မင်္ဂလာပါတပည့်တို့
-
ဒီကနေ့ပို့ ချရမှာကတော့
တက္ကသိုလ်ဝင်စာမေးပွဲမှာ စိတ်ကြိုက်မြန်မာစာဖြေဆိုကြမယ့် ကျောင်းသူကျောင်းသားများ အတွက်
စိတ်ကြိုက်မြန်မာစာ မေးခွန်းလွှာဆိုင်ရာ သိမှတ်ဖွယ်ရာများကို ဆွေးနွေးတင်ပြပါမယ်။ စိတ်ကြိုက်
မြန်မာစာဘာသာရပ်ဟာ အဆင့်မြင့်မြန်မာစာလေ့လာနိုင်ရေးအတွက် လမ်းခင်းပေးနိုင်တဲ့ဘာသာရပ်
ဖြစ်ပါတယ်။ စိတ်ကြိုက်မြန်မာစာ ဘာသာရပ် ယူသူများဟာ မြန်မာစာအရေးအသား ပိုမိုကျွမ်းကျင်လာနိုင်ပါတယ်။
မြန်မာဝေါဟာရတွေကို
ပိုင်ပိုင်နိုင်နိုင်သုံးတတ်လာနိုင်ပါတယ်။ မြန်မာစာပေ မြန်မာစကားပြေကဗျာတွေကို ဝေဖန်အကဲဖြတ်လာနိုင်ပါမယ်။
မြန်မာစာပေရဲ့ ဖွံ့ဖြိုးတိုးတက်မှုအစဉ်တွေကို သိလာနိုင်ပါမယ်။ မြန်မာ့ယဉ်ကျေးမှု မြန်မာ့ဓလေ့ထုံးစံတွေကို
တန်ဖိုးထားတတ်လာပါလိမ့်မယ်။
ဒီလိုအကျိုးသက်ရောက်မှုနက်ရှိုင်းတဲ့
စိတ်ကြိုက်မြန်မာစာမှာ မြန်မာဝတ္ထုတိုနဲ့ မြန်မာပြဇာတ် လက်ရွေးစင်၊ သံဝရပျို့၊ မြန်မာကဗျာဖွဲ့နည်းနဲ့
မြန်မာစာပေသမိုင်းဆိုတဲ့ စာအုပ်(၄)အုပ် ပြဋ္ဌာန်းထားပါတယ်။ ဒီပြဋ္ဌာန်းစာ တွေကို လေ့လာကျက်မှတ်ပြီး
တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမယ့် ကျောင်းသူ ကျောင်းသားများအတွက် မှတ်သားသိရှိသင့်တာတွေကို
ဆွေးနွေးပို့ချပါမယ်။
စိတ်ကြိုက်မြန်မာစာမေးခွန်းလွှာမှာ
မေးခွန်းကြီး(၄)ပုဒ် မေးပါမယ်။ အဲဒီမေးခွန်း (၄)ပုဒ်မှာ မြန်မာဝတ္ထုတိုနဲ့ မြန်မာပြဇာတ်တစ်ပုဒ်၊
သံဝရပျို့တစ်ပုဒ်၊ မြန်မာကဗျာဖွဲ့နည်းတစ်ပုဒ်နဲ့ မြန်မာစာပေသမိုင်း တစ်ပုဒ်တို့ ပါဝင်ပါတယ်။
(၃)နာရီမေးခွန်းလွှာဖြစ်ပြီးတော့ မေးခွန်းအပုဒ်တိုင်းမှာ အပုဒ်ခွဲများ ပါဝင်ပါတယ်။
မေးခွန်း(၁)မှာ
မြန်မာဝတ္ထုတိုနှင့် မြန်မာပြဇာတ်ကို မေးမှာဖြစ်တယ်။ မြန်မာဝတ္ထုတိုမှာ ကိုလိုနီခေတ်မှ
မျက်မှောက်ခေတ်အထိ ဆရာ(၁၁)ဦးရဲ့ ဝတ္ထုတို(၁၁)ပုဒ်နဲ့ ပြဇာတ်(၃)ပုဒ်ကို လေ့လာရမှာဖြစ်တယ်။
ဝတ္ထုတိုဆိုတာ လူအကြောင်း၊ လောကအကြောင်းကို စာရေးသူရဲ့ စိတ်ကူးဥာဏ်နဲ့ ဖန်တီးရေးဖွဲ့ထားတဲ့
ရသစာပေဖြစ်တယ်။ ဝတ္ထုတိုဟာ တစ်ထိုင်တည်းနဲ့ ဖတ်နိုင်လောက်အောင် တိုတိုနဲ့ဆိုလိုချက်ရောက်အောင်
ရေးဖွဲ့လေ့ရှိတယ်။ ဝတ္ထုရေး ဆရာက စာဖတ်သူ အာရုံကျက်စားစေလိုတဲ့ သဘောတစ်ရပ်၊ အချက်တစ်ချက်ကို
တစ်ကွက်ကောင်း၊ တစ်ချက်ကောင်းနဲ့ ဖန်တီးရေးဖွဲ့တာဖြစ်တယ်။
ဝတ္ထုတိုမှာ ဇာတ်လမ်း၊
ဇာတ်ဆောင်၊ ကာလဒေသနောက်ခံတို့ ပါဝင်တယ်။ ဝတ္ထုတိုကို လေ့လာရာမှာ ဒီသဘောတရားတွေကို အခြေခံထားပြီး
လေ့လာရမှာ ဖြစ်ပါတယ်။ ဝတ္ထုတိုတွေကို လေ့လာတဲ့အခါ ဝတ္ထုအာဘော်၊ ဇာတ်လမ်းဖန်တီးပုံ၊ ဇာတ်ဆောင်ဖန်တီးပုံ၊
နောက်ခံဖန်တီးပုံ၊ အရေးအဖွဲ့၊ ရသနဲ့အသိ အမြင်ဆိုတဲ့ အစီအစဉ်နဲ့ လေ့လာရမှာ ဖြစ်တယ်။
ဝတ္ထုအာဘော်ဆိုတာကတော့
ဝတ္ထုတိုရေးသူရဲ့ ဆိုလိုချက်ပဲ ဖြစ်ပါတယ်။ ဝတ္ထုတိုရေးသူဟာ ဝတ္ထုတိုမှာ မိမိရဲ့ဆိုလိုချက်
(အာဘော်)ကို ပေါ်လွင်အောင် ဖော်ပြရပါတယ်။ စာဖတ်သူအနေနဲ့လည်း ဝတ္ထုတိုတစ်ပုဒ် ဖတ်ပြီးသွားတဲ့အခါ
ဝတ္ထုတိုရေးဆရာရဲ့ ဆိုလိုချက် (အာဘော်)ကို နားလည်သွားမြဲ ဖြစ်ပါတယ်။
ဇာတ်လမ်းဖန်တီးပုံဆိုတာ
ဇာတ်လမ်းဖြစ်ရပ်ကို သူ့ဘက်ကိုယ့်ဘက် အားပြိုင်မှုများ ဖန်တီးခြင်း၊ ဖြစ်ရပ်ကို ကြောင်းကျိုးဆက်စပ်ပြခြင်း၊
မြှုပ်ကွက်တွေကို ပြန်ဖော်ခြင်း၊ နောက်ပိုင်းဖြစ်ရပ်ကို ရှေ့ပိုင်းမှာ ကြိုတင်အရိပ်နိမိတ်ပြခြင်းစတဲ့
ဖန်တီးမှုအတတ်ပညာတွေနဲ့ ဇာတ်လမ်းဖန်တီးတာကို ဆိုလိုတာ ဖြစ်တယ်။
ဇာတ်ဆောင်ဖန်တီးပုံဆိုတာက
ဇာတ်လမ်းမှာပါဝင်ရတဲ့ ဇာတ်ဆောင်တွေကို အသက်ဝင်လာအောင်၊ စရိုက်သဘာဝ ထင်ရှားလာအောင် ဖန်တီးရေးဖွဲ့တာကို
ဆိုလိုခြင်းဖြစ်တယ်။ ဇာတ်ဆောင်ဖန်တီးရာမှာ ဇာတ်ဆောင်တွေရဲ့ပုံပန်းသွင်ပြင်၊ အပြုအမူ၊
အပြောအဆို၊ ဇာတ်ဆောင်အချင်းချင်း ပြောဆိုပြုမူပုံတို့နဲ့ ဖန်တီးလေ့ရှိကြတယ်။ ဇာတ်ဆောင်တို့ရဲ့
ကံသုံးပါးအမူအရာလို့ဆိုအပ်တဲ့ ကိုယ်နှုတ်နှလုံးအမူအရာတို့နဲ့ ဇာတ်ဆောင်တို့ရဲ့ စိတ်နေသဘောထား၊
စရိုက်သဘာဝ စတာတွေကို ပေါ်လွင်အောင်ရေးဖွဲ့လေ့ရှိကြတယ်။
နောက်ခံဖန်တီးပုံဆိုတာကတော့
ဇာတ်လမ်းဖြစ်ပျက်ရာ နောက်ခံအကြောင်းအရာတွေကို ဖန်တီးရေးဖွဲ့ခြင်း ဖြစ်တယ်။ ဇာတ်လမ်းအဖြစ်
အပျက်ရဲ့ နောက်ခံအကြောင်းအရာတွေကတော့ ခေတ်နောက်ခံ ဒါမှမဟုတ်အချိန်ကာလနောက်ခံ၊ ဒေသနောက်ခံတွေဖြစ်ပြီး
ဒီနောက်ခံ အကြောင်း အချက်တွေကို စာရေးသူက ဝတ္ထုတိုရဲ့ ခေတ်အခြေအနေ၊ လူမှုဝန်းကျင်အခြေ
အနေတို့နဲ့ ထင်ဟပ်ပြီး ဖန်တီးရေးဖွဲ့လေ့ ရှိပါတယ်။
ဝတ္ထုတိုရဲ့ အရေးအဖွဲ့ပိုင်းကို
လေ့လာရာမှာတော့ စာရေးသူရဲ့ဇာတ်လမ်း၊ ဇာတ်ဆောင်၊ နောက်ခံတို့ပေါ်အောင် စကားသုံးနှုန်းပုံ၊
ဝါကျဖွဲ့ပုံ၊ အလင်္ကာ၊ အဆင်တန်ဆာသုံးပုံတို့ကို လေ့လာရမှာ ဖြစ်ပါတယ်။ ဝတ္ထုတိုကပေးတဲ့
ရသနဲ့အသိအမြင်ဆိုတာကတော့ ဝတ္ထုတိုတစ်ပုဒ်ကို ဖတ်ပြီးတဲ့နောက် စာဖတ်သူစိတ်ထဲ ဘယ်လိုနှစ်သက်မှုမျိုးခံစားရပြီး
ဘယ်လိုသင်ခန်းစာ၊ ဘယ်လို ဘဝအသိအမြင်မျိုး ရတယ်ဆိုတာကို ဆိုလိုခြင်းဖြစ်ပါတယ်။
ဝတ္ထုတိုလေ့လာသူတစ်ယောက်အနေနဲ့
ဒီအချက်ကိုလည်း အလေးထား လေ့လာရမှာဖြစ်တယ်။ သာဓကအနေနဲ့ အမျိုးသားပညာဝန်ဦးဖိုးကျားရဲ့
ကိုယ်တွေ့ဝတ္ထုတို တစ်ပုဒ်ဖြစ်တဲ့ မောင်ဘစီဝတ္ထုတိုကို လေ့လာပြပါမယ်။ ဒီဝတ္ထုတိုကို လေ့လာတဲ့အခါ
အပြစ်ကင်းတဲ့ အလုပ်မှန်သမျှ ဂုဏ်ရှိကြောင်း၊ ကိုယ့်အားကိုယ်ကိုး အလုပ်လုပ်ရင်း ဆက်လက်ပညာသင်တဲ့အတွက်
ဘဝအခြေအနေ တိုးတက်ကြီးပွားသွားကြောင်းဆိုတဲ့ စာရေးသူရဲ့အာဘော်ကို တွေ့နိုင်တယ်။
ဒီအာဘော်ကို ပေါ်လွင်စေဖို့အတွက်
လူငယ်တစ်ယောက်ရဲ့ခံယူချက်နဲ့ကြိုးစားအားထုတ်မှုကို ဇာတ်လမ်းဆင်ဖန်တီးထားတယ်။
ဇာတ်လမ်းပါ အဓိကဇာတ်ဆောင်ဖြစ်တဲ့
မောင်ဘစီရဲ့ရိုးသားတဲ့စိတ်ထား၊ ကြိုးစားတဲ့စရိုက်ကို ပေါ်လွင်အောင် သရုပ်ဖော်ရေးဖွဲ့ပြီး
ဇာတ်ဆောင်ကို ဖန်တီးထားတယ်။ ပုသိမ် တလိုင်းချောင်းအရပ်နဲ့ ပုသိမ်မြို့အမျိုးသားကျောင်း
ဟာ ဒီဇာတ်လမ်းရဲ့ နောက်ခံဒေသဖြစ်တယ်။ စာရေးသူ ဦးဖိုးကျား အမျိုးသား ပညာဝန်အဖြစ် အမှုထမ်းဆောင်နေစဉ်
၁၉၂ဝ ခုနှစ် ဝန်းကျင်ကာလ မှာရေးတဲ့ ဝတ္ထုဖြစ်တဲ့အတွက် ဒီဝတ္ထုရဲ့ကာလနောက်ခံအဖြစ် သတ်မှတ်ရမယ်။
ဒီဝတ္ထုတိုရဲ့ အရေးအဖွဲ့ပိုင်းကို
လေ့လာရာမှာတော့ ဇာတ်ဆောင် အချင်းချင်း အပြန်အလှန်ပြောစကားတွေ၊ လွယ်ကူရှင်းလင်းတဲ့ စကားသုံး
တွေ၊ ဖျတ်လတ်သွက်လက်တဲ့ ရေးဟန်တွေ ပေါ်လွင်ထိမိတဲ့စကားလုံးတွေနဲ့ ရေးဖွဲ့ထားပုံတွေကို
ဖော်ထုတ်လေ့လာရမှာ ဖြစ်ပါတယ်။
ရသနဲ့အသိအမြင်ပိုင်းမှာတော့
ရိုးသားကြိုးစားတဲ့ လူငယ်တစ်ဦးရဲ့ ခံယူချက်နဲ့စိတ်ဓာတ်ကို နှစ်သက်ကျေနပ်စေတဲ့ သန္တရသ
ခံစားစေနိုင်ပြီး ရိုးသားတဲ့အလုပ်ဟူသမျှ ဂုဏ်ရှိကြောင်း၊ ကြိုးစားလုပ်ကိုင်လျှင် အောင်မြင်နိုင်ကြောင်း
စတဲ့ အသိအမြင်တွေရရှိကြောင်း လေ့လာဖော်ထုတ်ရမှာ ဖြစ်တယ်။
စိတ်ကြိုက်မြန်မာစာဘာသာရပ်
မေးခွန်း ၁(ခ)ကတော့ မြန်မာပြဇာတ် မေးခွန်း ဖြစ်ပါတယ်။ ပြဇာတ်(၃)ပုဒ်သာ ပြဋ္ဌာန်းထားတဲ့အတွက်
ဒီပြဇာတ်(၃) ပုဒ်ကိုပဲ ရှုထောင့်အမျိုးမျိုးနဲ့ မေးမှာဖြစ်ပါတယ်။ ပြဇာတ်ဆိုတာ ကပြသရုပ်ဆောင်နိုင်အောင်
ရေးဖွဲ့တဲ့စာပေမျိုး ဖြစ်တယ်။ ပြဇာတ်တစ်ပုဒ်ကို လေ့လာတဲ့အခါမှာလည်း ဝတ္ထုတို လေ့လာတုန်းကလိုပဲ
ပြဇာတ်ရဲ့အာဘော်၊ ဇာတ်လမ်းဖန်တီးပုံ၊ ဇာတ်ဆောင်ဖန်တီးပုံ၊ နောက်ခံနဲ့ ပြဇာတ်အရေးအဖွဲ့တို့ကို
လေ့လာရမှာဖြစ်တယ်။ ပြဇာတ်အာဘော်ဆိုတာ ပြဇာတ်ဆရာရဲ့ ဆိုလိုချက် ဖြစ်တယ်။ ပြဇာတ်ဇာတ်လမ်းကို
ဇာတ်ဆောင်ပြောစကားတွေနဲ့ ဖန်တီးရတယ်။ ဒီအချက်တွေနဲ့ ပြဇာတ်ကို ချိန်ထိုးလေ့လာကြရမယ်။
သာဓကအနေနဲ့ အာဇာနည်မိခင်ပြဇာတ်ကို
တင်ပြပါမယ်။ ဒီပြဇာတ်ရဲ့အာဘော်ကတော့ နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲမှာ အသက်ပေးသွားတဲ့
အာဇာနည်သားကောင်းရဲ့မိခင်ဖြစ်ရတာ ဂုဏ်ယူတဲ့ အာဇာနည်မိခင်တစ်ဦးရဲ့ စိတ်ဓာတ်ကို ဖော်ပြလိုတဲ့
စာရေးသူရဲ့အာဘော်ကို တွေ့ရမယ်။ ဂျပန်ခေတ်မှာ ဖက်ဆစ်တော်လှန်ရေးအတွက် အရှိန်ယူနေခိုက်
တော်လှန်ရေးကို လမ်းခင်းပေးတဲ့ ပြဇာတ်တစ်ပုဒ်ဖြစ်တယ်။ ဇာတ်ဆောင်တို့ရဲ့ ပြောစကားတွေကမှ
ဇာတ်ဆောင်စရိုက်၊ နောက်ခံဝန်းကျင်နဲ့ ပြဇာတ်ပါ အရေးအဖွဲ့တို့ကို လည်း လေ့လာဖော်ထုတ်ရမှာ
ဖြစ်တယ်။ ဇာတ်ဆောင်တို့ရဲ့ ပြောစကားနဲ့ ဇာတ်ဆောင်စရိုက်ကိုလည်း ဖန်တီးရတယ်။
ပြဇာတ်ဆရာရဲ့ ဇာတ်ညွှန်းစကားတွေနဲ့
နောက်ခံကာလဒေသကို ဖော်ထုတ်ရတယ်။ အရေးအဖွဲ့မှာတော့ ပြဇာတ်ဆရာရဲ့ အမြင်မတော်၊ အကြားမတော်တဲ့
ကိစ္စရပ်တွေကို ထေ့သံ၊ သရော်သံတွေနဲ့ ဟာသမြောက် အောင် ရေးဖွဲ့လေ့ရှိတယ်။ အရေးအကြီးဆုံးအချက်ကတော့
မေးခွန်းကို အသေအချာဖတ်ပြီး မေးခွန်းနဲ့ အံဝင်ခွင်ကျဖြေတတ်ဖို့ အလွန်အရေးကြီးပါတယ်။
မေးခွန်း(၂)ကတော့
သံဝရပျို့မေးခွန်းဖြစ်တယ်။ သံဝရပျို့ကို အင်းဝခေတ်မှာ စာဆို ရှင်မဟာရဋ္ဌသာရက ဖွဲ့ဆိုခဲ့တယ်။
၅၅ဝ နိပါတ်တော်မှာပါရှိတဲ့ သံဝရဇာတ်တော်ကို ရေးဖွဲ့ထားခြင်း ဖြစ်ပါတယ်။ မူရင်းပျို့စာမှာ
စာကိုယ်ပိုဒ်ရေ ၁၈၉ ပိုဒ်၊ နိဂုံးပိုဒ်ရေ ၄ ပိုဒ် စုစုပေါင်း ၁၉၃ ပိုဒ် ပါရှိပေမယ့်
ကျောင်းသားများအတွက် အပိုဒ် ၁မှ ၇၁ ထိကိုပဲ ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။
ဒီပျို့ကိုရေးချိန်မှာ
ဆရာတော်ဟာ အသက်(၆ဝ)ဝန်းကျင်ကို ရောက်နေပြီ ဖြစ်တယ်။ စာပေအသိအမြင်နဲ့ ဘဝအတွေ့အကြုံ စုံလင်နေပြီလည်း
ဖြစ်တယ်။ ဒါကြောင့်မို့ ဒီပျို့ကို ရေးတဲ့အခါမှာ စာဖတ်သူ အလိမ္မာတိုးစရာ အကြောင်းအရာတွေ
များစွာပါဝင်လာပါတယ်။ အကြောင်းအရာ အနှစ်သာရ အလွန်ထူးခြားတဲ့ ပျို့တစ်စောင်ဖြစ်ပါတယ်။
သံဝရပျို့ကို လေ့လာတဲ့အခါမှာလည်း ပျို့နိဒါန်းမှာပါရှိတဲ့ ပျို့လေ့လာနည်းများကို လက်စွဲပြုပြီးတော့
လေ့လာရမှာ ဖြစ်ပါတယ်။ ပျို့ကိုလေ့လာရာမှာ အကြောင်းအရာ၊ အရေး အဖွဲ့၊ အသုံးအနှုန်းဆိုပြီး
ကဏ္ဍသုံးခုခွဲပြီး လေ့လာသင့်ပါတယ်။
သံဝရပျို့လာအကြောင်းအရာတွေကို
နိဒါန်းမှာ ခွဲပြထားပါတယ်။ အကြောင်းအရာ လေ့လာရာမှာ ပထမအဆင့်အနေနဲ့ အခန်းအလိုက် ပါဝင်တဲ့
အကြောင်းအရာတွေကို ကဏ္ဍခွဲပြီး လေ့လာသင့်ပါတယ်။ အကြောင်းအရာတွေကို ကဏ္ဍခွဲကြည့်မယ်ဆိုရင်-
(၁) မြတ်စွာဘုရား
ဟောရခြင်းအကြောင်း
(၂) ခမည်းတော်နှင့်
သံဝရ မင်းသား ပြောဆိုခန်း
(၃)အမတ်ကြီးနှင့်တိုင်ပင်ခန်းများ
(ဒီနေရာမှာ အမတ်ကြီးနှင့်တိုင်ပင်ခန်း ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ် ဆိုပြီးတော့
သုံးကြိမ်ရှိပါတယ်။ သုံးကြိမ်လုံးကို လေ့လာရမှာ ဖြစ်ပါတယ်။)
(၄) အမတ်များက
နန်းလျာထားရန်တောင်းပန်ခန်း
(၅) သံဝရမင်းသား
ထီးနန်းရခန်းဆိုပြီးတော့ ခွဲခြားနိုင်မှာ ဖြစ်ပါတယ်။
သံဝရပျို့ကို အခန်းလိုက်သာမက
ဇာတ်ဆောင်တစ်ဦးချင်းအလိုက်လည်း လေ့လာရပါမယ်။ ဇာတ်ဆောင်တွေရဲ့စရိုက်ကို လေ့လာတဲ့အခါမှာ
သူတို့ရဲ့ စိတ်နေသဘောထား၊ ပြုမူပြောဆိုပုံ၊ အရည်အသွေးတွေကို လေ့လာဖို့ လိုပါတယ်။ ဒီပျို့မှာ
အဓိကဇာတ်ဆောင်သုံးဦးကို တွေ့ရပါမယ်။ ဗြဟ္မဒတ် မင်းကြီး၊ အမတ်ကြီးနဲ့ သံဝရမင်းသားတို့
ဖြစ်ပါတယ်။ ဒီဇာတ်ဆောင် သုံးဦးရဲ့ စိတ်နေသဘောထား၊ ပြုမူပြောဆိုပုံနဲ့ အရည်အသွေးတွေကို
မိမိရဲ့ အရေးအသားနဲ့ ပြန်ရေးနိုင်အောင် လေ့ကျင့်ထားရမှာ ဖြစ်ပါတယ်။
အဲဒါတွေအပြင် ပျို့မှာပါရှိတဲ့
ဥပမာအလင်္ကာအဖွဲ့တွေ၊ ရူပကအလင်္ကာ အဖွဲ့တွေ၊ အနက်အဓိပ္ပာယ်ပြည့်ဝပြီး အဖွဲ့အစပ် ပြေပြစ်လှပတဲ့အဖွဲ့ကောင်း
တွေ၊ စကားပုံတွေ၊ ဆိုရိုးစကားတွေ စတာတွေရဲ့ အဓိပ္ပာယ်တွေကိုလည်း အသေးစိတ်ရှင်းပြတတ်ရပါမယ်။
ပြေပြေပြစ်ပြစ် ပြန်ရေးပြတတ်ရပါမယ်။
သာဓကပြရမယ်ဆိုရင်-
''ရွှေစက်နှစ်ပါး၊
ဖဝါးတော်အောက်၊ ကြာပင်ပေါက်သို့၊ လက်မြှောက် ဦးတင်၊ မြဲလှချင် ''ဆိုတဲ့ ဥပမာအလင်္ကာကို
ဖြေကြည့်ပါမယ်။
သံဝရမင်းသားရဲ့
ခမည်းတော်မင်းကြီးဟာ သားတော်ကြီးများနည်းတူ ဇနပုဒ်ပေးရန် သံဝရမင်းသားအား ပြောကြားတဲ့အခါမှာ
သံဝရမင်းသားက ''ခမည်းတော်မင်းကြီး၏ ရွှေစက်ဖဝါးစုံအောက်၌ မိမိ၏လက်ကို ကြာဖူးကြာငုံသဖွယ်
လက်အုပ်ချီကာ နဖူးပေါ်လက်တင် ရှိခိုးဦးတင်လျက် ဖခင်အပါးမှာ အမြဲထာဝရပြုစုခွင့်ပြုပါရန်
နားတော်လျှောက်ကြောင်း ဖော်ပြဖို့ ဖြစ်ပါတယ်။
''ပျားလူးမြက်ကို၊
နေ့ရက်ရှည်လျား၊ စားစများသော်၊ ကပ်လှာယဉ်လွယ်၊ သမင်နှယ်'' ဆိုတဲ့ ဥပမာအလင်္ကာကို ဖြေကြည့်ပါမယ်။
ပျားရည်လူးတဲ့မြက်ကို
နေ့စဉ်ရက်ဆက် စားရပါများတဲ့အခါ ယဉ်ကျေး လာတဲ့သမင်ဟာ လူအနားကို အလွယ်တကူ ကပ်လာတယ်လို့
ဆိုလိုပါတယ်။
ဒီနေရာမှာ ဘယ်လိုသမင်မျိုးဆိုတာကို
ဖော်ပြဖို့ လိုပါတယ်။ ဝါတာမိဂဆိုတဲ့ လေကဲ့သို့လျင်မြန်တဲ့သမင်ဟာ လူမြင်လို့ရှိရင် တောထဲမှာ
ခုနစ်ရက် ပုန်းနေ လေ့ရှိပါတယ်။ အဲဒီလို ဝါတာမိဂသမင်မျိုးဟာ ပျားရည်လူးတဲ့မြက်ကို စားရဖန်များလာတဲ့အခါမှာ
ယဉ်ပါးပြီးနောက် လူ့အနားကိုကပ်လာတယ်လို့ ဆိုချင် ကြောင်း အပြည့်အစုံပြောရပါမယ်။
''ထုတ်ချင်းယဉ်ကြား၊
လွန်းလျှင်သွားသို့'' ဆိုတဲ့ ဥပမာအလင်္ကာဆိုရင်လည်း ယဉ်ကြား ဆိုတာဟာ ရက်ကန်းစင်က ယဉ်သွားများကို
ဆိုလိုကြောင်း ပေါ်လွင်အောင် ရေးရပါမယ်။
ယဉ်သွားများမှာ
လွန်းဟာ ထုတ်ချင်းပေါက်ပြီး အလွယ်တကူသွားသလိုပါပဲ ဆိုတဲ့ အဓိပ္ပာယ်ကိုပေါ်အောင် ဖြေရပါမယ်။
ဆက်လက်ပြီး သံဝရပျို့စာသားများကနေ
ဆိုရိုးစကားဖြစ်လာတဲ့ အဖွဲ့အနွဲ့တွေအကြောင်းကို ရှင်းလင်းဆွေးနွေးပါမယ်။ ရှင်မဟာရဋ္ဌသာရရဲ့ပျို့များမှာ
ဆိုရိုးစကားများ၊ စကားပုံများ အလွန်ပါပါတယ်။ ပျို့စာသားများ သည်ပင်လျှင် နောင်အခါ ဆိုရိုးများ၊
စကားပုံများ ဖြစ်သွားတာကို တွေ့ရပါတယ်။ ဒီသံဝရပျို့မှာ ''တစ်ယောက်ချမ်းသာ၊ ကိုယ့်ဖို့ရှာ၍၊
သတ္တဝါအပေါင်း ဆင်းရဲကြောင်း'' ဆိုတဲ့ ဆိုရိုးစကားလေးကို တွေ့ရပါမယ်။ ဒီနေ့ခေတ်မှာ အလွန်သုံးလေ့ရှိတဲ့
ဆိုရိုးဖြစ်ပါတယ်။ ကိုယ်တစ်ယောက် ချမ်းသာဖို့အတွက် အများဆင်းရဲရတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။
အဲ့ဒီလိုပဲ အနှစ်သာရမရှိတဲ့ လူ့ဘဝကို ရှင်မဟာရဋ္ဌသာရက ''ကြက်ဥသံချောင်'' လို့ ပြောပါတယ်။
ဒီစကားကလည်း ဆိုရိုးအဖြစ်နဲ့
ယခုတိုင် သုံးစွဲကြပါတယ်။ အဆန်ချောင်တဲ့ ကြက်ဥဆိုတဲ့အနေနဲ့ တင်စားပြီး သုံးစွဲခြင်းဖြစ်ပါတယ်။
ဒီလိုပဲ ''ငယ်ကတည်းက၊ မဆုံးမသော်၊ မိဘတလည်၊ ရန်သူမည်'' ဆိုတဲ့ အဖွဲ့ကိုလည်း တွေ့ရပါမယ်။
အဲဒီအဖွဲ့ကလည်း ဆိုရိုးစကားအဖြစ်နဲ့ မြန်မာလူမှုနယ်ပယ်မှာ တွင်ကျယ်နေပါတယ်။ မိဘဆိုတာ
သားသမီးကို ငယ်စဉ်ကတည်းက ဆုံးမပဲ့ပြင်ခဲ့ရမယ်။ ငယ်ငယ်ကတည်းက မဆုံးမ မသွန်သင်ခဲ့ဘူး
ဆိုရင် ဒီမိဘသည် ရန်သူနှင့်တူသော မိဘဖြစ်တယ်လို့ ဆိုလိုပါတယ်။
အဲဒီဆိုရိုးစကားတွေကို
ရှင်းရှင်းလင်းလင်း သိရှိနားလည်ပြီးတော့ ပြန်လည်ရေးသားတတ်ရမှာ ဖြစ်ပါတယ်။ သံဝရပျို့မှာ
အလင်္ကာများ၊ ဆိုရိုး များသာမက အလွန်နှစ်သက် စွဲမက်ဖွယ်ကောင်းတဲ့ အဖွဲ့ကောင်းများ ကိုလည်း
တွေ့ရမှာဖြစ်ပါတယ်။
ငါးတွေဟာ သူတို့ဘာသာဘာဝအလိုက်
တံငါက ကွန်ကို ကြဲပါဖြန့်ပါမှ ဝင်လာတတ်ကြပါတယ်။ တံငါသည်က ကွန်ကို မကြဲမဖြန့်ဘဲ ကိုင်ဆုပ်ထားရင်
ငါးတွေက ဝင်မလာတတ်ပါဘူး။ အဲဒီလိုပဲ လူတွေကို လက်ဆောင်ပစ္စည်းပေး ခြင်းဖြင့် လူတွေရဲ့ချစ်ခြင်းမေတ္တာ၊
လူတွေရဲ့ခင်မင်မှု အဲဒါတွေကို အလွယ် တကူ ရရှိနိုင်မယ်။ ဒီသဘောသဘာဝတွေကို ဆရာတော်ရှင်မဟာရဋ္ဌသာရက
''ငါးတို့ဘာသာ၊ တံငါကွန်စွန့်၊ ပစ်ကြဲဖြန့်မှ၊ ဝင်လာကြ၏၊ ကွန်ကိုတံငါ၊ ကိုင်ဆုပ်ငှာလျှင်၊
တီမှာ ငါးများ၊ ဝင်လာငြားအံ့''။ ''သစ်သီးသစ်ပွင့်၊ လက်ဆောင်ဖြစ်လျှင်၊ ချစ်ခွင့်လွယ်ကူ၊
မြို့လုံးချူ'' စသည်ဖြင့် ရေးဖွဲ့ထားလို့ ဒီအဖွဲ့ကောင်းတွေကို ထုတ်နုတ်ပြီးတော့ လေ့လာကျက်မှတ်ထားဖို့၊
ပြေပြေ ပြစ်ပြစ် ချောချောမွေ့မွေ့ စကားပြေနဲ့ ပြန်လည်ပြီး ရေးသားနိုင်ဖို့ ကျင့်ထား
ရမှာ ဖြစ်ပါတယ်။
နောက်လေ့လာရမယ့်
အချက်တစ်ချက်ကတော့ ပျို့လာအသုံးအနှုန်း စကားလုံးများ ဖြစ်ပါတယ်။ သံဝရပျို့ဟာ အင်းဝခေတ်မှာပေါ်ထွန်းခဲ့တဲ့
ပျို့ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အင်းဝခေတ်သုံး စကားလုံးများကို တွေ့ရပါ တယ်။ တစ်နည်းအားဖြင့်
ရှေးသုံးစကားလုံးများ ပါဝင်နေတာကို တွေ့ရပါတယ်။ အလွန်စိတ်ဝင်စားစရာ ကောင်းပါတယ်။
''မျက်ချစ်''၊
''မရွံမရှာ'' ''ဆိတ်ညံ'' ''ပြယာယ်'' ''ခိုင်းပယ်'' ဆိုပြီးတော့ ဒီစကားလုံး ငါးလုံးကို
သာဓကအနေနဲ့ ပြပါမယ်။ ဒီစကားလုံးတွေရဲ့ အဓိပ္ပာယ်ကို သိဖို့လိုပါတယ်။ ''မျက်ချစ်'' ဆိုရင်
နှစ်သက်မြတ်နိုးသည်၊ မေတ္တာရှိသည်။ ''မရွံမရှာ'' ရဲ့ အဓိပ္ပာယ်ကတော့ မကြောက်မလန့် ဖြစ်တယ်။
''ဆိတ်ညံ'' ဆိုတာဟာ
တိတ်ဆိတ်တာကို ဆိုလိုတယ်။ ''ပြယာယ်''ဆိုတာဟာ သွယ်ဝိုက်ပြောဆိုခြင်း ဖြစ်တယ်။ ''ခိုင်းပယ်''
ဆိုတာ စေခိုင်းတယ်ဆိုတဲ့ အဓိပ္ပာယ်သက်ရောက်ပါတယ်။ အဲဒီအသုံးအနှုန်းတွေရဲ့ အနက်အဓိပ္ပာယ်တွေကို
သိရှိနားလည်ထားဖို့ လိုအပ်ပါတယ်။
အခု သံဝရပျို့ရဲ့
မေးခွန်းပုံစံကို ရှင်းပြပါမယ်။ သံဝရပျို့ မေးခွန်းဖြစ်တဲ့ မေးခွန်း(၂)မှာ ပုဒ်ခွဲ(၂)ခု
ပါဝင်ပါတယ်။ ၂(က)မှာ ပျို့စာကိုယ်လာ စာပိုဒ်တွေကို ရှင်းပြရမှာ ဖြစ်တယ်။ ၂(ခ) မှာတော့
ဇာတ်ဆောင်အလိုက် ဇာတ်ခန်း အလိုက် ပျို့တစ်စောင်လုံးအလိုက် အကြောင်းအရာ၊ အရေးအဖွဲ့နဲ့
သုတရသ သင်ခန်းစာတွေကို မေးမှာဖြစ်တယ်။ ဗြဟ္မဒတ်မင်းကြီး၏ဂုဏ်ရည်၊ အနှစ်သက်ဆုံးအခန်း၊
ရသမြောက်အဖွဲ့များ၊ ဖခင်နှင့်သားတို့၏ နှစ်လိုဖွယ်ဆက်ဆံရေး၊ ဆရာကောင်းတပည့် ပန်းကောင်းပန်သောသဘော
စသည်ဖြင့် မေးနိုင်ပါတယ်။ ရှုထောင့် အထွေထွေက လေ့လာထားရင် ပျို့ကဗျာဖြေဆိုရတာဟာ အလွန်နှစ်သက်ကြည်နူးစရာ
ဖြစ်ပါတယ်။
မေးခွန်း(၃)ကတော့
မြန်မာကဗျာဖွဲ့နည်းမေးခွန်း ဖြစ်ပါတယ်။ မြန်မာကဗျာဖွဲ့နည်းစာအုပ်ရဲ့ အမှာစာမှာ ဖော်ပြထားတဲ့
ကဗျာ၏သဘော၊ ကဗျာစပ်နည်းအမျိုးမျိုးနဲ့ ကဗျာစပ်နည်းရဲ့ အခြေခံလေးလုံးစပ်နည်း၊ သံပေါက်စပ်နည်း၊
အချိုးကဗျာများ စပ်နည်းတို့အကြောင်းနဲ့ လေ့လာသင်ကြားရန် လမ်းညွှန်ချက်များ စတာတွေကို
သေသေချာချာ လေ့လာထားဖို့လိုပါမယ်။
ကဗျာဖွဲ့နည်းများမှာတော့ဒွေးချိုး၊
တြိချိုး၊ လေးချိုး၊ သံချို၊ တျာချင်း၊ အိုင်ချင်း၊ လွမ်းချင်း၊ တေးထပ် ဆိုတဲ့ ကဗျာအမျိုးအစား
(၈)မျိုးကို ဖော်ပြထားပါတယ်။ အဲဒီကဗျာ(၈)မျိုးရဲ့ ဖွဲ့နည်းကဗျာတွေကို ဖော်ပြရာမှာ သက်ဆိုင်ရာ
ကဗျာ အမျိုးအစားရဲ့ အခေါ်အဝေါ် အဓိပ္ပာယ်တွေ၊ စပ်နည်းတွေ၊ ဖွဲ့စပ်တဲ့ သာဓကပုံစံတွေ၊ လေ့ကျင့်ခန်းတွေ
ပြည့်ပြည့်စုံစုံ ဖော်ပြထားပါတယ်။ ကဗျာစပ်နည်းအမျိုးမျိုးထဲ ကမှထူးခြားတဲ့ ကာရန်ယူစနစ်တွေဖြစ်တဲ့
ပြန်ဂဟပ်ကာရန်၊ ခြင်္သေ့လည်ပြန် ကာရန်၊ အခံကာရန်၊ အအုပ်ကာရန် အကြောင်းတွေ၊ ကဗျာဥာဏ် ကွန့်မြူး
နိုင်ဖို့အတွက် ဇဝနဥာဏ်၊ လက်တန်းဥာဏ် စတဲ့ မြန်မာကဗျာဆိုင်ရာ သိမှတ် စရာတွေကို လေ့လာမှတ်သားရမှာ
ဖြစ်ပါတယ်။ ဒီဖော်ပြချက်တွေကို စေ့စေ့စပ်စပ် လေ့လာထားမယ်ဆိုရင် ကဗျာဖွဲ့နည်းကို အခက်အခဲမရှိ
ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်။
မေးခွန်း(၃) ပုဒ်ခွဲ(က)မှာ
အဲဒီကဗျာဖွဲ့နည်းဆိုင်ရာတွေကို မှတ်စုရေးရမှာ ဖြစ်တယ်။ (၄)ခုပေးထားပြီး (၂)ခု ဖြေရပါမယ်။
မေးခွန်း(၃) ပုဒ်ခွဲ(ခ)ကတော့ လက်တွေ့ဖြေဆိုရတဲ့ ကဗျာမေးခွန်းဖြစ်တယ်။ ကဗျာတစ်ပုဒ်ပေးထားပြီး
ဒီကဗျာရဲ့အမျိုးအမည်ကို ဖြေရမှာဖြစ်တယ်။ ပြီးတော့ ကာရန်စနစ်ကို သင်္ကေတနဲ့ ပြရမှာဖြစ်တယ်။
ကာရန်ယူပုံစနစ်ကို
သင်္ကေတနဲ့ ရှင်းပြတဲ့အခါမှာ ကဗျာအမျိုးအစားနှင့် ကာရန်ယူပုံ သင်္ကေတကို ရှင်းပြပါမယ်။
စာသားကို မျဉ်းတို၊
ကာရန်ကို ခရေပွင့်၊ ကာရန်ကို အပေါင်းလက္ခဏာတို့နဲ့ သင်္ကေတပြုဖော်ပြမှာ ဖြစ်ပါတယ်။
- စာသား - -
- ပိုဒ်တွင်းကာရန်
- *
- အချိုးသတ်ကာရန်
- +
သာဓကအနေနဲ့ ဒွေးချိုးကဗျာတစ်ပုဒ်ရဲ့
ကာရန်ယူပုံကို လေ့လာတင်ပြ ပါမယ်။
'' ချိုးနှစ်ကောင်
ထနောင်းပင်ညီနောင်က
လွမ်းအောင်ကူချွဲ။
ပန်းတော်ဖြူ
ပင်မြက်နေစာထူလှ
ဘိုးတောင်သူတဲ။
ဆိုတဲ့ကဗျာကို
ပေးထားရင် ဒွေးချိုးကဗျာဖြစ်ကြောင်း ဦးစွာဖြေရပါမယ်။
''ကောင်'' နဲ့
''နောင်''၊ ''နောင်'' နဲ့ ''အောင်'' တို့ဟာ ပထမပိုဒ်ရဲ့ ပိုဒ်တွင်းကာရန်တွေ ဖြစ်တာကြောင့်
ခရေပွင့်ပြရမှာ ဖြစ်တယ်။ ''ချွဲ'' ကတော့ ပထမပိုဒ်ရဲ့ အခံပိုဒ်ဆုံးကာရန် (အချိုးသတ်ကာရန်)
ဖြစ်တဲ့အတွက် အပေါင်း လက္ခဏာ သင်္ကေတနဲ့ပြရမှာ ဖြစ်ပါတယ်။
''ဖြူ'' နဲ့
''ထူ''၊ ''ထူ'' နဲ့ ''သူ'' တွေကတော့ ဒုတိယပိုဒ်ရဲ့ ပိုဒ်တွင်း ကာရန်တွေဖြစ်လို့ ခရေပွင့်
ပြရပါမယ်။ ''တဲ'' ကတော့ အခံပိုဒ်ဆုံး ကာရန် (အချိုးသတ်ကာရန်) ဖြစ်တာကြောင့် အပေါင်းလက္ခဏာသင်္ကေတနဲ့
ပြရမှာ ဖြစ်ပါတယ်။
မေးခွန်း(၄) ကတော့
မြန်မာစာပေသမိုင်း ပြဋ္ဌာန်းစာတွေကို မေးပါမယ်။ စာပေသမိုင်းရဲ့ ခေတ်တွေထဲက ပုဂံခေတ်ကနေ
ညောင်ရမ်းခေတ်အထိ နဝမတန်းမှာ လေ့လာသင်ယူပြီးဖြစ်လို့ တက္ကသိုလ်ဝင်တန်းမှာတော့ နောက်ပိုင်းနှစ်ခေတ်ဖြစ်တဲ့
ကုန်းဘောင်ခေတ်နဲ့ ကိုလိုနီခေတ်စာပေသမိုင်း တွေကို ပြဋ္ဌာန်းထားပါတယ်။ စာပေသမိုင်းတစ်လျှောက်မှာ
ခေတ်အလိုက် ခေတ်လိုအင်အရ ဦးတည်ချက်တွေ အလေးပေးပုံတွေ ပြောင်းလာပုံ၊ အကြောင်းအရာတွေ
ကျယ်ပြန့်လာပုံ၊ စာဆိုတွေ စာပေပုံသဏ္ဌာန်တွေ တစ်စတစ်စ တိုးပွားလာပုံတွေကို လေ့လာထားရမှာ
ဖြစ်ပါတယ်။ မြန်မာစာပေသမိုင်း စာမေးပွဲမေးခွန်းအနေနဲ့တော့ မေးခွန်း (၄)မှာ မေးပါတယ်။
မေးခွန်း(၄)(က) က မြန်မာစာပေသမိုင်း ဓမ္မဓိဋ္ဌာန်မေးခွန်းတွေ ဖြစ်ပြီး (၄)(ခ) မှာတော့
ဆွေးနွေးတင်ပြရတဲ့ ရှင်းလင်းဖြေဆိုရတဲ့ မေးခွန်းမျိုး မေးပါတယ်။ (၄)(က) မြန်မာစာပေသမိုင်း
ဓမ္မဓိဋ္ဌာန် မေးခွန်းမှာ (၈)ခု မေးထားပြီး (၅)ခု ဖြေရပါမယ်။ ခေတ်နှစ်ခေတ်ရဲ့ စာပေဆိုင်ရာ
အချက်အလက်တွေကို မေးပါမယ်။ ဓမ္မဓိဋ္ဌာန်မေးခွန်းဖြစ်တဲ့အတွက် တိုတိုနဲ့ တိတိ ကျကျ ဖြေရပါမယ်။
မြန်မာစာပေသမိုင်း ဓမ္မဓိဋ္ဌာန်မေးခွန်းတွေကို သာဓက အနေနဲ့ တင်ပြသွားပါမယ်။
ကုန်းဘောင်ခေတ်သည်
မည်မျှကြာမြင့်သနည်း။
ဗုဒ္ဓဝင်ဝတ္ထုဟူသည်
အဘယ်နည်း။
ဦးပုည၏ဝတ္ထုများကို
နှစ်သက်ရခြင်းအကြောင်းအရင်းကိုဖော်ပြပါ။
လောကဗျူဟာကျမ်းရေးသူ၏အမည်ကိုဖော်ပြပါ။
ပထမဆုံးမြန်မာသတင်းစာ၏အမည်သည်
အဘယ်နည်း။
အစရှိတဲ့ မေးခွန်းမျိုးတွေဖြစ်ပါတယ်။
ရွှေပြည်စိုးဝတ္ထု
ရေးသူအမည်၊ကိုလိုနီခေတ် - စာပေလှုပ်ရှားမှုတစ်ခု၊ ဆရာဇော်ဂျီမြန်မာမှုပြုထားသော ပြဇာတ်အမည်၊
''ဓား'' ဝတ္ထုကလှုံ့ဆော်သော စိတ်ဓာတ်၊ စာပေသစ် - ကြွေးကြော်သံ စတဲ့ အချက်အလက်တွေကိုလည်း
လေ့လာမှတ်သားထားရမှာ ဖြစ်ပါတယ်။
ဓမ္မဓိဋ္ဌာန်မေးခွန်းတွေ
ဖြေတဲ့အခါမှာ အဖြေဟာ တိကျဖို့ အလွန်လိုအပ် ပါတယ်။ ကုန်းဘောင်ခေတ်သည် မည်မျှကြာမြင့်သနည်း
- ဆိုတဲ့ ဓမ္မဓိဋ္ဌာန်မေးခွန်းဖြေရင် ကုန်းဘောင်ခေတ်သည် နှစ်ပေါင်း (၁၃ဝ)ကျော် ကြာမြင့်သည်လို့
ဖြေရမှာဖြစ်တယ်။ ဗုဒ္ဓဝင်ဝတ္ထုဟူသည်
အဘယ်နည်း - လို့မေးထားရင် ဗုဒ္ဓဝင်ဝတ္ထုဟူသည် ဘုရားရှင်၏ နောက်ဆုံးဘဝ ဖြစ်တော်စဉ်ကို
ရေးသားထားသော ဝတ္ထုဖြစ်သည်လို့ ဖြေရပါမယ်။ ဦးပုည၏ဝတ္ထုများကို နှစ်သက်ရခြင်းအကြောင်းရင်းကို
ဖော်ပြပါ - ဆိုရင်တော့ ဦးပုည၏ဝတ္ထုများကို နှစ်သက်ရခြင်းအကြောင်းရင်းမှာ ပရိသတ်စိတ်ညွတ်နူးဖွယ်
ဖွဲ့နွဲ့ရေးသား ထားသောကြောင့် ဖြစ်သည်လို့ ဖြေရပါမယ်။ လောကဗျူဟာကျမ်းရေးသူ၏ အမည်သည်
အင်ရုံဝန်ကြီးဖြစ်သည်။ ပထမဆုံး မြန်မာသတင်းစာသည် ဓမ္မသတင်းစာဖြစ်သည် စသည်ဖြင့် အတိအကျ
ပြည့်ပြည့်စုံစုံဖြေရပါမယ်။ ရွှေပြည်စိုးဝတ္ထုရေးသူ၏ အမည်ဆိုရင်တော့ ရွှေပြည်စိုးဝတ္ထုရေးသူ၏
အမည်မှာ ဦးလတ်ဖြစ်သည်။ ကိုလိုနီခေတ် စာပေလှုပ်ရှားမှုတစ်ခု၏ အမည်တစ်ခုကိုဖော်ပြပါဆိုရင်
ဒီနေရာမှာ ကိုလိုနီခေတ်စာပေလှုပ်ရှားမှုမှာ ခေတ်စမ်းစာပေလည်းရှိခဲ့တယ်။ နဂါးနီစာပေလည်းရှိခဲ့တယ်။
အဲ့ဒီအတွက် ကြောင့် ဒီလိုမေးခွန်းမျိုးမှာ တစ်ခုဖြေရင် လုံလောက်ပါတယ်။ ကိုလိုနီခေတ်
စာပေလှုပ်ရှားမှု တစ်ခု၏ အမည်တစ်ခုမှာ ခေတ်စမ်းစာပေလှုပ်ရှားမှုဖြစ်တယ်။ သို့တည်းမဟုတ်
ကိုလိုနီခေတ် စာပေလှုပ်ရှားမှုတစ်ခု၏ အမည်တစ်ခုမှာ နဂါးနီစာပေလှုပ်ရှားမှု ဖြစ်တယ်ဆိုပြီးတော့
တစ်ခုဖြေရင် လုံလောက်ပါတယ်။ ဆရာဇော်ဂျီ မြန်မာမှုပြုထားသော ပြဇာတ်အမည်သည်အဘယ်နည်း လို့မေးရင်
''မဟာဆန်ချင်သူပြဇာတ်'' လို့ ဖြေရပါမယ်။ ဓားဝတ္ထုက လှုံ့ဆော် သောစိတ်ဓာတ်ကို ရေးပါဆိုရင်
''အမျိုးသားရေးစိတ်ဓာတ်လို့'' ဖြေရပါမယ်။
စာပေသစ်ဟူသော ကြွေးကြော်ကာလတွင်
ပေါ်ထွက်ခဲ့သော မဂ္ဂဇင်းသည် တာရာမဂ္ဂဇင်းဖြစ်သည် ဆိုပြီးတော့ ပြည့်ပြည့်စုံစုံဖြေရမှာ
ဖြစ်ပါတယ်။ တိကျမှန်ကန်ရင် အမှတ်ပြည့်ရမယ့် မေးခွန်းတွေ ဖြစ်ပါတယ်။ မေးခွန်း(၄)(ခ)ကတော့
မြန်မာစာပေသမိုင်းနဲ့ပတ်သက်ပြီး ခြုံငုံဆွေးနွေး ရတဲ့ မေးခွန်းဖြစ်တယ်။ ဒီမေးခွန်းမှာလည်း
ကုန်းဘောင်ခေတ်နဲ့ကိုလိုနီခေတ် အဲဒီခေတ်နှစ်ခေတ်က စာပေအခြေအနေတွေကို မေးမှာဖြစ်ပါတယ်။
သာဓကပြရမယ်ဆိုရင် ''ကုန်းဘောင်ခေတ် မဟာဂီတ သီချင်းများအကြောင်းကို လေ့လာတင်ပြပါ။ (သို့မဟုတ်)
''ကိုလိုနီခေတ် သမိုင်းနောက်ခံဝတ္ထုများ အကြောင်းကို ဆွေးနွေးပါ။'' ဆိုတဲ့ မေးခွန်းမျိုးဖြစ်တယ်။
ဒီမေးခွန်းတွေကို ဖြေနိုင်ဖို့အတွက် ခေတ်နှစ်ခေတ်ရဲ့စာပေသမိုင်းကို ကဏ္ဍအလိုက် ဆစ်ပိုင်းကျက်မှတ်ထားဖို့
လိုပါတယ်။ ဖြေဆိုရာမှာလည်း ပြည့်ပြည့်စုံစုံ ပြေပြေပြစ်ပြစ် ရေးသားနိုင်ရပါမယ်။
စိတ်ကြိုက်မြန်မာစာဟာ
မေးခွန်း(၄)ပုဒ်ပဲဖြေရပြီးတော့ ပြဋ္ဌာန်းစာ(၃) အုပ်က အမျိုးအစား(၄) မျိုးကို (၁)မျိုး
(၁)ပုဒ်မေးမှာဖြစ်ပါတယ်။ မေးခွန်းတွေကို ချန်ပြီးခြွင်းပြီးဖြေရင် မအောင်နိုင်ပါဘူး။
အမျိုးအစား (၄)မျိုးကိုလည်း ချန်ပြီးခြွင်းပြီးကျက်လို့ မရပါဘူး။ (၄)မျိုးလုံးကို ကျေကျေညက်ညက်
လေ့လာကျက်မှတ်ထားဖို့ လိုအပ်ပါတယ်။ အဲဒီလို ကျေညက်နေမယ်ဆိုရင် စိတ်ကြိုက်မြန်မာစာ မေးခွန်းလွှာကို
ပိုင်ပိုင်နိုင်နိုင် ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်။ စိတ်ကြိုက်မြန်မာစာ ဖြေဆိုကြမယ့်သူများအားလုံး
တက္ကသိုလ်ဝင် စာမေးပွဲကြီးကို ပျော်ရွှင်အောင်မြင်စွာ ဖြေဆိုနိုင်ကြပါစေလို့ ဆန္ဒပြုရင်း
ဒီကနေ့ပို့ချချက်ကို ရပ်နားလိုက်ပါတယ်။ ။
No comments:
Post a Comment