတယ်။
တစ်ခုတော့ရှိပါတယ် “တစ်ကျောင်း တစ်ဂါ ထာ၊ တစ်ရွာတစ်ပုဒ်ဆန်း” ဆိုသလို လုပ်ငန်း အဖွဲ့အစည်းတစ်ခုချင်းဟာ
မိမိရဲ့ အခြေအနေ အနေအထားကို သတိပြုရမှာဖြစ်ပါတယ်။
စီးပွားရေးလုပ်ငန်းတွေကို
စီမံအုပ်ချုပ်တဲ့နေရာမှာ တစ်ဖက်ကစီးပွားရေး ဦးတည်ချက်ကို ဦးစားပေးဖို့ လိုအပ်သလို
တစ်ဖက်က လူမှုရေး ဦးတည်ချက်တွေနဲ့ မျှတအောင် ဆောင်ရွက်ရမှာသာ ဖြစ်တယ်။ ယခင်က စဉ်းစားသလို
အမြတ်ရရှိမှုတစ်ခုကိုသာ ဦးစားပေးခြင်းမဟုတ်ဘဲ တစ်ဖက်က ပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းဖို့လိုသလို
တစ်ဖက်ကလည်း လုပ်ငန်းနဲ့ပတ်သက်တဲ့ ပိုင်ရှင်တွေ၊ ဝန်ထမ်းတွေ၊ ဖောက် သည်တွေ အစရှိတဲ့
ပါဝင်ပတ်သက်သူ အားလုံးရဲ့ အကျိုးကိုလည်း မေ့လို့မဖြစ်ပါဘူး။ တစ်ဦး တစ်ယောက်ရဲ့ ရည်ရွယ်ချက်ကို
ပြည့်မီအောင် ကြိုးစားဖို့လိုအပ်သလို အများရဲ့အကျိုးကိုလည်း အာရုံရှိရမှာ ဖြစ်တယ်။
လူအဖွဲ့အစည်း၊ လုပ်ငန်းနဲ့ ပုဂ္ဂိုလ်များရဲ့ အကျိုးကျေးဇူးကို ထည့်တွက် ရမှာဖြစ်ပါတယ်။
ကောင်းမွန်တဲ့စီမံအုပ်ချုပ်မှု
အကောင်အထည်ဖော်ထုတ်ရာမှာ လုပ်ငန်းတိုင်းမှာ ရည်ရွယ်ချက်၊ ရည်မှန်း ချက်တွေ ရှိဖို့လိုအပ်သလို
တစ်ဖက် ကလည်း ဒါတွေအကောင်အထည်ဖော်ထုတ်နိုင်မယ့် မဟာဗျူဟာတွေ လည်း လိုအပ်ပါတယ်။
ကျွန်တော့်
စိတ်ထဲမှာ စီမံအုပ်ချုပ်မှုနဲ့ပတ်သက်ပြီး အခြေခံတစ်ချက်သာရှိပါတယ်။ ဒါကတော့ ပိုင်ဆိုင်မှုနဲ့
စီမံခန့်ခွဲမှုကို ခွဲခြားဖို့သာဖြစ်တယ်။ ဒီကိစ္စကို စနစ်တကျလုပ်နိုင်ရင် ကျန်တာတွေကို
ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ ပိုင်ဆိုင်မှုလို့ပြောတဲ့နေရာမှာ အများပိုင်ကုမ္ပဏီများအတွက်တော့
ပိုင်ရှင်တွေ၊ အစုရှယ်ယာရှင်တွေကို ကိုယ်စား ပြုတဲ့ ဘီအိုဒီလို့ခေါ်တဲ့ အုပ်ချုပ်မှု
ဒါရိုက်တာဘုတ်အဖွဲ့ဖြစ်ပါတယ်။ ဒီဘီအိုဒီမှာပါဝင်တဲ့ ဒါရိုက်တာတွေဟာ ကုမ္ပဏီကို ပဲ့ကိုင်ပေးသူတွေဖြစ်ပြီး
ကုမ္ပဏီရဲ့ ရေရှည်ရှင်သန်ဖွံ့ဖြိုးမှုကို ဦးဆောင်ရမှာဖြစ်ပါတယ်။ အသေးအဖွဲတွေနဲ့ အချိန်ကုန်မနေဘဲ
ကာလ ရှည်အတွက် စဉ်းစားတွေးခေါ်ကြသူတွေ ဖြစ်ရမှာဖြစ်ပါတယ်။
ဘီအိုဒီအဖွဲ့ဝင်တွေဟာ
မတူညီတဲ့သူတွေနဲ့ဖွဲ့စည်းတည်ထောင်ထားဖို့ လိုအပ်ပါတယ်။ မတူညီမှုဟာ အန္တရာယ် မဟုတ်ဘဲ အင်အားသာဖြစ်ပါတယ်။
အမြင်မတူတဲ့သူတွေ တစ်ဦးနဲ့တစ်ဦးညှိနှိုင်းကာ ကုမ္ပဏီရဲ့ အကျိုးကို ရှေးရှုပြီး ဆောင်ရွက်သွားကြရမှာ
ဖြစ်ပါတယ်။ ဘီအိုဒီအဖွဲ့ကို ဥက္ကဋ္ဌလုပ်သူက ဦးဆောင်ပြီး ကျန်တဲ့အဖွဲ့ဝင်များနဲ့ ညှိနှိုင်းတိုင်ပင်ပြီး
ကုမ္ပဏီတိုးတက် အောင်မြင်အောင် ဆောင်ရွက်ကြ ရမှာ ဖြစ်ပါတယ်။ ဘီအိုဒီအဖွဲ့ရဲ့ အရေးကြီး
အဆုံးအဖြတ်ဟာ ကုမ္ပဏီရဲ့လုပ်ငန်းဆောင်ရွက်မှုတွေကို ကြီးကြပ်စီမံမယ့် စီအီးအိုကို ရွေးချယ် ခန့်ထားဖို့ဖြစ်တယ်။
ထက်မြက်တဲ့၊ အရည်အချင်းရှိတဲ့ စီအီးအိုကို ခန့်ထားပြီး တာဝန်များကို ပေးအပ်ဖို့ လိုအပ်ပါတယ်။
တစ်လတစ်ကြိမ် သို့မဟုတ် သုံးလတစ်ကြိမ် ဘီအိုဒီအစည်းဝေးကျင်းပပြီး နေ့စဉ် ဆောင်ရွက်မှုတွေကို
စီအီးအိုကတစ်ဆင့် လမ်းညွှန်ပေးဖို့ဖြစ်တယ်။ ဒီကိစ္စက အပြော လွယ်သလောက် လက်တွေ့မှာ ခက်ခဲလှပါတယ်။
ပိုင်ရှင်လုပ်သူတွေဟာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်ချင်စိတ် ရှိသူတွေဖြစ်ကြတယ်။
အသေးစိတ်တွေကို စိတ်ဝင်စားကြတယ်။ ဒါက ယဉ်ကျေးမှုပဲ ဖြစ်တယ်။ စီအီးအိုအပေါ် ယုံကြည်မှုအပြည့်ရှိပြီး
ပဲ့ထိန်းပေးဖို့သာ ဖြစ်တယ်။
ဘီအိုဒီ
အဖွဲ့နဲ့ စီအီးအိုတို့ဟာ မဏ္ဍိုင်လေးရပ်ကို ဦးထိပ်ထားပြီး ဖော်ထုတ် ဆောင်ရွက်ရမှာဖြစ်တယ်။
ပထမမဏ္ဍိုင်က တာဝန်ခံမှုပဲဖြစ်တယ်။ စီအီးအို အပါအဝင် စီမံခန့်ခွဲမှုတာဝန်ယူသူတွေဟာ ဘီအိုဒီကိုတာဝန်ခံရသလို
ဘီအိုဒီက ပိုင်ရှင်ဖြစ်ကြမယ့် အစုရှယ်ယာရှင်တွေအပေါ် တာဝန်ခံရမှာဖြစ်တယ်။ ဒုတိယမဏ္ဍိုင်ကတော့
တရားမျှတမှု ဖြစ်ပါတယ်။ အစုရှယ်ယာရှင်များ အချင်းချင်း ပိုင်ဆိုင်တဲ့အစုရှယ်ယာ ပမာဏအပေါ်
ဗိုလ်ကျတာမျိုးမဖြစ်စေဘဲကျောသားရင်သားမခွဲခြားဘဲ မျှမျှတတ ဆက်ဆံနိုင်ဖို့ဖြစ်တယ်။ တတိယ
မဏ္ဍိုင်က ပွင့်လင်းမြင်သာမှု ဖြစ်တယ်။ ဘဏ္ဍာရေး အခြေအနေတွေ အပါအဝင် လုပ်ငန်းနဲ့ ပတ်သက်တဲ့အတွက်
လက်တွေ့ကို ပွင့်လင်းမြင်သာစွာ ဖော်ထုတ်ပေးမှု ဖြစ်တယ်။ နောက် ဆုံးမဏ္ဍိုင်က တာဝန်ယူမှုဖြစ်ပါတယ်။
ဒီနေရာမှာ ကုမ္ပဏီနဲ့ပါဝင်ပတ်သက်သူတွေအားလုံးအပေါ်တာဝန်ယူရမှာဖြစ်ပါတယ်။ ကောင်းမွန်တဲ့
စီမံအုပ်ချုပ်မှုမှာ ဥပဒေသ ငါးရပ်ရှိပါတယ်။ တစ်ခုက အကျင့်သီလပြည့်စုံမှုဖြစ်ပြီး ဒုတိယ
တစ်ခုကတော့ ပါဝင်ပတ်သက်သူအားလုံးရဲ့ အကျိုးကိုကြည့်ရမှာဖြစ်ပါတယ်။ စီမံခန့်ခွဲရာမှာ
မဟာဗျူဟာကျကျ ထိရောက်စွာစီမံနိုင်ပြီး လုပ်ငန်းရဲ့ဖွဲ့စည်းမှုဟာ ကျစ်လျစ်ခိုင်မာဖို့ လိုအပ်ပါတယ်။
နောက်ဆုံးအချက်ကတော့ ကုမ္ပဏီရဲ့အခြေအနေ အနေအထားတွေကို ပွင့်ပွင့်လင်းလင်း ဖော်ထုတ်နိုင်ဖို့
ဖြစ်ပါတယ်။ နောက် ဆုံးအပိုင်းမှာ တော့ ကျွန်တော့်ရဲ့ အကြံပြုချက်တွေကို တင်ပြခဲ့ပါတယ်။
ကောင်းမွန်တဲ့ စီမံအုပ်ချုပ်မှုဟာ ခရီးရှည် တစ်ရပ်ဖြစ်ပါ တယ်။ နေ့ချင်းညချင်း ပြီးပြည့်စုံနိုင်တဲ့
အနေအထားမဟုတ်ပါဘူး။ ခရီးရှည်နဲ့ပတ်သက်ပြီး အဆင့် ငါးဆင့် ရှိပါတယ်။ ပထမအဆင့်က အခြေခံအဆင့်ဖြစ်ပြီး
ဒုတိယအဆင့်ကတော့ တိုးတက်လာတဲ့ အဆင့် ဖြစ်ပါတယ်။ တတိယအဆင့်မှာတော့ လက်ခံနိုင်တဲ့ အဆင့်ဖြစ်ပြီး
စတုတ္ထအဆင့်ကတော့ အဆင့်မြင့်တဲ့ အဆင့်ဖြစ်ပါတယ်။ နောက်ဆုံး အဆင့်ကတော့ သူများကို ဦးဆောင်ပေးနိုင်တဲ့အဆင့်ဖြစ်ပါ တယ်။
မြန်မာပြည်မှာ ကျင့်သုံးနေတဲ့ စီမံအုပ်ချုပ်မှု အခြေအနေတွေကို သုံးသပ်ရင် ပထမနဲ့ဒုတိယ
အဆင့်တွေနဲ့သာ ရှိနေတာ တွေ့ရပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ မြန်မာကုမ္ပဏီတွေကို
တတိယ၊ စတုတ္ထနဲ့ ပဉ္စမအဆင့်အထိ တိုးတက်အောင် ဆောင်ရွက်စေချင်ပါတယ်။
မူဝါဒချမှတ်တဲ့
တာဝန်ရှိသူများကို လက်ရှိပကတိအခြေအနေကို သုံးသပ်ပြီး ဥပဒေပိုင်းဆိုင်ရာ၊ ကြီးကြပ်မှု
ဆိုင်ရာနဲ့ ဖွဲ့စည်းမှုပိုင်း ဆိုင်ရာတွေကို သုံးသပ်ပြီး ပြုပြင်စေချင်ပါတယ်။ ဒီလိုဆောင်ရွက်နိုင်မှ
ကျွန်တော်တို့ နိုင်ငံမှာ စီးပွားရေးနဲ့ ဘဏ္ဍာရေးအခြေအနေတွေ တည်ငြိမ်မှုရှိပြီး တိုးတက်နိုင်မှာ
ဖြစ်ပါတယ်။ အသေးစိတ် အကြံပြုချက် ခြောက်ရပ်ကိုလည်း တင်ပြခဲ့ပါတယ်။ ပထမကတော့ လက်ရှိကုမ္ပဏီ များနဲ့
သက်ဆိုင်တဲ့ ဥပဒေကို အမြန်ဆုံးပြင်ဆင်ပြီး
ဥပဒေအသစ်ကို အတည်ပြုဖို့ဖြစ်ပါတယ်။ မြန်မာပြည်မှာရှိတဲ့ ကုမ္ပဏီများနဲ့ဆိုင်တဲ့ ဥပဒေဟာ
၁၉၁၄ ခုနှစ်က ချမှတ်ခဲ့တဲ့ ဥပဒေဖြစ်နေတာကို အံ့ဩစရာတွေ့ရပါတယ်။ ဒီဥပဒေကို ခေတ်နဲ့အညီဖြစ်အောင်
အမြန်ဆုံး ပြင်ဆင် အတည်ပြုသွားဖို့လိုအပ်ပါတယ်။ ပထမကမ္ဘာစစ်မဖြစ်မီ အင်္ဂလိပ်ကိုလိုနီခေတ်က
အတည်ပြုခဲ့တဲ့ ဥပဒေကို ၂၀၁၆ ခုနှစ်မှာ အသုံးချနေတာတော့ အံ့သြမကုန်လောက်အောင်ပါပဲ။
ဒုတိယအကြံပြုချက်ကတော့
ကောင်းမွန်တဲ့စီမံအုပ်ချုပ်မှုနဲ့ပတ်သက် ပြီး နိုင်ငံတစ်ဝန်း အသိတိုးလာအောင် ဆောင်ရွက်သင့်ပါတယ်။
တစ်နိုင်ငံ လုံးမှာရှိတဲ့ လုပ်ငန်းအဖွဲ့အစည်းတွေအတွင်း အသိတိုးအောင် ဆောင်ရွက်ရ မှာဖြစ်ပါတယ်။
တတိယအကြံပြုချက်ကတော့ ကုမ္ပဏီတွေကို အုပ်ချုပ်လမ်းညွှန်တဲ့ ဘီအိုဒီအဖွဲ့ဝင်တွေကို သင်တန်းပေးရုံမက
ဆန်းစစ်ပေးမှုတွေ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အများပိုင် ကုမ္ပဏီ ၂၀၀ ကျော်ကျော်အနက် ဘီအိုဒီအဖွဲ့ဝင်များကို
သင်တန်းပေးမှုတွေ လုံးဝမရှိသလို ဆန်းစစ်မှုတွေလည်း မရှိသေးပါဘူး။ ဒါကိုအမြန်ဆုံး စီစဉ်ဆောင်ရွက်ရမှာဖြစ်ပါတယ်။
ဘီအိုဒီအဖွဲ့ဝင်တွေဟာ စနစ်တကျ ကျွမ်းကျင်မှု ရှိသူတွေနဲ့ ဖွဲ့စည်းထားဖို့ အလွန်အရေးကြီး လှပါတယ်။
နောက်တစ်ချက်ကတော့ အပြည်ပြည်ဆိုင်ရာ စံနှုန်းသတ်မှတ်ချက်တွေနဲ့အညီ ဘီအိုဒီအဖွဲ့များ၏
လုပ်ထုံးလုပ်နည်းများ ချမှတ်ရမှာ ဖြစ်တယ်။ နောက်ဆုံး အကြံပြုချက်ကတော့ လူမှုရေး တာဝန်ကျေပွန်တဲ့
စီးပွားရေးလုပ်ငန်းတွေ ဖော်ထုတ်သွားဖို့ဖြစ်တယ်။
အမှန်စင်စစ်
ကောင်းမွန်သော စီမံအုပ်ချုပ်မှုရဲ့အခြေခံဟာ တာဝန် ကျေတဲ့ စီးပွားရေးလုပ်ငန်းများ ဖော်ထုတ်မှုပဲ
ဖြစ်ပါတယ်။ ကျွန်တော် တို့ နိုင်ငံမှာ ခေတ်အဆက်ဆက်ဖော်ထုတ်ခဲ့တဲ့ စီးပွားရေးလုပ်ငန်း
တွေဟာ လူမှုရေး တာဝန်ကျေပွန်ဖို့ လိုအပ်တာကို သတိမပြုခဲ့ပါဘူး။ ဒါကြောင့်လည်း ဖားကန့်မှာ
ရင်ဆိုင်နေရတဲ့ အဖြစ်မျိုး၊ မန္တလေး တောင်သမန်အင်းမှာဖြစ်တဲ့အဖြစ်မျိုးကို ကြုံတွေ့နေရ တာဖြစ်တယ်။
ပုဂ္ဂလိကကဏ္ဍဟာ နိုင်ငံရဲ့စီးပွားရေး ဖွံ့ဖြိုးမှုအတွက် အဓိကကျတာကို လက်ခံထားပါတယ်။ ဒါပေမယ့်
ဒီပုဂ္ဂလိက ကဏ္ဍရဲ့ပုံသဏ္ဌာန်ဟာ လူမှုရေးတာဝန်ကျေပွန်ဖို့လိုအပ်တာကို အသိမှတ် ပြုပြီး ကြိုးစား
ဆောင်ရွက်ကြရမှာသာ ဖြစ်ပါတယ်။
No comments:
Post a Comment