Saturday, February 13, 2016

နှစ်(၇ဝ)ခရီးတစ်ထောက် ခရီးပေါက်ခဲ့တဲ့ မြန်မာ့အသံ



ကိုဖိုးအေး(မြန်မာ့အသံ)

ပြန်ကြားပေးရန် မြန်မာ့အသံ
ပညာပေးရန် မြန်မာ့အသံ
ဖျော်ဖြေမှုပေးရန် မြန်မာ့အသံ မြန်မာ့အသံ
ပြည်သူ့အတွက် မြန်မာ့အသံ မြန်မာ့အသံ
ဟု ကြွေးကြော်ကာ ပြည်သူ့အကျိုးပြု အသံလွှင့်မီဒီယာနှင့် ရသပေးပြီး အနုပညာမြောက်စွာ ဆောင်ရွက်လာခဲ့သော မြန်မာ့အသံသည် ယခု ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် နှစ်(၇ဝ)ခရီးတစ်ထောက် ခရီးပေါက်လာခဲ့ပြီဖြစ်သည်။


မူလပထမ ကနဦးကာလမြစ်ဖျားခံရာ ဒေသနေရာကို ပြန်လည်ကြည့်ရှု သတိပြုလိုက်သော် ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာဒုံမြို့နယ်က ဝါယာလက်ဆိုသည့် နေရာကို တွေ့ရှိရပေမည်။ ထိုဝါယာလက်ဆိုသည့် နေရာ ကလေးမှ အသံလွှင့်လုပ်ငန်းသည်ကားပြည်သူ့အတွက် သန္ဓေတည်ပေါက်ဖွားအကျိုးများစွာကို ပေးတော့မည့် အစပြုရာ ကနဦးလုပ်ငန်းဆိုလျှင် မှားအံ့မထင်ပေ။ ၁၉၃၇ ခုနှစ် လွန်ခဲ့သော ၇၉ နှစ်၊ ထိုအချိန်၊ ထိုကာလက ထိုနေရာ၌ အသံလွှင့်စက်ကို တည်ကာ ကြေညာမည့်သူမပါဘဲ ဓာတ်ပြားသီချင်းသက်သက်နှင့်သာ စတင် ဖျော်ဖြေခဲ့ပေသည်။

ထို့နောက် ၁၉၃၈ ခုနှစ်သို့ ရောက်သောအခါ ရန်ကုန်မြို့ (၃၆)လမ်းရှိ ကြေးနန်းရုံးအောက်ထပ်ကို အသံ လွှင့်ရုံဖန်တီးကာ အသံလွှင့်ခဲ့သည်။

ထိုမှတစ်ဖန် ၁၉၄၂ ခုနှစ်တွင် မေမြို့(ယခုပြင်ဦးလွင်မြို့)မှ အသံလွှင့်။ နှစ်လခန့်အကြာ ဧပြီလတွင် အသံလွှင့်လုပ်ငန်း ခေတ္တချုပ်ငြိမ်းသွားပြီး ၁၉၄၂ ခုနှစ်တွင်ပင် ရန်ကုန်မြို့ ကမ္ဘာအေးစေတီလမ်းရှိ ချင်းချောင်း နန်းတော် (ယခုအနုပညာဦးစီးဌာန)၌ ၁၉၄၅ ခုနှစ်အထိ သုံးနှစ်မျှ အသံလွှင့်ခဲ့သည်။

ထိုမှတစ်ဖန် ရန်ကုန်မြို့လောင်းဝစ္စလမ်း (ယခု အင်းလျားမြိုင်လမ်း) အသံလွှင့်ရုံမှ ၁၉၄၈ ခုနှစ်အထိ အသံလွှင့်ခဲ့သည်။
ထို့နောက် ၁၉၄၈ ခုနှစ်မှ ၁၉၆ဝ ပြည့်နှစ်အထိ ဝင်ဒါမီယာ ကရဆင့်တွင် အသံလွှင့်ခဲ့သည်။

၁၉၆ဝ ပြည့်နှစ်၌ ရန်ကုန်ပြည်လမ်းအသံလွှင့်ရုံကြီးသို့ ပြောင်းရွှေ့အသံလွှင့်ခဲ့သည်။ ပြည်လမ်းအသံလွှင့်ရုံ ကြီး၌ကား မြန်မာ့အသံသည် ထွားထွားကြိုင်းကြိုင်းကြီးဖြစ်လာပြီး မိခင်မြန်မာ့အသံသည် သားဦးရတနာ ရုပ်သံသာကို မွေးဖွားပေးလိုက်ပြီး နှစ်ဖြာသောသားအမိတို့သည် ၂ဝဝ၈ ခုနှစ်ခန့်မှစ၍ ခြောက်သွေ့ပူအိုက်၊ အေးလျှင်လည်း တခိုက်ခိုက်ရှိလှသော တပ်ကုန်းမြို့၏အနီး နှစ်မိုင်ခန့်ဝေးသည့် လွင်တီးခေါင်အရပ်သို့ သွားရောက်တည်ဆောက်အထိုင်ချရကာ ပြည်သူ့အကျိုးဆက်လက်သည်ပိုးလျက်ရှိ နေရပါတော့သည်။ နာမသညာ ဒေသအား ကင်ပွန်း တပ်လိုက်ရသည်ကား ''နေပြည်တော်တပ်ကုန်း''ဟူ လေသတည်း။

ဤသို့ဤနှယ် အနယ်နယ်အရပ်ရပ်သို့ ဟိုပြောင်းဒီပြောင်းနှင့်တပြောင်းပြောင်း ပြောင်းရွှေ့လာခဲ့ရသော မြန်မာ့အသံ၏ အရွေ့များတွင် ထူးခြားသော ကာလတစ်ခုကား ရှိခဲ့ပေသည်။ ထိုကာလကား ၁၉၄၆ ခုနှစ်ဖြစ်ပေသည်။

ဤနှစ် ဤကာလ၌ ဗြိတိသျှတို့၏ စစ်ဘက်အုပ်ချုပ်ရေးခေတ်မှ ကက်(စ်)ဘီခေါ် အရပ်ဘက်မြို့ ပြဆိုင်ရာ အစိုးရ အုပ်ချုပ်ရေးခေတ်သို့ ပြောင်းလိုက်သော အရွေ့တစ်ခုဖြစ် ပေါ်လာသည်။ ဤအရွေ့၌ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ် အောင်ဆန်းသည် ဘုရင်ခံ၏ အတိုင်ပင်ခံအဖွဲ့ဝင်ဖြစ်လာ သည်။ ထို့ကြောင့် ထိုကာလက အသံထုတ်လုပ်မှုလုပ်ငန်း သည်လည်း မြို့ပြဆိုင်ရာအစိုးရအုပ်ချုပ်ရေးအောက်သို့ ရောက်ရှိလာ ခဲ့သည်။

ထိုအခါ ထိုအစိုးရအဖွဲ့က အသံလွှင့်ခြင်းအနုပညာ၌လည်းကောင်း၊ အင်္ဂလိပ်-မြန်မာနှစ်ဘာသာ၌လည်းကောင်း ကျွမ်းကျွမ်းကျင်ကျင်ဖြင့် အရည်အချင်းနှင့်ပြည့်စုံသော ပုဂ္ဂိုလ်ထူးတစ်ယောက်ကို သွားတွေ့လေသည်။ ထိုပညာရှိ ကား ရန်ကုန်တက္ကသိုလ် ပိဋကတ်တိုက်မှူး ဦးခင်ဇော် (K) ဖြစ်သည်။ ဦးခင်ဇော် (K) သည် လန်ဒန်မြို့ရှိ ဘီဘီစီအသံ လွှင့်ဌာန မြန်မာပိုင်းအစီအစဉ်တွင်လည်းကောင်း၊ နယူးဒေလီမြို့ အောအင်ဒီးယားအသံလွှင့်ဌာန မြန်မာပိုင်းအစီ အစဉ်တွင်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သူဖြစ် သည်။ ဤသို့ အသံလွှင့်ပညာအတွေ့အကြုံလည်းရှိ မြန်မာ၊ အင်္ဂလိပ်အနုစာပေ ပညာလည်းရှိသော ဦးခင်ဇော် (K) ကို ခေါ်ယူ၍ မြန်မာနိုင်ငံအသံလွှင့်လုပ်ငန်းကို ကြီးမှူး ဖွဲ့စည်းဆောင်ရွက်ရန် တာဝန်ပေးအပ်လိုက်လေသည်။

ဦးခင်ဇော်လည်း ပြည်သူနှင့်ဌာနတို့၏ အကျိုးငှာ ၁၉၄၆ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်တွင် ''ဗမာ့အသံ''(Burma Broadcasting Service) BBS အမည်နာမကင်ပွန်းတပ်ကာ အသံလွှင့်လုပ်ငန်းအခန်းကဏ္ဍသစ်ကို စတင်ဖွင့်လှစ်လိုက်လေသည်။ ဤသို့ ဗမာ့အသံ BBS ဟူ၍ အောင်မြင်စွာ မွေးဖွားသန့်စင်ခဲ့သော အချိန်မှစ၍ ယခု ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၅ရက်နေ့တည်းဟူသော မြန်မာ့ အသံနှစ် ၇ဝ ပြည့် နှစ်ပတ်လည်နေ့ကို ရောက်ရှိလာသည့် ခရီးတာအတွင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည် ပြည်သူလူထုအတွက် သတင်းနှင့်ဗဟုသုတအချက် အလက်များအပြင် ဖျော်ဖြေတင်ဆက်ခြင်းများအား ဖြန့်ဖြူး ပေးနိုင်ခဲ့သည်။

ပြည်သူလူထု၏ အတွေးအခေါ်သဘောထား၊ ရှုမြင်ပုံ သဘောထားတို့အပေါ် သြဇာသက်ရောက်စွာဖြင့် လူထု ဆက်သွယ် ရေးလုပ်ငန်း၏ အခန်းကဏ္ဍကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (Myanma Radio and Television) MRTVသည် လူထုဆက်သွယ်ရေး (Mass Media) သို့မဟုတ် Mass Communication စနစ်တစ်ခုဖြစ်သည်။ ဤစနစ်သည် လူမှုရေး၊ စီးပွားရေး၊ စစ်ရေးနှင့်နိုင်ငံရေးတို့တွင် အထူးအရေးပါသည်။ ခေတ်မီဆက်သွယ်ရေးနည်းပညာများသည် လည်း ခေတ်အဆက်ဆက် ဖွံ့ဖြိုးတိုးတက်လာခဲ့ပေသည်။

ဤသို့ ခေတ်အဆက်ဆက် မြန်မာ့အသံနှင့် ရုပ်မြင်သံ ကြားတို့၏ ဤခရီးသည် နီးသလား၊ ဝေးသလားဟု ဆန်းစစ် ၍ မြန်မာနိုင်ငံအသံလွှင့်လုပ်ငန်းကို ကနဦးအစ ပထမ ဖန်တီးတည်ဆောက်ပေးခဲ့သူများကိုလည်း မေ့မထားသင့် ပေ။ ကျေးဇူးရှိသည်။ ဂုဏ်ပြုသင့်သည်။မှတ်တမ်းတင်အပ် ပါသည်။ အသံလွှင့်လုပ်ငန်း၏ပထမအစ ခေတ်ဦးကာလ ဖြစ်သော ၁၉၃၇ ခုနှစ်၌ စတင်အသံလွှင့်သူအင်ဂျင်နီယာ များကား မစ္စတာကေ၊ ဂျေ၊ မက်ကွိုင်းနှင့်အဖွဲ့ဖြစ်သည်။ စစချင်း ဓာတ်ပြားသီချင်းများကိုသာ အသံလွှင့်ပေးနိုင်ခဲ့ သည်။

ထို့နောက် ပန်းဆိုးတန်းကြေးနန်းရုံးအောက်ထပ်တွင် ဦးထွန်းညို၊ ဦးတင်လှိုင်၊ ဦးမောင်မောင်၊ မစ္စတာ ကေ၊ ဂျေ၊ မက်ကွိုင်း၊ မစ္စတာ ဂရို့တို့က မြန်မာ၊ အင်္ဂလိပ်၊ ဟိန္ဒူစတန်နီဘာသာဖြင့် သတင်းနှင့်ဟောပြောချက်များကို အသံလွှင့်ခဲ့သည်။ ထိုစဉ်ကအသံလွှင့်လုပ်ငန်းအတွက် သတင်းဌာနဟူ၍ သီးသန့်မရှိသေး။ အသံလွှင့်ရန် အင်္ဂလိပ်၊ မြန်မာသတင်းများကို ရိုက်တာသတင်းဌာန (Reter News Agency) မှ ဝယ်ယူရသည်။ ထိုစဉ်က နောင်အခါ အသံလွှင့်လုပ်ငန်းသို့ ဝန်ထမ်းအဖြစ်ဝင်ရောက်လာမည့် ဦးကျော်ညိန်း(မာတလိ)သည် အဆိုပါ ကြေးနန်းသတင်း ဌာနတွင် လက်ထောက်အယ်ဒီတာအဖြစ် ထမ်းဆောင်နေ သဖြင့် အသံလွှင့်ရန်သတင်းများကို ဘာသာပြန်ဆိုပေးခဲ့ရလေသည်။ ထို့နောက် ထိုကြေးနန်းရုံးကြီးအောက်ထပ်မှ အသံလွှင့်နေသော အသံလွှင့်ရုံကို (Burma State Broadcasting Service) မြန်မာနိုင်ငံအသံလွှင့်ဌာနဟု ၁၉၃၉ ခုနှစ် အောက်တိုဘာ ၁ရက်တွင် ဌာနအမည်ကြေညာလိုက် သောအခါ ဦးကျော်ညိန်းသည် အသံလွှင့်ဌာနဘက်သို့ ကူးပြောင်း၍ စတင်တာဝန်ထမ်းဆောင်ခဲ့သည်။

ထိုကနဦးကာလ အသံလွှင့်ဌာန၌ ပြင်ပမှနေ၍ လာရောက်အသံလွှင့်ဟောပြောသူ ပုဂ္ဂိုလ်များမှာ ပညာဝန် ဦးစိန်ရွက်၊ အမျိုးသားပညာဝန်ဦးဖိုးကျား၊ ရွှေပြည် ဦးဘတင်၊ ဦးဖိုးလတ်၊ သီဟိုဠ်(ယခုသီရိလင်္ကာနိုင်ငံ) နိုင်ငံ သံအမတ်ကြီးဟောင်း ဦးတင့်ဆွေ၊မြန်အောင်ဦးတင်၊ ဒေါ်မမခင်တို့ဖြစ်သည်။ပညာအုပ်ဦးရွှေမြက ကလေးများ အခန်းကို အသံလွှင့်သည်။ဥပုသ်နေ့များတွင် ဓမ္မကထိက ကျိုက်ဝိုင်းဦးအိန္ဒက က ဗုဒ္ဓတရားတော်များ ဟောကြားသည်။

ထိုစဉ်က သောတရှင် ပြည်သူများအား တိုက်ရိုက် ဖျော် ဖြေကြသော ကာလပေါ်တီးဝိုင်းအဖွဲ့များမှာ ရွှေပြည်အေး၊  အေဝမ်း ခင်မောင်၊ တက္ကသိုလ်စိုး၊ ဂီတာစိမ်းမောင်၊ ဂီတာ ဘစောကြည်၊ စာဆိုရွှေတိုင်ညွန့်၊ တက္ကသိုလ်မောင်မောင် လှလှ၊ အေဝမ်းဖလင်၊ စိန်ပါတီ တူရိယာအဖွဲ့များဖြစ်သည်။ သီချင်းကြီးတူရိယာတီးဝိုင်းများမှာ မတင်အုန်း၊ ကိုအလီ၊  ဆရာစိုး၊ သန်လျင်မြဦး၊ မောင်မောင်ကျော်ငြိမ်း၊ မြန်မာ ညွန့်ဦးချစ်မောင်အဖွဲ့များဖြစ်သည်။

အသံလွှင့်ခေတ်ဦးကာလ အသံလွှင့်အနုပညာရှင် (broadcaster)များမှာ စောစောပိုင်းက တင်ပြခဲ့သော  ပုဂ္ဂိုလ်များအပြင် ခေတ်ဦးကာလ အလယ်ပိုင်းနှင့်နှောင်း ပိုင်းများ၌ အသံလွှင့်ခဲ့သူများမှာ ဦးကြီးတင်(နောင် လက်ထောက်ညွှန် ကြားရေးမှူး(အသံလွှင့်) )ဦးသန်းကြွယ် (နောင်ဗိုလ်မှူးသန်းကြွယ်)၊ ဒေါ်မေမေသန်း၊ကိုကျော်စိန် (နောင်ဗိုလ်မှူးကြီး ကျော်ဆန်း၊ ညွှန်ကြားရေးမှူးချုပ်)တို့ ဖြစ်သည်။ ဦးကျော်ညိန်း(နောင်ညွှန်ကြားရေးမှူး(အသံလွှင့်)နှင့် ဦးကြီးတင် (နောင်လက်ထောက်ညွှန်ကြားရေးမှူး) တို့သည် ဆိုရှယ်လစ် ခေတ်ပြောင်းတော်လှန်ရေးခေတ် အထိ တာဝန်ထမ်းဆောင်ခဲ့သူများဖြစ်သည်။

အသံလွှင့်စက်မှုဘက်ဆိုင်ရာ အင်ဂျင်နီယာများမှာ ဦးသန်းတင်(နောင်ဗိုလ်မှူးကြီးသန်းတင်)၊ Richard Kyaung (နောင်ဗိုလ်မှူးကြီးသူရစံလင်း)၊ ဦးသိုက်ဒိုး၊ ဦးပါလေး၊ဦးမောင်မောင်လှိုင်၊ ဦးဖိုးကျားတို့ဖြစ်သည်။ ထို စဉ်မှစ၍ ဆိုရှယ်လစ်ခေတ်အထိ တစ်ဆက်တည်းအမှုထမ်း ဆောင်ခဲ့သူ အသံလွှင့်အင်ဂျင်နီယာများမှာ Mr.P.K.Sen ခေါ် ဦးဝင်းမောင်(နောင် အင်ဂျင်နီယာချုပ်)၊ ဦးစိုးဝင်း (နောင်အကြီးတန်းအင်ဂျင်နီယာ)၊ ဦးအောင်ခင်(နောင် အင်ဂျင်နီယာချုပ်)၊ ဦးမျိုးနိုင်(နောင်လက်ထောက်အင်ဂျင်နီယာ)၊ ဦးကြိုင်၊ ဦးသိန်းလွင်(နောင်အကြီးတန်းစက်မှု လက်ထောက်) တို့ ဖြစ်သည်။

ချင်းချောင်းနန်းတော်အသံလွှင့်ရုံ၊ လောင်းဝစ္စလမ်း အသံလွှင့်ရုံ၊ ဝင်ဒါမီယာ ကရဆင့်အသံလွှင့်ရုံ၊ ပြည်လမ်း  အသံလွှင့်ရုံအထိ နောက်ပိုင်းဆက်တိုက်အသံလွှင့်ခဲ့သူများမှာ ဦးသန်းမြင့်(ကမ္ဘာ့ဂီတ-နောင်လက်ထောက်ညွှန်မှူး (ဂီတ)၊ ဦးတင်ဦး(နောင်ညွှန်မှူး/အသံလွှင့်)၊ ဦးကျော်မင်း (နောင်ညွှန်ကြားရေးမှူးချုပ်)၊ ဦးညွန့်တင်(နောင်မြန်မာ ပိုင်း အစီအစဉ်မှူး)၊ စန္ဒရားဦးအောင်ခင် (နောင်မြန်မာပိုင်းအစီအစဉ်မှူး)၊ ဒေါ်သန်းနှစ်၊ ဒေါ်တင်ညွန့်၊ ဒေါ်မေရှင် (ရုပ်ရှင်မင်းသမီးကြီး)၊ ဒေါ်မူမူမြင့်၊ ဒေါ်ခင်ကြည်၊ ဒေါ်လှညွန့်တို့ဖြစ်သည်။

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ခေတ်အဆက်ဆက်၌ တာဝန်ထမ်းဆောင်ခဲ့သော ညွှန်ကြားရေးဝန်များနှင့် ညွှန်ကြားရေးမှူးချုပ်များမှာ ဦးခင်ဇော်(K) (၁၉၄၆ ဇန်နဝါရီမှ ၁၉၄၈ ခုနှစ်အထိ)၊ ဦးထင်ဖတ် (၁၉၄၈ခုနှစ်)၊ ဦးသန့် (ပန်းတနော်ဦးသန့်) (နောင်ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်) ၁၉၄၈ခုနှစ်၊ ဦးခင်ဇော် (K) (၁၉၄၈ ခုနှစ် သြဂုတ်လမှ ၁၉၆၂ ခုနှစ် ဇွန်လအထိ ဒုတိယအကြိမ်ပြန်လည်ထမ်းဆောင်ခြင်း၊ ဦးဖေသော် (၁၉၆၂ ခုနှစ် ဇွန်လမှ ၁၉၆၃ ခုနှစ် ဒီဇင်ဘာလအထိ)၊ ဗိုလ်မှူးစိုးမြင့်ဝင်း (၁၉၆၄ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ)၊ ဗိုလ်မှူးကျော်ဆန်း (သုခိအောင်) (၁၈-၈-၆၄မှ ၂၁-၅-၇၁အထိ)၊ ဒုတိယဗိုလ်မှူးကြီးတင်မောင်ကြည် (၂၂-၅-၇၁မှ ၂၂-၂-၇၉အထိ)၊ ဗိုလ်မှူးကြီးတင်အောင်ထွန်း (၂၃-၂-၇၉ မှ ၁၇-၄-၈၆ အထိ)၊ ဦးကျော်မင်း(မြန်မာ့အသံကျော်မင်း) (၁၈-၄-၈၆ မှ ၂၆-၄-၈၉အထိ)၊ ဒုတိယဗိုလ်မှူးကြီးသန်းထွဋ် (၂၇-၄-၈၉ မှ ၂၉-၄-၉ဝ)၊ ဦးကြည်လွင် (၃ဝ-၄-၉ဝ မှ ၃ဝ-၆-၉၈အထိ)၊ ဦးခင်မောင်ဌေး (၁-၇-၉၈)၊ ဦးသိန်းအောင်၊ ဦးတင့်ဆွေ၊ ယခုဦးမြင့်ထွေးတို့ဖြစ်သည်။ နှစ်(၇ဝ)ခရီးအတွင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ညွှန်ကြားရေးဝန်နှင့် ညွှန်ကြားရေးမှူးချုပ် စုစုပေါင်း ၁၅ ဦးတို့က အသံလွှင့်လုပ်ငန်းနှင့် ရုပ်မြင်သံကြားတွင် တာဝန်ယူ ဆောင်ရွက်ခဲ့ကြသည်။

ခေတ်လယ်ပိုင်း ဝင်ဒါမီယာအသံလွှင့်ရုံနှင့် ပြည်လမ်း အသံလွှင့်ရုံတို့တွင် အသံလွှင့်ခဲ့ကြသော ကာလပေါ် တူရိယာတီးဝိုင်းများမှာ အလင်္ကာကျော်စွာရွှေပြည်အေး ခေါင်းဆောင်သော ဂီတရှေ့ဆောင်တူရိယာအဖွဲ့၊ တက္ကသိုလ်စိုးခေါင်းဆောင်သော တက္ကသိုလ်စိုးတူရိယာ အဖွဲ့၊ ရန်နိုင်ဆွေခေါင်းဆောင်သော ရန်နိုင်ဆွေတူရိယာအဖွဲ့၊ ဦးအံ့ကြီးခေါင်းဆောင်သော ဘီတီဘရသား အပျော်တမ်းတူရိယာအဖွဲ့၊ အဆိုတော်ကိုရဲအောင်ခေါင်းဆောင် သော ချိုတေးရှင်တူရိယာအဖွဲ့၊ ဒဂုံခင်ခေါင်းဆောင်သော  ဒဂုန်ခင်တူရိယာအဖွဲ့၊ ရွှေဂုံရိပ်သာတူရိယာအဖွဲ့၊ အောင်မင်္ဂလာတူရိယာအဖွဲ့၊ ဂျူပလီစိန်ခေါင်းဆောင် သော အရှေ့ပိုင်းတူရိယာအဖွဲ့၊ ကိုအောင်ကိုးခေါင်းဆောင် သော ချိုတေးဆက်တူရိယာအဖွဲ့၊ ကိုဌေးအောင် ခေါင်းဆောင်သော မောင်ဌေးအောင်တူရိယာအဖွဲ့၊ ဦးစိမ်းမောင်ခေါင်းဆောင်သော ဂီတဆရာ ဦးစိမ်းမောင်တူရိယာအဖွဲ့(ဂီတခေတ်ပြင်တူရိယာအဖွဲ့)၊ ပျော်တော် ဆက်တူရိယာအဖွဲ့၊ တေးသစ်လွင် တူရိယာအဖွဲ့၊ စန္ဒရား အေဝမ်းခင်မောင် ခေါင်းဆောင်သော စန္ဒရား အေဝမ်းခင်မောင်တူရိယာအဖွဲ့၊ ဂီတာအေဝမ်းကြည်အေး ခေါင်းဆောင်သော ဂီတာအေဝမ်းကြည်အေးတူရိယာ အဖွဲ့၊ လင်းခေးလုလင်ခေါင်းဆောင်သော စစ်ရဲဂီတ တူရိယာအဖွဲ့၊ ဂီတာတင်အုန်း ခေါင်းဆောင်သော သစ်ဆန်းဂီတတင်အုန်းတူရိယာအဖွဲ့၊ ဂီတာဝိဇ္ဇာ ဘစောကြည်ခေါင်းဆောင်သော ဂီတာဝိဇ္ဇာ ဘစောကြည် အဖွဲ့၊ တေးတန်ဆောင်တူရိယာအဖွဲ့၊ ကိုတင်အောင် ခေါင်းဆောင်သော ရဲသီဟတူရိယာအဖွဲ့၊ ဂီတနက်သန် ကိုစောညိန်းနှင့် ဂီတနက်သန်ကိုအုန်းလွင်ခေါင်းဆောင် သော ဂီတနက်သန်တူရိယာအဖွဲ့၊ ဂီတလုလင်မောင်ကိုကို ခေါင်းဆောင်သော မောင်ကိုကိုတူရိယာအဖွဲ့၊ မောင်းမကန် ခင်အေးခေါင်းဆောင်သော မောင်းမကန်ခင်အေး တူရိယာ အဖွဲ့၊ ဒေါပုံအစိုးရသင်္ဘောကျင်းတူရိယာအဖွဲ့၊ ဂီတစာဆို ကိုလှနီခေါင်းဆောင်သော ဂီတစာဆိုတူရိယာအဖွဲ့၊ စိန်မြမောင်ခေါင်းဆောင်သော စိန်မြမောင်တူရိယာအဖွဲ့၊ လှဦးမောင်ခေါင်းဆောင်သော ချိုတေးမာလာ အပျော်တမ်း တူရိယာအဖွဲ့၊ စန္ဒရားနီနီခေါင်းဆောင်သော စန္ဒရား နီနီတူရိယာအဖွဲ့၊ ကိုခင်မောင်လတ်ခေါင်းဆောင်သော တေးရှင်အပျော်တမ်းတူရိယာအဖွဲ့၊ စန္ဒရားကိုအောင်ခင် ခေါင်းဆောင်သော စန္ဒရားအောင်ခင် အပျော်တမ်းတူရိယာအဖွဲ့၊ ကိုသောင်းခေါင်းဆောင်သော ဂီတမြတ်မွန်တူရိယာအဖွဲ့၊ စန္ဒရားကွန်းဇော် ခေါင်းဆောင်သော စန္ဒရားကွန်းဇော်တူရိယာအဖွဲ့၊ ကိုလေးအောင် ခေါင်းဆောင်သော မြတ်မွန်ထံတျာအပျော် တမ်းတူရိယာအဖွဲ့၊ အလင်္ကာကျော်စွာ စိန်ဝေလျှံခေါင်းဆောင်သော စိန်အပျော်တမ်းတူရိယာအဖွဲ့၊ တေးသံသာ အပျော်တမ်းတူရိယာအဖွဲ့၊ စစ်ရုံးအပျော်တမ်းတူရိယာအဖွဲ့၊ စန္ဒရား မောင်ဟန်ဝင်းခေါင်းဆောင်သော တာမွေတန်းမြင့် ကျောင်းမာဃအပျော်တမ်းတူရိယာအဖွဲ့၊ စန္ဒရား မောင်ဟန်ဝင်းခေါင်းဆောင်သော စန္ဒရားမောင်ဟန်ဝင်း အပျော်တမ်းတူရိယာအဖွဲ့၊ တက္ကသိုလ်မိုးကြည် ခေါင်းဆောင်သော တက္ကသိုလ်ကြေးမုံ အပျော်တမ်းတူရိယာအဖွဲ့၊ ကိုကျော့မှူးခေါင်းဆောင်သော မြင့်သီရိအပျော်တမ်း တူရိယာအဖွဲ့၊ တေးဆုမွန် အပျော်တမ်းတူရိယာအဖွဲ့၊ ကိုကိုကြီးခေါင်းဆောင်သော အချက်ပြဆက်သွယ်ရေးတပ် အပျော်တမ်းတူရိယာအဖွဲ့၊ စန္ဒရားမြင့်နွယ် ခေါင်းဆောင်သော စန္ဒရား မြင့်နွယ်တူရိယာအဖွဲ့၊ ဂီတတေးသံအပျော်တမ်းတူရိယာအဖွဲ့၊ မန္တလေးမြို့မတူရိယာအဖွဲ့၊ ကိုလှဝေ ခေါင်းဆောင်သော မေတ္တာရိပ်မြုံ အပျော်တမ်းတူရိယာအဖွဲ့၊ ကိုပါကြီး ခေါင်းဆောင်သော နွဲ့နှောင်းတံတျာတူရိယာအဖွဲ့၊ စန္ဒရားကိုနွယ် လေးခေါင်းဆောင် သော ချိုဆုဝေအပျော်တမ်းတူရိယာအဖွဲ့၊ ဂီတာတင်ညွန့်ခေါင်းဆောင်သော ဂီတသဇင်အပျော် တမ်းတူရိယာအဖွဲ့၊ မောင်မောင်လတ်ခေါင်းဆောင်သော ပွင့်ဦးနွယ်နီအပျော် တမ်းတူရိယာအဖွဲ့၊ ကိုလှပန်းခေါင်းဆောင်သော ကဗျာတံတျာ အပျော်တမ်းတူရိယာအဖွဲ့၊ ကိုလှထွဋ်နှင့် သောင်း သောင်းနုတို့ခေါင်းဆောင်သော သီရိထံတျာအပျော်တမ်း တူရိယာအဖွဲ့၊ ကိုမောင်မောင်ကြီး ခေါင်းဆောင်သော ဂီတလုလင်အပျော်တမ်းတူရိယာအဖွဲ့၊ မြန်မာ့လေတပ်မတော် အပျော်တမ်းတူရိယာအဖွဲ့တို့ဖြစ်ပါသည်။

ဤတူရိယာအဖွဲ့များသည် မြန်မာ့အသံ၏ ဖျော်ဖြေပေးရန်ဆိုသည့် ရည်ရွယ်ချက်ကို ကြီးမားစွာ အထောက်အကူပြုခဲ့သည်။ တစ်ခေတ်တစ်ခါက ခေတ်စားခဲ့သော တူရိယာ တီးဝိုင်းများ ဖြစ်သည်။ ဤတီးဝိုင်းများက ပေါ်ပြူလာသီချင်းမြောက်မြားစွာကို အမွေထားခဲ့သည်။ မြန်မာ့အသံ၏ သမိုင်းရေစီးကြောင်းပင်။ မြန်မာ့အသံနှင့် မြန်မာ့အသံ၏သောတရှင်များအား ကြီးမားစွာအကျိုးပြုခဲ့သည့် ဤသို့သော မြန်မာသံ တူရိယာအဖွဲ့မျိုးများ ပြန်လည်ခေတ်စားလာသင့်သည်။ မြန်မာသံတီးဝိုင်းများကို လွမ်းမိပါသေးတော့သည်။

မြန်မာ့အသံရေဒီယိုသည် ၁၉၄၆ ခုနှစ်မှစ၍ ''ဗမာ့ အသံ'' ဟုကင်ပွန်းတပ်ကာ သမိုင်းမှတ်တိုင်တစ်ခုကို စတင်ထူထောင်ခဲ့သည်။ မြန်မာ့ရုပ်မြင်သံကြားသည် ၁-၁၁-၈ဝ မှစ၍ ဆည်းဆာရောင်ခြည်အလှဝေစည်ကာ အရှေ့ကနေဝန်းထွက်သည့်ပမာ ပြည်သူ့အတွက် အမှောင်ခွင်း၍ အလင်းဆောင်ခဲ့သည်။ မြန်မာ့အသံ၏ နှစ် (၇ဝ)ပြည့်ခရီးတွင် ကြီးမားထင်ရှားသော လှပတင့်တယ် ရှုချင်စဖွယ်ကောင်းလှသည့် ရောင်စုံပန်းချီကားချပ်ကြီး တစ်ခုကို ထင်လင်းသိသာစွာ မယိုင်မလဲ မဏ္ဍိုင်စွဲပြီး ခိုင်မြဲစွာ ထောင်ပြလိုက်ခြင်း ဖြစ်သည်။

မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသည် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးစသည့် ပညာပေးအစီ အစဉ်များဖြင့် အစိုးရဌာန အသံထုတ်လွှင့်မှုနှင့် ရုပ်မြင်သံကြားထုတ်လွှင့်မှုလုပ်ငန်း (Government Broadcasting) ဖြစ်သည့်အတိုင်း နိုင်ငံတော်အစိုးရက ချမှတ်ပေးထားသော  မူဝါဒအတိုင်း ဆောင်ရွက်လာနိုင်ခဲ့သည်။ ဤခရီးအတွင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည် မိမိမီဒီယာစွမ်းအားဖြင့် ပြည်သူများအား မှန်ကန်သောအသိအမြင် အတွေးအခေါ်များ၊ ပြည်ထောင်စုစိတ်ဓာတ်၊ စစ်မှန်သောမျိုးချစ် စိတ်ဓာတ်များ ရှင်သန်ထက်မြက်စေရန် အမျိုးသားရေးအမြင်ဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ပေသည်။ ၁၉၄၆ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့မှစ၍ ယခု ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီ  ၁၅ ရက်အထိ မြန်မာ့အသံ၏ နှစ်(၇ဝ)ခရီးတွင် မြန်မာ့အသံ သည် သတင်းများ၊ အစိုးရမူဝါဒများ၊ သဘောထားများ၊ ကြေညာချက်များ၊ အမိန့်များ၊ ဥပဒေများစသည့် ထုတ်လွှင့်ချက်များဖြင့် ပြည်သူအား ပြန်ကြားပေခဲ့သည်။တန်ဖိုးရှိသော သင်ခန်းစာများ၊ ဗဟုသုတများ၊ ဆင်ခြင်တုံ တရားများ၊ အသိတရားများနှင့် ပြည့်ဝစေရန် ပြည်သူအား ပညာပေးခဲ့သည်။ပြည်သူများအပန်းဖြေနေကြသည့်အချိန်များတွင် စိတ်ကြည့်နူးချမ်းသာမှု၊ စိတ်၏နှစ်သိမ့်မှုရှိစေရန် ဖျော်ဖြေပေးခဲ့သည်။

ထိုအကျိုးပြုလုပ်ငန်းများအပြင် ပြည်သူများပိုမို၍ အကျိုးထူးရစေရန် စံချိန်မီရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်မှုတွင် အများပါဝင်ဆောင်ရွက်နိုင်သည့် စနစ်တစ်ခုကို ဆောင်ရွက်ပေးသင့်သည်။ လွတ်လပ်ပြီး အမှီအခိုကင်းရန်လိုအပ်ပါသည်။ စီးပွားရေးအရထုတ်လွှင့်ခြင်း (Comercial Broadcasting) ၊ စီးပွားဖြစ်မဟုတ်သည့် ထုတ်လွှင့်ခြင်း၊ ဌာနပိုင်ရုပ်သံနှင့် အသံထုတ်လွှင့်ခြင်း(Governm-ent Broadcasting) များတွင် ညီညွတ်မျှတစွာ ဖွံ့ဖြိုးရန်လိုအပ်ပေသည်။ ပြည်သူ့သဘောထားအမြင်များကို ဖော်ဆောင်သည့် မီဒီယာဗဟုဝါဒကို မြှင့်တင်ရန်လည်း လိုအပ်မည်ဖြစ်ပါသည်။ လှိုင်းနှုန်းစဉ်နှင့် လိုင်စင်ခွင့်ပြုခြင်း လုပ်ထုံးလုပ်နည်းများ ရှိလာပါမည်။ ဤကိစ္စ၌ တရားမျှတရန်လိုအပ်လာမည်ဖြစ်သည်။ ဓမ္မဓိဋ္ဌာန်ကျရန် လိုအပ်ပါမည်။ ခွဲခြားဆက်ဆံမှုမပြုရန် အရေးကြီးပါသည်။ ထိထိရောက်ရောက်အကျိုးရှိပြီး ပွင့်လင်းမြင်သာမှုရှိရန် လိုပါမည်။ နိုင်ငံတော်တစ်ဝန်းလုံးတွင် ဤဝန်ဆောင်မှုလုပ်ငန်းများပျံ့နှံ့စွာ ရောက်ရှိရန် ဆောင်ရွက်သင့်ပါသည်။ မီဒီယာသဘောတရားအရ သတိကင်းမဲ့စွာ ဘက်လိုက်မသွားမိရန်လည်း လိုအပ်ပါသည်။

အသံထုတ်လုပ်မှု စတူဒီယိုနှင့် ရုပ်သံထုတ်လုပ်မှု စတူဒီယိုတွင် ထုတ်လုပ်မှုလုပ်ငန်းမရှိပါက ကုန်ကျစရိတ် လေ လွင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် အသံထုတ်လုပ်၊ ထုတ်လွှင့်မှုအတွက် ဝန်ဆောင်မှုကုန်ကျစရိတ်၊ ရုပ်သံ ထုတ်လုပ်မှုနှင့် ထုတ်လွှင့်မှုကုန်ကျစရိတ်၊ ဝန်ထမ်းများ၏ လစာစရိတ်။ စုစုပေါင်းကုန်ကျစရိတ်(တစ်လစာ)ကို အခြေခံ၍ တစ်လအတွင်းထုတ်လွှင့်မှု တစ်စက္ကန့်လျှင် မည်မျှ ကုန်ကျစရိတ်ကျနေသည်ကို တွက်ချက်ကြည့်မည်ဆိုပါက ရင်သပ်ရှုမောဖွယ်ရာ ဖြစ်ကောင်းဖြစ်မိမည်ဖြစ်သည်။ အိမ်အခန်းတစ်ခန်းကို မငှားဘဲ ပစ်ထားပါက ငှားခ ဝင်ငွေ ဆုံးရှုံးဘိသကဲ့သို့ အသံလွှင့်နှင့်ရုပ်သံလွှင့်Studio တစ်ရက်အသုံးမပြုလျှင် တစ်ရက်စာ ဆုံးရှုံးပါသည်။ ၁၉၆၃-၆၄ ခုနှစ်ခန့်က အသံလွှင့်လုပ်ငန်းအတွက် တစ်စက္ကန့်လျှင်ငွေကျပ် ၂ဝဝ(ကျပ်နှစ်ရာ) ခန့် ကုန်ကျကြောင်းသက်ဆိုင် ရာမှသိရှိရပါသည်။ ချဲ့ထွင်လုပ်ကိုင်လာသော ယခုအခါ၌ မည်မျှကုန်ကျနေသည်ကို လေ့လာကြည့်ရှုသင့်ပါသည်။

ဤမျှ ငွေအကုန်အကျခံ၍ ထုတ်လွှင့်ပေးရာတွင် နားဆင်သူ၊ ကြည့်ရှုနားထောင်သူ မရှိခြင်း၊ လျှပ်စစ်မီးပျက်ခြင်း၊ စတူဒီယို လစ်ဟာနေခြင်းဖြစ်ပေါ်လျှင် ဖြစ်ပေါ်သည့် အလျှောက် ကုန်ကျစရိတ်များ နစ်နာဆုံးရှုံးမည်ဖြစ်ပါသည်။ကုန်ကျစရိတ်များကာမိအောင် ထုတ်လွှင့်ခြင်း၊ ကြည့်ရှုနားဆင်ခြင်း ရှိနေရမည် ဖြစ်ပါသည်။ လျှပ်စစ်မီးပျက်လျှင် ရေဒီယို၊ တီဗွီမဖွင့်လျှင် ကုန်ကျစရိတ် ရပ်နေမည်မဟုတ်။ အချိန်နှင့်တစ်ပြေးညီ ကုန်ကျနေမည်ဖြစ်သည်။ ထို့ ကြောင့် လျှပ်စစ်မီးခဏ ခဏပျက်ခြင်းသည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ဘတ်ဂျက်ကို လေလွင့်ဆုံးရှုံးနစ်နာ အလဟဿ ဖြုန်းတီးပျက်စီး ထိခိုက်အောင် လုပ်ရာကျလေသည်။ စံချိန်မီအစီအစဉ်များ မထုတ်လုပ်နိုင်ခြင်းနှင့် ပြည်သူအကျိုးမပြုနိုင်ခြင်း သည်လည်း ငွေကုန်ကြေးကျကုန်ကျလျှင် ကုန်ကျသလောက် အကျိုးမရှိဖြစ်နိုင်လေသည်။ ထို့ထက် ပိုဆိုးသည်မှာ အနှီမီဒီယာ၏ ပရိသတ်ပြည်သူတို့သည် အနှီမီဒီယာ၏ အနုပညာလက်ရာကြောင့် အကျိုးပျက်စေသည့် လမ်းကြောင်းပေါ်သို့ ရောက်သွားစေပါက ငွေလည်းကုန်၊ လူလည်းနစ်နာသွားမည် ဖြစ်သည်။

အနုပညာလက်ရာတစ်ခုသည် လူတိုင်းစောင့်ထိန်းအပ်သော သီလတစ်ခုခုကိုသော်လည်းကောင်း၊ ယဉ်ကျေးမှုတစ်ခုခုကို သော်လည်းကောင်း ချိုးဖောက်လိုသည့်စိတ်ထားဖြစ်အောင် နှိုးဆွပေးလျှင် ထိုနှိုးဆွပေးမှုသည် ထိုအနုပညာလက်ရာမှ လူသားတို့၏ ပြုမူလှုပ်ရှားမှုနယ်ပယ်သို့ ရောက်သွားနိုင်သည်။


ထို့ကြောင့် အစီအစဉ်တစ်ခုကို ဖန်တီးသည့်အခါ၌ ထိုအနုပညာလက်ရာသည် လူသားတို့အကျိုးပျက်စီးမှာ ကို တားဆီးနိုင်စွမ်းရှိသော အနုပညာလက်ရာဖြစ်ရန် လိုပါသည်။ အထူးသဖြင့် နိုင်ငံ၏ အကျိုးကို သည်ပိုးပေးနိုင်သော အနုပညာလက်ရာများဖြစ်ရန် လိုပါသည်။မိမိအကျိုးစီးပွားအတွက်ဖြစ်စေ၊ နိုင်ငံရေးပါတီ(သို့မဟုတ်) အဖွဲ့အစည်းတစ်ခုခုအတွက်ဖြစ်စေ မိမိလုပ်ငန်းခွင်ကို အသုံးမချခြင်းသည် ကောင်းမြတ်သော အပြုအမူဖြစ်သည်။ ဤမီဒီယာသည် ပြည်သူ့အတွက် ဖြစ်သည်။ နိုင်ငံရေးအရ စွက်ဖက်မှုနှင့်စီးပွားရေးအင်အားစုများ၏ ဖိအားမှ ကင်းလွတ်သည့်လုပ်ငန်းဖြစ်ရပါမည်။ အများပြည်သူ အကျိုးအတွက် ဆောင်ရွက်ခဲ့သောမြန်မာ့အသံနှင့်ရုပ်မြင်သံကြားသည် နိုင်ငံသားများအား ပြန်ကြားပေးခြင်း၊ ပညာပေးခြင်းနှင့် ဖျော်ဖြေမှုပေးခြင်းတို့ကို ဤမြန်မာ့အသံ၏ နှစ် ၇ဝ ပြည့်နှစ်မှသည် အနာဂတ် နှစ်ပေါင်းများစွာ တိုင်တိုင် ရပ်တည်သွားနိုင်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။

No comments:

Post a Comment