Thursday, May 28, 2015

ဖျာပုံခရိုင်အတွင်းရှိ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အထောက်အကူပြု မုန်တိုင်းဒဏ်ခံ အဆောက်အအုံများနှင့် ဆက်စပ် အစီအမံများ


ဧရာဝတီတိုင်းဒေသကြီးအတွင်း ခရိုင်ခြောက်ခုရှိသည့်အနက် ဖျာပုံ ခရိုင်နှင့် လပွတ္တာခရိုင်သည် သဘာဝ ဘေးအန္တရာယ် အများဆုံးကြုံတွေ့ရ သော ဒေသများဖြစ်ကြောင်း သိရ သည်။

၂ဝဝ၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးသည့် အချိန်မှစ၍ သဘာဝဘေး ကာကွယ်ရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများ၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ကျယ်ကျယ် ပြန့်ပြန့် ပိုမိုဆောင်ရွက်လာနိုင်ပြီး ယခုအခါ သဘာဝဘေး အန္တရာယ် များ ကျရောက်ကြုံတွေ့ရပါက ပြည်သူများ၏ အသက်အိုးအိမ်၊ စည်းစိမ်များ ဆုံးရှုံး ထိခိုက်ပျက်စီး နစ်နာမှုများမှ လျော့ပါးသက်သာ စေရေးအတွက် နိုင်ငံတော်အစိုးရ၏ စီမံဆောင်ရွက်မှု၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု ဖြင့် ဖျာပုံခရိုင်တွင် ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဦးစီး ဌာန ခရိုင်အဆင့်ရုံး ဖွင့်လှစ်ကာ လုပ်ငန်းကိစ္စများ အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ပေးလျက် ရှိသည်။
'' ကျွန်တော်တို့ ဖျာပုံခရိုင်အနေနဲ့ က ပင်လယ်နဲ့လည်းနီးတော့ အခုလို မိုးဦးလေဦး မုတ်သုံရာသီ ရောက်လာရင် မုန်တိုင်းတို့၊ လေဖိအားနည်းရပ်ဝန်းတို့၊ မိုးကြီးတာတို့၊ ထူးကဲဒီရေမြင့်တက် တာတို့ စတဲ့ကိစ္စတွေကို အထူးသတိ ထားပြီးတော့ ပြင်ဆင်မှုတွေလုပ်ထား ရပါတယ်။ သက်ဆိုင်ရာက အကြောင်း ကြားတာနဲ့ ခရိုင်တွင်းမှာရှိတဲ့ သတင်း ပို့ရမယ့်နေရာအသီးသီးကို သတင်း ပို့ပြီး ဒေသဆိုင်ရာအာဏာပိုင်တွေ ထံကိုလည်း အစီရင်ခံတင်ပြပါတယ်။
ကျွန်တော်တို့ဆီမှာလည်း သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီတွေကို ခရိုင်/မြို့နယ်၊ ရပ်/ကျေးအဆင့်အထိ ဖွဲ့စည်းပြီး ကြိုတင်ပြင်ဆင်ကာကွယ်ရေးလုပ်ငန်း များကို အလေးထားဆောင်ရွက် လျက်ရှိပါတယ်။ သဘာဝဘေး အန္တရာယ်ဆိုတာ တားဆီးလို့မရပေ မယ့် ဖြစ်လာနိုင်မယ့်အန္တရာယ်တွေကို ကြိုတင်လျှော့ချလုပ်ဆောင်ထားမယ် ဆိုရင် ထိခိုက်ဆုံးရှုံးမှုတွေ သက်သာ နိုင်ပါတယ်။ တကယ်တော့ သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေးဆိုတာ ဟာ တစ်ဦးတစ်ယောက်တည်း လုပ်လို့မရပါဘူး။ အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်မှရနိုင်မယ့် အခြေ အနေမျိုးပါ။ ဒါကြောင့်မို့လို့ လူသား အားလုံး သဘာဝဘေးအသိ အမြဲရှိဖို့ အထူးလိုအပ်တယ်လို့ ပြောချင်ပါ တယ်။
သဘာဝဘေး တစ်စုံတစ်ရာ ဖြစ်လာရင် ကျွန်တော်တို့ ကယ်ဆယ် ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာနက ရည်ရွယ်ချက် နှစ်ရပ်နဲ့ အလုပ်လုပ်ပါတယ်။ ပထမအချက် အနေနဲ့ကတော့ သဘာဝဘေး အန္တရာယ်ကြောင့် ဒုက္ခရောက်သူတွေ ကို လတ်တလောသက်သာချောင်ချိ ရေး ရရှိစေရန်အတွက် ထောက်ပံ့ရေး လုပ်ငန်းများဆောင်ရွက်ဖို့၊ ဒုတိယ အချက်အနေနဲ့ကတော့ ဘေးဒုက္ခ ရောက်သူတွေကို သဘာဝဘေး လျော့ပါးရေးအတွက် ကြိုတင်စီမံ ဆောင်ရွက်ဖို့ဆိုပြီးတော့ အကောင် အထည်ဖော် လုပ်ဆောင်ပေးပါတယ်။ ကြိုတင် စီမံဆောင်ရွက်ရန်ဆိုတဲ့ အပိုင်းမှာ လတ်တလောသက်သာ ချောင်ချိရေး ဆောင်ရွက်ပေးနိုင်ဖို့ သိုလှောင်ရုံတွေ၊ သိုလှောင်ပစ္စည်း တွေ ထားပေးပါတယ်။ ဥပမာ-အိမ်ထောင်စု ၁ဝဝဝဝ၊ ၅ဝဝဝ၊ ၃ဝဝဝ စာ စသည်ဖြင့် အခြေအနေ အရ ထောက်ပံ့ရေးပစ္စည်းတွေ စုဆောင်းပေးထားပါတယ်။ ကယ်ဆယ် ရေးပစ္စည်းက ကိုးမျိုးရှိပါတယ်။ လတ်တလောသက်သာ ချောင်ချိရေး အတွက် ထောက်ပံ့ပေးဖို့ ဒီပစ္စည်း တွေကို စုဆောင်းပေးထားတာဖြစ်ပါ တယ်။ လိုအပ်မှုရှိတာနဲ့ အထက်ရုံး တွေရဲ့ ညွှန်ကြားချက်နဲ့အညီ အမြန် ဆုံးပေးပို့နိုင်အောင် စီစဉ်ထားပါ တယ်။ သဘာဝဘေးကြုံတွေ့လာရင် ကြိုတင်ကာကွယ်ဖို့အတွက် ခရိုင်နဲ့ မြို့နယ်တွေကနေ ကျေးလက်အထိ ဒေသခံပြည်သူတွေ သိအောင် သင်တန်းပေးတာတွေ၊ ဇာတ်တိုက် လေ့ကျင့်ပေးတာတွေ၊ ဆွေးနွေးပွဲ တွေမှာ သဘာဝဘေးနဲ့ပတ်သက်လို့ ဆောင်ရန်၊ ရှောင်ရန်တွေကို အသိ ပညာပေးတာတွေ စတဲ့လုပ်ငန်းတွေ ကို အလျဉ်းသင့်သလိုဆောင်ရွက်ပေး ပါတယ်။
သဘာဝဘေး အမျိုးမျိုးရှိတဲ့ အထဲ က ထူးခြားတဲ့ဘေးတွေဖြစ်တဲ့ မီးဘေး၊ ရေဘေး၊ ငလျင်ဘေး၊ မုန်တိုင်းဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေး၊ မိုးကြိုးဘေး၊ မိုးခေါင်ရေရှားဘေး၊ သောင်းကျန်း သူဘေး၊ ကပ်ရောဂါဘေးစတဲ့ ဘေးဒဏ်တွေ ကာကွယ်နိုင်ဖို့အတွက် ဘေးတစ်ခုချင်းစီအလိုက် ကျွန်တော် တို့ဌာနက လက်ကမ်းစာစောင်တွေ ဖြန့်ဝေပေးတာမျိုးလည်းရှိပါတယ်။နာဂစ်မုန်တိုင်းအပြီးကာလမှာ နိုင်ငံ တော်က ကယ်ဆယ်ရေးနဲ့ ထူထောင် ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးတဲ့ နေရာမှာ UN, INGOs နဲ့ NGOs တွေကလည်း တစ်ဖက်တစ်လမ်း ကနေ ဆောင်ရွက်ပေးကြပါတယ်။ အတွေ့အကြုံအရနာဂစ်မုန်တိုင်းပြီးတဲ့နောက်ပိုင်းမှာ မုန်တိုင်းဒဏ်ခံ အဆောက် အအုံတွေကို တစ်နိုင်ငံလုံး မှာ ၅၆ လုံး ဆောက်လုပ်ပေးထား ပါတယ်။ ဧရာဝတီတိုင်းဒေသကြီးမှာ ၅၄ လုံးနဲ့ ရန်ကုန် တိုင်းဒေသကြီးမှာ နှစ်လုံး တည်ဆောက်ပေးထားပါ တယ်။ သဘာဝဘေးဖြစ်နေဆဲကာလ များမှာ အရေးပေါ် တုံ့ပြန်မှုတွေ ဆောင်ရွက်နိုင်ဖို့ ထောက်ပံ့ပစ္စည်း ကိုးမျိုးကိုလည်း ထောက်ပံ့ပေးထားပါ တယ်။ ကယ်ဆယ်ရေး ပစ္စည်းကိုးမျိုး က ကျားလုံချည်၊ မလုံချည်၊ မျက်နှာ သုတ်ပုဝါ၊ စောင်၊ တီရှပ်၊ ကာဘော် လစ်ဆပ်ပြာ၊ ဒန်အိုး၊ ဇလုံ၊ နှစ်ယောက် အိပ်ချည်ခြင်ထောင်တွေ ဖြစ်ပါတယ်။ ဒါ့အပြင် အရေးပေါ်သုံး ဆော်ဒီမိုး ကာစနှင့် တာပေါ်လင်စများကိုလဲ စုဆောင်းထားရှိပါတယ်။
မိုးဦးကျ မုတ်သုံဝင်ရောက်ချိန်နဲ့ မိုးနှောင်းရာသီ ကုန်ဆုံးချိန်များဟာ သဘာဝဘေးဒဏ်(မုန်တိုင်း) ဖြစ်တာ များလေ့ရှိပါတယ်။ ဒါကြောင့်မို့လို့ ပြည်သူတွေအနေနဲ့ ရေဒီယို၊ သတင်း စာနဲ့ အသိပညာပေးစာစောင်တွေကို အမြဲတမ်း ဖတ်ရှုလေ့လာ၊ နားထောင် ကြဖို့လိုပါတယ်။ မုန်တိုင်းဒဏ်ခံ အဆောက်အအုံအနေနဲ့ ဖျာပုံ ခရိုင် အတွင်းမှာ အလုံး ၂ဝ တည် ဆောက်ပေးထားပါတယ်။ ယခု လက်ရှိလည်း ဘိုကလေးမြို့နယ် ချောင်းမည်းကြီး ကျေးရွာအုပ်စု ဇီးဖြူရွာမမှာ စာသင်ကျောင်းShelter တစ်လုံး တည်ဆောက်ပေး နေပါတယ်'' ဟု ဖျာပုံခရိုင် ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်း ပြောကြားသည်။
ဖျာပုံခရိုင်အတွင်း သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး အထောက်အကူပြု မုန်တိုင်းဒဏ်ခံ အဆောက်အအုံများ တည်ရှိမှုနှင့် ပတ်သက်၍ ဖျာပုံမြို့နယ်တွင် နှစ်လုံး၊ အမာမြို့နယ်တွင် ခုနစ်လုံး၊ ဒေးဒရဲ မြို့နယ်တွင် ငါးလုံးနှင့် ဘိုကလေး မြို့နယ်တွင် ခြောက်လုံး စုစုပေါင်း အလုံး ၂ဝတည်ရှိပြီး လိုအပ်သော နေရာများတွင် Cyclone Shelter (မုန်တိုင်းဒဏ်ခံအဆောက်အအုံ)နှင့် Hill lock(သက်ကယ်ကုန်း) (၂ဝဝx ၁ဝဝx၃ဝ)များ ထပ်မံတည်ဆောက် ရန် လျာထားချက်ရှိကြောင်း သိရ သည်။

အဆိုပါ ဦးစီးဌာနသည် ဖော်ပြပါ ဆောင်ရွက်ချက်များနှင့် အခြားသောပြည်သူဗဟိုပြုလုပ်ငန်းကိစ္စများအပြင် လတ်တလောဆောင် ရွက်ချက်များအနေနှင့် ဖျာပုံခရိုင် အတွင်းတွင် သဘာဝဘေးလျော့ပါး ရေး အသိပညာပေးသင်တန်းများပို့ချ ပေးခြင်း၊ ဆူနာမီသဏ္ဌာန်တူ သရုပ်ပြ လေ့ကျင့်ခန်းများ လေ့ကျင့်ပေးခြင်း၊ ပင်လယ်နှင့်အလွန်နီးသော အမာ မြို့နယ်တွင် ကြက်ခြေနီသင်တန်းများ ပို့ချရေး စီစဉ်ထားရှိခြင်း၊ သဘာဝ ဘေးစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ အစည်းအဝေးများ ပြုလုပ်ခြင်း စသည့် ဆက်စပ်အစီအမံများ စနစ် တကျဖြန့်ကြက်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။ 

No comments:

Post a Comment