Thursday, May 28, 2015

မိတ္ထီလာ(မြောက်) ကန် ပြန်လည်ပြုပြင်တူးဖော်မှုလုပ်ငန်းကာလ နှစ်လနှင့် အပြီးဆောင်ရွက်မည်


မိတ္ထီလာကန်၏ ပတ်ဝန်းကျင်တွင် သျှိသျှားပင်များ ဝန်းရံပေါက်ရောက်နေခဲ့သဖြင့် ရှေးအခါက သျှိသျှားကန်ဟု ခေါ်ခဲ့သည်။

အနော်ရထာမင်းစောလက်ထက်တွင် သျှိသျှားကန်ရေသည် ပုပ္ပားတောင်နှင့် စပ်ခြင်း၊ ထိခြင်း ရှိ မရှိကို မြင်းသည် ကျော်တစ်ဦးအား သွားရောက်ကြည့်ရှုစေရာ ပုပ္ပားတောင်နှင့် ထိခြင်း၊ စပ်ခြင်း မရှိကြောင်း ကို''မထိလာ''ပါဟု လျှောက်တင်ဖြေကြားခဲ့သည်ကို အစွဲပြု၍ ကန်တော်ကို ''မထိလာကန်''ဟု ခေါ်တွင် စေခဲ့ရာမှ ကာလရွေ့လာသော အခါ မိတ္ထီလာကန်ဟု ခေါ်တွင်လာခဲ့ကြောင်း လေ့လာသိရှိရသည်။

မိတ္ထီလာကန်သည် မန္တလေး တိုင်းဒေသကြီး မိတ္ထီလာမြို့နယ်တွင် တည်ရှိသည်။ ''ရေမှာစစ်ကိုင်း၊ လှိုင်းမှာ ပခန်းငယ်၊ လယ်မှာ တောင်တွင်း၊ စပါးမှာ ရမည်းသင်း၊ အင်းမှာတောင်သမန်၊ ကန်မှာ မိတ္ထီလာ''ဟု ဆိုရိုးစကားရှိသည် နှင့်အညီ မိတ္ထီလာကန်ကိုအစွဲပြု၍ မိတ္ထီလာမြို့ ဖြစ်ပေါ်ထင်ရှားလာ ခဲ့ကြောင်း လေ့လာသိရှိရသည်။
မိတ္ထီလာကန်၏ အဓိကရေဝင် ချောင်းမမှာ မုန်တိုင်ချောင်းဖြစ် သည်။ မိတ္ထီလာကန်သည် အလျား ခုနစ်မိုင်၊ အနံ တစ်မိုင်ခွဲရှိ၍ ကန် နှစ်ကန်ကို ပေါင်းစပ်ဖွဲ့စည်းထား သဖြင့် တောင်ကန်၊ မြောက်ကန်ဟု ခေါ်လေ့ရှိသော်လည်း ကန်ရေမှာ တစ်ဆက်တစ်စပ်တည်းဖြစ်သည်။ သဘာဝအလျောက် ဖြစ်ပေါ်လျက် ရှိသော ချောင်းရိုး၊ မြောင်းရိုးများကို ရှေးမြန်မာများက မြေသားတမံ ဆယ်ဖို့၍ တားဆီးပိတ်ဆို့ထား သော ကန်ဖြစ်သည်။
မိတ္ထီလာကန်ရေကို မြို့နေလူထု အတွက် သောက်သုံးရေနှင့် စိုက်ပျိုး ရေးအတွက် အဓိကအားထားခဲ့ရ သည်။ မိတ္ထီလာကန်တည်ဆောက်ခဲ့ သည်မှာ နှစ်ကာလရာစုနှစ်များစွာ ကြာမြင့်ခဲ့ပြီဖြစ်ရာ သဲ၊ နုန်းများ ပို့ချမှုတို့ကြောင့် ကန်တိမ်ကောလာ ခဲ့၍ မြို့သူ၊ မြို့သားများ သောက်သုံး ရေနှင့် သဘာဝပတ်ဝန်းကျင် စိမ်း လန်းစိုပြည်ရေးအတွက် သမိုင်းဝင် မိတ္ထီလာကန် ပြန်လည်တူးဖော်ခြင်း လုပ်ငန်းကို နှစ်လအတွင်းပြီးစီး အောင် ဆောင်ရွက်သွားမည်ဟု သိရသည့်အတွက် ဆည်မြောင်းဦးစီး ဌာန ဒုတိယ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးခင်ဇော် အား သွားရောက် တွေ့ဆုံ မေးမြန်းခဲ့သည်များကို ဖော်ပြအပ် ပါသည်။
မေး။ ။ ဘယ်လိုအကြောင်းအရာ
တွေက မိတ္ထီလာကန်ကို တိမ်ကောစေရတာပါလဲ။
ဖြေ။ ။ မိတ္ထီလာကန်ကြီးဟာ ရှေး
နှစ်ပေါင်းများစွာ ကလိယုဂ် သက္ကရာဇ်နှစ်တွေကတည်းက စတင် တည်ဆောက် ဆယ်ဖို့ခဲ့တယ်လို့ သိရပါတယ်။ ရှေးမင်းအဆက်ဆက် ဆယ်ဖို့ ပြုပြင်ခဲ့ကြပေမယ့် နောက် ဆုံး(၁၇)ကြိမ်မြောက် ဆယ်ဖို့ပြုပြင် ခဲ့တဲ့ မင်းတုန်းမင်းတရားကြီး လက်ထက် လွန်ခဲ့တဲ့နှစ်ပေါင်း ၁၅ဝ ကျော် သက္ကရာဇ် ၁၂၁၈ ခုနှစ်က ဆယ်ဖို့ခဲ့တာကြောင့် ရေဆင်း ဧရိယာ ၂၄ဝ စတုရန်းမိုင်အတွင်း က ကျဆင်းလာတဲ့ နုန်းအနည် အနှစ်တွေ ကြောင့် မိတ္ထီလာကန်ကြီး တိမ်ကောလာရခြင်း ဖြစ်ပါ တယ်။
မေး။ ။ အခုလို တိမ်ကောသွားရ
တဲ့အတွက် လက်ရှိမှာ ဘယ်လိုအကျိုးဆက်တွေကို ခံစား နေရပါသလဲ။
ဖြေ။ ။ မိတ္ထီလာ ကန်အတွင်းကို
စီးဝင်တဲ့ ရေဝင်ချောင်း တွေဖြစ်တဲ့ မုန်တိုင်၊ ကြာအင်း၊ တလင်းကုန်း၊ ရွှေစစ်သည်ချောင်း တွေက မိတ္ထီလာ မြောက်ကန်ဘက် ခြမ်းကို စီးဝင်ကြပါတယ်။ မြောက် ကန် တိမ်ကောသွားတဲ့အတွက် ရေဝင်ချောင်းတွေ ဘေးမှာရှိတဲ့ မြင်သာရွာ၊ သဲတောရွာ၊ လက်ပံခါး ကော့ရွာ၊ ရှင်မြို့ရွာ၊ ရွာမရွာတွေ အတွင်းကို ချောင်းကမ်း ပါးရေလျှံ ပြီး ရေလွှမ်းမိုးမှု ဖြစ်ပေါ်ခဲ့ပါ တယ်။
အဲဒီလို ရေကြီးနစ်မြုပ်မှုတွေက ကာကွယ်ဖို့အတွက် ရေဝင်ချောင်း တွေအတွင်း သဲနုန်းတူးဖော်ခြင်း လုပ်ငန်းတွေကို ၂ဝ၁၃-၂ဝ၁၄ ခုနှစ်မှာ ဆောင်ရွက်ပြီးဖြစ်ပါတယ်။ အခုတော့ ရေလွှမ်းမိုးမှုက ကာကွယ် နိုင်ပြီဖြစ်ပါတယ်။ မိတ္ထီလာမြောက် ကန်အတွင်း သဲနုန်းပို့ချမှုများလာပြီး နွေမှာ စိုက်ပျိုးရေ၊ သောက်သုံးရေ ပေးဝေဖို့ လုံးဝမဖြစ်နိုင်တော့တဲ့ အနေအထားကို ရောက်ရှိလာပါ တယ်။ ‘ဒါ့အပြင် ဆည်ရေသောက် ဧရိယာအတွင်း မိုးစပါးစိုက်ပျိုးမှု တွေကလည်း ရေသိုလှောင်နိုင်မှု လျော့နည်းလာပြီး စိုက်ဧကတွေပါ လျော့နည်းကျဆင်းလာတာကို တွေ့ ရှိရပါတယ်။ သာစည်မြို့နယ်အတွင်း မှာ ကန်ရေသောက်ဧရိယာတွေကို စိုက်ပျိုးရေပေးဝေနိုင်ခြင်း မရှိတော့ တဲ့ အနေအထားကို ရောက်ရှိလာပါ တယ်။
မေး။ ။ မိတ္ထီလာကန်ရေကို မှီခိုနေ
ရတဲ့ မြို့နေလူထု ဘယ် လောက်ရှိပါသလဲ။
ဖြေ။ ။ မိတ္ထီလာမြို့က တက္ကသိုလ်၊
သင်တန်းကျောင်း၊ ဌာန ဆိုင်ရာ၊ တပ်ရင်းတပ်ဖွဲ့တွေ တပ်မတော် ချည်မျှင်နဲ့အထည် စက်ရုံတွေအပါအဝင် မိတ္ထီလာမြို့ လူဦးရေ ၉၇ဝဝဝ ကျော်ရှိပြီး မိတ္ထီလာကန်ရေကို သောက်သုံးရေ အဖြစ် မြို့နေလူထု ၈ဝ ရာခိုင်နှုန်း လောက်က မှီခိုသောက်သုံးနေ ကြရပါတယ်။ မိတ္ထီလာမြို့နယ် တစ်မြို့နယ်လုံးရဲ့ လူဦးရေ၂၉၅ဝဝဝ ခန့်ဟာလည်း မိတ္ထီလာကန်ကြီးကို စိုက်ပျိုးရေး၊ စီးပွားရေးအရ မှီခို နေရတာဖြစ်ပါတယ်။
မေး။ ။ မိတ္ထီလာကန်ကို အဓိက
ဘယ်ကရေတွေ စီးဝင် တယ်ဆိုတာ သိချင်ပါတယ်။
ဖြေ။ ။ မိတ္ထီလာကန်ကို အဓိက
ရေစီးဝင်တဲ့ ချောင်းက တော့ မုန်တိုင်ချောင်း ဖြစ်ပါတယ်။ မိတ္ထီလာကန်ကြီး သဲနုန်းပို့ချမှု ကြောင့် တိမ်ကောလာတဲ့အတွက် မိတ္ထီလာကန်နုန်းပို့ချမှုက ကာကွယ် ဖို့ မုန်တိုင်ချောင်းရေကို ကူညီ သိုလှောင်ပေးပြီး မိတ္ထီလာကန် ရေကူပေးနိုင်ဖို့ မုန်တိုင်နဲ့ မိတ္ထီလာ ကြားလယ်မြေတွေကို စိုက်ပျိုးရေ ပေးဝေနိုင်ဖို့ရည်ရွယ်ပြီး မိတ္ထီလာ ကန်ရဲ့အထက် ၁ဝ မိုင်ခန့်အကွာ မှာ မုန်တိုင်ရေလှောင်တမံကို ၁၉၆၆-၁၉၆၇ ခုနှစ်က တည်ဆောက် ပြီးစီးခဲ့ပါတယ်။
ဒါ့အပြင် မိတ္ထီလာကန်ကို ရေကူပေးနိုင်ဖို့ မုန်တိုင်ကန်အထက် ၁၂ မိုင်ခန့်အကွာမှာ ရှမ်းမငယ် ရေလှောင်တမံကိုလည်း တည် ဆောက်ထားပါတယ်။ အလားတူ ချောင်းကောက်ရေလှောင်တမံက ပိုလျှံတဲ့ရေတွေကို မိတ္ထီလာကန်ကို ဖြည့်ပေးနိုင်ဖို့ ချောင်းကောက်- လွန်ငင်-လက်ခုပ်ပင်- ညောင်ကုန်း- မိတ္ထီလာကန် ဆက်သွယ်မြောင်းနဲ့ မိတ္ထီလာတောင်ကန်ကို ရေကူပေး နိုင်အောင် ဆောင်ရွက်ထားပါ တယ်။
မေး။ ။ ကန်ပြန်လည်တူးဖော်တဲ့
လုပ်ငန်းတွေကို နှစ်လ အတွင်းပြီးစီးအောင် ဘယ်လိုဆောင် ရွက်နေပါသလဲ။
ဖြေ။ ။ မိတ္ထီလာကန်မှာ တောင်
ကန်နဲ့ မြောက်ကန် နှစ်ခု ရှိပါတယ်။ သဲနုန်းပို့ချမှုများတဲ့ အတွက် မိတ္ထီလာမြောက်ကန် အတွင်းက မြေကြီးကျင်းပမာဏ ၉၇၂၅ဝဝ ကို အခု မိုးမကျခင် နှစ်လနဲ့ အပြီးတူးဖော်ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ဒီလိုဆောင် ရွက်ရာမှာ စက်ယန္တရားအင်အား အစီး ၄ဝဝခန့်နဲ့ စုဖွဲ့ပြီး နေ့၊ ည ပြန်လည်ပြုပြင်ဆယ်ဖို့ သွားမှာဖြစ် ပါတယ်။ ဆောင်ရွက်ရမယ့်လုပ်ငန်း တွေကတော့ အကြိုတည်ဆောက် ခြင်းလုပ်ငန်း၊ ကန်တွင်း သဲနုန်းတူးဖော်ခြင်းလုပ်ငန်း၊ ကန်အတွင်း၊ အပြင် ဆင်ခြေလျှောကာကွယ် ခြင်းလုပ်ငန်း၊ ကန်ပေါင်ထိပ်ပြင် လုပ်ငန်း၊ ရေထုတ်ြ>ွပန်တွေနဲ့ ကန်ခြားရေတံခါး ပြုပြင်ခြင်း လုပ်ငန်းတွေနဲ့ အခြားဆက်စပ် လုပ်ငန်းတွေ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ဒီလုပ်ငန်းတွေကို မန္တလေးတိုင်း ဒေသကြီး ဆည်မြောင်းဦးစီးဌာန မိတ္ထီလာခရိုင်နဲ့ နေပြည်တော် တည်ဆောက်ရေး(၅) ဆည်မြောင်း ဦးစီးဌာနက ဝန်ထမ်းတွေစုဖွဲ့ပြီး သတ်မှတ်အချိန်အတွင်း ပြီးစီး အောင် လုပ်ငန်းအစီအစဉ်တွေ စနစ်တကျ ရေးဆွဲဆောင်ရွက်လျက် ရှိပါတယ်။
မေး။ ။ အခုလက်ရှိ လုပ်ငန်း
ဆောင်ရွက်နေတာ ဘယ် လောက်အဆင့်ကို ရောက်ရှိနေပြီ ဆိုတာ ရှင်းပြပေးပါ။
ဖြေ။ ။ ခုလက်ရှိမှာတော့ အကြို
တည်ဆောက်ခြင်း လုပ် ငန်းတွေ၊ စက်ယန္တရားစုဖွဲ့ခြင်း လုပ်ငန်းတွေကို ဆောင်ရွက်ပြီးဖြစ် ပါတယ်။ ကန်တွင်း သဲနုန်းတူးဖော် ခြင်း လုပ်ငန်းတွေကို စတင်ဆောင် ရွက်နေပြီး မိတ္ထီလာမြောက်ကန် ပြန်လည်ပြုပြင်တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ဆဲကာလမှာ မိတ္ထီလာ မြောက်ကန်ကို အမှီသဟဲပြုနေကြ တဲ့ မြို့သူ မြို့သားတွေ သောက်ရေ၊ သုံးရေ ပြတ်လပ်မှုမရှိစေဖို့အတွက် ရေခေါ်မြောင်းတွေ၊ ရေစုကန်တွေ တူးဖော် ဆောင်ရွက်နေပါတယ်။ လုပ်ငန်းအစီအစဉ် ရေးဆွဲထားတဲ့ အတိုင်း စီမံဆောင်ရွက်ဖို့ လိုအပ်တဲ့ လုပ်ငန်းအားလုံးကိုလည်း အချိန်နဲ့ တစ်ပြေးညီ စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်။
မေး။ ။ အခု ပြန်လည်ဆယ်ဖို့မယ်
ဆိုတော့ သဲနုန်းတွေ အရင် လို ပို့ချမှုမများအောင် ဘယ်လိုစီစဉ် ဆောင်ရွက်သွားမယ်ဆိုတာ သိချင် ပါတယ်။
ဖြေ။ ။ မိတ္ထီလာကန်နဲ့ မုန်တိုင်
ရေလှောင်တမံကြား ရေ ဆင်းဧရိယာ စတုရန်းမိုင် ၉ဝ အတွင်းက စီးဆင်းလာတဲ့ ချောင်း တွေပေါ်မှာ နုန်းဖမ်းတာတွေ ဆောက်လုပ်ပြီး ကန်တွင်းသဲနုန်းပို့ချ မှုမရှိအောင် ဆက်လက်စီစဉ် ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်အတွင်းက တလင်းကုန်းချောင်းပေါ်မှာ နုန်းဖမ်း ဆည်တစ်ခု တည်ဆောက်ထားပြီး ဖြစ်ပါတယ်။
ဒါ့အပြင် နိုင်ငံတော်သမ္မတကြီး ညွှန်ကြားခဲ့တဲ့အတိုင်း ရေဆင်း ဧရိယာအတွင်း သစ်ပင်တွေ တစ်အုပ်တစ်မ ပြန်လည်စိုက်ပျိုး ပြီး မြေဆီလွှာရေတိုက်စားမှုက ကာကွယ်ဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
မေး။ ။ ဖြည့်စွက် ပြောကြားချင်
တာရှိရင် ပြောကြားပေးပါ။
ဖြေ။ ။ မိတ္ထီလာကန်ကြီးဟာ နှစ်
ပေါင်းထောင်ချီပြီး အစဉ် အလာကြီးခဲ့တဲ့ ကန်တော်ကြီးဖြစ် ပါတယ်။ မြန်မာနိုင်ငံရဲ့ သမိုင်း ကြောင်း၊ သာသနာတော်ရဲ့ သမိုင်း ကြောင်းတွေမှာ ထင်ရှားလှတဲ့ ကန် တော်ကြီးဖြစ်ပါတယ်။ ရှေးမြန်မာ မင်းတွေက ခေတ်အဆက်ဆက် ဆယ်ဖို့ပြုပြင်ဆောင်ရွက်ခဲ့ပါတယ်။ ပုဂံပြည့်ရှင် အနော်ရထာမင်းကြီး လက်ထက်မှာ (၁၁)ကြိမ်မြောက် ပြုပြင်ဆယ်ဖို့ခဲ့ပြီး မင်းတုန်းမင်းကြီး လက်ထက်မှာ (၁၇)ကြိမ်မြောက် နောက်ဆုံး ဆယ်ဖို့ပြုပြင်ခြင်းကို ဆောင်ရွက်ခဲ့ပါတယ်။
အခုလို (၁၈)ကြိမ်မြောက် မိတ္ထီလာကန်တော်ကြီးကို ဆယ်ဖို့ ပြုပြင်တဲ့လုပ်ငန်းစဉ်မှာ ဆည် မြောင်း ဦးစီးဌာန အနေနဲ့ နည်းပညာ၊ စက်ယန္တရားအင်အား၊ လူအင်အား တွေနဲ့ စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက် ခွင့်ရတဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူ ရပါတယ်။ မိတ္ထီလာနယ် တစ်နယ် လုံးမှာရှိတဲ့ လူ၊ တိရစ္ဆာန်၊ သတ္တဝါ တို့ရဲ့ မှီခိုအားထားရာ မိတ္ထီလာ ကန်တော်ကြီးကို မတိမ်ကောမပျက် စီးရေး၊ အစဉ်သန့်ရှင်း သာယာလှပ ရေးတို့ဟာ မိတ္ထီလာနယ်သူ နယ် သားတွေအားလုံးကလည်း ဝိုင်းဝန်း ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်လို့ ပြောကြားလိုပါတယ်။

ယခု ပြန်လည်ဆယ်ဖို့ ပြုပြင် တော့မည့် မိတ္ထီလာကန်ကို ပုဂံခေတ် အနော်ရထာ မင်းလက်ထက်တွင် ''မထိလာကန်''ဟု လည်းကောင်း၊ အလောင်းစည်သူမင်း လက်ထက် တွင် ''မေတ္တာကန်''၊ ''ရေများကန်'' ဟုလည်းကောင်း၊ အင်းဝခေတ် မင်းကြီး စွာစော်ကဲလက်ထက်တွင် ''ရှည်လျားကန်''ဟု လည်းကောင်း၊ ပင်းယခေတ် ညောင်ရမ်းမင်း လက်ထက်တွင် ''မင်္ဂလာကန်'' ဟု လည်းကောင်း အမည်အမျိုးမျိုး သတ်မှတ်ခေါ်ဝေါ်ခဲ့ကြရာမှ ကုန်း ဘောင်ခေတ် မင်းတုန်းမင်း လက်ထက်မှစကာ ''မိတ္ထီလာကန်''ဟု ခေါ်တွင်ခဲ့သည်မှာ ယနေ့တိုင် ပင် ဖြစ်သည်။ 

No comments:

Post a Comment