Sunday, February 14, 2016

ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း ရှမ်းပြည်နယ်(မြောက်ပိုင်း) ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆမ်မြို့ မီးဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်


နေပြည်တော် ဖေဖော်ဝါရီ ၁၄
ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယ၀န်ကြီး များ၊ တာဝန်ရှိသူများနှင့်အတူ ယမန် နေ့နံနက်ပိုင်းက လေကြောင်းခရီးဖြင့် လားရှိုးမြို့သို့ ရောက်ရှိပြီး တပ်မတော်ရဟတ်ယာဉ်ဖြင့် ဆက်လက် ထွက်ခွာရာ နမ့်ဆန်မြို့သို့ရောက်ရှိ သည်။

ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းနှင့်အဖွဲ့ဝင်များအား နမ့်ဆန်မြို့ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီး အဖွဲ့ရုံး၌ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီး အဖွဲ့ အတွင်းရေးမှူးက မီးလောင်မှုဖြစ်စဉ် များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြို့မဂိုဏ်းချုပ်ဆရာတော် ကျောင်း၌ကျင်းပသည့် အလှူငွေ ပေး အပ်ပွဲအခမ်းအနားသို့ တက်ရောက်ရာ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌက မီးလောင် ကျွမ်းမှုဖြစ်စဉ်နှင့် ကယ်ဆယ်ရေးဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြပြီး မီးဘေးသင့် ဒေသခံတစ်ဦးမှ ပြန်လည် ထူထောင်ရေးလုပ်ငန်းများအတွက် လိုအပ်ချက်များကို တင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဖြည့်စွက် ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက နိုင်ငံတော်သမ္မတကိုယ်တိုင် မီးလောင်မှုဖြစ်စဉ်ဖြစ်ပွားပြီးနောက် ချက်ချင်း ရောက်ရှိလာကာ မီးဘေးသင့်ပြည်သူများ ရှေးဦးကယ်ဆယ်ရေးအတွက် လိုအပ်သည့်စားနပ်ရိက္ခာ၊ အ၀တ် အထည်၊ ယာယီ နေထိုင်ရန်နေရာများကို ချက်ချင်းဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း၊ ကယ်ဆယ်ရေး လုပ်ငန်းများ အရှိန်ရသွားပြီဖြစ်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်း လုပ်ဆောင်ရာတွင် မြို့ကွက်ကို စနစ်တကျတွက်ချက် အကွက်ချ ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ မီးသတ် ကားများ လွယ်ကူစွာသွားလာနိုင်ရေးအတွက် လမ်းအနေ အထားများ ကိုလည်းကောင်း၊ မီးဘေးသင့်ပြည်သူများအတွက် အိမ်ရာကွက်များကိုလည်းကောင်း၊ ဒေသခံပြည်သူ များနှင့် အုပ်ချုပ်မှုကော်မတီများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိုးမကျမီပွင့် လင်းရာသီအတွင်း ပြီးပြတ်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အဆောက်အဦအတွက် လိုအပ်မည့် သွပ်၊ ဘိလပ်မြေ၊ သံချောင်း အစရှိသည်များကို အလှူရှင်များ လှူဒါန်းမှုနှင့် နိုင်ငံတော်မှ ပံ့ပိုးဖြည့်ဆည်းပေးမည့် ဆောက်လုပ်ရေး ပစ္စည်းများနှင့် အချိန်မီပြီးစီးအောင် ၀ိုင်းဝန်းဆောင်ရွက်ရန်လိုကြောင်း၊ မီးဘေးသင့် ပြည်သူများအတွက် အစားအသောက် ၃ လစာ အရန်ထားရှိပြီးဖြစ်ရာ ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို အားလုံးတက်ညီလက်ညီဖြင့် ညီညီညွတ်ညွတ် ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ငွေကျပ်သိန်းတစ်ရာ၊ တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများမှ သွပ်၊ သံနှင့် ရွှေတောင်ကုမ္ပဏီလီမိတက်မှ ဘိလပ်မြေများကို ပေးအပ်လှူဒါန်းရာ မီးဘေးသင့်ပြည်သူတစ်ဦးမှ လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ဝင်များသည် မီးလောင်မှုဖြစ်ပွား ခဲ့သည့် နမ့်ဆန်မြို့ မင်္ဂလာ ရပ်ကွက်နှင့် မြို့ဟောင်းရပ်ကွက်နေရာများတွင် မီးလောင် ပြင်ရှင်းလင်းရေး လုပ်ဆောင်နေမှုများနှင့် ကယ်ဆယ်ရေး ပစ္စည်းများ သိုလှောင် ထားရှိမှုအခြေအနေများကို ကြည့်ရှုသည်။
ဆက်လက်၍ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်း ကျောင်းသို့သွားရောက်ပြီး သင်တန်းသား သင်တန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံကာ ထောက်ပံ့ငွေများပေးအပ်ပြီး မီးဘေး သင့်ပြည်သူ များအတွက် မြို့ကွက် တိုးချဲ့နိုင်မည့်နေရာများနှင့် ဘောလုံးကွင်းတည်ဆောက်မည့် မြေနေရာပြင် ဆင်ထား ရှိမှုအား ကြည့်ရှုကြသည်။
ဆက်လက်၍ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ရုံး၌ မီးဘေးသင့် ပြည်သူများ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးဆပ်ကော်မတီများနှင့်တွေ့ဆုံပြီး တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်းပေး သည်။

No comments:

Post a Comment