Thursday, October 29, 2015

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ၂၀၁၅ ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ကထိန် သင်္ကန်း ဆက်ကပ် လှူဒါန်းပွဲအခမ်းအနား ကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက် အမှာစကား ပြောကြား


နေပြည်တော် အောက်တိုဘာ ၂၉
၂၀၁၅ ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် သာသနာရေး ၀န်ကြီးဌာန အစည်းအဝေး ခန်းမ၌ကျင်းပရာ ကျင်းပရေးဦးစီးကော်မတီနာယက ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက်အမှာစကားပြောကြားသည်။

အခမ်းအနားတွင် ဒုတိယသမ္မတက ယခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်အစိုးရ ကထိန်သင်္ကန်း ဆက်ကပ် လှူဒါန်းပွဲကို နိုဝင်ဘာ ၁၆ ရက်တွင် ပြုလုပ် ရန်လျာထားပါကြောင်း၊ ကထိန် သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီတို့ကို ဖွဲ့စည်းထားပြီးဖြစ်ပါကြောင်း။
ဆရာတော်ကြီး များပင့်ဆောင်ရေး၊ သီတင်းသုံးနေထိုင်ရေး၊ ဆွမ်းဟင်းလျာများ ဆက်ကပ်လှူဒါန်းနိုင်ရေး၊ လုံခြုံရေး၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးတို့အတွက် ကြိုတင် ပြင်ဆင်ဆောင်ရွက်သွားကြရန်နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန် ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက သံဃာတော်များ ပင့်ဆောင်မှု၊ သီတင်းသုံးမည့်နေရာ စီစဉ် ဆောင်ရွက်ထားမှု၊ ကထိန်ဉတ် သင်္ကန်းလှူဒါန်းမည့် အခြေအနေ၊ ပဒေသာပင် လှူဒါန်း နိုင်ရေး ဆောင်ရွက်ထားမှုနှင့် သက်ဆိုင်ရာ ဆပ်ကော်မတီများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဆပ်ကော်မတီ အသီးသီးမှ တာဝန်ရှိသူများက ဖိတ်ကြားရေး၊ ကြိုဆိုနေရာချထားရေး၊ ဆွမ်းဆက်ကပ်ရေး၊ ဧည့်ခံ ကျွေးမွေးရေး၊ သံဃာတော်များ ပင့်ဆောင်ရေး၊ သယ်ယူပို့ဆောင်ရေး၊ လှူဖွယ် ပစ္စည်းများပြင်ဆင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုပေးရေးနှင့် ပဒေသာပင်များ ဆက်ကပ်လှူဒါန်းနိုင်ရေးတို့အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေ များကို တင်ပြကြရာ ဒုတိယသမ္မတက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသည်။
၂၀၁၅ ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို နိုဝင်ဘာ(၁၆)ရက်တွင် နေပြည်တော် ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးရှိ သာသနာ့မဟာဗိမာန်တော်ကြီး၌ ကျင်းပမည်ဖြစ်သည်။

အဆိုပါ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲသို့ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီး ၁၆ ပါး၊ တိပိဋကဓရ တိပိဋကကောဝိဒ ဆရာတော်ကြီး ၉ ပါး၊ စေတိယ ဟိတကာရက (ရွှေသုဝဏ်)ဆရာတော်နှင့် ဥပ္ပါတသန္တိစေတီတော် သြ၀ါဒစရိယ ဆရာတော် ၁၀ ပါး၊ ဒေသခံဆရာတော် ၁ ပါးနှင့် နန်းဦးပရိ ယတ္တိစာ သင်တိုက်ကျောင်းမှ ဆရာတော် ၁၃ ပါး စုစုပေါင်းဆရာတော်ကြီး ၆၃ ပါးပင့်ဆောင်၍ ကထိန်သင်္ကန်း ဆက်ကပ် လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment