Thursday, October 29, 2015

မဲဆန္ဒနယ်ပြင်ပရောက် ကြိုတင် ဆန္ဒမဲပေးခြင်းနှင့် စပ်လျဉ်း၍ ကြေညာချက် ထုတ်ပြန်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
 မဲဆန္ဒနယ်ပြင်ပ ကြိုတင်ဆန္ဒမဲပေးခြင်းနှင့် စပ်လျဉ်း၍ကြေညာချက်
 နေပြည်တော်၊ အောက်တိုဘာ  ၂၉
ပြည်တွင်းရှိသက်ဆိုင်ရာ မဲဆန္ဒနယ်ပြင်ပရောက် ကျောင်းသားများ၊ သင်တန်းသားများ၊ အချုပ်ခံနေရသူများ၊ ဆေးရုံသို့တက်ရောက်နေသော အတွင်းလူနာများသည် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ၌ ကြိုတင်ဆန္ဒမဲ ပေးလိုကြောင်း ပုံစံ (၁၅) ဖြင့် လျှောက်ထားလာသဖြင့် သက်ဆိုင်ရာ မြို့နယ်နှင့် ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲများက စိစစ်ပြီး  ပုံစံ (၁-၁) ဖြင့် စာရင်းပြုစုထားပြီးဖြစ်ပါသည်။

ထိုနည်းတူ  ပြည်တွင်းရှိ သက်ဆိုင်ရာ မဲဆန္ဒနယ်ပြင်ပရောက် တပ်မတော်သားများနှင့် အတူနေအိမ်ထောင်စု ၀င်များသည် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ၌ ကြိုတင် ဆန္ဒမဲပေးလိုကြောင်း ယင်းတို့၏ တပ်မှူးထံမှ စာရင်းပေးပို့ လာသဖြင့် သက်ဆိုင်ရာ မြို့နယ် နှင့် ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲများက စိစစ်ပြီး ပုံစံ (၁-၂) ဖြင့် စာရင်းပြုစုထားပြီး ဖြစ်ပါသည်။
အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပသို့ ရောက်ရှိနေသူများအနက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ များသည် ပုံစံ (၁၅) များတွင်ဖြည့်သွင်း၍ သက်ဆိုင်ရာ သံရုံးအကြီးအမှူး၊ အမြဲတမ်းကိုယ်စား လှယ်ရုံးအကြီးအမှူး၊ ကောင်စစ် ဝန်ရုံးအကြီးအမှူးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တစ်ဆင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပေးပို့ရမည်။ ကော်မရှင်သည် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ထံသို့ပေးပို့ပြီး မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်/ ကျေးရွာ အုပ်စုကော်မရှင်အဖွဲ့ခွဲသို့ ဆက်လက် ပေးပို့ရမည်။ ရပ်ကွက်/ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲသည် ယင်းပုံစံ များကိုစိစစ်၍ မဲဆန္ဒနယ် ပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများစာရင်းကို ပုံစံ (၁-၃) ဖြင့် ရေးသားပြုစုပါသည်။
သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲသည် အဆိုပါ ပုံစံ (၁-၁)၊ (၁-၂) နှင့် (၁-၃) တို့တွင် ပါရှိသော မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးနိုင်ရန် ကြိုတင်ဆန္ဒမဲလက်မှတ်များကို နည်းဥပဒေ များပါ သတ်မှတ် ထားချက် များနှင့်အညီ လိုက်နာဆောင်ရွက်၍ သက်ဆိုင်ရာ ဌာနအကြီးအမှူးများ၊ တပ်မှူးများနှင့် သံရုံး အကြီးအမှူး များထံသို့ ပေးပို့သွားမည် ဖြစ်ပါသည်။
သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲက ပြုစုထားသည့် ပုံစံ (၁-၁)၊ (၁-၂) နှင့် (၁-၃) တို့တွင်ပါရှိသော မဲဆန္ဒရှင် များသည် သက်ဆိုင်ရာဌာနအကြီးအမှူး (သို့မဟုတ်) တပ်မှူး        (သို့မဟုတ်) သံအမတ်ကြီးနှင့် သံရုံး တာဝန်ခံတို့က စီစဉ်ပေးသည့် နေရက်နှင့် နေရာ၌ ကြိုတင် ဆန္ဒမဲလက်မှတ်များတွင် မိမိတို့ ဆန္ဒပြုလို သည့်အတိုင်း ဆန္ဒမဲပေးကြရပါမည်။ ယင်းသို့ ဆန္ဒပြု ပြီးသော ကြိုတင်ဆန္ဒမဲလက်မှတ်များကို သက်ဆိုင်ရာ စာအိတ် အသီးသီး၌ ထည့်သွင်း၍ လုံခြုံစွာပိတ်ပြီး မိမိတို့၏ ဌာနအကြီးအမှူး (သို့မဟုတ်) တပ်မှူးထံ ချက်ချင်းပြန် လည်ပေးအပ် ရပါမည်။
သက်ဆိုင်ရာဌာနအကြီးအမှူး (သို့မဟုတ်) တပ်မှူးသည် ကြိုတင်ဆန္ဒမဲလက်မှတ်များ ပါဝင်သော စာအိတ် အသီးသီးကို လက်ခံရရှိသည့်အခါ ယင်းစာအိတ်များအား သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲသို့ ပေးပို့ရ ပါမည်။
မြို့နယ်ကော်မရှင်အဖွဲ့ခွဲသည် ကြိုတင်ဆန္ဒမဲလက်မှတ်များပါဝင်သည့် စာအိတ်များ လက်ခံရရှိသည့်အခါ ယင်းစာ အိတ်များပေါ်တွင် လက်ခံရရှိသည့် အမှတ်စဉ်၊ နေ့ရက် နှင့် အချိန် တို့ကိုဖေါ်ပြ၍ ပုံစံ (၁၈-၁) တွင် ရေးသွင်းပြီး ယင်းစာအိတ်တို့ကို ကိုယ်စားလှယ်လောင်းများနှင့် သက်သေများအားပြသပြီး ချိတ်ပိတ်ထားသည့် မဲပုံးအတွင်းသို့ထည့်၍ လုံခြုံစွာသိမ်းဆည်းထား ရပါမည်။ ရွေးကောက်ပွဲနေ့ မဲရုံပိတ်ချိန် ညနေ ၄ နာရီ ထိုးသည်နှင့် ကြိုတင်ဆန္ဒမဲလက်မှတ် များပါရှိသည့် စာအိတ်များထည့်ထားသော ချိတ်ပိတ်ထားသည့်မဲပုံးကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲဝင် များ၊ လွှတ်တော်ကိုယ်စာလှယ်လောင်း (သို့မဟုတ်) ယင်း၏ ရွေးကောက်ပွဲ ကိုယ်စား လှယ်များ၊ အသိသက်သေများနှင့် အများပြည်သူရှေ့မှောက်တွင် ဖွင့်လှစ်၍ ကြိုတင်ဆန္ဒမဲများကို ချက်ချင်း ရေတွက်ရပါမည်။ ရရှိသော မဲစာရင်းအား ပုံစံ (၁၈) ( မဲပေးခွင့်ရှိသော တိုင်းရင်းသားမဲစာရင်းအား ပုံစံ ၁၈-က ) ဖြင့် မှတ်တမ်းတင်ပြီး တစ်စောင်အား ရုံး၏ကြော်ငြာသင်ပုန်းတွင် ကပ်ထားရမည်။ တစ်စောင်အား ရုံးလက်ခံ အဖြစ် ထားရှိရမည်။
မြို့နယ်ကော်မရှင်အဖွဲ့ခွဲသည် ကြိုတင်ဆန္ဒမဲလက်မှတ်များကို ရွေးကောက်ပွဲကျင်းပသည့်နေ့  ညနေ ၄ နာရီ အထိသာ လက်ခံရပါမည်။ ယင်းအချိန်ကုန်ဆုံးပြီးနောက်မှ ရောက်ရှိလာသော ကြိုတင်ဆန္ဒမဲများကို လက်ခံရေ တွက်ပေးမည်မဟုတ်ပါ။ ပယ်မဲအဖြစ် သတ်မှတ်ရမည်။
သို့ဖြစ်ပါ၍ ပြည်တွင်းရှိ သက်ဆိုင်ရာ မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များထံမှ ကြိုတင် ဆန္ဒမဲများရယူခြင်း၊ ပုံစံ အသီးသီးဖြင့်မှတ်တမ်းထားရှိခြင်း၊ ယင်းကြိုတင်ဆန္ဒမဲများကိုရေတွက်ခြင်း လုပ်ငန်းစဉ်အဆင့်ဆင့်တွင် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ မည်သူမဆို မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် ရပ်ကွက်/ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများသို့ သွားရောက်၍ လေ့လာကြည့်ရှုနိုင်ပါကြောင်း အသိပေး အပ်ပါသည်။
(မှတ်ချက်။          ။ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများ၏ နည်းဥပဒေ ၅၄။ ၅၅။ ၅၆။ ၅၇။ ၅၈။ ၅၉။ ၆၀။ ၆၁။ ၆၂။ ၆၃။ ၆၄ နှင့် ၆၇ တို့ပါ ပြဌာန်းချက်များကို လေ့လာနိုင်ပါသည်။ )
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

No comments:

Post a Comment