Saturday, February 13, 2016

အမိယဉ်များ ပွားများရေး (ပြောလည်းပြောချင်တယ်၊ ပြောလည်းမပြောရဲဘူး)


ဆူဒိုနင်

ကြေးမုံသတင်းစာတွင် လူမှုဘဝသရုပ်ဖော် ရသစာပေများကို အလျဉ်းသင့်သလို ဖော်ပြပေးလျက် ရှိပါသည်။ ထိုသို့ ဖော်ပြပေးရာတွင် စာဖတ်ပရိတ်သတ်၏ နှလုံးသားတွင် စွဲထင်ကျန်ရစ်စေမည့် လူမှုဘဝဖြစ်ပျက်ပုံများကို ရသ ပေါ်လွင်အောင်ရေးသားကြသည့် ထင်ရှားသော စာရေးဆရာများအား ရွေးထုတ်ဖော်ပြပေးလျက်ရှိပါသည်။ ယခု အပတ်စဉ် စနေနေ့တိုင်းတွင် ''ပြောလည်း ပြောချင်တယ်၊ ပြောလည်းမပြောရဲဘူး'' ကဏ္ဍသစ်ကို ဖွင့်လှစ်၍ စာဖတ်ပရိသတ်အား အသိပညာမျှဝေပေးထားပါသည်။ ထိုကဏ္ဍတွင် စာရေးဆရာ ဆူဒိုနင်၏ လူမှုဘဝ အထွေထွေအပေါ် ရှုမြင်ချက်များကို ကြေးမုံသတင်းစာ ဖတ်ပရိသတ်များ ပွင့်လင်းမြင်သာစွာ ဖတ်ရှုနိုင်ရန် အတွက် အပတ်စဉ်ဖော်ပြပေးခြင်း ဖြစ်ပါသည်။ (စာတည်း)


မဝါဒ
အရင်အပတ်က ကျွန်တော့်ဆောင်းပါးထဲက စာတစ်ပိုဒ်ကို မဝါဒီ တစ်ဦးက မကျေမနပ် ဖြစ်သွားတယ်။ အမိယုတ် နှုတ်ကြမ်းလို့ ရေးလိုက်တဲ့ အတွက်ပါ။

သူက ဖအေတွေ (ယောက်ျားတွေ) မှာ တာဝန်မရှိဘူး၊ ထစ်ခနဲရှိ မိန်းမတွေကိုပဲမဲတယ်ဆိုတဲ့ ရှုထောင့်ကနေ အနက်ဖွင့်လိုက်ပုံ ရပါတယ်။

သည်နေရာမှာ မဝါဒ (Feminism) ကို ကျွန်တော် နားလည်ထားပုံကို အနည်းအပါး ပြောဖို့လိုမယ် ထင်ပါတယ်။ မဝါဒဆိုတာ မိန်းမသားများအား ရှေ့တန်းတင်ရေး၊ မိန်းမသားများကို ဦးထိပ်ထားရေး မဟုတ်ပါဘူး။ လူ့ဘောင် မှာ ယောက်ျားနဲ့ မိန်းမအတူတကွ ယှဉ်တွဲနေထိုင်တယ်။ သဘာဝချင်း မတူ သော်လည်းပဲ လူသားများသာ ဖြစ်ကြတယ်။ ဒါ့ကြောင့် မိန်းမကို နှိမ်တာ၊နောက်တန်းမှာ ထားတာ၊ နောက်ဆုံးပေါ် စကားလုံးနဲ့ဆိုရင် ခွဲခြားဆက်ဆံတာ မလုပ်သင့်ဘူး။ တန်းတူ အခွင့်အရေးကို မွေးရာပါ ခံစားခွင့်တစ်ခုအနေနဲ့ ခံစား ပိုင်ခွင့် ရှိတယ်ဆိုတဲ့ ခံယူချက်ဟာ မဝါဒရဲ့ အနှစ်သာရ ဖြစ်ပါတယ်။

ယနေ့ ဒီမိုကရေစီ နိုင်ငံကြီးတွေမှာတောင် ၁၉ ရာစုတုန်းက အမျိုးသမီးတွေ နိုင်ငံရေးမှာ ပြောရေး ဆိုခွင့်ဆိုတာ ဝေလာ ဝေး၊ မဲပေးခွင့်တောင် မရခဲ့ကြပါဘူး။ အဲဒါကို စတင်ပြောင်းလဲဖို့ အားထုတ်ရင်းက မဝါဒ စတင်လာခဲ့ တယ်လို့ ဖတ်ဖူးပါတယ်။

မဝါဒဆိုတာဟာ လူသားချင်း သာတူညီမျှ အခွင့်အရေး ခံစားခွင့် ရှိရေး၊ တန်းတူရည်တူဖြစ်ရေးအတွက် အခြေခံကျတဲ့ အယူအဆတစ်ခုရယ်လို့ ကျွန်တော်နားလည်ခံယူထားပါတယ်။ အားလည်းပေးပါတယ်။ ဇာတိမျိုးနွယ်ကြောင့်၊ ကိုးကွယ်သက်ဝင်ပုံကြောင့်၊ လူနေမှု အဆင့်အတန်းကြောင့်၊ ရာထူးကြောင့်၊ ဌာနကြောင့်၊ ကျားဖြစ်မှု၊ မဖြစ်မှုကြောင့်၊ လိင်စိတ်ကွဲပြားမှုကြောင့်၊ အသား အရောင်ကြောင့်၊ ဝင်ငွေကြောင့် အစရှိသဖြင့် အကြောင်းတစ်ခုခုကို အကြောင်းပြုပြီး လူချင်းအတူတူ နှိမ်တာ၊ ခွဲခြားတာကို အားမပေးထိုက်ဘူးလို့ နားလည်ပါ တယ်။

ကျား၊ မတို့ရဲ့ တာဝန်

ကွဲပြားနေတဲ့ ကျားနဲ့ မမှာ တာဝန်အသီးသီး ရှိကြပါတယ်။ အဲဒီ့မှာ အစဉ်အလာ တာဝန်နဲ့ သဘာဝတာဝန်ဆိုပြီး နှစ်မျိုး ခွဲနိုင်မလား မသိဘူးခင်ဗျ။

ယောက်ျားဆိုတာ အိမ်ထောင်ဦးစီး၊ မိသားစုအတွက် ဦးဆောင်ပြီးဝင်ငွေရှာသူ၊ မိသားစုကို ရှာဖွေကျွေးမွေးသူဆိုတဲ့ တာဝန်ဆိုတာမျိုးက အစဉ်အလာတာဝန်ပါ။ အဲဒါနဲ့ တစ်ဆက်တည်းမှာ အိမ်တွင်းမှုအလုပ် သိမ်းထုပ်သေချာဆိုတာမျိုး ဟာလည်း အမျိုးသမီးတို့ရဲ့ အစဉ်အလာ တာဝန်ပါ။

အဲဒီ့ အစဉ်အလာတာဝန်ဆိုတာ အစဉ်အဆက်က ကျင့်သုံးခဲ့ကြလို့ မေးခွန်း သိပ်မထုတ်ကြဘဲ လူအများစုက အလွယ်တကူ လိုက်နာကျင့်သုံးနေတတ်တဲ့တာဝန်မျိုးသာ ဖြစ်ပါတယ်။ တကယ့်လက်တွေ့နယ်ပယ်မှာတော့ မိသားစုကို ရှာဖွေ ကျွေးမွေးနေတဲ့ မိန်းမသားတွေ ရှိနေပြီး ခင်ပွန်းသည်က မယားလုပ်စာထိုင်စားလင့်ကစား အိမ်ထောင် ဦးစီးနေရာမှာတော့ ယောက်ျားကသာ ရှိနေတဲ့ မိသားစုတွေလည်း ရှိပါတယ်။ (ကျွန်တော့်အိမ်မှာက လွဲရင်ပေါ့။ ကျွန်တော့် အိမ်မှာတော့ ကျွန်တော်က အိမ်ထောင်ဦးစီး၏ ခင်ပွန်းခင်ဗျ၊ ကျွန်တော့်ဇနီးက သာ အိမ်ထောင်ဦးစီးဖြစ်ပါတယ်။ နေရာတကာ လွဲတတ်တဲ့ ကျွန်တော်ဟာ သည်နေရာမှာလည်း လွဲပါတယ်။ သို့သော် ကျေကျေနပ်နပ်ကြီးကို လွဲနေတာပါ။)

အလားတူပဲ၊ အချက်အပြုတ်ကောင်းတဲ့ ယောက်ျား၊ အိမ်မှုကိစ္စကို နိုင်နင်းပြီး စေ့စပ်သေချာတဲ့ ယောက်ျားတွေ လည်း အများအပြား ရှိပါတယ်။

ပြောချင်တာက အစဉ်အလာ တာဝန်ဆိုတာကနေ မညီမျှမှု၊ ခွဲခြားမှု၊ နှိမ့်ချမှုတွေဖြစ်လာစေနိုင်တာမို့ အမျိုးသမီး၊ အမျိုးသား တန်းတူရေးဆိုတာက အရေးကြီးလာရပါတော့တယ်။

တစ်ခေတ်တစ်ခါက ဆရာဝန်၊ ရှေ့နေ၊ စာရင်းကိုင်၊ အင်ဂျင်နီယာဆိုတဲ့နေရာတွေမှာ အမျိုးသားတွေသာ ရှိခဲ့ပါတယ်။ ပညာသင်ပေးရင်တောင်မိန်းကလေးပဲ သေစာ၊ ရှင်စာလောက် တတ်ရင်တော်ပြီဆိုပြီး အလယ်တန်းလောက်နဲ့ ကျောင်းထွက် လိုက်ရတဲ့ အမျိုးသမီးတွေလည်းများခဲ့ပါတယ်။ အဲတော့ ရာထူးနေရာအတော်များများမှာ ယောက်ျားတွေပဲ ကြီးစိုးနေခဲ့တော့ တာပေါ့။

ဒါပေမယ့် အဲဒီ့အစဉ်အလာဟာ နှစ်ပေါင်း ၈ဝ-၉ဝ လောက်အတွင်းမှာတစတစနဲ့ အကြီးအကျယ် ပြောင်းလဲလာခဲ့တာမို့ ယနေ့ကာလမှာတော့ အမျိုးသမီးတွေကို အသက်မွေးမှုမျိုးစုံမှာ အုံနဲ့ ကျင်းနဲ့ တွေ့လာနေကြရပါပြီ။

သဘာဝ တာဝန်

သဘာဝတာဝန်ကတော့ သဘာဝတရားက ယောက်ျားရယ်၊ မိန်းမရယ်ဆိုပြီး သတ်မှတ်ပြဋ္ဌာန်းလိုက်ခြင်းနဲ့အတူ ပါရှိလာတဲ့ ခန္ဓာဗေဒ ကွဲပြားမှုပေါ် အခြေခံထားတဲ့ တာဝန်တွေ ဖြစ်ပါတယ်။ မိခင်၊ ဖခင်ဆိုတဲ့ တာဝန်ဟာ အဲဒီ့ သဘာဝတာဝန်ပါ။

သူနာပြုအလုပ်၊ မူကြိုဆရာ၊ မူလတန်းဆရာ အလုပ်မျိုးဟာ သဘာဝအရကို မိခင်စိတ်ရှိသူ အမျိုးသမီးတွေနဲ့ ပိုလို့ အပ်စပ်တဲ့ အသက်မွေးမှုလို့ ဆိုနိုင်ပေမယ့် ယောက်ျားတွေလည်း ဝင်လုပ်နိုင်တဲ့ အလုပ်မျိုး၊ တစ်နည်းပြောရရင်အစဉ် အလာ တာဝန်သာ ဖြစ်ပါတယ်။ ကုန်တင်ကုန်ချ လုပ်သားလို၊ အလေးအပင် မရတာလို ကာယအားကို အသုံးပြုရတဲ့ အလုပ်တွေမှာလည်း သဘာဝအရကိုခန္ဓာကိုယ် ပိုမိုကြံ့ခိုင်တဲ့ ယောက်ျားသားတွေနဲ့ ပိုလို့ အပ်စပ်သည့်တိုင်ယောက်ျား တွေနီးပါး ကိုယ်ကာယကြံ့ခိုင်သူ မိန်းမသားတွေလည်း ဝင်လုပ်နိုင်တာပါပဲ။

အလားတူ၊ ထမင်းဟင်းချက်တဲ့ အလုပ်၊ လျှော်ဖွပ်တဲ့ အလုပ်၊ အိမ်သန့်ရှင်းရေး အလုပ်များကို ယောက်ျားတွေ ဝင်လုပ်နေနိုင်ကြပေမယ့် ကလေးမွေးတဲ့အလုပ်၊ ရင်သွေးကို နို့ချိုတိုက်ကျွေးတဲ့ အလုပ်ကိုကျတော့ဝင်လုပ် လို့ မရတော့ပါဘူး။ အဲဒါဟာ သဘာဝက ပြဋ္ဌာန်းပေးလိုက်တဲ့ တာဝန်ဖြစ်ပါတယ်။

ပူးတွဲပါ တာဝန်

အဲသလို သဘာဝအရ ဘယ်လိုမှကို လက်ပြောင်းလို့ မရတဲ့ တာဝန်ကွဲလွဲမှုများနဲ့အတူ ကပ်ပါနေတာက သားသမီး ပျိုးထောင်ရေး အပိုင်းမှာ ဖြစ်ပါတယ်။ မွေးကင်းစမှသည် အသက် ၃-၄ နှစ်အထိအတွင်းမှာ ကလေးတိုင်းဟာ ဖခင်နဲ့ ထက် မိခင်နဲ့ နေရချိန်က အဆမတန် ပိုများပါတယ်။ ဒါ့ကြောင့်လည်း ပုဗ္ဗာစရိယမှာ အမေက ရှေ့ကနေပြီး မိနဲ့ ဖ ဖြစ်လာတာပါ။

မအေဆိုတာကလည်း ကလေးကို မြှူတဲ့အခါ ဆွံ့အမိခင်ကလွဲရင် ကျန်မိခင်တိုင်းက အသံနဲ့၊ စကားနဲ့ မြှူကြ ချော့ကြသူ ချည်းပါပဲ။ အဲဒီ့ကမှ ကလေးက စကားတတ်လာတာပါ။ ဒါ့ကြောင့်လည်း မိခင်ဘာသာစကားလို့သာ ခေါ်ဝေါ်ကြတာပါ။ ဖခင် ဘာသာစကားလို့ ဘယ်သူကမှ မခေါ်ကြပါဘူး။

မအေဆီက စကားတတ်လာသလိုပဲ နှုတ်ကြမ်းခြင်းဟာလည်း မအေ့ဆီမှာရာခိုင်နှုန်းအတော်များများ အခြေခံတာလည်း မလွဲပါဘူး။ ဖော့ဖယောင်းလို ပျော့ပျောင်းလှတဲ့ ကလေးတစ်ယောက်ရဲ့ အကျင့်စရိုက် ကို ပုံဖော်ယူတာဟာ အမိဝမ်းက ကျွတ်ပြီးနောက် ပထမ ငါးနှစ်အတွင်းမှာသာ ဖြစ်တယ်လို့ ပညာရှင်တွေက လက်ခံထားပြီးလည်း ဖြစ်ပါတယ်။ သည် ပထမ ငါးနှစ်အတွင်းမှာ ၉၉ ရာခိုင်နှုန်းသော ကလေးတွေဟာ မိခင်ရဲ့ လက်ပေါ်မှာသာ နေခဲ့ကြရတာလည်းပဲ ဖြစ်ပါတယ်။

ဒါကြောင့် လူသားတစ်ယောက် လူအဖြစ် ဖြစ်တည်လာရေးမှာ မိခင်ဟာ အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်။ ဘယ်သူမှ လုယူလို့ မရတဲ့ အခန်းကဏ္ဍလည်းပဲ ဖြစ်ပါတယ်။ အတုမဲ့လှ မိခင်ဘဝ ဒါ့ကြောင့် မိခင်တွေ ဆင်ခြင်ဉာဏ်ရှိနေဖို့က အလွန်အရေးကြီးလှပါတယ်။

မိခင်များ ဖြစ်လာကြမယ့် မိန်းကလေးငယ်တွေ စာတတ်ဖို့၊ စာတတ်ရာမှတစ်ဆင့် ဆင်ခြင်ဥာဏ် ရင့်သန်လာရေးအတွက် စာဖတ်ကြဖို့ အလွန်ကို လိုအပ်လှတာကို လူတိုင်း မြင်သင့်ကြပါပြီ။ ဒါဟာ ကျား-မ တန်းတူရေးအတွက် တကယ့်ကို အရေးပါလှတဲ့ ခြေလှမ်းလည်းပဲ ဖြစ်ပါတယ်။

ပုခက်လွှဲသော လက်က ကမ္ဘာကို ပိုင်စိုးနိုင်တယ်ဆိုတဲ့ စကားဟာအလကား စကား မဟုတ်ပါဘူး။ လေးလေးနက်နက် ဆင်ခြင်လေ အင်မတန်မှန်တဲ့စကားဖြစ်လေဆိုတာကို တစိမ့်စိမ့် စဉ်းစားကြည့်ရင် ပေါ်လွင်လာမှာပါ။

ဖြည့်စွက်ပြောရရင်တော့ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ ဥပဒေပြုရေး၊တရား စီရင်ရေးကဏ္ဍတွေမှာ အမျိုးသမီးတွေ နေရာယူလာခြင်းကလည်း လူ့ဘောင်အတွက် ပိုလို့ အပြုသဘောဆောင်တဲ့အကြောင်း သုတေသနတွေက ထင်ရှားပြဆိုခဲ့ပြီးလည်း ဖြစ်ပါတယ်။ မိခင်စိတ်ဆိုတဲ့ အမျိုးသမီးတို့ရဲ့ မွေးရာပါ၊ ယောက်ျားတွေ ဘယ်လိုမှ လိုက်တုလို့ မရနိုင်တဲ့ စိတ်ဓာတ်နဲ့ သည်တာဝန်တွေကို ထမ်းဆောင်ကြတဲ့အခါ စာနာစိတ်က နဂိုပါမို့ ပိုအောင်မြင်တဲ့ သာဓကတွေလည်း ရှိပါတယ်။

သည်တော့ကာ အမိယုတ် နှုတ်ကြမ်းလို့ အပြောခံရတဲ့အခါ မိန်းမတွေကို ဖဲ့ပြန်ပြီလို့ မမြင်သင့်ဘဲ သည်အချက် မှန်ကန်ကြောင်း အသာတကြည် လက်ခံရင်း အမိယဉ်များ ကျွန်တော်တို့ ဝန်းကျင်မှာ အလျဉ်ကောင်းကောင်းနဲ့ ပေါ်ထွက် လာရေးအတွက် ဝိုင်းဝန်းကြံဆ လုပ်ဆောင်သွားကြမယ်ဆိုရင် ပို မကောင်းဘူးလားဗျာလို့ မပြောရဲ ပြောရဲနဲ့ ဇွတ်မှိတ် ပြောလိုက်ရပြန်ပါပြီကော ခင်ဗျား။

အားလုံအတွက် တွေးဆဆင်ခြင်စရာ တစုံတရာရသွားမယ်လို့ မျှော်လင့်နေမိပါကြောင်း။

No comments:

Post a Comment