Friday, January 29, 2016

အမျိုးသားဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များနှင့်အရည်အသွေးပြည်ဝသော စွမ်းအင်ဝန်ဆောင်မှုများ


လူဦးရေနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ စွမ်းအင်လိုအပ်ချက်သည် လိုက်ပါမြင့်တက်လျက်ရှိသည်။ လိုအပ်သောစွမ်းအင်ကို အပြည့်အဝဖြည့်ဆည်းနိုင်ရန်အတွက် သဘာဝပတ်ဝန်းကျင် နှင့် လူမှုပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြင့် နိုင်ငံ၏ စွမ်းအင်သယံဇာတအရင်းအမြစ်များကို ထိရောက်စွာအသုံးချနိုင်ရန် လိုအပ်ပေသည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင် အမျိုးသားစွမ်းအင် စီမံခန့်ခွဲမှုကော်မတီ ကို ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလတွင် ဖွဲ့စည်းခဲ့ပြီး စွမ်းအင်ကဏ္ဍ စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်စေရန်၊ အမျိုးသားစွမ်းအင်လုံခြုံရေး တိုးမြှင့်ရန်နှင့် သင့်တင့်မျှတသော ဈေးနှုန်းဖြင့် စဉ်ဆက်မပြတ် ဖြည့်ဆည်းပေးနိုင်ရန် ဆိုသည့် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းခဲ့ပြီး စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက် အမျိုးသားစွမ်းအင်မူဝါဒကိုလည်း ရေးဆွဲထုတ်ပြန်ထား ရှိသည်။
''မြန်မာနိုင်ငံရဲ့ စွမ်းအင်ကဏ္ဍနဲ့ လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေ အကောင်အထည်ဖော်နိုင်ဖို့ အမျိုးသားစွမ်း အင်စီမံခန့်ခွဲမှု ကော်မတီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါတယ်''ဟု အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှု ကော်မတီအတွင်း ရေးမှူး စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်ဇော် က ပြောကြားသည်။
ရေးဆွဲအတည်ပြုခဲ့သော အမျိုးသားစွမ်းအင်မူဝါဒကို အများပြည်သူ သိရှိနိုင်ရန် ယခင်နှစ် ဇန်နဝါရီ ၆ ရက်က ထုတ်ပြန်ကြေညာခဲ့ရာ ယင်းမူဝါဒ ကိုးချက်မှာ ရေတိုရေရှည်ဖွံ့ဖြိုးတိုးတက်မှု အစီအမံများရေးဆွဲရန်၊ ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကိုအားပေးသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ချမှတ်ရန်၊ စွမ်းအင်ဆိုင်ရာ အမှန်ကိန်းဂဏန်းရရှိ ရေး ဆောင်ရွက်ရန်၊ စွမ်းအင်သယံဇာတများကို ပြည်သူလူထုတစ်ရပ်လုံး အချိုးကျသုံးစွဲမှုဖြစ်စေရေး ဆောင်ရွက်ရန်၊ ပြန်ပြည့်မြဲစွမ်းအင်အသုံးပြု ရေး မြှင့်တင်ဆောင်ရွက်ရန်၊ စွမ်းအင်ခြိုးခြံချွေတာရေး မြှင့်တင်ဆောင်ရွက် ရန်၊ သုတေသနဖွံ့ဖြိုးရေး၊ ဒီဇိုင်းထုတ်လုပ်ရေးနှင့်အတတ်ပညာ ဖြန့်ဖြူး ရေးလုပ်ငန်းများဆောင်ရွက်ရန်၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်နှင့် စွမ်းအင်ဈေးနှုန်း မူဝါဒချမှတ်ရန်တို့ ဖြစ်သည်။
''မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ လက်ရှိကာလမှာ တိုးတက်လျက်ရှိပါ တယ်။ ဒီလို စီးပွားရေးဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ စွမ်းအင်လိုအပ်ချက် ဟာလည်း လိုက်ပါမြင့်တက်နေပါတယ်။ စီးပွားရေးတိုးတက်မှုကို ဆက်ပြီး တော့ ထိန်းထားနိုင်ဖို့၊ စွမ်းအင်ကို အပြည့်အဝဖြည့်ဆည်းနိုင်ဖို့ လိုအပ်ပါ တယ်။ လိုအပ်တဲ့ စွမ်းအင်ကို အချိန်ကိုက်ဖြည့်ဆည်းဖို့ စွမ်းအင်စီမံ ကိန်းတွေဟာ အချိန်ယူအကောင်အထည်ဖော်ရတဲ့ စီမံကိန်းတွေဖြစ်တာ ကြောင့် အသေးစိတ်လုပ်ငန်းစဉ်တွေ ချမှတ်ဆောင် ရွက်ဖို့လိုအပ်ပါ တယ်'' ဟု ဒုတိယဝန်ကြီး ဦးမြင့်ဇော်က ဆက်လက်ပြောကြားသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီတို့ ခန့်မှန်းတွက်ချက်မှုအရ မြန်မာနိုင်ငံ၏ GDP တိုးတက်မှုနှင့် လျှပ်စစ်ဓာတ်အားသုံးစွဲမှုတို့၏ ဆက်စပ်အချိုးမှာ ၁ ဒသမ ၄ ဆ ရှိကြောင်း သိရသည်။
''ဖွံ့ဖြိုးမှုတွေအလိုက် စွမ်းအင်လိုအပ်ချက် ကွဲပြားတယ်။ ရန်ကုန်၊ မန္တလေးတို့ ဖွံ့ဖြိုးတာနဲ့ ပြည်နယ်တွေမှာ ဖွံ့ဖြိုးတာမတူဘူး။ မတူတဲ့ အတွက် ပျမ်းမျှလိုအပ်ချက်က ၁၃ ရာခိုင်နှုန်းခန့်ဖြစ်ပါတယ်။ တချို့ ပြည်နယ်တွေမှာ ၂ဝ ရာခိုင်နှုန်းလောက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဓာတ်အားစနစ်ကြီးထဲ ထည့်နိုင်ဖို့ လုပ်ဆောင်နေပါတယ်။ အနိမ့်ဆုံး တိုးတက်မှုနှုန်းအရဆိုရင် ၂ဝ၃ဝ ပြည့်နှစ်မှာ မဂ္ဂါဝပ် ၉၁ဝဝ တိုးမယ်လို့ ခန့်မှန်းထားတယ်။ အမြင့်ဆုံးထုတ်လုပ်နိုင်ရင် ၂ဝ၃ဝ ပြည့်နှစ်မှာ မဂ္ဂါဝပ် ၁၄၅ဝဝ လောက် ခန့်မှန်းထားတယ်။ ဒါက ပြည်သူတွေသုံးဖို့ ဓာတ်အား ဖြစ်ပါတယ်။ တချို့နေရာတွေမှာ ပုံသေတွက်လို့မရတဲ့အတွက် အချိန်မရွေး အရန် ဓာတ်အားကနေ သုံးစွဲနိုင်ဖို့ JICA နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ အစီအစဉ်တွေထဲမှာ မဂ္ဂါဝပ် ၂၃ဝဝဝအထိ လျာထားပါတယ်။ ဒါက အမျိုးသားလျှပ်စစ်ဓာတ်အား ပင်မစီမံချက်ပါ'' ဟု လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးမော်သာထွေးက ပြောကြားသည်။
ကမ္ဘာ့ဘဏ်နှင့်ဆောင်ရွက်သည့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံချက်အရ အများပြည်သူအတွက် ဗို့အားနိမ့် ဓာတ်အားရရှိနိုင်ရန် ပင်မ ဓာတ်အားအတွင်းရှိ ဗို့အားမြင့်မှ ထပ်ဆင့်ပို့ရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန် နိုင်ငံတော်က ပါဝင်မတည်ကာ ကမ္ဘာ့ဘဏ်ကလည်း သင့်လျော်သလို ကူညီပြီး လျှပ်စစ်ဓာတ်အားမရရှိသေးသည့် ပြည်သူ ၇ ဒသမ ၂ သန်းအတွက် ၂ဝ၃ဝ ပြည့်နှစ်တွင် ရာနှုန်းပြည့်လျှပ်စစ်မီးရရှိနိုင်ရန် အမေရိကန်ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံ အသုံးပြုဆောင်ရွက်ရမည်ဖြစ် ကြောင်း သိရသည်။
''၂ဝ၃ဝ ပြည့်နှစ်အထိကို ၂ဝ၁၆ ခုနှစ်ကနေစပြီး ငါးနှစ်စီမံကိန်း သုံးပိုင်း ပိုင်းထားတယ်။ ပထမငါးနှစ်အတွက် ကမ္ဘာ့ ဘဏ်က အမေရိကန်ဒေါ်လာ သန်း ၄ဝဝ ကို နိုင်ငံခြားပစ္စည်းဝယ်ဖို့၊ Consultants တွေငှားဖို့ ထောက်ပံ့မှာ ဖြစ်ပါတယ်။ ကျန်တဲ့၂၅ ရာခိုင်နှုန်းကို နိုင်ငံတော်ဘတ်ဂျက်နဲ့ ဒေသပစ္စည်း တွေကို သုံးစွဲရမှာဖြစ်ပါတယ်။ သန်း ၄ဝဝ ထဲမှာ ကျေးလက်ဒေသ ဖွံ့ဖြိုး ရေးအတွက် ကျေးလက်မီးလင်းရေးကဏ္ဍပါဝင်နေတဲ့အတွက် သန်း ၈ဝ ကို ကျေးလက် ဒေသဖွံ့ဖြိုးရေးအတွက် ခွဲဝေထားပါတယ်။ ကျန်တဲ့ သန်း ၃၂ဝ ထဲက သန်း ၂ဝ ကို Capacity Building အတွက် ငါးနှစ်တာအတွင်း သုံးစွဲသွားမှာဖြစ်ပါတယ်'' ဟု ဒုတိယဝန်ကြီး ဦးမော်သာထွေးက ဆက်လက် ပြောကြားသည်။
လျှပ်စစ်ဓာတ်အားပိုင်းတွင် ထုတ်လုပ်မှု၊ ပို့လွှတ်မှုနှင့် ဖြန့်ဖြူးမှုဆို သည့် အပိုင်းသုံးပိုင်းနှင့် လုပ်ဆောင်လျက်ရှိကြောင်း၊ ထုတ်လုပ်မှုစရိတ် သက်သာပြီး သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံး ဖြစ်ရမည့်အချက်များကို အခြေခံပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာ နိုင်ငံ၌ စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားလျှပ်စစ်ဓာတ် အားပင်မစီမံချက်ကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA)နှင့်လည်းကောင်း၊ အမျိုးသား လျှပ်စစ်ဓာတ် အားရရှိရေး စီမံချက်ကို ကမ္ဘာ့ဘဏ်နှင့်လည်းကောင်း ပူးပေါင်းရေးဆွဲခဲ့ခြင်းဖြစ်သည်။
အဆိုပါ စီမံချက်အရ မြန်မာနိုင်ငံ၌ အိမ်ထောင်စု ၁ဝ ဒသမ ၈၉ သန်းရှိပြီး လက်ရှိ ၃ ဒသမ ၅ သန်းသော အိမ်ထောင်စုများသာ လျှပ်စစ် ဓာတ်အားသုံးစွဲနိုင်ကြပြီး လျှပ်စစ်ဓာတ်အားမရရှိသေးသော အိမ်ထောင်စု ပေါင်းမှာ ၇ ဒသမ ၃ သန်း ကျန်ရှိကြောင်းနှင့် တစ်နိုင်ငံလုံး လျှပ်စစ်မီး ရရှိရေးအတွက် လျှပ်စစ်ဓာတ်အားလိုအပ်ချက်မှာ မဂ္ဂါဝပ် ၁၄၅ဝဝ ဖြစ်ရာ ၂ဝ၁၆ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်ထိ သတ်မှတ်ထားကာ စီမံကိန်းပထမကာလ သတ်မှတ်ထားပြီး ယင်းကာလပြီး ဆုံးချိန်တွင် ပြည်သူ ၄၇ ရာခိုင်နှုန်းအတွက် ဓာတ်အားဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း၊ လူဦးရေထူထပ်သောနေရာများတွင် ပထမအဆင့်၊ ဝေးလံသောဒေသများတွင် ဒုတိယအဆင့်၊ ချင်း၊ ရှမ်း၊ ကချင်နှင့် ကယားဒေသများတွင် နောက်ဆုံးအဆင့်စသည်ဖြင့် ပိုင်းခြားဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့ နောက်ဆုံးအဆင့် ဆက်သွယ်မည့် နေရာဒေသများအတွက် အချိန်ကာလ စောင့်ဆိုင်းရမည့်သတ်မှတ်ချက်ကို ကျော်လွှားနိုင်ရန် Pre – Electrification လုပ်ငန်းများကို ကြိုတင်ဆောင်ရွက်ထားရှိမည် ဖြစ်ကာ ယင်းလုပ်ငန်းများသည် ရေရှည်တည်တံ့မှုမရှိသော်လည်း အမြန် ဆောင်ရွက်ပြီးစီးနိုင်ပြီး ဓာတ်အားစနစ်မှ ဆက်သွယ်မှုထက် ကုန်ကျစရိတ် ၂ဝ ရာခိုင်နှုန်းမှ ၅ဝ ရာခိုင်နှုန်းအထိ သက်သာနိုင်ကြောင်း၊ စီမံချက်အရ လက်ရှိမဟာဓာတ်အားလိုင်းများနှင့် ၂ဝ၃ဝ ပြည့်နှစ်အထိ တိုးချဲ့တည် ဆောက်ရန် လျာထားသော မဟာဓာတ်အားလိုင်းများ တည်ဆောက်ပြီးစီး ပါက တစ်နိုင်ငံလုံးရှိ လူဦးရေ၏ ၉၉ ရာခိုင်နှုန်း လျှပ်စစ်ဓာတ်အားရရှိနိုင် မည်ဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့ စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် စွမ်းအင်ဖြည့်ဆည်းမှု တိုးမြှင့်ရေးအတွက် ဆောင်ရွက်နေသကဲ့သို့ သုံးစွဲမှုအပိုင်းတွင် စွမ်းအင်ကို အကျိုးရှိစွာ အသုံးချရေးနှင့် ခြိုးခြံချွေတာရေးအတွက် အမျိုးသားစွမ်းအင် အကျိုးရှိထိရောက်စွာသုံးစွဲရေးနှင့်ခြိုးခြံချွေတာရေးမူဝါဒကို ရေးဆွဲခဲ့ပြီး အဆိုပါမူဝါဒအရ ၂ဝ၁၂ ခုနှစ် စွမ်းအင်သုံးစွဲမှုကို အခြေခံ၍ မြန်မာနိုင်ငံတွင် စွမ်းအင်သုံးစွဲမှုကို ၂ဝ၂ဝ ပြည့်နှစ်တွင် ၁၂ ရာခိုင်နှုန်း၊ ၂ဝ၂၅ ခုနှစ်တွင် ၁၆ ရာခိုင်နှုန်း၊ ၂ဝ၃ဝ ပြည့်နှစ်တွင် ၂ဝ ရာခိုင်နှုန်း လျှော့ချသွားမည်ဖြစ် ကြောင်း သိရသည်။
''လူတိုင်းဟာ နေ့တိုင်း စွမ်းအင်ကို သုံးနေကြရတယ်။ စွမ်းအင်နဲ့ ဘယ်သူမှ ကင်းလို့မရဘူး။ ဒါကြောင့် စွမ်းအင်ချွေတာရေးဟာ လူတိုင်းနဲ့ သက်ဆိုင်ပါတယ်။ ကျွန်မတို့ နိုင်ငံမှာဆိုရင် စွမ်းအင်သုံးစွဲမှု လုံလောက်မှု မရှိသေးဘူး။ ဒါ့အပြင် သုံးစွဲသူဘက်ကလည်းManagement လုပ်တာ မျိုးမရှိသေးဘူး။
ဒါတွေ အထောက်အပံ့ရဖို့ စွမ်းအင်ကို အကျိုးရှိရှိသုံးပြီး စွမ်းအင် ချွေတာတဲ့ နည်းလမ်းတွေကို ပြောင်းလဲကြရမယ်။ စွမ်းအင်ကို ချွေတာ မယ်ဆိုတော့ မီးမသုံးဘဲ မီးမှိတ်နေကြမလားဆိုတာမျိုးမဟုတ်ပါဘူး။ အကျိုး ရှိရှိနဲ့ အသုံးချနိုင်မယ့် နည်းလမ်းတွေကိုအသုံးချပြီး ပြောင်းလဲသုံးစွဲကြရမှာ ပါ'' ဟု စက်မှုဝန်ကြီးဌာန စွမ်းအင်ခြိုးခြံရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်နိုင်နိုင်လင်းက ပြောပြသည်။
ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်မှုများနှင့် စပ်လျဉ်း၍ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းခိုင် မိုးကလည်း ''ကျွန်တော်တို့ဌာနက အဓိက Focal Ministry အဖြစ် တာဝန်ယူပြီး ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍအတွက် ဆောင်ရွက်နေတယ်။ နိုင်ငံတကာနဲ့ အလုပ်ရုံဆွေးနွေးပွဲတွေ၊ Seminar တွေအပြင် သုတေသနလုပ်ငန်းတွေလည်း ဆောင်ရွက်နေတယ်။ ၂ဝ၁၄ ခုနှစ်အတွင်း မှာ ADB နဲ့ ကျွန်တော်တို့ဝန်ကြီးဌာန ပူးပေါင်းပြီး ပြန်လည်ပြည့်မြဲ စွမ်းအင်ဆိုင်ရာ အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ပြီးတော့ ADB အကြံပေး မစ္စတာဟိန်းစ်က ပြန်လည်ပြည့်မြဲစွမ်းအင်ဆိုင်ရာ အစီရင်ခံစာကို တင်ပြခဲ့တယ်။ ဒီအကြံပေးပုဂ္ဂိုလ်ရဲ့ အစီရင်ခံစာကို အခြေခံကာ ပိုပြည့်စုံအောင် ထပ်မံဖြည့်စွက်ပြီး မြန်မာ့ပြန်ပြည့်မြဲစွမ်းအင်မူဝါဒကို ဆောင်ရွက်နေပါတယ်'' ဟု ပြောပြသည်။
စွမ်းအင်ကဏ္ဍ ဟန်ချက်ညီစွာ ဖွံ့ဖြိုးတိုးတက်လာစေရန် ဝန်ကြီးဌာန အလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို သတ်မှတ်ကာ စွမ်းအင်ဝန်ကြီး ဌာနက ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ဘူမိအပူစွမ်းအင်ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက်လည်းကောင်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လည်းကောင်း၊ သတ္တုတွင်းဝန်ကြီး ဌာနက ကျောက်မီးသွေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လည်းကောင်း၊ စက်မှုဝန်ကြီးဌာနက စွမ်းအင်ကို အကျိုးရှိထိရောက်စွာ သုံးစွဲရေးနှင့် ခြိုးခြံ ချွေတာရေးကဏ္ဍများတွင် လည်းကောင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက ဦးဆောင်ကာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လျှပ်စစ်
စွမ်းအားဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ မြန်မာ နိုင်ငံအင်ဂျင်နီယာအသင်းနှင့် မြန်မာ့ပြန်ပြည့်မြဲ စွမ်းအင်အသင်းတို့ ပူးပေါင်းကာ ပြန်ပြည့်မြဲစွမ်းအင် ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်းကောင်း ဆောင် ရွက်လျက်ရှိသကဲ့သို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနကလည်း မြို့ပြသုံး နျူကလီးယားစွမ်းအင်အသုံးပြုမှု ဖွံ့ဖြိုး တိုးတက်ရေးအတွက် လေ့လာမှုများ ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် စီမံချက်များ ဖော်ထုတ်ရေးဆွဲမှုအားလုံးသည် တူညီသောရည်မှန်းချက်တစ်ရပ်အပေါ်တွင် အခြေခံ ဆောင်ရွက်ထားခြင်းဖြစ်သကဲ့သို့ စီမံချက်တစ်ခုချင်းစီ၌ လည်း အားသာချက်များရှိနေရာ မြန်မာနိုင်ငံ၏စွမ်းအင် ကဏ္ဍ ရှေ့လုပ်ငန်းစဉ်များတွင် အားသာချက်များကို ရယူ အသုံးချနိုင်ရန် အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှုကော်မတီ ၏ဦးဆောင်မှုဖြင့်သက်ဆိုင်ရာဌာန၊အဖွဲ့အစည်းများက ဆွေးနွေးညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအစီအမံများ၊ လိုအပ်သည့်ဥပဒေ၊ မူဘောင်ပြဋ္ဌာန်းရေးဆိုင်ရာကိစ္စရပ် များ၊ ပုဂ္ဂလိက ကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်မည့် အစီ အမံများ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အစီအမံများကိုလည်း ဆက်လက်ဆောင်ရွက်မည်ဖြစ်၍ သက်ဆိုင်ရာဌာနအဖွဲ့အစည်းများအကြားတွင် ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်လျက်ရှိကြသည်။
အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှုကော်မတီအနေဖြင့် ဖွဲ့စည်းချိန်မှစတင်၍ သုံးနှစ်သက်တမ်းအတွင်း သက်ဆိုင်ရာဌာန အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး မြန်မာနိုင်ငံစွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များကို တစိုက်မတ်မတ် ဆောင်ရွက်လျက်ရှိသည်။
''ကော်မတီရဲ့ သုံးနှစ်ကာလအတွင်း အမျိုးသား စွမ်းအင်မူဝါဒနဲ့ စွမ်းအင်ဆိုင်ရာ ပင်မစီမံချက်ကဲ့သို့ သော စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေး ပါတဲ့ မူဝါဒမူဘောင်နဲ့ ဖွံ့ဖြိုးမှုအစီအမံတွေကို ရေးဆွဲ နိုင်ခဲ့တဲ့အပြင် စွမ်းအင်ကို အကျိုးရှိပြီး ထိရောက်စွာ အသုံးချရေးနဲ့ ခြိုးခြံချွေတာရေးကဏ္ဍ၊ ရေနံနဲ့သဘာဝ ဓာတ်ငွေ့ကဏ္ဍ၊ ပြန်ပြည့်မြဲစွမ်းအင်ကဏ္ဍ စတဲ့ကဏ္ဍအသီးသီးရဲ့ မူဝါဒ၊ မဟာဗျူဟာနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အစီအမံများရေးဆွဲနိုင်ရေးအတွက် ကူညီဆောင်ရွက် ခဲ့ပါတယ်''ဟု အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်က ပြောကြားသည်။
အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှုကော်မတီသည် မြန်မာနိုင်ငံ အမျိုးသားစွမ်းအင်မူဝါဒကို အာရှဖွံ့ဖြိုးရေး ဘဏ်၏အကူ အညီရယူပြီး သက်ဆိုင်ရာဌာန အဖွဲ့ အစည်းများ ပူးပေါင်းပါဝင်ဆောင်ရွက်မှုဖြင့် ရေးဆွဲ ခဲ့ခြင်းဖြစ်သည်။ စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အမျိုးသားစွမ်းအင်မူဝါဒကို ရေးဆွဲအတည်ပြု ထုတ်ပြန်ခဲ့ပြီး နိုင်ငံအတွက် လိုအပ်သည့်စွမ်းအင်ကို စဉ်ဆက်မပြတ် ဖြည့်ဆည်းပေးနိုင်ရေးနှင့် တိကျသည့် လုပ်ငန်းအစီအမံများ ချမှတ်နိုင်ရန်အတွက် ကာလရှည် စွမ်းအင်ဆိုင်ရာ ပင်မစီမံချက်ကိုလည်း ရေးဆွဲခဲ့သည်။
မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကာလရှည်အကောင်အထည်ဖော် ဆောင်ရွက်သွားရမည့်အစီအမံများ ပါဝင်ရေးဆွဲထား သည့် Myanmar Energy Master Plan ကို ဇန်နဝါရီ ၈ ရက်က နေပြည်တော်၌ ကျင်းပခဲ့သည့် အမျိုးသား စွမ်းအင်စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေး၌ အာရှ ဖွံ့ဖြိုးရေးဘဏ်မှ ဒါရိုက်တာ မစ္စတာ ချောင်ချီနိုင်းလ်နှင့် ကျွမ်းကျင်ပညာရှင်များက ရှင်းလင်းတင်ပြကြပြီး ဌာန ဆိုင်ရာတာဝန်ရှိသူများက အကြံပြုဆွေး နွေးခဲ့ကြသည်။
အာရှဖွံ့ဖြိုးရေးဘဏ်၏ Myanmar Energy Master Plan တွင် အခန်းခုနစ်ခန်းပါဝင်ပြီး မြန်မာနိုင်ငံ ၏ စီးပွားရေးအပေါ် ရှုမြင်သုံးသပ်ချက်၊ စွမ်းအင်အသုံး ပြုမှုပုံစံ၊ စွမ်းအင်အရင်းအမြစ်တည်ရှိမှု၊ အနာဂတ်ကာလ စွမ်းအင်လိုအပ်ချက်၊ စွမ်းအင်ဖြည့်ဆည်းမှုနည်းလမ်း များ စသည်ဖြင့် အဆင့်ဆင့်ပြုစုရေးဆွဲထားရှိသည်။
အဆိုပါ ကာလရှည်စွမ်းအင်ဆိုင်ရာ ပင်မစီမံချက်၌ စွမ်းအင်ဖြည့်ဆည်းမှု မဟာဗျူဟာ(Energy Supply Strategies) များ ဖော်ထုတ်ရာတွင် ကုန်ကျစရိတ် အနည်းဆုံးဖြင့် လုံလောက်သောစွမ်းအင်ကို စဉ်ဆက် မပြတ် ဖြည့်ဆည်းပေးနိုင်ရေး၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်အပေါ် ထိခိုက်မှုနည်းပါးသည့် စွမ်းအင်နည်းပညာများ အသုံးပြုနိုင်ရေး၊ ထိရောက်သည့် ရင်းနှီးမြှုပ်နှံမှုဖြစ်စေရေး၊ စွမ်းအင်အရင်းအမြစ်များကို ထိရောက်စွာအသုံးပြုနိုင်ရေးစသည့် Criteria များ အပေါ် အခြေခံပြီးဆောင်ရွက်ထားရှိသဖြင့် ရွေးချယ် ခွင့် ပိုမိုရရှိလာပြီး အမှန်တကယ်သင့်လျော်သော နည်းလမ်းတစ်ခုကို ရွေးချယ်နိုင်မည်ဖြစ်ကြောင်း သိ ရသည်။
နိုင်ငံတော်အစိုးရသည် ကြွယ်ဝသော စွမ်းအင် အရင်းအမြစ်များအား ဖော်ထုတ်၍ စွမ်းအင်ဖူလုံမှုရရှိ အောင် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းနေကြောင်း၊ စွမ်းအင်တိုးမြှင့်ထုတ်လုပ်နိုင်ရန် လိုအပ်သကဲ့သို့ အလေ အလွင့်မရှိရေးနှင့် နောင်လာနောက်သားများအတွက် သိုမှီးထိန်းသိမ်းထားနိုင်ရေးသည်လည်း အရေးကြီး ကြောင်း အမျိုးသားစွမ်းအင် စီမံခန့်ခွဲမှုကော်မတီ နာယက ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက ဇန်နဝါရီ ၈ ရက်က နေပြည်တော်ရှိ ဟီလ်တန်ဟိုတယ်၌ ကျင်းပ သည့် အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှုကော်မတီ (၁/၂ဝ၁၆) အစည်းအဝေး၌ ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍ ရေရှည်မျှော်မှန်းချက် သည် စီးပွားရေး၊ ဘဏ္ဍာရေး၊ လူမှုရေးနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးများအရ စွမ်းအင်အရင်း အမြစ်အမျိုးမျိုးမှ အသက်သာဆုံးတန်ဖိုးဖြင့် ထုတ်လုပ် ပြီး အမျိုးသားဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များနှင့်အညီ အရည်အသွေးပြည့်ဝသော စွမ်းအင်ဝန်ဆောင်မှုများကို ပြည်သူလူထုထံ ပေးအပ်နိုင်ရန်ဖြစ်ကြောင်း ဖော်ပြ လိုက်ပါသည်။

ရှင်မင်း

No comments:

Post a Comment