Monday, January 18, 2016

မြန်မာနိုင်ငံ၏ (၆၈)နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ပြည်ပနိုင်ငံခေါင်းဆောင်များထံမှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများပေးပို့

ဆွစ်ဇာလန်နိုင်ငံ
ဆွစ်ဇာလန်နိုင်ငံသမ္မတ မစ္စတာဂျိုဟန်း ရှနိုင်းဒါက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံသို့ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့အခါသမယတွင် ဆွစ်ဖက် ဒရယ်ကောင်စီကိုယ်စား မြန်မာနိုင်ငံ သာယာဝပြောစေရန်နှင့် အဆွေတော် ကျန်းမာချမ်းသာစေရန် ဆုတောင်းမေတ္တာပို့သပါသည်။ မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး အဆွေတော်၊ မြန်မာပြည်သူများနှင့် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် အဖွဲ့အစည်းများအားလုံးအတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ဖော်ပြလိုပါသည်။
မိမိတို့နှစ်နိုင်ငံကြားတည်ရှိသည့် အပြန်အလှန်ယုံကြည်မှုနှင့် ချစ်ကြည် ရင်းနှီးမှုသည် အနာဂတ်တွင် ဆက်လက်တိုးတက်နေမည်ဟု ယုံကြည်ပါသည်။

ပိုလန်သမ္မတနိုင်ငံ
မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့အခါသမယတွင် ပိုလန်နိုင်ငံနှင့် မိမိအနေဖြင့် အဆွေတော်အား ရင်းနှီးနွေးထွေးစွာ နှုတ်ခွန်းဆက်သပါကြောင်း ပိုလန်သမ္မတ မစ္စတာ အန်ဒရစ်ဒူဝါက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံသို့ သဝဏ်လွှာပေးပို့သည်။ ပိုလန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်တိုးတက်လျက်ရှိသော ဒီမိုကရေစီစနစ်သို့ ပြုပြင်ပြောင်းလဲခြင်းနှင့် နိုင်ငံတကာသို့ ပွင့်လင်းလျင်မြန်စွာ ဆက်ဆံမှုများ ပြုလုပ်လာနိုင်ခြင်းတို့ကို စောင့်ကြည့်လေ့လာကာ လေးစားထောက်ခံအားပေးပါသည်။ မြန်မာပြည်သူများ အကျိုးစီးပွားအတွက် မြန်မာနိုင်ငံ၏ ခေတ်မီသော ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးလမ်းစဉ်တွင် အောင်မြင်မှုများ ရရှိစေရန် ဆန္ဒပြုပါသည်။ မိမိအနေဖြင့် အခါအခွင့်ကြုံခိုက် မိမိတို့နှစ်နိုင်ငံကြား အောင်မြင်တိုးတက်သော ဆက်ဆံရေးကို ကျေနပ်ဝမ်းမြောက်ကြောင်း ဖော်ပြလိုပါသည်။ ၂ဝ၁၆ ခုနှစ်တွင် နိုင်ငံရေးနှင့် စီးပွားရေးနယ်ပယ်နှစ်ခုလုံးတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအရှိန်မြင့်လာနိုင်မည်ဟု မျှော်လင့်မိပါသည်။
ဖင်လန်သမ္မတနိုင်ငံ
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံသို့ ဖင်လန်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ဆူလီနီနစ်စ်တိုက မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့အခါသမယတွင် အဆွေတော်နှင့် မြန်မာပြည်သူများထံသို့ ဂုဏ်ယူဝမ်းမြောက်ကြောင်း ဆုတောင်း မေတ္တာပို့သအပ်ပါသည်။ အဆွေတော်အား မိမိအနေဖြင့် ချစ်ကြည်အလေးထား လျက်ရှိပါကြောင်း ဖော်ပြလိုပါသည်။
မော်ရီတေးနီးယားအစ္စလာမ္မစ်သမ္မတနိုင်ငံ
မြန်မာနိုင်ငံလွတ်လပ်ရေးနေ့ အချိန်အခါတွင် မိမိအနေဖြင့် လှိုက်လှဲစွာ ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ အဆွေတော် ကျန်းမာပျော်ရွှင် ပါစေကြောင်းနှင့် ရင်းနှီးခင်မင်ဖွယ်ကောင်းသော မြန်မာပြည်သူများ ဆတက်ထမ်းပိုး တိုးတက်အောင်မြင် ပါစေကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံသို့ မော်ရီတေးနီးယား အစ္စလာမ္မစ် သမ္မတနိုင်ငံ သမ္မတမိုဟာမက် အူးလ်အဗ္ဗဒဲလ် အဇစ်က သဝဏ်လွှာပေးပို့သည်။
အခါအခွင့်ကြုံခိုက် မိမိတို့နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားကို ဖော်ဆောင်နိုင်ရန် တည်ရှိပြီးဖြစ်သည့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးတက်အောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်လောင်း ကတိပြု အပ်ပါသည်။
တူရကီသမ္မတနိုင်ငံ
မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့အချိန်အခါတွင် တူရကီပြည်သူများ ကိုယ်စားလည်းကောင်း၊ မိမိအနေဖြင့်လည်းကောင်း လှိုက်လှဲစွာ ဂုဏ်ယူဝမ်း မြောက်ပါကြောင်း တူရကီသမ္မတ ရီချက်တာယစ် အက်ဒိုဂမ်က နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံသို့ သဝဏ်လွှာပေးပို့သည်။
မြန်မာနှင့် တူရကီနှစ်နိုင်ငံကြား နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားကို အခြေခံ၍ နယ်ပယ်ကဏ္ဍပေါင်းစုံတွင် ခင်မင်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုများ အပြန်အလှန်မြှင့်တင်ခြင်းဖြင့် ဆက်လက်တိုးတက်စေမည်ဟု ယုံကြည်ပါသည်။ 
အခါအခွင့်ကြုံခိုက် အဆွေတော် ကျန်းမာပျော်ရွှင်ပါစေကြောင်း နှင့် မြန်မာပြည်သူများ သာယာဝပြော တိုးတက်အောင်မြင် ပါစေကြောင်း ဆုတောင်းမေတ္တာပို့သပါသည်။

ကျူးဘားသမ္မတနိုင်ငံ

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့အချိန်အခါတွင် အဆွေတော်အား လှိုက်လှဲစွာ ချီးကျူးဂုဏ်ပြုအပ်ပါကြောင်း၊ ချစ်ကြည်လေးစားလျက်ရှိပါကြောင်း ကျူးဘားသမ္မတနိုင်ငံ သမ္မတ မစ္စတာ ရာဟူးလ် ကက်စထရို ရုဇ်က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံသို့ သဝဏ်လွှာပေးပို့သည်။

No comments:

Post a Comment