Friday, October 30, 2015

သဘာဝ အခြေခံဘောဂဗေဒ (သို့မဟုတ်) အစိမ်းရောင်စီးပွားရေး

၂ဝ၁၄ ခုနှစ် နိုဝင်ဘာလအတွင်း နေပြည်တော်၌ ကျင်းပခဲ့သည့် (၂၅)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်း အဝေးတွင် အာဆီယံ အစိမ်းရောင် စီးပွားရေးဌာန(ASEAN Institute for Green Economy- AIGE) တစ်ခုကို မြန်မာနိုင်ငံ (ရန်ကုန်မြို့)၌ ဖွင့်လှစ် တည်ထောင်နိုင်မှု တစ်နှစ်ပြည့် အထိမ်းအမှတ် ဂုဏ်ပြုဆောင်းပါး

'ပန်းသီး' အမှတ်တံဆိပ်ကပ် ကွန်ပျူတာ၊ မိုဘိုင်းဆက်သွယ်ရေးနှင့် မီဒီယာကိရိယာများ ထုတ်လုပ်သည့် Apple ကုမ္ပဏီသည် တရုတ်နိုင်ငံရှိ ယင်း၏စက်ရုံခွဲ၌ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို ရာနှုန်းပြည့်သုံးစွဲကာ လုပ်ငန်းများလည်ပတ်နိုင်ပြီဟု အောက်တိုဘာ ၂၁ရက်က ထုတ်ပြန်ကြေ ညာခဲ့သည်။ အမေရိကန်ရှိ ထိပ်တန်းကုမ္ပဏီ ကြီးဖြစ်သော Apple ကုမ္ပဏီ၏ ကြီးမြတ်လှသော ရည်မှန်းချက်မှာ ကုန်ထုတ်လုပ်မှုတွင် သဘာဝပတ်ဝန်းကျင် မပျက်ယွင်းစေသော စွမ်းအင်ကိုအသုံးပြုခြင်းဖြင့် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည့်စုံသည့်လောက လူ့ဘောင်ကို တည်ဆောက်ရန် ပင် ဖြစ်လေသည်။
တရုတ်နိုင်ငံသည် Apple ကုမ္ပဏီအတွက် အဓိကကျလှသည့် ဈေးကွက်ခက်မ ကြီး တစ်ခုဖြစ်သည်။ကမ္ဘာတစ်ဝန်း၌ အစားထိုးစွမ်းအင်သုံးစွဲရေးအတွက် ဦးတည် လှုပ်ရှားလာကြချိန်တွင် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှုနှင့် အညီ Apple ကုမ္ပဏီက တရုတ်နိုင်ငံ၌ နေစွမ်းအင် စီမံကိန်းများကို ရေးဆွဲ ထားပြီး ယခုအချိန်မှ သည် ၂ဝ၂ဝ ပြည့်နှစ်အထိ တစ်စီတစ်တန်း အကောင် အထည်ဖော်သွားမည်ဟု ဆိုသည်။
သန့်ရှင်းသော စွမ်းအင်သုံးစွဲရေး ရည်မှန်းချက်အရ ကမ္ဘာတစ်ဝန်းရှိ မိမိ၏ စက်ရုံခွဲများ၌ ၈၇ ရာခိုင်နှုန်းအထိ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကို သုံးစွဲ နိုင်ပြီ ဟု Apple ကုမ္ပဏီက ဝင့်ဝင့်ကြွားကြွားပင် ပြောဆိုခဲ့လေသည်။
''ရာသီဥတုပြောင်းလဲမှုဟာ ကျွန်တော်တို့ရဲ့ ခေတ်မှာ အကြီးမားဆုံး စိန်ခေါ်မှု တစ်ရပ်ပါ။ အပြော မဟုတ် အလုပ်နဲ့ သက်သေပြကြပါစို့....''ဟု Apple အမှုဆောင် အရာရှိချုပ် တင်ကွတ်က ပြောကြားလေသည်။
''အစိမ်းရောင် စီးပွားရေးဆီသို့ အသွင်ပြောင်း ကြရာမှာ တီထွင်ဆန်းစစ်မှုတွေ လိုတယ်။ ဦးတည်ချက် ရှိဖို့လိုတယ်။အစိမ်းရောင်စီးပွားရေး တည်ဆောက် နိုင်ဖို့ လုပ်ဖော်ကိုင်ဖက် ကုမ္ပဏီတွေနဲ့ လက်တွဲဆောင် ရွက်သွားမယ်'' ဟုသူက ကမ်းလင့်လေသည်။
Apple ကုမ္ပဏီသည် တရုတ်နိုင်ငံ စီချွမ်းပြည်နယ်၌ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၄ဝ ထုတ်လုပ်နိုင်မည့် ဆိုလာစီမံကိန်းများ အကောင်အထည်ဖော်မှုမှာ မကြာမီက ပြီးဆုံးခဲ့သည်။ မဂ္ဂါဝပ် ၂ဝဝ ထုတ်လုပ် နိုင်မည့် ဆိုလာ စီမံကိန်း များကိုလည်း ဆက်လက်လုပ်ကိုင်သွားမည်ဟု ဆိုသည်။
 ဖန်လုံအိမ်အာနိသင်ရှိ ဓာတ်ငွေ့မက်ထရစ်တန်ချိန် သန်း၂ဝ အထိ လျှော့ချနိုင်မည့် စီမံကိန်းများဖြစ်ပြီး တရုတ်နိုင်ငံ၌ Apple ကုမ္ပဏီက လက်ရှိ သုံးစွဲနေသည့် လျှပ်စစ်ဓာတ်အားပမာဏထက် ပိုမိုသောပမာဏ အထိကို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အဖြစ် ထုတ်လုပ်သွားမည်ဟု တင်ကွတ်က ပြောကြားခဲ့သည်။
Apple ကုမ္ပဏီ၏ အကြီးအကဲ တင်ကွတ်ဆိုမိန့် သလိုပင် ရာသီဥ တုပြောင်းလဲခြင်း၊ လူဦးရေတိုးပွား ခြင်းနှင့် သဘာဝ သယံဇာတများ ယုတ်လျော့လာခြင်းတို့သည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ အားလုံး၏ ဘုံရည်မှန်းချက်ဖြစ်သော ရေရှည်ဖွံ့ဖြိုးတိုး တက်မှုရှိရေး၊ ရည်မှန်းချက် အကောင်အထည်ဖော်ရေးတွင် အကြီးမားဆုံး စိန်ခေါ်မှု ပင် ဖြစ်လေသည်။
ကမ္ဘာ့လူဦးရေသည် ၂ဝ၅ဝ ပြည့်နှစ်အရောက်၌ သန်းပေါင်း ၉ဝဝဝ အထိ မြင့်တက်လာမည်ဟု ခန့်မှန်းရပြီး တိုးတက်လာသည့် လူဦးရေအတွက် သဘာဝ သယံဇာတများကို ပိုမိုအသုံးပြုလာရမည်ဖြစ်သည်။
သို့ရာတွင် မဝေးတော့သည့် အနာဂတ်ကာလ၌ ကမ္ဘာ့တစ်သက် အစား ထိုးပြန်လည်မရနိုင်တော့သည့် ရေနံ၊ ကျောက်မီးသွေး စသည့်လောင်စာများ ကမ္ဘာပေါ်မှ ကုန်ခမ်းပျောက်ကွယ်တော့မည်ဟု သိပံ္ပပညာရှင်များက သတိပေးထားလေသည်။
ရုပ်ကြွင်းလောင်စာများသည် ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ဖြစ်ပေါ်စေပြီး ကမ္ဘာကြီးပူနွေးမှုကို အကျိုးသက် ရောက်စေသည်။ သို့ဖြစ်၍ သဘာဝ ပတ်ဝန်းကျင်မပျက် ကမ္ဘာတည်သရွေ့ ကုန်ခမ်းဖွယ်ရာ မရှိ သည့် နေရောင် ခြည်စွမ်းအင်၊ ရေစွမ်းအင်၊ လေစွမ်းအင်တို့ကို ပြောင်းလဲ သုံးစွဲရန် လိုအပ်လာခြင်းဖြစ်သည်။
ကမ္ဘာ့နိုင်ငံများသည် အတိတ်ကာလတွင် ''ဖွံ့ဖြိုးမှုက အဓိက၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးက ဒုတိယ'' ဟူသော အတွေးအမြင်အရ စီးပွားရေး တိုး တက်ကောင်းမွန်စေရန် ကိုသာ ဦးစားပေးခဲ့ခြင်းကြောင့် ယနေ့ ကာလတွင် ကမ္ဘာမြေ ပူနွေးလာခြင်းနှင့်အတူ သဘာဝဘေးအန္တရာယ်များ ကျရောက်မှု တည်းဟူသော ဆိုးကျိုး သက်ရောက်မှုကို တွေ့ကြုံခံစားနေကြရပြီဖြစ်သည်။
ကမ္ဘာ့လေထုအတွင်းသို့ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ထုတ်လွှတ်မှုသည် ၁၉၉ဝ ပြည့်နှစ် အခြေအနေ နှင့် နှိုင်းယှဉ်လျှင် ၂ဝ၁၁ ခုနှစ်တွင် ၅ဝ ရာခိုင်နှုန်း ပိုမိုများပြားလာသည်ဟု သိပံ္ပပညာရှင်များက ထောက်ပြခဲ့ကြ လေသည်။
ကမ္ဘာတစ်ဝန်း၌ သစ်တောများ ဧကသန်းနှင့်ချီကာ နှစ်စဉ် ပြုန်းတီးနေပြီး မျိုးရင်းမျိုးစိတ်များမှာလည်း တစ်စစ မျိုးသုဉ်းပျောက်ကွယ်ခဲ့ရသည်။ အလား တူပင် ရေသယံ ဇာတ အရင်းအမြစ်များမှာလည်း ပိုမိုရှားပါးလာသည် ကို တွေ့ရလေသည်။
သဘာဝသယံဇာတများကို သုံးစွဲကာ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်သည့် ပုံစံသည် ယနေ့ခေတ်နှင့် အံဝင်ခွင်ကျ မဟုတ်တော့ သဖြင့် မြန်မာနိုင်ငံ အပါ အဝင် ကမ္ဘာ့နိုင်ငံများ အားလုံးက အစိမ်းရောင် စီးပွားရေးဘဝ သစ်ကို ထူထောင်ရန် ဦးတည်လျက်ရှိကြလေသည်။
ယနေ့ကာလသည် အစိမ်းရောင်စီးပွားရေးလမ်း ကြောင်းအတိုင်း လျှောက်လှမ်းကြရတော့မည့် အချိန်ဖြစ် သည်။ အစိမ်းရောင်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ကမ္ဘာ့နိုင်ငံများအားလုံးက နိုင်ငံအချင်းချင်း၊ အဖွဲ့အစည်း အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ကြရမည့် ခေတ်ကာလလည်း ဖြစ်လေသည်။
ကျေးလက်ရောမြို့ပြပါ သဘာဝပတ်ဝန်းကျင် မပျက် ရှေ့သို့ ခရီးဆက်နိုင်ကြဖို့ တီထွင်ဖန်တီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို ပုံစံအမျိုးမျိုးဖြင့် နက်နက်နဲနဲ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ကြရမည့် အချိန်ဖြစ် လေသည်။
အစိမ်းရောင်စီးပွားရေးဟူသည် သဘာဝ ပတ်ဝန်းကျင် ပျက်စီးထိခိုက်နိုင် မှုနှင့် ဂေဟစနစ်များ စတေးခံရ မှုတို့မရှိစေဘဲ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် မှုကို ဦးတည်သည့်စီးပွားရေး တည်ဆောက်မှုဟု ဆိုနိုင်သည်။ တစ်နည်းအားဖြင့် သဘာဝအခြေခံ ဘောဂဗေဒဖြစ်ပြီး ကမ္ဘာ့နိုင်ငံများ အားလုံး က စီးပွားရေးအမြင်အရ သာမက နိုင်ငံရေးအမြင်အရပါ စုစည်း လှုပ်ရှားကြ ရမည့် နိုင်ငံတကာစီးပွားရေးပုံစံသစ် ဖြစ်ပေလိမ့်မည်။
အစိမ်းရောင်စီးပွားရေးကို ဖော်ဆောင်ရာတွင် နိုင်ငံတော်၏ အားပေး ကူညီထောက်ပံ့မှုများ လိုအပ် သကဲ့သို့ နိုင်ငံတကာ ပူးပေါင်းဆောင် ရွက်မှုများ မြင့်မားလာရန်လည်း လိုအပ်ပေသည်။
ဖွံ့ဖြိုးဆဲနိုင်ငံများသည် အစိမ်းရောင် စီးပွားရေးဘဝကို တည်ဆောက်ရာ တွင် ပြည်ပမှ ငွေကြေးအကူ အညီရရှိရေးထက် နည်းပညာအကူအညီ ရရှိရေးမှာ ပိုမိုအရေးကြီးသည်။ လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုး တိုးတက်ရေး အတွက်လည်း ဦးစားပေးကြိုးပမ်းဆောင် ရွက်ရပေမည်။
မြန်မာနိုင်ငံသည် အလုပ်လုပ်ကိုင်နိုင်စွမ်းရှိ လူဦးရေအချိုးအစားက ပိုမို များပြားနေသည့် ကာလကောင်း တစ်ခုကို ဖြတ်သန်းလျက်ရှိရာ လူ့စွမ်းအား အရင်း အမြစ်ကို တိုးတက်စေလျက် အစိမ်းရောင်စီးပွားရေးနှင့် အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် ကြိုးပမ်းကြရပေမည်။
သဘာဝအရင်းအမြစ်များကို ရေရှည်စဉ်ဆက် မပြတ်ထုတ်ယူသုံးစွဲ သွားနိုင်မည့် ရည်ရွယ်ချက်နှင့် အညီ စီးပွားရေးတိုးတက်မှုလမ်းကြောင်းပေါ် ရှိနေစေရန် အစိမ်းရောင်စီးပွားရေးကို မြန်မာနိုင်ငံအပါ အဝင် ကမ္ဘာ့နိုင်ငံ များက မူဝါဒဆိုင်ရာ မဟာဗျူဟာ တစ်ရပ်အဖြစ် ချမှတ်ဆောင်ရွက်လျက် ရှိလေသည်။
အစိမ်းရောင်စီးပွားရေး၊ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက် မှုတို့အတွက် ကမ္ဘာ့အဖွဲ့အစည်းကြီးများဖြစ်ကြသော UNESCAP ၊ OECD ၊ UNEP ၊ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာ ကုန်သည်ကြီးများအသင်း စသည့် အဖွဲ့ အစည်းကြီး များက အစီအစဉ်များရေးဆွဲချမှတ်၍ ကမ္ဘာ့နိုင်ငံများ ပူးပေါင်းပါဝင် ဆောင်ရွက်နေကြချိန်တွင် မြန်မာနိုင်ငံ အနေဖြင့် လည်း အစိမ်းရောင်စီးပွားရေး၊အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှုအတွက် အစိုးရ အဖွဲ့အစည်းများ သာမက ပြည်တွင်းရှိ လူမှုအဖွဲ့အစည်း များ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီးGEGG (မြန်မာ) အဖြစ်ဖွဲ့စည်းကာ အကျိုး အမြတ် မယူသည့် စီးပွားရေး၊ လူမှုရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်း များကို ဦးတည်ဆောင်ရွက်လျက်ရှိလေသည်။
GEGG (မြန်မာ)အဖွဲ့အနေဖြင့် ၂ဝ၁၄ ခုနှစ် နိုဝင်ဘာလ အတွင်း နေပြည်တော်တွင် ကျင်းပခဲ့သည့် (၂၅)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်း အဝေး၌ အာဆီယံအစိမ်းရောင် စီးပွားရေးဌာန(ASEAN Institute for Green Economy-AIGE)တစ်ခုကို မြန်မာနိုင်ငံတွင် ဖွင့်လှစ် တည်ထောင်နိုင် ခဲ့သည်။
ယင်းဌာနအနေဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရရှိရန်အတွက် ဒေသတွင်း အစိမ်းရောင်စီးပွားရေးလုပ်ငန်းများကို အာဆီယံဆောင်ပုဒ်ဖြစ်သော ''ငြိမ်းချမ်းပြီး သာယာဝပြောသော လူ့အဖွဲ့အစည်းဖြစ်စေဖို့ စည်းလုံး ညီညွတ်စွာ လျှောက်လှမ်းရမည်''ဟူသည့် ဦးတည်ချက်နှင့်အညီ အဖွဲ့ဝင်နိုင်ငံ များနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပေသည်။
AIGE အနေဖြင့် ပြည်တွင်းနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်မှုများ တိုးမြှင့်ဆောင်ရွက်လျက် ဒေသတွင်းပတ်ဝန်းကျင်ဆိုင်ရာ၊ ရာသီဥတုနှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ ဖြေရှင်းရန်အတွက် လူ့စွမ်းအား အရင်း အမြစ်များ တည်ဆောက်ခြင်း၊ သုတေသနလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခြင်း၊ အစိမ်းရောင် စီးပွားရေးဆိုင်ရာ နည်းပညာရပ်များကို ပံ့ပိုးကူညီခြင်း တို့ကို ဖြည့်ဆည်းဆောင်ရွက်လျက်ရှိသည်။
နော်ဝေနိုင်ငံ ပဉ္စမမြောက် ဟာရယ်ဘုရင်နှင့် မိဖုရား ဆွန်ယာတို့က ရန်ကုန်မြို့၌ မြန်မာနိုင်ငံ၏ အစိမ်းရောင်စံပြဗဟိုဌာနကို ဖွင့်လှစ်ပေးခဲ့ခြင်း မှာ မြန်မာနိုင်ငံအနေဖြင့် အစိမ်းရောင်စီးပွားရေး လမ်းကြောင်းပေါ် ရှိနေပုံ ကို ဖော်ကျူးနေသည်။
GEGG ဖိုရမ်များကို နှစ်စဉ်ကျင်းပခြင်းဖြင့် အစိမ်းရောင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် လိုအပ်သည့် အခြေအနေများ၊ အလေ့အကျင့်များ ဖန်တီးပေးရန်များစွာအထောက်အပံ့ ဖြစ်စေမည်ဖြစ်သည်။ ထို့အပြင် အစိမ်းရောင် စီးပွားရေးလုပ်ငန်းများ၊ ပိုမိုကျယ်ပြန့်လာစေရန် အတွက် ရေ ရှည်ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ မူဝါဒချမှတ်ရေး၊ မဟာဗျူဟာရေးဆွဲရေး၊ သိပ္ပံ၊ နည်းပညာ နှင့် စီမံအုပ်ချုပ်မှုဆိုင်ရာလုပ်ငန်းများတိုးတက်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် ပူးပေါင်းဆောင်ရွက်မှု အခန်း ကဏ္ဍကို တိုးမြှင့်ဆောင်ရွက်နိုင်မည်ဖြစ်သည်။
 စတုတ္ထအကြိမ်မြောက် အစိမ်းရောင်စီးပွားရေး၊ အစိမ်းရောင်ဖွံ့ဖြိုး တိုးတက်မှုဖိုရမ်ကို နေပြည်တော်၌ ဖေဖော်ဝါရီလအတွင်းက ကျင်းပနိုင်ခဲ့ခြင်း မှာ အစိမ်းရောင်စီးပွားရေး၊ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှုအတွက် မြန်မာနိုင်ငံ အထူးအလေးပေးပုံကို ဖော်ညွှန်းလျက်ရှိသည်။
မြန်မာနိုင်ငံအနေဖြင့် ကာဗွန်ထုတ်လွှတ်မှုနည်းပါးပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အထောက်အကူပြုသည့် စီးပွားရေးလုပ်ငန်းများ အဖြစ် ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်ရန် လမ်းညွှန်မှုများ ချမှတ်ပေးခဲ့ ပြီးဖြစ်သည်။ အထူးသဖြင့် စွမ်းအင်ထိရောက်စွာ အသုံးပြုရေးနှင့် ပြန် လည်ပြည့်ဖြိုးမြဲ စွမ်းအင် ဖွံ့ဖြိုးရေး၊ စဉ်ဆက်မပြတ် စိုက်ပျိုးမွေးမြူရေး၊ သစ်တောများ၊ ဇီဝမျိုးစုံ မျိုးကွဲများ၊ ရေသယံဇာတနှင့် ဂေဟစနစ် ထိန်း သိမ်းရေး၊ မြေအသုံးချမှု စနစ်တကျ ဖြစ်စေရေး၊ သဘာဝဘေးအန္တရာယ် ကျရောက်မှုလျော့နည်း သက်သာစေရေး၊ ရေရှည် တည်တံ့သည့် အစိမ်းရောင်မြို့ကြီးများ ဖြစ်ပေါ်လာရေး၊ ဘေးအန္တရာယ်ဖြစ်စေသည့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲရေး၊ သမုဒ္ဒရာ၊ ပင်လယ်နှင့်ကမ်းရိုးတန်းဒေသများ ထိန်းသိမ်းရေး၊ သဘာဝသယံဇာတများ ထုတ်ယူ သုံးစွဲရာတွင် ပတ်ဝန်းကျင်ကို ထိခိုက်မှုအနည်းဆုံးဖြစ်စေရေးတို့ကို အလေးထားဆောင်ရွက်ရန် လမ်းညွှန် ထားပြီးဖြစ်လေသည်။
အဆိုပါလုပ်ငန်းများကို အထောက်အကူဖြစ်စေရန်လိုအပ်သည့် မူဝါဒ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်း စဉ်များကို ချမှတ်ဖော်ဆောင်လျက်ရှိသည်။
သဘာဝသယံဇာတများ ရေရှည်တည်တံ့ရေးနှင့် ယင်းသယံဇာတများ အပေါ် အခြေခံကာ လူမှု-စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် စိတ်စေတနာနှင့် ပူးပေါင်းဆောင်ရွက်လိုစိတ်တို့ဖြင့် အစိမ်းရောင်စီးပွားရေး၊ အစိမ်းရောင် ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံသားတိုင်း ပါဝင်လှုပ်ရှားကြရန် တိုက်တွန်း လိုက်ရပေသည်။ ။

အရိုင်းပန်း-ရေးသည်

No comments:

Post a Comment