Thursday, April 30, 2015

သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည် . . . ခိုင်


ကြေးမုံသတင်းစာတွင် ဝတ္ထုကဏ္ဍယခင်ကထည့်သွင်းဖော်ပြပေးခဲ့ဖူးပါသည်။ ထိုဝတ္ထုကဏ္ဍကို စာဖတ် ပရိသတ်များ ပြန်လည်ဖတ်ရှုနိုင်ရန်အတွက် ကြေးမုံသတင်းစာတွင် နေ့စဉ် ပြန်လည် ဖော်ပြပေးလိုက်ပါသည်။
ထိုသို့ ဖော်ပြပေးရာတွင် စာဖတ်ပရိသတ် စွဲလမ်းဆဲလက်စရှိသည့် ဆရာတက္ကသိုလ်ဘုန်းနိုင်၏ ''သူငယ်ချင်း လို့ပဲ ဆက်၍ခေါ်မည်...ခိုင်'' ဝတ္ထုကို အခန်းဆက်ဝတ္ထုအဖြစ် ဦးစွာတင်ဆက်ပေးလိုက်ပါသည်။
ထိုဝတ္ထုကို ရုပ်ရှင်ဇာတ်ကားကြီးအဖြစ်ရိုက်ကူးတင်ဆက်ခဲ့ပြီးဖြစ်သော်လည်း ရုပ်ရှင်ရသခံစားမှုထက် ဝတ္ထုရသ ခံစားမှုက ပရိသတ်အား ပိုမိုဆွဲဆောင်မှုရှိသည်ကို ဖတ်ရှုလေ့လာ သိသာနိုင်ရန်ဖြစ်ပါသည်။ ယင်းနောက် စာဖတ် ပရိသတ်၏ နှလုံးသားကို စွဲငြိစေမည့် ရသမြောက်သည့် ထင်ရှားသော ဝတ္ထုများကိုလည်း ဆက်လက်ဖော်ပြပေးသွားမည် ဖြစ်ပါသည်။ (စာတည်း)
ယမန်နေ့မှအဆက်
အင်္ဂလိပ်တို့မှာ မြန်မာပြည်က ဆုတ်ခွာပေးရန် သေချာ သဖြင့် ဂျပန်တို့ မြန်မာပြည်ကို အမြန်သိမ်းမိမည်။ အောက် နှင့် အထက်မြန်မာပြည် ကြာရှည် အဆက်ပြတ်နေမည်မဟုတ်သောကြောင့် သန်လျင်မှ အိမ်မှာ စိတ်ပူရန် အကြောင်းမရှိ။ တိုင်းပြည်မငြိမ်မသက်ဖြစ်နေသော စပ်ကြားကာလအတွင်း စစ်ကိုင်းတောင် ရိုးထက် လုံခြုံစိတ်ချရသော အခြားနေရာမမြင်။ ထို့ကြောင့် စစ်ကိုင်းတွင်ပင် ဆက်နေရန် ဆုံးဖြတ်ခြင်းဖြစ်၏။
ဖေဖေ့တွက်ကိန်းမှာ မှန်သည်။ မကြာမီတွင် အစိုးရရုံးများ အထက်မြန်မာပြည်သို့ ရွှေ့ပြောင်းလာကြသည်။ အင်္ဂလိပ်တပ်၊ တရုတ်တပ်တို့လည်း ကုန်းတစ်တန်၊ ရေတစ်တန်ဖြင့် မြောက်ဘက်သို့ အဆက်မပြတ် ဆုတ်ခွာလာနေကြ၏။
မတ်လ ၉-ရက်နေ့တွင် ရန်ကုန်ကျကြောင်း ကြားရ သည်။ကျွန်တော်တို့လည်း မြို့ပေါ်တွင် မနေတော့ဘဲ စစ်ကိုင်းတောင်ရိုးရှိ ရေဦးကျောင်းတိုက်ချောင်သို့ ပြောင်းရွှေ့ခဲ့သည်။
ဖေဖေသည် စစ်ကိုင်းသို့ရောက်သည်မှာ မကြာသေးသော်လည်း နာမည်ကျော်ဆရာဝန်တစ်ဦး ဖြစ်သောကြောင့် တစ်ကြောင်း၊ စစ်ကိုင်းတောင်၌ ဘိုးဘွားမိဘများလက်ထက်ကတည်းမှ လှူဒါန်းခဲ့သော ကုသိုလ်အဆောက် အအုံတို့ရှိသည်က တစ်ကြောင်း၊ ချောင်မှ ဆရာတော်သည် ရှေးယခင် ဘုရားဖူးလာစဉ် ကတည်းက ဖေဖေတို့ ဆရာရင်း၊ သမားရင်း ဖြစ်ခဲ့သည်က တစ်ကြောင်း ဤ အကြောင်းများကြောင့် တစ်ပြည်လုံးမှ ခိုလှုံလာကြသူ
အပေါင်း ပြည့်ကျပ်နေသော စစ်ကိုင်းတောင်ရိုးတွင် ကျွန်တော်တို့ နေရာရခြင်းဖြစ်လေသည်။ ထိုနှစ်နွေက ကျောင်းပိတ်လျှင် သန်လျင်မြို့သို့ ပြန်မည် ဟု ကျွန်တော်ခဲလေသမျှ သဲရေကျ ဖြစ်ရသည်။
ဤသို့ဆိုသဖြင့် ရက်လများကို လွမ်းမောတ,သရင်း ကုန်ဆုံးခဲ့ရပါသည်ဟု ကျွန်တော် မဆိုလို ...၊ လှိုက်လှိုက် လှဲလှဲ လွမ်းမောတသနိုင်ရန်အတွက် ကျွန်တော့်အသက်မှာ မကြီးလွန်းသေး။ ရင်ဆိုင်နေရသော အဖြစ်အပျက် များကလည်း စိတ်ကူးယဉ်အတွေးနယ်ချဲ့ရန်အတွက် မည်သို့မျှ အထောက်အပံ့မပြု၊ ထိတ်လန့် တုန်လှုပ်ဖွယ်များ သာ ဖြစ်နေ၏။
ကျွန်တော်တို့ စစ်ကိုင်းချောင်ရှိ စစ်ပြေးအများမှာ ချန်ကေရှိတ် ကူမင်တန်တပ်များ၏ ဓားပြတိုက်သည်ကို မရှုမလှ ခံလိုက်ကြရသည်။ ကူမင်တန်တပ်သားများသည် မန္တလေးမဟာမြတ်မုနိကြီးကိုပင် ဖျက်ဆီးလုယက်ရန် ကြံကြသေးသည်။ မန္တလေးသံဃာတော်တို့ သာသနာ့အလံထူ၍ ဘုရားကြီးကို အသက်ပေးကာကွယ်ခုခံမည် ပြုသောအခါမှ သင်းတို့ လက်လျှော့ရသည်။
ယခင်က တိုင်းပြည်ပျက်ခြင်းအကြောင်းကို စာ၌သာ တွေ့ဖူးသည်။ ရုပ်ရှင်များထဲ၌သာ မြင်ဖူးသည်။ ယခုမူ ကိုယ်တွေ့ကြုံရပြီတည်း။
ညအခါ၌ ခွေးအူသံတို့ကို အသည်းယားဖွယ်ကြားရ သည်။ အဝေးအရပ်ဆီမှ တံတားများကို ဖောက်ခွဲသံတို့ သည်မြေကိုတုန်စေ၍ ပေါ်ထွက်လာတတ်သည်။
ထိုအခါမျိုး၌ လမဲ့၍ မှောင်မည်းသော ကောင်းကင်ပြင် နောက်ခံဖြင့် မီးတောက်၊ မီးလျှံတို့သည် စိတ်ချောက် ချားဖွယ် ထွက်ပေါ်လာတတ်၏။ ဘုရားဆွဲလည်းသံ သာသာ၊ ဝတ်တက်သော သံဃာ တော်အရှင်မြတ်၊ သီလရှင်သူတော်မြတ်တို့၏ ပရိတ်သံ ချိုချိုဖြင့် ထုံမွှန်းအပ်သော ကျွန်တော်တို့၏ စစ်ကိုင်းတောင် ရိုးသည်သာ ဤကမ္ဘာတစ်ခုလုံး၌ ငြိမ်းချမ်းမှု အရှိဆုံး ဒေသဟု ထင်မှတ်ရသည်။
မေမေကမူ ရှေးယခင်ကတည်းက မပြတ်ခဲ့သော နိစ္စပါတ် ဘုရားဝတ်ပြုခြင်းကို ပြုမြဲပြုသည်။ ယခင်က မိုးချုပ် လျှင် အလျင်အိပ်ရာဝင်၍ ဘုရားရှိခိုးပျင်းသော ဒေါ်စာဥကြီးကား ယခုမူ မှန်မှန်ဘုရားရှိခိုးရုံမက ဂုဏ်တော် ပုတီးကို တစ်ညတစ်ထောင် စိပ်သည်ဆို၏။ ပုတီးစိပ်ပြီး တိုင်း ဘယ်ကသူသင်၍ ရလာသည် မသိသော တရားလင်္ကာ ကို သံနေသံထားဖြင့် ရွတ်ဖတ်တတ်သေးသည်။
'' အမြိုက်တနှင့်၊ ဓမ္မလောကီ၊ မကူးမီနှင့်၊ ကူးပြီးသည့် နောက်၊ တစ်ခုမြောက်သို့၊ မရောက်ကြမီ၊ ပဉ္စသီဖြင့်၊ တည် ကြည်စိတ်ပျောင်း၊ အနေကောင်းမှ၊ မကောင်းသူပယ်၊ ကောင်းသူကယ်မည်၊ သိဖွယ်ငါတို့ မှတ်စိမ့်သောဝ် ... သြကာသ ... သြကာသ '' ဒေါ်စာဥကြီးရွတ်သော တရားလင်္ကာ၏ အဓိပ္ပါယ်ကို ကျွန်တော် နားမလည်။ ကျွန်တော် နားလည်သည်ကား ဒေါ်စာဥကြီး စိတ်ပြောင်းသွားခြင်းပင်ဖြစ်သည်။
အကြောင်းကား ဒေါ်စာဥကြီးသည် နှစ်ပေါင်းများစွာ စိတ်ကောက်၍ မပြောပြခဲ့သော ကပ်ကြီးသုံးပါးဆိုက်ပုံကို ကျွန်တော့်အား ပြောပြသည်။
ထိုအချိန်၌ ဒေါ်စာဥကြီး၏ ကပ်ကြီးသုံးပါးဆိုက်ပုံသည် ကျွန်တော့်အတွက် မဆန်းတော့။ ကပ်ကြီးသုံးပါး အဆုံးစွန်တိုင်အောင် ကမ္ဘာစစ်ကြီးကို ကိုယ်တွေ့မျက်မြင် ကြုံရလေသောကြောင့် ဖြစ်ပါ၏။
မေလတစ်ရက်နေ့ မန္တလေးမြို့ကျသည်။
ဤနောက်ပိုင်း၌ မြောက်ဘက်ဆီဝယ် တိုက်ပွဲများ ရှိကောင်းရှိမည်ဖြစ်သော်လည်း မန္တလေး၊ စစ်ကိုင်းမှစ၍ အောက်ဘက်တောက်လျှောက် အခြေအနေ ပုံမှန်
အတိုင်း ပြန်ဖြစ်လာ၍ အုပ်ချုပ်ရေးတို့ ပြန်စခဲ့သည်။ ဧရာဝတီမြစ်အတွင်း၌လည်း ထင်းရှူးသားဖြင့် လုပ် သောဂျပန်မော်တော်အများ ဆန်တက်လာသည်ကို နေ့စဉ် တွေ့နေရသည်။ တစ်ခါတစ်ရံ ယခင်က ဧရာဝတီကုမ္ပဏီ ပိုင် မီးသင်္ဘောကြီးတို့ ဆန်တက်လာရာ ဦးထိပ်တွင် ဒေါင်းလံကြီး တဝင့်ဝင့်ဖြင့်ရှိ၏။ ခေါင်မိုးပေါ်တွင် စစ် လေ့ကျင့်ခန်းပြလျက် လိုက်ပါလာသော ဗမာ့လွတ်လပ်ရေး တပ်မတော်သားများကိုလည်း တွေ့ရသည်။
မြန်မာပြည်သည် ...တကယ်လွတ်လပ်ပြီလော...။
ဗမာ့လွတ်လပ်ရေးတပ်မတော်ဗိုလ်အများ စစ်ကိုင်းသို့ ရောက်လာကြသည်။ ကိုကိုမူ ပေါ်မလာ။ တပ်မတော်ဗိုလ်အများမှာ ကိုကို့မိတ်ဆွေများဖြစ်သဖြင့် ဖေဖေ့ကို လာတွေ့ကြသည်။ သူတို့ထံမှသိရသဖြင့် ကိုကို သည် ယခုအခါ စစ်ဦးစီးဌာနတွင် ဗိုလ်မှူးတစ်ဦး ဖြစ်နေ သည်။ တာဝန်များကြောင့်ရန်ကုန်တွင်သာ ကျန်ရစ်သည် ဆို၏။ ကိုကို ရောက်မလာသော်လည်း ကိုကို မသေမပျောက်ရှိ ကြောင်း သိရသဖြင့် ကျွန်တော်တို့ တစ်အိမ်လုံးဝမ်းသာကြ သည်။
ဘာကြောင့်မသိ၊ ဖေဖေက သခင်ထွန်းအုပ် ဦးစီးသည်ဆို သော ဗဟိုအစိုးရလက်အောက်သို့ ပြန်မဝင်။ တပ်သားများ၊စစ်ကိုင်းတောင်မှ စစ်ပြေးများ၊ ရဟန်းသံဃာများနှင့် ရွာနီးချုပ်စပ်မှ လူနာများကို လိုက်၍ ဆေးကုပေးနေသည်။၁၉၄၂-ခုနှစ် ဇွန်လအတွင်း၌ ဂျပန်စစ်သေနာပတိချုပ်ဂျင်နရယ်အီဒါးက ဗဟိုအုပ် ချုပ်ရေး ကော်မတီဖွဲ့စည်းကြောင်းကြေညာသည်။ ထိုကော်မတီ၏ ခေါင်းဆောင်ကား ဒေါက်တာဘမော်ဖြစ်သည်။
ကျွန်တော် မျက်စိလည်သွား၏။ ငယ်စဉ်က ဆိုခဲ့သော ...'' ဘမော် ဘဦးတို့က ရှုပ်သနော်၊ ပုဒ်မ ပုဒ်ထီးများကို ထုတ်ဖော်၊ တိုင်းသူပြည်သားများနဲ့ ဒို့အပေါ် ...''
ဟူသည့် သီချင်းကို အမှတ်ရမိသည်။ ယခု ထိုစဉ်က ဆဲခဲ့သော ဒေါက်တာဘမော်သည် ဘာကြောင့် မြန်မာပြည်၏
အရှင်သခင် အာဏာရှင် ဖြစ်ခဲ့ရလေသနည်း။
ဇွန်လမကုန်မီ ကျွန်တော်တို့ချောင်သို့ ကိုကို ရောက်လာသည်။ ကိုကိုသည် အစိမ်းရောင် ဂျပန်စစ်ယူနီဖောင်းကို ဝတ်ထားသည်။ ဂျပန်စစ်ယူနီဖောင်းမှာ ပုကွသော ဂျပန်များနှင့် ကြည့်မကောင်းသော်လည်း ရှည်လျားသောအရပ်ရှိသည့် ကိုကိုနှင့် အလွန်လိုက်သည်ဟု ကျွန်တော် ထင်မိသည်။ထုံးစံအတိုင်း မေမေက ချွေးတလုံးလုံး၊ ရွှင်တပြုံးပြုံးဖြင့် မမောနိုင်မပန်းနိုင် ထမင်းဟင်းချက်ပြုတ်သည်။ ယခင်ကကိုကို့ထံမှ ပုံတို့ကိုသာ ကြားခဲ့ရသော ကျွန်တော်သည်ယခုအခါ ကိုယ်တွေ့တိုက်ပွဲများကို နှိုက်နှိုက်ချွတ်ချွတ်မေးသည်။ ကိုကိုကလည်း ယိုးဒယား၊ မြဝတီစစ်ကြောင်းမှ စ၍ အသေးစိတ်ရှင်းပြသည်။ကျွန်တော်နှင့် စကားကောင်းနေသဖြင့် ညစာထမင်းဝိုင်းကျခါမှ ကိုကိုသည် ဖေဖေ မေမေတို့ကိုကိုယ်ရေးကိုယ်တာကိစ္စများအကြောင်း ပြောခွင့်ရသည်။ မေမေက ကိုကို့ကို တစ်ချက်စိုက်ကြည့်ပြီး မေး၏။
'' သား ...သန်လျင်ဘက် ရောက်သေးလား ...'' ကိုကိုကလည်း မေမေ့ကို တစ်ချက်ပြန်ကြည့်ပြီး မပြုံးမရယ်ဖြင့် ဖြေသည်။ ''ရောက်ပါတယ် မေမေ။ ဦးမြဘူးတို့ ကျွန်တော်တို့ အိမ်မှာပဲ ရှိကြသေးတယ်။ သူတို့ အိမ်ကိုကောင်းကောင်း စောင့်ရှောက်ထားပါတယ်။ ပြီးတော့ ဦးထွန်းမောင်ကြီး ကိုလည်း ကျွန်တော် အဲဒီအိမ်မှာပဲ ထားခဲ့တယ် '' ကျွန်တော်က ဝင်ဖြတ်မေးသည်။ ''ဦးထွန်းမောင်ကြီးက ကိုကိုနဲ့ဘယ် အထိလိုက်သလဲ ..'' '' ယိုးဒယားအထိပေါ့။ အခုတော့ အသက်ကြီးတာမို့ တပ်က ထွက်လိုက်ပြီ ...'' မေမေက ဆက်မေးသည်။
'' မြိုင်ရော နေကောင်းရဲ့လား ...'' ဤအကြိမ်တွင်မူ ကိုကိုက ပြုံးသည်။ မေမေ ဘာကိုဆိုလိုနေသည်ကို သဘောပေါက်ရန် ရွှန်းရွှန်းနောက်နောက် ပြန်ဖြေသည်။''မေမေ့ ချွေးမလောင်း နေကောင်းပါရဲ့ဗျား ...။ ကဲ ကျေနပ်ပလား ...''မေမေက စိတ်မဆိုးဘဲလျက် ကိုကို့ကို မျက်စောင်းထိုးသည်။ ဖေဖေကမူ ရယ်နေ၏။အလိုက်မသိသော ကျွန်တော်ကသာ တိုက်ရိုက်ဝင်မေးသည်။

ဆက်လက်ဖော်ပြပါမည်။

No comments:

Post a Comment