အငြိမ်းစားပါမောက္ခချုပ် ဦးဝင်းကြည် (သစ်တောတက္ကသိုလ်)
နိုင်ငံသားတစ်ဦး နေ့စဉ်ပြုမူဆောင်ရွက်ရန်
(၁) နံနက်အိပ်ရာထသည်နှင့် ညဘက်လုံခြုံရေး အတွက်ထွန်းထားသည့် မီးများကို ပိတ်ပါ။
(၂) သွားတိုက်၊ မျက်နှာသစ် (မုတ်ဆိတ်ရိတ်) ရာတွင် ရေပိုက်ကိုဖွင့်၍သုံးမည့်အစား ရေခွက်ဖြင့် ခံ၍သုံးပါ။ သွားတိုက်စဉ်၊ မုတ်ဆိတ်ရိတ်စဉ် ရေပိုက်ကို တစ်ချိန်လုံးဖွင့် မထားမိစေရန် သတိပြုပါ။ (တည်းခိုခန်းများ၊ ဟိုတယ်များတွင် မျက်နှာသစ်ကန်၌ ရေခွက် ထားပေးသင့်ပါသည်။)
(၃) အပေါ့သွားလျှင် ရေကိုတန်သင့်ရုံသာလောင်း ပါ။ ဖြစ်နိုင်ပါက ရေအနည်းနှင့်အများ နှစ်မျိုးရရှိနိုင်သည့် ခလုတ်နှစ်ခုပါသောflush tank များကိုသုံးပါ။
(၄) ရေချိုးသည့်အခါ ရေပုံးနှင့်လောင်းမချိုးပါ နှင့်။ တန်သင့်ရုံခွက်ဖြင့်ချိုးပါ။ ရေပန်းနှင့် ချိုးလျှင် ရေပိုက်ခေါင်း(Tap)ကို အရစ်ကုန် မဖွင့်ပါနှင့်။ ရေချိုးကန်(Bathtub))နှင့် ချိုးလျှင် ရေကို ကန်အပြည့်မထည့်ပါနှင့်။ တစ်ဝက်ကျော်ကျော်သာ ထည့်ပါ။
(၅) အသားဟင်းများချက်လျှင် အချိန်ကုန် သက်သာသည့် Pressure Cooker ကို သုံးပါ။
(၆) ထင်း၊ မီးသွေးသုံးလျှင် ထင်း၊ မီးသွေး ကုန်ကျမှု သက်သာစေသည့် စွမ်းအားမြှင့် မီးဖိုများကို အသုံးပြုပါ။
(၇) အိုး၊ ခွက်၊ ပန်းကန်များဆေးကြောသည့်အခါ ရေပိုက်ကိုဖွင့်၍ တိုက်ရိုက်မဆေးပါနှင့်။ ခွက်တွင်ထည့်၍ ဆေးပါ။
(၈) ပန်းပင်၊ သီးပင်၊ စားပင်များ၊ မြက်ခင်းများကို ရေလောင်းသည့်အခါ တန်သင့်ရုံသာ လောင်း ပါ။ ရေများအိုင်ထွန်းနေအောင် မလောင်း ပါနှင့်။ (အပင်များက ၄င်းတို့ စုပ်ယူနိုင်စွမ်း ရှိသည့် ရေပမာဏကိုသာ စုပ်ယူသည်။ မြေပေါ်ရှိရေများသည် အငွေ့ပျံသွားသဖြင့် အလဟဿဖြစ်သည်။)
ထို့ပြင် ပိုက်ခေါင်းကို အရစ်ကုန်ဖွင့်ပြီး မလောင်းပါနှင့်။ ရေပိုက်ကို လူမရှိဘဲ တစ်ချိန်လုံး ဖွင့်မထားခဲ့ပါနှင့်။ ရေ အကုန်အကျသက်သာပြီး ရေပျံ့နှံ့စေရန် ရေ ပိုက်ထိပ်တွင် ရေမြွှာခေါင်းတပ်ဆင်ထားပါ။
မုံရွာမြို့နယ်တွင် စိုက်ပျိုးသည့် ကြက်သွန်နီ စိုက်ခင်းများ၌ သမားရိုးကျရေသွင်းစိုက်ပျိုး သည့်စနစ်အစား ရေဖျန်းစိုက်ပျိုးသည့်စနစ် သို့ ပြောင်းလဲစိုက်ပျိုးမှုများ များပြားလာ ကြောင်း၊ ယခင်က တစ်ဧကလျှင် ရေဂါလန် တစ်သောင်းခန့် သုံးခဲ့ရသော်လည်း ယခု ရေဖျန်းစနစ်တွင် ရေဂါလန် ခုနစ်ထောင်ခန့် သာ သုံးရကြောင်း၊ ရေမြောင်းများ မလိုအပ် တော့ဘဲ တစ်ဆက်တည်း စိုက်၍ရသဖြင့် တစ်ဧကလျှင် စိုက်ပျိုးမြေ သုည ဒသမ ၂ ဧကခန့် ပို၍စိုက်နိုင်ခြင်းကြောင့် အထွက် နှုန်းလည်းတိုးသည်ဆိုသည့် သတင်းတစ်ပုဒ် ကို ၆-၁-၂ဝ၁၆ ရက်နေ့က ဝမ်းမြောက်ဖွယ် ဖတ်ရှုခဲ့ရပါသည်။
(၉) လုံခြုံရေးမီးများကို နေဝင်ပြီးမှသာ ဖွင့်ပါ။ လူမရှိသောအခန်းများမှ မီးများကို တစ်ချိန် လုံး ဖွင့်မထားပါနှင့်။
(၁ဝ) ဓာတ်အားကုန်ကျမှု သက်သာစေသော LED (Light Emitting Diode) မီးသီးများကို အသုံးပြုပါ။LED မီးသီးများ သည် သာမန်မီးသီး၊ မီးချောင်းများထက် ဓာတ်အားကုန်ကျမှု ၈ဝ ရာခိုင်နှုန်း ထိသက်သာသည်သာမက ပို၍ကြာရှည်ခံ သည်။ (ယင်းတို့၏သက်တမ်းသည်လည်း အနည်းဆုံးနာရီပေါင်း သုံးသောင်းခန့် ရှိသည်။)
(၁၁) ရုပ်မြင်သံကြားကို တစ်ချိန်လုံးဖွင့်မထားပါ နှင့်။ ကြည့်နေသည့်အချိန်သာ ဖွင့်ပါ။
(၁၂) မော်တော်ကားရေဆေးသည့်အခါ ရေပိုက် ဖြင့်ဆေးမည့်အစား ဖြစ်နိုင်လျှင် ရေပုံးနှင့် ရေမြှုပ်ကိုသုံးပါ။ ကားရေတစ်ခါ ဆေးတိုင်း ရေလီတာ ၃ဝဝ (ရေသန့်ဘူးကြီး ၁၅ဘူး) ခန့်သက်သာနိုင်သည်။
(၁၃) အမှိုက်များကို အမှိုက်ပုံး၊ အမှိုက်ပုံတွင်သာ စွန့်ပစ်ပါ။ ရေမြောင်းထဲသို့ မပစ်ပါနှင့်။ (စည်ပင်သာယာကလည်း အမှိုက်စွန့်ပစ်မည့် နေရာထားပေးရန်နှင့် အမှိုက်များကို မှန်မှန် သိမ်းပေးရန် လိုအပ်ပါသည်။)
(၁၄) သစ်ရွက်ခြောက်များကို စုပုံထားပါ။ မီးရှို့မပစ် ပါနှင့်။သစ်ရွက်ဆွေးသည် အပင်များနှင့် သစ်ပင်များ အတွက် အလွန်ကောင်းမွန်သည့် သဘာဝမြေသြဇာ ဖြစ်သည်။ သစ်ရွက်ခြောက်များကိုမီးရှို့လျှင် လေထုထဲသို့ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များ ထုတ်လွှတ်ခြင်း ကြောင့် အပူချိန်မြင့်တက်စေသည့်အပြင် လေထု ညစ်ညမ်းမှုကိုပါ ဖြစ်စေသည်။ ခြံတစ်ခြံက တစ်ပတ်လျှင် သစ်ရွက်ခြောက် ၁ ကီလိုဂရမ် (၆ဝ ကျပ်သားခန့်) နှုန်းဖြင့် ခြံပေါင်း ၁ဝဝ မီးရှို့ပါက တစ်နှစ်လျှင် ကာဗွန်ဒိုင် အောက်ဆိုက် ပမာဏ ၉ ဒသမ ၅၄၂ မက်ထရစ်တန် လေထုထဲသို့ရောက်ရှိသွားသည်။
ထင်း၊ သစ်ရွက်ခြောက်၊ မြက်ခြောက်၊ နှမ်းရိုး၊ ပဲရိုးစသည့် ဇီဝပစ္စည်းများ (biomass)ကို မီးရှို့လျှင် ကာဗွန်ဒိုင်အောက်ဆိုက် အဓိက ထွက်ရှိပြီး နိုက်ထရိုဂျင် အောက်ဆိုက်များ (NOx)၊ ဆာလ်ဖာအောက်ဆိုက်များ(SOx)၊ ကာဗွန်မိုနော့ဆိုက် (CO) ဓာတ်ငွေ့များ၊ ညစ်ညမ်းအမှုန် PM-10 နှင့် အခြားလေထုညစ်ညမ်း ပစ္စည်းများကိုပါ ထုတ်လွှတ်သည်။ မီးခိုးများသည် ကျန်းမာရေးအတွက် မကောင်းပါ။ အထူးသဖြင့် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် နာမကျန်း ဖြစ်နေသူများအား ပို၍ထိခိုက်လွယ်သည်။ ထို့ကြောင့် အမှိုက်များကိုလည်း မီးမရှို့ပါနှင့်။
သစ်ရွက်ခြောက်များကို စုပုံထားခြင်းဖြင့် ကာဗွန် ကို သိုလှောင်ပေးရာရောက်သောကြောင့် ပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးသူများဖြစ်ပါမည်။ ထိုသို့မဟုတ်ဘဲ သစ်ရွက် ခြောက်များကို မီးရှို့ပစ်မည်ဆိုပါက ကာဗွန်ဒိုင် အောက်ဆိုက်များ ထုတ်လွှတ်မည်ဖြစ်သောကြောင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အလေးမထားသူများ ဖြစ်သွားမည်ကို သတိချပ်ပါ။
(၁၅) သစ်ပင်၊ ပန်းပင်၊ သီးပင်၊ စားပင်များ စိုက်ပျိုး ပေးသည့် အလေ့အကျင့်ရှိအောင် ကြိုးစားပါ။
ဝန်ထမ်းများ ပြုမူဆောင်ရွက်ရန်
(၁) ရုံးသို့ရောက်သည့်အခါ ကော်ရစ်ဒါမီးများ ပွင့်နေလျှင် ပိတ်လိုက်ပါ။ overhead tank ရေလျှံကျနေလျှင် တာဝန်ရှိသူအား အကြောင်းကြားပါ။
(၂) ရုံးခန်းတွင် မီး၊ ပန်ကာ၊ လေအေးပေးစက်များကို မလိုအပ်ဘဲ မဖွင့်ပါနှင့်။ လိုအပ်သည့်အချိန် တွင် လိုအပ်သလောက်သာဖွင့်ပါ။ (အချို့ အစည်းအဝေးခန်းများတွင် အေးလွန်းသဖြင့် လေအေးပေးစက်ကို လျှော့ခိုင်းရပါသည်။ မီတာခကို မိမိငွေနှင့် ပေးချေရသည်ဟု သဘောထားပါ။)
(၃) ရုံးဆင်းလျှင် မိမိအခန်းမှ မီးများ၊ ပန်ကာများ၊ လေအေးစက်များကို သေချာပိတ်ခဲ့ပါ။
(၄) ညစောင့်များအား လုံခြုံရေးမီးများကို မှောင်မှ ဖွင့်ရန်နှင့် နံနက်မိုးမလင်းမီးပိတ်ရန် ညွှန်ကြား ပါ။ ကြီးကြပ်သူများကလည်း မကြာမကြာ စစ်ဆေးပေးပါ။
(၅) လမ်းမီးများ အဖွင့်၊အပိတ်တာဝန်ယူရသူများ သည် မီးများကို မှောင်မှဖွင့်ပြီး နံနက်မိုး မလင်းမီပိတ်ရန်အလေးထားပါ။ ကြီးကြပ် သူများကလည်း မကြာမကြာစစ်ဆေးပေးပါ။
(၆) ရုံးမှ မြက်ခင်းနှင့် အလှပင်များကို ရေလောင်း ရာတွင် ရေအလဟဿ မကုန်စေရန် ရေပိုက် ထိပ်တွင် ရေမြွှာ၊ ရေပန်း တပ်ဆင်ပေးပါ။ (လမ်းဘေးတွင် အလှစိုက်ပျိုးထားသည့် အပင် များကို မီးသတ်ပိုက်ကြီးများဖြင့် ရေလောင်းနေ သည်ကို တွေ့မြင်ရတိုင်း ရေပိုက်ထိပ်တွင် ရေမြွှာတပ်ပေးချင်စိတ် ပေါက်မိပါသည်။ ရေအများကြီးပိုကုန်သည်သာမက ရေတွန်း စက်အတွက်လည်း လောင်စာပိုကုန်ပါသည်။)
(၇) မိုးရာသီ သစ်ပင်စုပေါင်းစိုက်ပျိုးရာတွင် မိမိတို့ စိုက်ပျိုးခဲ့သော သစ်ပင်များ ရှင်သန်အောင် ဂရုစိုက်ပါ။
(မှတ်ချက်။ ဝန်ထမ်းဆိုသည်မှာ လခစားများ အားလုံးကို ဆိုလိုသည်။ အစိုးရဌာနများသာမက အဖွဲ့ အစည်းများ၊ ကုမ္ပဏီများ၊ ပုဂ္ဂလိကလုပ်ငန်း စသည်များတွင် လုပ်ကိုင်နေသူများအားလုံး ပါဝင်သည်။)
အသင်းအဖွဲ့များ ဆောင်ရွက်ရန်
ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဆောင်ရွက်ရာ၌ ပိုမိုထိရောက်စေရန် အသင်းအဖွဲ့များကလည်း ဆောင် ရွက်ကြရမည်ဖြစ်ပါသည်။ စာရေးသူတို့ လူမျိုးတွင် ပရဟိတစိတ်ဓာတ်ကောင်းများ အခြေခံရှိထားပြီးဖြစ်ခြင်း ကြောင့် အသင်းအဖွဲ့များအနေဖြင့် ဤလုပ်ငန်းကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင်မည်ဟု ယုံကြည်ပါသည်။ မြန်မာနိုင်ငံသားများ၏ ပရဟိတ စိတ်ဓာတ်ကောင်းများကို အရေးကြုံတိုင်း တွေ့မြင်ခဲ့ကြရ ပါသည်။ ပြီးခဲ့သည့်နှစ်က ရေဘေးသင့်ပြည်သူများအတွက် ဆောင်ရွက်ခဲ့သော ကယ်ဆယ်ရေးလုပ်ငန်းများက ထပ်မံ မှတ်ကျောက်တင်ထားပြီး ဖြစ်ပါသည်။ အထူးသဖြင့် လူငယ်လူရွယ်များ၏စိတ်ဓာတ်ကို ချီးကျူးရမည်ဖြစ်ပါ သည်။ မီးပွိုင့်တွင် ပန်းရောင်းသည့်မိန်းကလေးငယ်ကပင် ရေဘေးအတွက် အလှူငွေထည့်ဝင်ခြင်း၊ ဆိုက်ကား ဆရာက တစ်နေ့တာ ဝင်ငွေကို လှူဒါန်းခြင်း စသည် တို့က သက်သေပြလျက် ရှိပါသည်။ ထို့ကြောင့်ပင် Charities Aid Foundation ၏ ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလက ထုတ်ပြန်ချက်အရWorld Giving Index 2015 တွင် ကမ္ဘာ့ရက်ရောမှုအရှိဆုံးနိုင်ငံ ၁ဝ နိုင်ငံ (The 10 Most Generous Nations in the World) စာရင်း၌ စာရေးသူတို့နိုင်ငံက အဆင့် ၁ ဖြင့် ထိပ်ဆုံးမှ ပါဝင်ခဲ့ခြင်း ဖြစ်ပါသည်။
မိုးရာသီတွင် သစ်ပင်များ စုပေါင်းစိုက်ပျိုးခြင်း၊ နွေရာသီ၌ ရေပြတ်လပ်သည့်ဒေသများတွင် သောက် သုံးရေ လှူဒါန်းခြင်း၊ ရေတွင်း၊ ရေကန်များ တူးခြင်း၊ ရှိပြီး ရေကန်များအား ဆယ်ခြင်း၊ တူးခြင်း စသည့်လုပ်ငန်း များကို ဆောင်ရွက်နိုင်သည့်အပြင် ကန်များ၊ ဆည်များ၊ မြစ်၊ ချောင်း၊ အင်းအိုင်များမှ ရေချို၊ ရေကောင်းများ ညစ်ညမ်းရေမဖြစ်စေရေးအတွက် စွန့်ပစ်ရေများကို စည်းကမ်းမဲ့စွန့်ပစ်သူများအား ပညာပေးခြင်း၊ အလုပ်ရုံ၊ စက်ရုံကြီးများဖြစ်ပါက သက်ဆိုင်ရာသို့ အသိပေး တိုင်တန်းခြင်းများကို ဆောင်ရွက်နိုင်ပါသည်။
ဤသို့ တိုင်တန်းရာတွင် အထောက်အထား ခိုင်လုံပြီး ရိုးသားမှုရှိရန် အလွန်အရေးကြီးပါသည်။ ရန်ကုန်မြို့တွင် ယာဉ်စည်းကမ်း ဖောက်ဖျက်သူများအား ဓာတ်ပုံအထောက်အထားဖြင့် ယာဉ်စည်းကမ်းထိန်း သိမ်းရေးဌာနသို့ Online မှ တိုင်ကြားမှုများ ထိရောက် မှုရှိသည့် သာဓကကောင်းများ ရှိနေပြီဖြစ်ပါသည်။
မိုးရာသီတွင် သစ်ပင်များ စုပေါင်းစိုက်ပျိုးနိုင်ရေး အတွက် ပညာပေးစည်းရုံးကာ သစ်ပင်များစိုက်ပျိုးရာတွင် အရေအတွက်ထက် ရှင်သန်ရေးကို ဦးစားပေးပါ။ နောင်သုံးလေးနှစ်ကြာသည့်အခါတွင် မိမိစိုက်ပျိုးခဲ့သော သစ်ပင်များအား ပြသနိုင်အောင် ကြိုးစားပါ။ အပင် ၁ဝဝ စိုက်ပြီး အပင် ၅ဝ ရှင်သည်ထက် အပင် ၅ဝ စိုက်ပြီး အပင် ၅ဝ လုံး ရှင်သည်က ပိုကောင်းသည်။ မိမိတို့ဆောင်ရွက်ခဲ့သောလုပ်ငန်း အောင်မြင်ကြောင်း ပြသနိုင်ရုံသည်သာမက လုပ်အားနှင့် ကုန်ကျစရိတ် လည်း သက်သာမည်ဖြစ်သည်။
တာဝန်သိသူ တာဝန်ရှိ၏
စာရေးသူတို့သည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးကို အလေးမထားဘဲ လျစ်လျူရှုခဲ့ကြသည်မှာ ဆယ်စုနှစ် သုံး၊လေးစုခန့်ပင် ရှိခဲ့ပြီဖြစ်ပါသည်။ ယိုယွင်း သွားသော သဘာဝပတ်ဝန်းကျင် ပြန်လည်ကောင်းမွန်ရေး အတွက် စာရေးသူတို့အနေဖြင့် အနည်းဆုံး နှစ်ပေါင်း သုံးလေးဆယ် ကြိုးပမ်းကြရမည်ဖြစ်ပါသည်။ “တာဝန်သိသူ တာဝန်ရှိ၏” ဟု ဆိုသည့်စကားအတိုင်း စာရေးသူတို့ နိုင်ငံသားတိုင်း တာဝန်သိသူများပီသစွာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အလေးထား ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။
ဘိုးဘွားများက စာရေးသူတို့အား ကောင်းမွန်သော နိုင်ငံတော်(Healthy Country)ကို အမွေပေးခဲ့သော် လည်း စာရေးသူတို့လက်ထက်၌မူ မိမိတို့၏ သားသမီး များ၊ မြေးများအား ကောင်းမွန်သော နိုင်ငံတော်ကို မပေးအပ်နိုင်ပါ။ ထို့ကြောင့် စာရေးသူတို့၏ မြေးများ လက်ထက်တွင်၎င်းတို့၏ သားသမီးများအား သာယာ၍ ကောင်းမွန်သော နိုင်ငံတော်ကြီးကို ပေးအပ်နိုင်ရေး အတွက် နိုင်ငံသားအားလုံး ယနေ့ ယခုအချိန်မှစ၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို စိတ်ရော ကိုယ်ပါ အားသွန်ခွန်စိုက် အလေးထားဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ။
No comments:
Post a Comment