Sunday, December 27, 2015

နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများနှင့်စပ်လျဉ်းသည့် ထိုင်းပြည်ထဲရေးဝန်ကြီးဌာနမှ အမိန့်စာထုတ်ပြန်

ဗန်ကောက် ဒီဇင်ဘာ ၂၆
ထိုင်းနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနအမိန့် ခေါင်းစဉ်ဖြင့် ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ ၂၁ ရက် ရက်စွဲဖြင့် ထိုင်းအစိုးရ ထုတ်ပြန်ကြေညာချက် စာအမှတ် ၁/၂၅၅၈ တစ်စောင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
အမိန့်စာပါအကြောင်းအရာများမှာ တချို့သောနိုင်ငံခြားသားများ ထိုင်းနိုင်ငံသို့ ပြန်ဝင်လာခွင့်တားမြစ်ခြင်း ဟု ရေးသားထားကြောင်း၊ ထိုင်းနိုင်ငံ၌ နေထိုင်အလုပ်လုပ်ကိုင်သောနိုင်ငံခြားသားများ ဗီဇာသက်တမ်းကုန်ပါက ထိုင်းနိုင်ငံအတွင်း ဆက်လက်နေထိုင်လိုလျှင် ထိုင်းနိုင်ငံ၏တည်ငြိမ်အေးချမ်းရေးနှင့် ထိုင်းပြည်သူဘဝလုံခြုံရေးကို ထိခိုက်စေနိုင်သဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအလို့ငှာ ပြည်ထဲရေးဝန်ကြီးဌာနမှ သာသနာသက္ကရာဇ် ၂၅၂၂ ခုနှစ်က ပြဋ္ဌာန်းထားသော ဥပဒေပုဒ်မ(၁၆)ကို ကျင့်သုံးကာ တချို့သောနိုင်ငံခြားသားများ ထိုင်းနိုင်ငံသို့ ပြန်ဝင် လာခွင့်ကို တားမြစ်သည့် သတ်မှတ်ချက်နှင့် အချိန်ကာလတို့ကို ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြန်ဝင်လာခွင့်တားမြစ်သည့် သတ်မှတ်ချက်နှင့် အချိန်ကာလမှာ ထိုင်းနိုင်ငံအတွင်း ဗီဇာရက် ၉ဝ ကျော်လွန်နေထိုင်၍ သက်ဆိုင်ရာဌာနသို့ လာရောက်အပ်နှံလျှင် အမိနိုင်ငံသို့ ပြန်ပို့ပြီးသည့်နောက် တစ်နှစ်အတွင်း ထိုင်းနိုင်ငံသို့ ပြန်ဝင်လာခွင့်မပြု၊ ဗီဇာတစ်နှစ်ကျော်လွန်နေထိုင်၍ သက်ဆိုင်ရာဌာနသို့ လာရောက်အပ်နှံလျှင် အမိ နိုင်ငံသို့ ပြန်ပို့ပြီးသည့်နောက် သုံးနှစ်အတွင်း ထိုင်းနိုင်ငံသို့ ပြန်ဝင်လာခွင့်မပြု၊ ဗီဇာသုံးနှစ်ကျော်လွန်နေထိုင်၍ သက်ဆိုင်ရာဌာနသို့ လာရောက်အပ်နှံလျှင် အမိနိုင်ငံသို့ ပြန်ပို့ပြီးသည့်နောက် ငါးနှစ်အတွင်း ထိုင်းနိုင်ငံသို့ ပြန်ဝင် လာခွင့်မပြု၊ ဗီဇာငါးနှစ်ကျော်လွန်နေထိုင်၍ သက်ဆိုင်ရာဌာနသို့ လာရောက်အပ်နှံလျှင် အမိနိုင်ငံသို့ ပြန်ပို့ပြီးသည့် နောက် ၁ဝ နှစ်အတွင်း ထိုင်းနိုင်ငံသို့ ပြန်ဝင်လာခွင့်မပြု၊ ဗီဇာတစ်နှစ်ကျော်လွန်နေထိုင်၍ သက်ဆိုင်ရာဌာနသို့ လာရောက်မအပ်နှံဘဲ တာဝန်ရှိသူက ဖမ်းဆီးရမိပါက အမိနိုင်ငံသို့ ပြန်ပို့ပြီးသည့်နောက် ငါးနှစ်အတွင်း ထိုင်းနိုင်ငံသို့ ပြန်ဝင်လာခွင့်မပြုခြင်းနှင့် ဗီဇာတစ်နှစ်အထက် ကျော်လွန်နေထိုင်ပါက သက်ဆိုင်ရာဌာနသို့ လာရောက်မအပ်နှံဘဲ တာဝန်ရှိသူက ဖမ်းဆီးရမိပါက အမိနိုင်ငံသို့ပြန်ပို့ပြီးသည့်နောက် ၁ဝ နှစ်အတွင်း ထိုင်းနိုင်ငံသို့ ပြန်ဝင်လာခွင့်မပြု ကြောင်း ဖော်ပြထားသည်။
ထို့အပြင် အသက် ၁၈နှစ်မပြည့်မီ အမိနိုင်ငံသို့ပြန်သွားခဲ့ခြင်းနှင့် ဗီဇာသက်တမ်း ကျော်လွန်နေထိုင်ခဲ့သော် လည်း ဤအမိန့်စာမထုတ်ပြန်ခင် အမိနိုင်ငံသို့ ပြန်သွားခဲ့ခြင်းတို့ကို ထိုင်းနိုင်ငံသို့ ပြန်ဝင်လာခွင့်ပြုသည်ဟု ထုတ်ပြန် ကြေညာချက်အား ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာနှင့် ပြည်ထဲရေးဝန်ကြီး အနုဖုံဖောင်ကျင်ဒါတို့ လက်မှတ်ရေးထိုး ထုတ်ပြန်ထားသည်။
အဆိုပါ ထုတ်ပြန်ကြေညာချက်အား သုံးသပ်သူတချို့ ပြောကြားချက်အရ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ဗီဇာလေးနှစ် သို့မဟုတ် ခြောက်နှစ် သက်တမ်းကုန်ခဲ့ပါက သက်တမ်းထပ်မံတိုးခွင့်မပြုတော့ဘဲ ဗီဇာမကုန်မီ ရက်အနည်းငယ်အလိုမှာ မြန်မာပြည်သို့ပြန်ခိုင်းတဲ့သဘောဖြစ်နိုင်ကြောင်း၊ ထိုင်းနိုင်ငံသို့ ပြန်ဝင်လာ ချင်လျှင် သြ့နှင့် ပြန်လည်ဝင်ရောက်ရမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံအစိုးရသတင်းထုတ်ပြန်ချက်အား သတင်းစာများ တွင် ဖော်ပြပါရှိကြောင်း သိရသည်။

ကျော်စိုး(ကော့သောင်း)

No comments:

Post a Comment