Friday, February 12, 2016

(၆၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဧည့်ခံပွဲနှင့် ညစာစားပွဲ ကျင်းပ






နေပြည်တော် ဖေဖော်ဝါရီ ၁၂

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်ဇနီး ဒေါ်ခင်ခင်ဝင်းတို့က တည်ခင်း ဧည့်ခံသည့် ၂၀၁၆ ခုနှစ် (၆၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ဧည့်ခံပွဲနှင့် ညစာစားပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ မြို့တော်ခန်းမ ဥပစာရင်ပြင်၌ ကျင်းပသည်။ 


ရှေးဦးစွာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်ဇနီးတို့သည် အခမ်းအနားသို့ တက်ရောက်လာကြသည့် လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌ များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရေးရာ ဝန်ကြီးများနှင့် ပြည်ထောင်စုနေ့ကိုယ်စားလှယ်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။ 

ထို့နောက် တက်ရောက်လာကြသူများအား ညစာဖြင့် တည်ခင်းဧည့်ခံသည်။ 

အခမ်းအနားသို့ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဇနီး ဒေါ်နန်းရွှေမှုန်၊ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့်ဇနီး ဒေါ်ခင်အေးမြင့်၊ ပြည်ထောင်စုလွှတ်တော် နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်ဇနီး ဒေါ်နန့်ကြင်ကြည်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမြသိန်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၊ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်ဇနီး၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့်ဇနီး၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အရာရှိ ကြီးများ၊ လွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌများနှင့် ဒုတိယဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဖိတ်ကြားထားသူများ စုံညီစွာ တက်ရောက်ကြသည်။

အခမ်းအနားတွင် မြန်မာ့အသံခေတ်ပေါ်တေးဂီတအဖွဲ့နှင့်တွဲဖက်၍ ပြည်ထောင် စုတိုင်းရင်းသား တိုင်းရင်းသူများနှင့် တေးသံရှင်များက တေးသံသာများဖြင့် ဖျော်ဖြေ တင်ဆက်ကြသည်။ 

ညစာစားပွဲအပြီးတွင် တက်ရောက်လာကြသူများအား မြို့တော်ခန်းမ လဟာပြင် ကဇာတ်ရုံ၌ ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့မှ ယဉ်ကျေးမှုအဖွဲ့များက တိုင်းရင်းသားရိုးရာ အကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။ 


ဖျော်ဖြေတင်ဆက်မှုအစီအစဉ်အပြီးတွင် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့က ကပြ ဖျော်ဖြေကြသည့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များအား ရင်းရင်းနှီးနှီး နှုတ်ဆက် ခဲ့ကြသည်။

No comments:

Post a Comment